စက်မှုဇုန်ဥပဒေ

ဝီကီပီးဒီးယား မှ

ပြည်ထောင်စုလွတ်တော်သည့် စက်မှုဇုန်ဥပဒေ ကို ၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၅ ရက်(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်)ရက်နေ့တွင်(၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၇။) ပြဋ္ဌာန်းလိုက်သည်။


အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်[ပြင်ဆင်ရန်]

၁။ ဤဥပဒေကို စက်မှုဇုန်ဥပဒေဟု ခေါ်တွင်စေရမည်။


၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ) အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆိုသည်။

(ဂ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို ဆိုသည်။

(ဃ) စက်မှုဇုန် ဆိုသည်မှာ အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ စက်မှုဇုန်အဖြစ် နယ်နိမိတ်ပိုင်းခြား သတ်မှတ်တည်ထောင်သည့် နေရာကို ဆိုသည်။

(င) တည်ထောင်ပြီးစက်မှုဇုန် ဆိုသည်မှာ ဤဥပဒေ မပြဋ္ဌာန်းမီက တည်ရှိခဲ့သော စက်မှုဇုန်၊ စက်မှုဇုန်ခွဲ၊ စက်မှုနယ်မြေ၊ စက်မှုရပ်ကွက် သို့မဟုတ် စက်မှုဥယျာဉ်ကို ဆိုသည်။

(စ) ဗဟိုကော်မတီ ဆိုသည်မှာ စက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဤဥပဒေအရ ဖွဲ့စည်းသော စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဆိုသည်။

(ဆ) ဒေသဆိုင်ရာကော်မတီ ဆိုသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ တို့တွင် ဒေသအလိုက် စက်မှုဇုန်များဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးအတွက် ဤဥပဒေအရဖွဲ့စည်းသော ဒေသဆိုင်ရာ စက်မှုဇုန်များ ဖော်ဆောင်ရေးနှင့်ကြီးကြပ်ရေးကော်မတီကို ဆိုသည်။

(ဇ) စီမံခန့်ခွဲရေးကော်မတီ ဆိုသည်မှာ သက်ဆိုင်ရာစက်မှုဇုန်တွင် စီမံခန့်ခွဲရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ဤဥပဒေအရ ဖွဲ့စည်းသော စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီကို ဆိုသည်။

(ဈ) အခြေခံအဆောက်အအုံများ ဆိုရာတွင် စက်မှုဇုန်နှင့်ဆက်စပ်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ရေရရှိရေး၊ ရေဆိုးသန့်စင်ရေး၊ မီးဘေးလုံခြုံရေး၊ ကားလမ်း၊ ရထားလမ်း၊ ဆိပ်ကမ်း၊ လေဆိပ်၊ ဆက်သွယ်ရေးကွန်ရက်စသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေခံလိုအပ်ချက်များနှင့် ကွန်ပျူတာ အစီအစဉ်များ၊ လုပ်ငန်းများလွယ်ကူထိရောက်စေရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် စီမံခန့်ခွဲရေး ဆိုင်ရာ အစီအစဉ်များစသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာမဟုတ်သည့် အခြေခံလိုအပ်ချက်များ ပါဝင်သည်။

(ည) ရင်းနှီးတည်ဆောက်သူ ဆိုသည်မှာ စက်မှုဇုန် ထူထောင် တည်ဆောက်သည့်လုပ်ငန်း၊ စက်မှုဇုန် အတွင်း အခြေခံအဆောက်အအုံတည်ဆောက်သည့် လုပ်ငန်းနှင့်လုပ်ငန်းလည်ပတ်ခြင်း သို့မဟုတ် မွမ်းမံထိန်းသိမ်းခြင်းဆိုင်ရာလုပ်ငန်းများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကိစ္စရပ်တစ်ခုချင်း အလိုက် တာဝန်ယူဆောင်ရွက်သည့် ပုဂ္ဂိုလ်၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

(ဋ) ရင်းနှီးမြှုပ်နှံသူ ဆိုသည်မှာ ဒေသဆိုင်ရာကော်မတီ၏ သတ်မှတ်ချက်များနှင့်အညီ စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ဆောင်ရွက်သည့် ပုဂ္ဂိုလ်၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

အခန်း (၂) ရည်ရွယ်ချက်[ပြင်ဆင်ရန်]

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) စက်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုဇုန်များ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊

(ခ) စက်မှုဇုန်များကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်များနှင့်အညီ စနစ်တကျစီမံထူထောင်၍ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်စေရန်၊

(ဂ) ကုန်ထုတ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၏ လိုအပ်ချက်များကို ပြည့်စုံစွာ စီမံဆောင်ရွက်ခြင်းဖြင့် စက်မှုဇုန်များအတွင်း လုပ်ငန်းချိတ်ဆက်မှုအားကောင်း၍ ဈေးကွက်အရ ယှဉ်ပြိုင်နိုင်သော စက်မှုလုပ်ငန်းများ ဖြစ်လာစေရန်၊

(ဃ) စက်မှုလုပ်ငန်းများကို စက်မှုဇုန်အတွင်း အခြေချလုပ်ကိုင်ဆောင်ရွက်လာစေရန်နှင့် စက်မှုလုပ်ငန်း များကြောင့် သဘာဝနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများမဖြစ် ပေါ်စေရေး၊ လျော့နည်းစေရေးအတွက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ စံချိန်စံညွှန်းများနှင့် အညီ စနစ်တကျစီမံဆောင်ရွက်စေရန်၊

(င) စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်လာ စေပြီး နိုင်ငံသားများ၏ လူနေမှုအဆင့်မြင့်မားလာစေရန်နှင့် ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် များကို လျော့နည်းစေရန်၊

(စ) စက်မှုဇုန်များ၏ ကွန်ရက်ချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန်၊ လိုအပ်ချက်များ ဖြည့်ဆည်းရန် နှင့် တာဝန်ယူ၊ တာဝန်ခံမှုစနစ်ထွန်းကားလာစေရန်၊

(ဆ) အသုံးပြုခွင့်ရရှိထားသောမြေများကို လက်တွေ့အသုံးပြုခြင်းဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်စေရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန်။

အခန်း (၃) ဗဟိုကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

၄။ အစိုးရအဖွဲ့သည်-

(က) စက်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် သင့်လျော်သော ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ သင့်လျော်သော ပုဂ္ဂိုလ်များကို အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်စေလျက် ၁၅ ဦး ထက်မပိုသော ဗဟိုကော်မတီကို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင် အဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်တာဝန်ပေးရမည်။

(ဂ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ဗဟိုကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။


၅။ ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စက်မှုဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် မူဝါဒချမှတ်ခြင်းနှင့် လမ်းညွှန်ခြင်း၊

(ခ) စက်မှုဇုန်တည်ထောင်ရေးအတွက် ဒေသဆိုင်ရာကော်မတီ၏ အဆိုပြုတင်ပြချက်ကို စိစစ်သုံးသပ်၍ သဘောထားမှတ်ချက်နှင့်တကွ အစိုးရအဖွဲ့သို့ တင်ပြခြင်း၊

(ဂ) ဒေသဆိုင်ရာကော်မတီများ ဖွဲ့စည်းခြင်း၊

(ဃ) ဒေသဆိုင်ရာကော်မတီမှ တင်ပြလာသော စက်မှုဇုန်အတွင်း ရင်းနှီးတည်ဆောက်သူများနှင့် ရင်းနှီးမြှုပ်နှံသူများအား စည်းကြပ်ကောက်ခံရမည့် အခွန်အခများ၊ မြေငှားရမ်းခနှင့် မြေအသုံးပြုခများကို အတည်ပြုသတ်မှတ်ခြင်း၊

(င) ဒေသဆိုင်ရာကော်မတီမှ တင်ပြလာသည့်စက်မှုဇုန် တည်ဆောက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆိုင်ရာ အဆိုပြုချက်များ၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များ၊ မူဝါဒဆိုင်ရာနှင့် စက်မှုဇုန်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အတည်ပြုခြင်း၊ ညှိနှိုင်းဆောင်ရွက်ပေးခြင်းနှင့် လမ်းညွှန်ခြင်း၊

(စ) စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများနှင့် လိုအပ်သော အထောက်အပံ့ များရရှိနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း။

အခန်း (၄) ဒေသဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

၆။ ဗဟိုကော်မတီသည်-

(က) ဤဥပဒေပါ လုပ်ငန်းတာဝန်များကို ဒေသအလိုက် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေတို့တွင် ဒေသဆိုင်ရာကော်မတီကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား နာယကအဖြစ်လည်းကောင်း၊ နေပြည်တော် ကောင်စီဝင်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများအနက်မှ အများဆုံး ငါးဦး တို့အား အဖွဲ့ဝင်များအဖြစ်လည်းကောင်း ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

(ခ) ဒေသဆိုင်ရာကော်မတီ ဥက္ကဋ္ဌက တာဝန်ပေးအပ်သူအား အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၊ ဦးစီးဌာနမှူးအား တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ပေးအပ်ရမည်။

(ဂ) ဒေသဆိုင်ရာ ကော်မတီအား ဥက္ကဋ္ဌအပါအဝင် ၁၅ ဦး အထိ ဖွဲ့စည်းနိုင်သည်။

(ဃ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော ဒေသဆိုင်ရာကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။


၇။ ဒေသဆိုင်ရာကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကဖြစ်စေ၊ ရင်းနှီး တည်ဆောက်သူကဖြစ်စေ စက်မှုဇုန်အသစ်တည်ထောင်ရေးအတွက် တင်ပြလာသည့် အဆိုပြုချက်နှင့် စပ်လျဉ်း၍ သင့်လျော်သည့်နေရာ၊ လိုအပ်သည့် နယ်မြေဧရိယာ၊ အကျယ်အဝန်းနှင့် နယ်နိမိတ်ပိုင်းခြား သတ်မှတ်ချက်၊ စီးပွားရေးဆောင်ရွက်ရန် အခြေခံလိုအပ်ချက်များ ရရှိနိုင်မှုအခြေအနေ၊ စီးပွားရေး တိုးတက်နိုင်မှု အလားအလာနှင့်အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်မှု အခြေအနေတို့ကို စိစစ်သုံးသပ် လျက် သဘောထားမှတ်ချက်များနှင့်တကွ ဗဟိုကော်မတီသို့ တင်ပြခြင်း၊

(ခ) စက်မှုဇုန်များ၏ အခြေခံအဆောက်အအုံများ ပြည့်စုံမှုနှင့် လိုအပ်မှု၊ မြေ၊ ရေနှင့် စွမ်းအင်အကျိုးရှိစွာ အသုံးချမှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားတာဝန်ယူနိုင်မှု တို့အပေါ် သုံးသပ်၍ လိုအပ်သောမူဝါဒများ ချမှတ်နိုင်ရန်အတွက် ဗဟိုကော်မတီသို့ တင်ပြခြင်း၊

(ဂ) စက်မှုဇုန်ပြင်ပ၌ လုပ်ကိုင်နေသော စက်မှုလုပ်ငန်းများအား စက်မှုဇုန်သို့ ပြောင်းရွှေ့လုပ်ကိုင်ရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊ စက်မှုဇုန်အတွင်း ပြောင်းရွှေ့လုပ်ကိုင်သူများအား အခွင့်အရေးနှင့် သက်သာခွင့်များရရှိစေရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊ မူဝါဒပိုင်းဆိုင်ရာတောင်းခံရန် လိုအပ်ပါက ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်ခြင်း၊

(ဃ) စက်မှုဇုန်သစ်များ ပေါ်ပေါက်စေရန် ဖော်ဆောင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း၊

(င) တည်ထောင်ပြီးစက်မှုဇုန်များတွင် ဆောင်ရွက်လျက်ရှိသော ဖွံ့ဖြိုးရေးအစီအစဉ်များအား အဆင့်မြှင့်တင် ဆောင်ရွက်ခြင်း၊

(စ) တည်ထောင်ပြီးစက်မှုဇုန်များနှင့် စက်မှုဇုန်အသစ်များအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောအစီအမံများ ရေးဆွဲတင်ပြခြင်း၊ လုပ်ငန်းတာဝန် များ သတ်မှတ်ခြင်းနှင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ရယူခြင်း၊

(ဆ) တည်ထောင်ပြီးစက်မှုဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များအတွက် အဆောက်အဦများ ဆောက်လုပ်ရန်နေရာ သတ်မှတ်ခြင်း၊ စိစစ်ခြင်းနှင့် အတည်ပြုခြင်း၊

(ဇ) စက်မှုဇုန်များအတွက် မြေငှားရမ်းမည့်နှစ်ကာလကို သတ်မှတ်ခြင်း၊

(ဈ) စက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံသူများက ပုဒ်မ ၂၄ ပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုပ်ကိုင်ခွင့် လျှောက်ထားလာပါက သတ်မှတ်ချက်နှင့်အညီ စိစစ်ခွင့်ပြုပေးခြင်း၊

(ည) မြေငှားရမ်းခနှင့် မြေအသုံးပြုခများကို သတ်မှတ်ထုတ်ပြန်ကြေညာနိုင်ရန် ဗဟိုကော်မတီသို့ အဆိုပြုတင်ပြ၍ ခွင့်ပြုချက်နှင့်အညီ ကောက်ခံခြင်း၊

(ဋ) ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ဇ) အရ ရရှိသည့် ရငွေများအနက် ဗဟိုကော်မတီက သတ်မှတ်သည့် ရာခိုင်နှုန်းကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ပေးသွင်းပြီးကျန်ငွေများကို ရန်ပုံငွေအဖြစ် သတ်မှတ်၍ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်း၊

(ဌ) စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းနိုင်ရန် အစီအမံများချမှတ်ပေးခြင်းနှင့် ယင်းကော်မတီတွင် တာဝန်ထမ်းဆောင်ရန် အရွေးချယ်ခံမည့်ရင်းနှီးမြှုပ်နှံသူများ၏ အရည်အချင်းကို သတ်မှတ်ပေးခြင်း၊

(ဍ) စီမံခန့်ခွဲရေးကော်မတီများ ဖွဲ့စည်းခြင်း၊ လုပ်ငန်းများကို အခါအားလျော်စွာ စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပေးခြင်း၊

(ဎ) စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲရေးကော်မတီက တင်ပြလာသည့် စီမံကိန်းများကို စိစစ်၍အတည်ပြုခြင်း၊ စီမံချက်များအား စိစစ်၍ ခွင့်ပြုခြင်း၊

(ဏ) စက်မှုဇုန်အတွင်း အဆောက်အဦဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲရေးကော်မတီ၏ တင်ပြချက်ကို စိစစ်ခွင့်ပြုပေးခြင်း၊

(တ) စီမံခန့်ခွဲရေးကော်မတီမှ တင်ပြလာသည့် စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံနိုင်မည့် လုပ်ငန်းအမျိုး အစားများ သတ်မှတ်ပေးခြင်း၊

(ထ) စက်မှုဇုန်အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေကို ဗဟိုကော်မတီသို့ ခြောက်လတစ်ကြိမ် အစီရင်ခံတင်ပြခြင်း၊

(ဒ) စက်မှုဇုန်အတွင်း ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက်လုပ်ခြင်း၊ လမ်းဖောက် ခြင်းများကို ဥပဒေအရ အရေးယူခြင်း၊

(ဓ) လိုအပ်သော ကျွမ်းကျင်အလုပ်သမားများရရှိနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(န) ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ) အရ မြေကာလတန်ဖိုး သတ်မှတ်ခြင်းနှင့် ဒဏ်ကြေးကောက်ခံခြင်း။

အခန်း (၅) စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ[ပြင်ဆင်ရန်]

၈။ ဒေသဆိုင်ရာကော်မတီသည်-

(က) ဤဥပဒေပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာစက်မှုဇုန်အလိုက် စီမံခန့်ခွဲရေး ကော်မတီတစ်ရပ်စီကို ရင်းနှီးမြှုပ်နှံသူများက မိမိတို့ထဲမှ ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ (က) ပါ ရင်းနှီးမြှုပ်နှံသူများက ရွေးချယ်တင်မြှောက်သည့် ကိုယ်စားလှယ်များထဲမှ တစ်ဦးကို အဖွဲ့ဝင်များ၏ဆန္ဒဖြင့်ရွေးချယ်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရမည်။

(ဂ) ပုဒ်မခွဲ (က) ပါအဖွဲ့ဝင်များအနက်မှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို အများဆန္ဒအရ ရွေးချယ်တာဝန်ပေးအပ်ရမည်။

(ဃ) စီမံခန့်ခွဲရေးကော်မတီကို ဥက္ကဋ္ဌ အပါအဝင်အနည်းဆုံး ၁၅ ဦးမှ အများဆုံး ၂၁ ဦးအထိ ဖွဲ့စည်း ရမည်။

(င) ကော်မတီဝင်များ လစ်လပ်သည့်အခါ အစားထိုးခန့်ထားခြင်းကို ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်နှင့် အညီ ဆောင်ရွက်ရမည်။


၉။ စီမံခန့်ခွဲရေးကော်မတီ၏ သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ ငါးနှစ် ဖြစ်သည်။ ရင်းနှီးမြှုပ်နှံ သူတစ်ဦးသည် သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီတွင် ကော်မတီသက်တမ်း တစ်ဆက်တည်းနှစ်ကြိမ် ထိသာ ထမ်းဆောင်ရမည်။ ပုဒ်မ ၈၊ ပုဒ်မခွဲ (င) အရ အစားထိုးခန့်အပ်ခြင်းခံရသည့် ကာလကို သက်တမ်းတစ်ခုဟု မမှတ်ယူရ။


၁၀။ စီမံခန့်ခွဲရေးကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) သက်ဆိုင်ရာ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသော စီမံကိန်း၊ နှစ်စဉ်လုပ်ငန်းစီမံချက် တို့ကို ရေးဆွဲပြီး ဒေသဆိုင်ရာကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

(ခ) တည်ထောင်ပြီး စက်မှုဇုန်များတွင် သတ်မှတ်ချက်များနှင့်အညီ အသုံးမပြုရသေးသော မြေနေရာ များအား စိစစ်၍ စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသဆိုင်ရာကော်မတီသို့ တင်ပြခြင်း၊

(ဂ) စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံနိုင်မည့် လုပ်ငန်းအမျိုးအစားများသတ်မှတ်ရန် တင်ပြ ခြင်းနှင့် ဒေသဆိုင်ရာ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာခြင်း၊

(ဃ) ရင်းနှီးမြှုပ်နှံမှုနှင့် ရင်းနှီးတည်ဆောက်မှုဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရေး၊ မြေအသုံးပြုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အခွန် အခ၊ စည်ပင်သာယာရေး၊ လမ်းပန်းချောမွေ့စေရေး၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လုံခြုံရေးနှင့် မီးဘေးလုံခြုံရေး၊ လျှပ်စစ်စွမ်းအင်နှင့် ရေရရှိရေးစသည့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ကို ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(င) နိုင်ငံခြားသား ကျွမ်းကျင်အလုပ်သမားများနှင့် ပညာရှင်များ အလုပ်ခန့်ထားရေးအတွက် လိုအပ် သည်များကို ထောက်ခံတင်ပြခြင်း၊

(စ) စက်မှုဇုန်တွင် လာရောက်နေထိုင်သော နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၊ ကျွမ်းကျင်အလုပ်သမား များနှင့် ပညာရှင်များ၊ ယင်းတို့၏ မိသားစုဝင်များ နေထိုင်ခွင့်ရရှိရေးနှင့် ပြည်တွင်းခရီးသွားလာရေးတို့ အတွက် လိုအပ်သည်များကို ထောက်ခံတင်ပြခြင်း၊

(ဆ) စက်မှုဇုန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ ကြီးကြပ်ကွပ်ကဲ ခြင်း၊ စက်ရုံမှ စွန့်ထုတ်ပစ္စည်းစွန့်ပစ်ရေးစနစ်ကို စိစစ်ကြပ်မတ်ခြင်း၊ ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအား သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်စေခြင်း၊

(ဇ) ဗဟိုကော်မတီနှင့် ဒေသဆိုင်ရာကော်မတီတို့မှ ထုတ်ပြန်သော မူဝါဒများ၊ ညွှန်ကြားချက်များနှင့် အညီ စည်းကမ်းများ ထုတ်ပြန်ခြင်းနှင့် စက်မှုဇုန်အတွင်း စီမံခန့်ခွဲခြင်း၊

(ဈ) တည်ထောင်ပြီး စက်မှုဇုန်အတွင်း လိုအပ်သော စားသောက်ဆိုင်၊ လူနေဆိုင်ခန်း၊ လူမှုဖူလုံရေးရုံး၊ လူမှုဖူလုံရေးဆေးခန်း၊ သင်တန်းကျောင်းများနှင့် လူနေတိုက်တာအဆောက်အဦများအတွက် လိုအပ် သော မြေနေရာကို ဒေသဆိုင်ရာကော်မတီ၏ သဘောတူညီချက်ဖြင့် သတ်မှတ်ဆောင်ရွက်နိုင်ခြင်း၊

(ည) စက်မှုဇုန် စီမံခန့်ခွဲမှုရုံးကို ဖွဲ့စည်းပြီး ၎င်းရုံးတွင် တာဝန်ထမ်းဆောင်မည့် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ ခန့်အပ်ခြင်း၊

(ဋ) စက်မှုဇုန်အတွင်း ရင်းနှီးမြှုပ်နှံလိုသူ၏ လျှောက်ထားချက်သည် တည်ဆဲဥပဒေများနှင့် ညီညွတ် ပါက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်နိုင်ရန် လျှောက်ထားသည့် နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ ဌာနများသို့ ထောက်ခံချက်ပေးခြင်း၊

(ဌ) စက်မှုဇုန်နှင့်သက်ဆိုင်သော ဖွံ့ဖြိုးရေးလုပ်ငန်း၊ စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် ရန်ပုံငွေကောက်ခံ ခြင်းအား ဒေသဆိုင်ရာကော်မတီသို့ တင်ပြ၍ ခွင့်ပြုချက်ရယူဆောင်ရွက်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် သုံးစွဲ ခြင်းကို ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်း၊

(ဍ) အလုပ်သမားများ ခန့်ထားခြင်း၊ လစာနှင့် အချိန်ပိုလုပ်ခ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကိစ္စရပ်များအပါအဝင် အလုပ်သမားများ၏ အကျိုးခံစားခွင့် များရရှိရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန် လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းပေးခြင်း၊

(ဎ) စက်မှုဇုန်တွင် ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦဆောက်လုပ်ခြင်း၊ လမ်းဖောက် ခြင်းများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် ဒေသဆိုင်ရာကော်မတီသို့ တင်ပြ၍ အတည်ပြု ချက်ရယူခြင်း၊

(ဏ) စက်မှုဇုန်စီမံခန့်ခွဲရေးဆိုင်ရာ အထောက်အကူပြု ဆပ်ကော်မတီများကို လိုအပ်ပါက ဖွဲ့စည်းခြင်း။

အခန်း (၆) စက်မှုဇုန်သတ်မှတ်ကြေညာခြင်း[ပြင်ဆင်ရန်]

၁၁။ အစိုးရအဖွဲ့သည်-

(က) ဤဥပဒေအရ စက်မှုဇုန်တည်ထောင်ရန် ဗဟိုကော်မတီ၏ သဘောထားမှတ်ချက်ဖြင့် တင်ပြသည့် တည်နေရာအား စိစစ်၍ ငြင်းပယ်ခြင်း သို့မဟုတ် အတည်ပြုခြင်းပြုလုပ်ရမည်။

(ခ) ပုဒ်မခွဲ (က)အရ အတည်ပြုပေးသော တည်နေရာ၊ အကျယ်အဝန်းနှင့် နယ်နိမိတ်အပိုင်းအခြားကို စက်မှုဇုန်တည်ထောင်မည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ကြေညာရမည်။

(ဂ) တည်ထောင်ပြီး စက်မှုဇုန်များအား သတ်မှတ်ချက်များနှင့်အညီ အမျိုးအစား၊ အဆင့်အတန်းခွဲခြား သတ်မှတ်၍ စက်မှုဇုန်အဖြစ် ကြေညာရမည်။

(ဃ) စက်မှုဇုန်မြေများအား စက်မှုလုပ်ငန်းများနှင့် ဆက်စပ်သည့် သတ်မှတ်ထားသော ဝန်ဆောင်မှု လုပ်ငန်းများမှအပ အခြားနည်း အသုံးပြုခွင့်မရှိစေရန် လိုအပ်သည့် အမိန့်နှင့် ညွှန်ကြားချက်များ ထုတ်ပြန်ပေးရမည်။


၁၂။ ဒေသဆိုင်ရာကော်မတီသည် သတ်မှတ်ကြေညာပြီးဖြစ်သော စက်မှုဇုန်တည်နေရာရှိ မြေများကို စက်မှုဇုန်မြေအဖြစ် ဖော်ဆောင်နိုင်ရန် စက်မှုဇုန်ဧရိယာနယ်နိမိတ်အား တိကျစွာ သတ်မှတ်ဖော်ပြခြင်း၊ မြေပုံထုတ်ပေးခြင်းတို့ကို တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားရမည်။

အခန်း (၇) စက်မှုဇုန်တည်ထောင်ခြင်း[ပြင်ဆင်ရန်]

၁၃။ ဗဟိုကော်မတီသည် အောက်ပါအခြေခံရမည့်အချက်များကို မူတည်၍ သင့်လျော်သည့်ဒေသ သို့မဟုတ် နယ်မြေတွင် စက်မှုဇုန်တည်ထောင်ရန်အတွက် ဒေသဆိုင်ရာကော်မတီမှ အဆိုပြုတင်ပြချက် ကို စိစစ်၍ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စက်မှုဇုန်အသစ်များ တည်ထောင်ရန် ဆောင်ရွက်နိုင် သည်-

(က) ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွေးချယ်သတ်မှတ်သည့် နယ်မြေဖြစ်ခြင်း၊

(ခ) စက်မှုလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဆောင်ရွက်ရန် လုံလောက်သော မြေနေရာရှိခြင်းနှင့် လိုအပ်သော အခြေခံအဆောက်အအုံ (Infrastructure) များ ပါဝင်သည့် စက်မှုဇုန်အကောင်အထည် ဖော်ရေး ပင်မစီမံကိန်း (Master Plan) ကို ဆောင်ရွက်နိုင်ခြင်း၊

(ဂ) ဆိပ်ကမ်း၊ လေယာဉ်ကွင်းကဲ့သို့ နိုင်ငံတကာထွက်ပေါက်ရှိခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဆက်သွယ်ရေးလမ်းကြောင်း သို့မဟုတ် ပြည်တွင်းဈေးကွက်များကို အလွယ်တကူသွားလာ ဆက်သွယ်နိုင်ခြင်း၊

(ဃ) စက်မှုကုန်ကြမ်းများ၊ အရင်းအမြစ်များနှင့် အခြေခံထုတ်ကုန်များ ပြည့်စုံလုံလောက်စွာ ရရှိနိုင်ခြင်း၊

(င) ကျွမ်းကျင်အလုပ်သမားများ၊ ကျွမ်းကျင်မှုအထိုက်အလျောက်ရှိသည့် အလုပ်သမားများနှင့် သင်ကြားလေ့ကျင့်ပျိုးထောင်ပေးနိုင်သော အလုပ်သမားများ ရရှိနိုင်ခြင်း။


၁၄။ ဒေသဆိုင်ရာကော်မတီသည်-

(က) ရင်းနှီးတည်ဆောက်သူကို တည်ဆဲဥပဒေများ၊ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ရ မည်။

(ခ) ပုဒ်မခွဲ (က) အရ ရွေးချယ်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအား အကျိုးရှိစေနိုင်မှု၊ စီမံကိန်းကို လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် စက်မှုဇုန်လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်းရှိမှုတို့ကို အဓိကထည့်သွင်းစဉ်းစား၍ ဦးစားပေးရွေးချယ်နိုင်သည်။


၁၅။ စက်မှုဇုန်တည်ထောင်ရာတွင် အောက်ပါမြေအသုံးချမှု အင်္ဂါရပ်များနှင့် ရာခိုင်နှုန်း အချိုးအစား အတိုင်း ပါဝင်ရမည်-

(က) စက်မှုလုပ်ငန်းနယ်မြေ (Industrial Area) အတွက် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ၊

(ခ) ကုန်သွယ်မှုနယ်မြေ (Commercial Area) အတွက် ၁ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ၊

(ဂ) စက်မှုဇုန်ဝန်ဆောင်မှုနှင့် အထောက်အကူပြု အသုံးချနယ်မြေ (Public Utilities and Assistant Area) အတွက် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ၊

(ဃ) စိမ်းလန်းနယ်မြေ (Green Belt) အတွက် ၉ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ။


၁၆။ ဒေသဆိုင်ရာကော်မတီသည် စက်မှုဇုန်အရွယ်အစား၊ အမျိုးအစားနှင့် အဆင့်အတန်းသတ်မှတ်ခြင်း အား စက်မှုလုပ်ငန်းမူဝါဒနှင့်အညီ အဆိုပြု၍ ဗဟိုကော်မတီသို့ တင်ပြအတည်ပြုချက်ရယူရမည်။

အခန်း (၈)

ရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်း


၁၇။ ဒေသဆိုင်ရာကော်မတီသည် စက်မှုဇုန်ဖွံ့ဖြိုးရေးအတွက် နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ကူညီထောက်ပံ့ငွေ၊ ပုဒ်မ ၇ ပုဒ်မခွဲ (ည) နှင့် (ဋ) အရ ရရှိသည့် ရငွေများနှင့် အခြားရငွေများဖြင့် ရန်ပုံငွေ ထူထောင်ထားရှိရမည်။


၁၈။ ဒေသဆိုင်ရာကော်မတီသည် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ကို သင့်လျော်သောပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး ယင်း၏လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်။


၁၉။ စီမံခန့်ခွဲရေး ကော်မတီသည် ရင်းနှီးမြှုပ်နှံသူများ၏ အချိုးကျထည့်ဝင်ငွေများ၊ ဒဏ်ကြေးငွေများ နှင့် အခြားရငွေများဖြင့် ရန်ပုံငွေထူထောင်ထားရှိရမည်။


၂၀။ စီမံခန့်ခွဲရေး ကော်မတီသည် ပုဒ်မ ၁၀ ပုဒ်မခွဲ (ဏ) အရ ရန်ပုံငွေထိန်းသိမ်းရေးနှင့် သုံးစွဲရေး ဆပ်ကော်မတီများကို ဒေသဆိုင်ရာ ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းနိုင်သည်။


၂၁။ ဒေသဆိုင်ရာကော်မတီနှင့် စီမံခန့်ခွဲရေးကော်မတီတို့သည် မိမိတို့ ထူထောင်ထားရှိသည့် ရန်ပုံငွေ စာရင်းများကို မြန်မာနိုင်ငံစာရင်းကောင်စီတွင် မှတ်ပုံတင်ထားသော ပြင်ပစာရင်းစစ်၏ စာရင်းစစ်ဆေးမှု ခံယူရမည်။


၂၂။ စီမံခန့်ခွဲရေးကော်မတီ ရုံးအဖွဲ့၏ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများအတွက် လစာနှင့်စရိတ်များကို ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။

အခန်း (၉) ရင်းနှီးတည်ဆောက်သူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ[ပြင်ဆင်ရန်]

၂၃။ ရင်းနှီးတည်ဆောက်သူသည်-

(က) ရင်းနှီးတည်ဆောက်မှုလုပ်ငန်းများကို လုပ်ကိုင်ရာတွင် ရင်းနှီးတည်ထောင်မည့် အဆိုပြုချက်ကို ဒေသဆိုင်ရာကော်မတီမှတစ်ဆင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ရယူရမည်။

(ခ) ဒေသဆိုင်ရာကော်မတီနှင့် လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပြီးနောက် ခွင့်ပြုထားသည့် သတ်မှတ် ချက်များနှင့်အညီ စက်မှုဇုန်လုပ်ငန်းအကောင်အထည်ဖော်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများအား ထပ်ဆင့် မြေအငှားချထားခြင်း၊ အခြေခံအဆောက်အုံ တည်ဆောက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။

(ဂ) စက်မှုဇုန်မွမ်းမံထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများကို စီမံခန့်ခွဲရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လုပ်ကိုင် နိုင်သည်။

(ဃ) သက်ဆိုင်ရာစက်မှုဇုန်အတွင်း တည်ဆောက်ရေးစီမံကိန်းတစ်ခုစီအတွက် အဆိုပြုကာလအတွင်း လုပ်ငန်းပြီးဆုံးအောင် ဆောင်ရွက်ရမည်။ ယင်းအဆိုပြုကာလအတွင်း တည်ဆောက်မှုလုပ်ငန်း ပြီးစီးခြင်းမရှိပါက ခိုင်လုံသောအကြောင်းပြချက်ကို ဒေသဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်နှင့် အတူ ဗဟိုကော်မတီသို့ တင်ပြ၍ အဆုံးအဖြတ်ရယူရမည်။ ခိုင်လုံသောအကြောင်းပြချက်မဟုတ်ကြောင်း စိစစ်တွေ့ရှိပါက စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ခွင့်ရုပ်သိမ်းခြင်းခံရမည်။

(င) စက်မှုဇုန်အတွင်းရှိ အခြေခံအဆောက်အအုံများကို မိမိကိုယ်တိုင်ဖြစ်စေ၊ အခြားအဖွဲ့အစည်းများ အား လုပ်ငန်းအပ်နှံ၍ဖြစ်စေ ဆောင်ရွက်နိုင်သည်။

(စ) အခြေခံအဆောက်အအုံတစ်ခုနှင့် ဆက်စပ်ဝန်ဆောင်မှုအား စက်မှုဇုန်အတွင်းတွင်သာမက ပြင်ပ သို့ပါ ဝန်ဆောင်မှုပေးမည်ဆိုပါက ယင်းပြင်ပဝန်ဆောင်မှု လုပ်ငန်းများအတွက် သက်ဆိုင်ရာအစိုးရဌာန များ၏ ခွင့်ပြုချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ဆ) ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ မီးဘေး အန္တရာယ် ကင်းရှင်းရေးကိစ္စရပ်များအတွက် သက်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(ဇ) မြေအသုံးချခွင့်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်တို့အတွက် ပေးရန်ရှိသည့် အဖိုးအခကိုဒေသဆိုင်ရာ ကော်မတီနှင့် သဘောတူချုပ်ဆိုထားသော လုပ်ငန်းသဘောတူစာချုပ်အရ တစ်လုံးတစ်ခဲတည်းဖြစ်စေ၊ အရစ်ကျဖြစ်စေ ဒေသဆိုင်ရာကော်မတီသို့ ပေးသွင်းရမည်။

(ဈ) စက်မှုဇုန်အတွင်း အကောက်ခွန်ကြီးကြပ်မှု ကုန်လှောင်ရုံစနစ် ( Bonded Warehouse System) ဆောင်ရွက်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ အကောက်ခွန်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရ မည်။

အခန်း(၁၀) ရင်းနှီးမြှုပ်နှံသူ၏ တာဝန်များ[ပြင်ဆင်ရန်]

၂၄။ ရင်နှီးမြှုပ်နှံသူသည် စက်မှုဇုန်အတွင်း အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို သတ်မှတ်ချက်များ နှင့်အညီ လုပ်ကိုင်ခွင့်ရှိသည်-

(က) ကုန်ချောပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆက်စပ်ကုန်ပစ္စည်းအဆင့်ဆင့် ထုတ်လုပ်ခြင်းလုပ်ငန်း၊ ထုပ်ပိုး ပစ္စည်းထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊

(ခ) ကုန်ကြမ်း၊ ကုန်ချောသယ်ယူပို့ဆောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လမ်းထိန်းသိမ်းခြင်းနှင့် လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊

(ဂ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှင့်ဆက်စပ်သည့် အခြားဝန်ဆောင်မှုလုပ်ငန်းများ၊

(ဃ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ ထုတ်လုပ်သည့် ပစ္စည်းများအား သတ်မှတ်ချက်နှင့်အညီ ပြည်တွင်း၊ ပြည်ပသို့ ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများ။


၂၅။ ရင်းနှီးမြှုပ်နှံသူသည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရန် ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် ဒေသဆိုင်ရာ ကော်မတီသို့ လျှောက်ထားရမည်။


၂၆။ သက်ဆိုင်ရာစက်မှုဇုန်အတွင်း တည်ဆောက်ရေးစီမံကိန်းတစ်ခုစီအတွက် အဆိုပြုကာလအတွင်း လုပ်ငန်းပြီးဆုံးအောင်ဆောင်ရွက်ရမည်။ ယင်းအဆိုပြုကာလအတွင်း တည်ဆောက်မှုလုပ်ငန်းပြီးစီးခြင်း မရှိပါက ခိုင်လုံသောအကြောင်းပြချက်ကို စီမံခန့်ခွဲရေးကော်မတီ၏ သဘောထားမှတ်ချက်နှင့်အတူ ဒေသဆိုင်ရာ ကော်မတီသို့တင်ပြ၍ အဆုံးအဖြတ်ရယူရမည်။ ခိုင်လုံသောအကြောင်းပြချက်မဟုတ် ကြောင်း စိစစ်တွေ့ရှိပါက စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ခွင့်ရုပ်သိမ်းခြင်းခံရမည်။


၂၇။ ရင်းနှီးမြှုပ်နှံသူသည်-

(က) သက်ဆိုင်ရာဌာနများတွင် တည်ဆဲဥပဒေများနှင့်အညီ မှတ်ပုံတင်ရမည်။

(ခ) လုပ်ငန်းဆောင်ရွက်ခြင်းအား သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင် ဆောင်ရွက်ရမည်။

(ဂ) မိမိ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေကို စီမံခန့်ခွဲရေး ကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်။

(ဃ) စက်မှုဇုန်အတွင်းရှိ ပျက်စီးယိုယွင်း၍ အများပြည်သူအား ဘေးအန္တရာယ်ဖြစ်စေသော ကုန်ကြမ်းပစ္စည်းများနှင့် စံချိန်စံညွှန်းမမီသော ထုတ်ကုန်ပစ္စည်းများကို သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

(င) ဝန်ထမ်းများခန့်ထားခြင်း၊ လစာနှင့် အချိန်ပိုလုပ်ခ၊ ခွင့်ရက်၊ အလုပ်ပိတ်ရက်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကိစ္စရပ်များ အပါအဝင် အလုပ်သမားများ၏ အကျိုးခံစားခွင့်များ ရရှိရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ရမည်။


၂၈။ ရင်းနှီးမြှုပ်နှံသူသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေပါ စံချိန်စံညွှန်းများကို လိုက်နာရမည့် အပြင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုမရှိစေရန်တည်ဆဲဥပဒေများ နှင့် အညီ လိုက်နာဆောင်ရွက်ရမည်။


၂၉။ ရင်းနှီးမြှုပ်နှံသူသည် မိမိ၏လုပ်ငန်းကို စတင်ဆောင်ရွက်ခြင်း၊ ပိတ်သိမ်းခြင်း သို့မဟုတ် စာရင်း ရှင်းလင်းဖျက်သိမ်းခြင်းပြုလုပ်လိုပါက သက်ဆိုင်ရာဌာနများနှင့် စီမံခန့်ခွဲရေးကော်မတီသို့ ကြိုတင် အကြောင်းကြား၍ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။


၃၀။ ရင်းနှီးမြှုပ်နှံသူသည် မိမိ၏ လုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း၏ အစုရှယ်ယာအားလုံး ကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လွှဲပြောင်းသည့်အခါသက်ဆိုင်ရာဌာနများနှင့် စီမံခန့်ခွဲရေး ကော်မတီအား အကြောင်းကြားပြီး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။


၃၁။ ရင်းနှီးမြှုပ်နှံသူသည် ပြည်တွင်း၊ ပြည်ပဝန်ထမ်းများ ခန့်ထားမှုအခြေအနေအရပ်ရပ်အား စီမံခန့်ခွဲရေး ကော်မတီသို့ တင်ပြရမည်။

အခန်း(၁၁) မြေအသုံးပြုခြင်း[ပြင်ဆင်ရန်]

၃၂။ ဒေသဆိုင်ရာကော်မတီသည် စက်မှုမြေအား စက်မှုကုန်ထုတ်လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ရန် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအား သတ်မှတ်ထားသည့် မြေငှားရမ်းခ များကို ပေးသွင်းစေပြီး နှစ် ၅၀ အထိခွင့်ပြုနိုင်သည်။ ယင်းသက်တမ်းကုန်ဆုံးပြီးနောက် ရင်းနှီးမြှုပ်နှံ သူက ဆက်လက်လုပ်ကိုင်လိုလျှင် တစ်ဆက်တည်း ၁၀ နှစ်သက်တမ်း နှစ်ကြိမ်အထိ တိုးမြှင့်ပေးနိုင် သည်။


၃၃။ စက်မှုဇုန် သတ်မှတ်ကြေညာခြင်းမပြုမီ စက်မှုဇုန်တည်ထောင်ရန် လျာထားသော မြေပေါ်တွင် လူနေအိမ်ခြေများ၊ အဆောက်အဦများ၊ လယ်ယာဥယျာဉ်ခြံမြေများ၊ သီးပင်စားပင်များ၊ စိုက်ခင်းများ စသည်တို့ကို ပြောင်းရွှေ့ရှင်းလင်းပေးရန်ရှိပါက ၎င်းတို့ကို ပြောင်းရွှေ့နေရာချထားခြင်း၊ နစ်နာကြေးပေး ခြင်းနှင့် လျော်ကြေးပေးခြင်းတို့ကို နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က တည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရမည်။


၃၄။ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူသည်-

(က) အသုံးပြုခွင့်ရရှိသောမြေကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ အသုံးပြုရမည်။

(ခ) စက်မှုဇုန်၊ တည်ထောင်ပြီးစက်မှုဇုန်အတွင်း မြေကွက်များအား ရယူထားပြီး လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော မြေကွက်များကို စက်မှုဇုန်အဖြစ် သတ်မှတ်ကြေညာသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်း စီမံချက်နှင့် ပြီးစီးမည့်ကာလကိုတင်ပြ၍ ဒေသဆိုင်ရာကော်မတီ၏ အတည်ပြုချက်ရယူရမည်။ အတည်ပြုပြီးဖြစ်သည့် စီမံကိန်းသတ်မှတ်ကာလအတိုင်း ပြီးစီးအောင်လုပ်ကိုင်ခြင်းမရှိပါက သက်ဆိုင်ရာ ဒေသဆိုင်ရာကော်မတီက သတ်မှတ်သော မြေကာလတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် သက်ဆိုင်သည့် ဒေသဆိုင်ရာ ကော်မတီသို့ နှစ်စဉ်ပေးဆောင်ရမည်။ ဒဏ်ကြေးပေးဆောင်နိုင်ခြင်း မရှိပါက အဆိုပါမြေ အသုံးပြုခွင့်ပါမစ် သို့မဟုတ် ဂရန်ကိုပြန်လည် ရုပ်သိမ်းခြင်းခံရမည်။

(ဂ) အသုံးပြုခွင့်ရရှိသော မြေ၏သဘာဝမြေမျက်နှာသွင်ပြင် သို့မဟုတ် မြေအနိမ့်အမြင့် အနေအထားကို သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ သိသာထင်ရှားစွာ ပြုပြင်ပြောင်းလဲခြင်းမပြုရ။

(ဃ) လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အခြားသူ သို့မဟုတ် အခြားအဖွဲ့ အစည်းများသို့ မြေငှားရမ်းခြင်း၊ မြေအသုံးပြုခွင့်နှင့် အဆောက်အအုံများကို ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းပြုလုပ်လိုပါက သက်ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီမှတစ်ဆင့် ဒေသဆိုင်ရာကော်မတီသို့ တင်ပြပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက် ရမည်။


၃၅။ အသုံးပြုခွင့်ရရှိသော မြေ၏ မြေပေါ်၊ မြေအာက်၌ ရင်းနှီးမြှုပ်နှံခွင့်ပြုသည့် လုပ်ငန်းနှင့်မသက်ဆိုင် သည့် မူလစာချုပ်တွင် မပါဝင်သော သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းကိုဖြစ်စေ၊ ရှေးဟောင်းဝတ္ထု ပစ္စည်းကိုဖြစ်စေ၊ ရတနာသိုက်ကိုဖြစ်စေတွေ့ရှိလျှင် စီမံခန့်ခွဲရေး ကော်မတီသို့ ချက်ချင်းအကြောင်း ကြားရမည်။ စီမံခန့်ခွဲရေးကော်မတီမှ နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့ တင်ပြပြီး ခွင့်ပြုချက်ရလျှင် ယင်းမြေပေါ်၌ ဆက်လက်လုပ်ကိုင်နိုင်သည်။ ခွင့်ပြုချက်မရလျှင် ဒေသဆိုင်ရာကော်မတီက အစားထိုးစီစဉ်ပေးသည့်နေရာသို့ ပြောင်းရွှေ့ဆောင်ရွက် ရမည်။


၃၆။ မြေငှားရမ်းခများနှင့် မြေအသုံးပြုခများအား ဒေသတွင်းနိုင်ငံများရှိ စက်မှုဇုန်များနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော နှုန်းထားများကို ဒေသဆိုင်ရာကော်မတီမှ ဗဟိုကော်မတီသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။

အခန်း (၁၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

၃၇။ စက်မှုဇုန် တည်ထောင်ရာတွင်လည်းကောင်း၊ စက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရ မည်။


၃၈။ ရင်းနှီးတည်ဆောက်သူက အသစ်တည်ထောင်မည့် စက်မှုဇုန်တွင် စက်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်းများထိန်းသိမ်းခြင်း၊ သန့်စင်ခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စွန့်ပစ်ခြင်းအတွက် စုပေါင်း အသုံးပြုနိုင်ရန် လိုအပ်သည့် နည်းစနစ်နှင့် တည်ဆောက်မှုများကို တစ်ပါတည်း ထည့်သွင်းဆောင်ရွက်ရမည်။


၃၉။ ရင်းနှီးမြှုပ်နှံသူသည် ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးစီမံခန့်ခွဲခြင်း (Pollution Control Management)၊ စွမ်းအင်စီမံခန့်ခွဲခြင်း (Energy Management) များအား သက်ဆိုင်ရာဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။


၄၀။ တည်ထောင်ပြီး စက်မှုဇုန်များတွင် ဒေသဆိုင်ရာကော်မတီက ကြီးကြပ်လျက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များကို နှစ်အလိုက် စီမံကိန်းများချမှတ်၍ ပြုပြင်ပြောင်းလဲဆောင်ရွက်ရ မည်။


၄၁။ ရင်းနှီးမြှုပ်နှံသူများသည် စက်မှုဇုန်အတွင်းစုပေါင်းစနစ်ဖြင့် စွန့်ပစ်ပစ္စည်း ထိန်းသိမ်းသန့်စင်၍ ဘေးအန္တရာယ်ကင်းရှင်းစွာ စွန့်ပစ်မှုအတွက် ကုန်ကျစရိတ်များကို စွန့်ပစ်ပစ္စည်းထွက်ရှိမှုပမာဏ အလိုက် စီမံခန့်ခွဲရေးကော်မတီက သတ်မှတ်သည့် သင့်လျော်သောနှုန်းထားဖြင့် ကျခံရမည်။


၄၂။ စုပေါင်းစနစ်ဖြင့် စွန့်ပစ်ပစ္စည်းထိန်းသိမ်း၍ ဘေးအန္တရာယ်ကင်းရှင်းစွာစွန့်ပစ်မှုနည်းစနစ်ကို အသုံးပြုနိုင် ခြင်းမရှိသည့် တည်ထောင်ပြီး စက်မှုဇုန်များရှိ ရင်းနှီးမြှုပ်နှံသူများသည် မိမိအစီအစဉ်ဖြင့် စွန့်ပစ်ပစ္စည်း ထိန်းသိမ်းသန့်စင်၍ ဘေးအန္တရာယ်ကင်းရှင်းစွာ စွန့်ပစ်မှုစနစ်ကို သတ်မှတ်ကာလ အတွင်း တည်ဆောက် တပ်ဆင်အသုံးပြုရမည်။

အခန်း (၁၃) ပေးချေငွေများအပေါ်ဝင်ငွေခွန်ကောက်ခံခြင်း[ပြင်ဆင်ရန်]

၄၃။ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းတည်ထောင်ထားခြင်းမရှိသော်လည်း ကိုယ်ပိုင်ပစ္စည်းနှင့် အသိဉာဏ်ဆိုင်ရာပစ္စည်း လုပ်ငန်းတစ်ခုခုအရ စက်မှုဇုန်နှင့်ဆက်စပ်၍ လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသော ပြည်ပနေ နိုင်ငံခြားသားအား ရင်းနှီးမြှုပ်နှံသူကငွေပေးချေသည့်ကိစ္စနှင့်ပတ်သက်၍ ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဝန်ကြီးဌာနက ထုတ်ပြန်သတ်မှတ်သည့် နှုန်းထားအတိုင်း ကျသင့်သော ဝင်ငွေခွန်ကို ငွေထုတ်ပေးချိန်တိုင်းတွင် နုတ်ယူပေးသွင်းရမည်။


၄၄။ စက်မှုဇုန်ရှိလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သည့် ပြည်တွင်း၊ ပြည်ပမှဝန်ထမ်းများနှင့် အလုပ်သမားများ၏ ဝင်ငွေခွန်ကျသင့်သည့်လစာဝင်ငွေအပေါ်တွင် ဝင်ငွေခွန်ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ကျသင့်ဝင်ငွေခွန်ကို သက်ဆိုင်ရာရင်းနှီးမြှုပ်နှံသူက ကောက်ခံပေးသွင်းရမည်။

အခန်း (၁၄) စက်မှုဇုန်လုပ်ငန်းများအား အခွင့်အရေးခံစားခွင့်ပြုခြင်း[ပြင်ဆင်ရန်]

၄၅။ ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူတို့အား ကနဦးတည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြု ရန် စက်ယန္တရားကြီးများနှင့် စက်ပစ္စည်းကိရိယာများ ယာယီတင်သွင်းခြင်းကို The Sea Customs Act (ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ) ပါ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခွင့် ပြုသည်။ ဒေသဆိုင်ရာကော်မတီ၏ ထောက်ခံချက်ဖြင့် တင်သွင်းခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ရမည်။


၄၆။ ဗဟိုကော်မတီသည် အောက်ဖော်ပြပါ လုပ်ငန်းများအား အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး အထူးခံစားခွင့် များကို ကာလအပိုင်းအခြားသတ်မှတ်၍ ခွင့်ပြုနိုင်သည်-

(က) ဖွံ့ဖြိုးမှုအားနည်းသော အရပ်ဒေသများရှိ စက်မှုဇုန်ရင်းနှီးတည်ဆောက်မှု လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

(ခ) အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် အရပ်ဒေသများ၌ အလုပ်အကိုင်အခွင့်အလမ်း အများအပြား ပေးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

(ဂ) စိုက်ပျိုးမွေးမြူရေး အခြေခံထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြှင့်ပြည်ပပို့ကုန်အဖြစ် ဆောင်ရွက်နိုင် စွမ်းရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

(ဃ) အရည်အသွေးပြည့်မီသည့် လယ်ယာသုံး စက်ပစ္စည်းကိရိယာအမျိုးမျိုး ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

(င) တန်ဖိုးမြှင့်တင်လျက် နိုင်ငံခြားတင်ပို့ခြင်းလုပ်ငန်းများ တီထွင်ဆန်းသစ်မှုဖြင့် ဖန်တီးထုတ်လုပ်ထား သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ။

အခန်း(၁၅) စက်မှုဇုန်များအားအောင်မြင်စွာလည်ပတ်လုပ်ကိုင်နိုင်ရန် စီမံဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

၄၇။ ဗဟိုကော်မတီသည် တည်ထောင်ပြီး စက်မှုဇုန်များအား ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စေရန် ဒေသဆိုင်ရာကော်မတီအား တာဝန်ပေးအပ်နိုင်သည်။


၄၈။ ဒေသဆိုင်ရာကော်မတီသည် မအောင်မြင်သော စက်မှုဇုန်များအား အောင်မြင်စွာလည်ပတ်လုပ်ကိုင် နိုင်စေမည့် အစီအမံများရေးဆွဲရာတွင်-

(က) နေပြည်တော်ကောင်စီ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားအကြံပြုချက်များကို ရယူဆောင်ရွက်နိုင်သည်။

(ခ) သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီအား အထူးစီမံချက်တစ်ရပ် ရေးဆွဲတင်ပြစေရန် တာဝန် ပေးအပ်နိုင်သည်။

(ဂ) ကျွမ်းကျင်သူပညာရှင် သို့မဟုတ် အဖွဲ့အား ယင်းစက်မှုဇုန်နှင့်စပ်လျဉ်း၍ လေ့လာဆန်းစစ်ချက် အစီရင်ခံစာ တင်ပြစေရန် တာဝန်ပေးအပ်နိုင်သည်။


၄၉။ ဒေသဆိုင်ရာကော်မတီသည် စက်မှုဇုန်များအား အောင်မြင်စွာလည်ပတ်လုပ်ကိုင်နိုင်ရန် အောက်ဖော်ပြပါ လိုအပ်မည့်အစီအမံကို ဗဟိုကော်မတီ၏ အတည်ပြုချက်ရယူ၍ ဆောင်ရွက်နိုင်သည်-

(က) မြေအသုံးချမှု၊

(ခ) သယံဇာတအသုံးချမှု၊

(ဂ) စွမ်းအင်စနစ်တကျ အကျိုးရှိထိရောက်စွာအသုံးချမှု၊

(ဃ) လူ့စွမ်းအားအရင်းအမြစ် အသုံးချမှု၊

(င) အုပ်ချုပ်ထောက်ပံ့မှု (Logistic)၊

(စ) ဘဏ္ဍာရေးဝန်ဆောင်မှု၊

(ဆ) အထူးစီးပွားရေးဇုန်များ အခြားစက်မှုဇုန်များနှင့် ချိတ်ဆက်ဆောင်ရွက်မှု၊

(ဇ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ချိတ်ဆက်ဆောင်ရွက်မှု၊

(ဈ) အကောက်ခွန်ကြီးကြပ်မှု ကုန်လှောင်ရုံစနစ် (Bonded Warehouse System) ထူထောင်မှု။

အခန်း(၁၆) စက်မှုဇုန်စီမံခန့်ခွဲရေးဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်း[ပြင်ဆင်ရန်]

၅၀။ စက်မှုဇုန်စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လျှင် စီမံခန့်ခွဲရေးကော်မတီက အငြင်းပွားသူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအကြား ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရမည်။


၅၁။ ပုဒ်မ ၅၀ အရ ဖြေရှင်းဆောင်ရွက်သော်လည်း ပြေလည်မှုမရရှိပါက-

(က) ဒေသဆိုင်ရာကော်မတီသို့ တင်ပြ၍ အငြင်းပွားမှုများကို ဆက်လက်ဖြေရှင်း ဆောင်ရွက်ရမည်။

(ခ) ပုဒ်မခွဲ(က) အရ ဖြေရှင်းဆောင်ရွက်နိုင်ခြင်းမရှိလျှင် တည်ဆဲဥပဒေများနှင့်အညီ ဖြေရှင်းဆောင် ရွက်ရမည်။

အခန်း(၁၇) စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် အယူခံခြင်း[ပြင်ဆင်ရန်]

၅၂။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက-

(က) စီမံခန့်ခွဲရေးကော်မတီသည် ထိုသူအပေါ် အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(၁) စာဖြင့် သတိပေးခြင်း၊

(၂) သတ်မှတ်ထားသော ဒဏ်ငွေပေးဆောင်စေခြင်း။

(ခ) ဒေသဆိုင်ရာကော်မတီသည် ထိုသူအပေါ် လုပ်ငန်းယာယီရပ်ဆိုင်းသည့် စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်နိုင်သည်။


၅၃။ ပုဒ်မ ၅၂ ပုဒ်မခွဲ(က)ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်အား ကျေနပ်ခြင်းမရှိသူသည် ယင်းအမိန့်ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဒေသဆိုင်ရာကော်မတီသို့ အယူခံဝင်နိုင်သည်။ ဒေသဆိုင်ရာကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။


၅၄။ ပုဒ်မ ၅၂ ပုဒ်မခွဲ (ခ)ပါ စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်အား ကျေနပ်ခြင်းမရှိသူသည် ယင်းအမိန့် ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဗဟိုကော်မတီသို့ အယူခံဝင်နိုင်သည်။ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း(၁၈) တားမြစ်ချက်များ[ပြင်ဆင်ရန်]

၅၅။ မည်သည့်ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူမျှ ပုဒ်မ ၃၄ ပုဒ်မခွဲ (က)၊ (ဂ) နှင့် (ဃ) တို့ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ။


၅၆။ မည်သည့်ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူမျှ ပုဒ်မ ၃၄ ပုဒ်မခွဲ (ခ) ပါ ပြဋ္ဌာန်းချက် များအရ အဆိုပါမြေအသုံးပြုခွင့်ပါမစ် သို့မဟုတ် ဂရန်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရပြီးနောက် လက်ရှိနေထိုင် အသုံးပြုခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခြင်းမပြုရ။


၅၇။ မည်သူမျှ စက်မှုဇုန်အတွင်း ကျူးကျော်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦ ဆောက်လုပ်ခြင်း၊ လမ်းဖောက်ခြင်း မပြုရ။


၅၈။ မည်သူမျှစက်မှုဇုန်အတွင်း စွန့်ပစ်ပစ္စည်းများကို စနစ်တကျမရှိသော နည်းလမ်းဖြင့် စွန့်ပစ်ခြင်း၊ ရေဆိုးမြောင်းများကို ကျူးကျော်ပိတ်ဆို့ခြင်း၊ ကုန်ကြမ်းနှင့် လောင်စာများအား စနစ်တကျမရှိသော နည်းလမ်းဖြင့် ထားသိုခြင်း၊ လမ်းများပေါ်တွင် ယာဉ်ယန္တရားများ စည်းကမ်းမဲ့ရပ်နားခြင်း သို့မဟုတ် ပစ္စည်းများ စုပုံထားရှိခြင်းမပြုရ။


၅၉။ မည်သည့်ရင်နှီးမြှုပ်နှံသူမျှ စီမံခန့်ခွဲရေးကော်မတီမှ သတ်မှတ်သည့် ရန်ပုံငွေကို ထည့်ဝင်ရန် ပျက်ကွက်ခြင်း၊ မိမိပတ်ဝန်းကျင်သန့်ရှင်းရေးကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းမပြုရ။


၆၀။ မည်သည့်ရင်းနှီးမြှုပ်နှံသူမျှ ဇုန်အလိုက်သတ်မှတ်ထားသော ခွင့်ပြုလုပ်ငန်းများမှအပ အခြားစက်မှု လုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရ။


၆၁။ မည်သည့်ရင်းနှီးမြှုပ်နှံသူမျှ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများကို စုပေါင်းစနစ်ဖြင့် သန့်စင်စွန့်ပစ် ခြင်းမရှိသော စက်မှုဇုန်များ၌ မိမိအစီအစဉ်ဖြင့် သန့်စင်စွန့်ပစ်ရန် ပျက်ကွက်ခြင်း မရှိစေရ။


၆၂။ မည်သူမျှ စက်မှုဇုန်နယ်နိမိတ်အတွင်း လုပ်ကိုင်ခွင့်ရ ရင်းနှီးမြှုပ်နှံသူ၏ လုပ်ငန်းဆောင်ရွက်မှု များကိုလည်းကောင်း၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် နှောင့်ယှက်ဖျက်စီးခြင်း မပြုရ။


၆၃။ မည်သည့်ရင်းနှီးမြှုပ်နှံသူမျှ နိုင်ငံခြားသားကျွမ်းကျင်အလုပ်သမားနှင့် ပညာရှင်များခန့်ထားရေး ဆိုင်ရာ အထောက်အထားများကို သက်ဆိုင်ရာဌာနများသို့ တင်ပြရာတွင် မရိုးမဖြောင့်သော သဘောဖြင့် မမှန်မကန်ဖော်ပြခြင်း သို့မဟုတ် ထိမ်ချိန်ခြင်း မပြုရ။

အခန်း (၁၉) ပြစ်ဒဏ်များ[ပြင်ဆင်ရန်]

၆၄။ ရင်းနှီးမြှုပ်နှံသူ သို့မဟုတ် ရင်းနှီးတည်ဆောက်သူ မည်သူမဆို ပုဒ်မ ၅၅ ပါ တားမြစ်ချက်တစ်ရပ်ရပ် ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံး ကျပ်သိန်း ၁၀၀ ထိ ချမှတ်ရမည်။


၆၅။ ပုဒ်မ ၅၆ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်ရမည်။


၆၆။ မည်သူမဆို ပုဒ်မ ၅၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရ လျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။


၆၇။ မည်သူမဆို ပုဒ်မ ၅၈၊ ၅၉ သို့မဟုတ် ပုဒ်မ ၆၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်ငါးသိန်းမှ အများဆုံး ကျပ်သိန်း ၂၀ အထိ ငွေဒဏ်ချမှတ်နိုင်သည်။


၆၈။ မည်သည့်ရင်းနှီးမြှုပ်နှံသူမဆို ပုဒ်မ ၆၀ သို့မဟုတ် ပုဒ်မ ၆၁ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် ကျပ်သိန်း ၅၀ ချမှတ်ရမည့်အပြင် ခြောက်လထက်မပိုသော ထောင်ဒဏ်လည်း ချမှတ်နိုင်သည်။


၆၉။ မည်သူမဆို ပုဒ်မ ၆၃ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရ လျှင် ထိုသူကို အနည်းဆုံး ကျပ်သိန်း ၂၀ မှ အများဆုံး ကျပ်သိန်း ၅၀ ထိ ငွေဒဏ်ချမှတ်နိုင်သည်။

အခန်း (၂၀) အထွေထွေ[ပြင်ဆင်ရန်]

၇၀။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။


၇၁။ ဤဥပဒေအရ ဖွဲ့စည်းသော သက်ဆိုင်ရာ ကော်မတီဝင်များသည် ပေးအပ်သော တာဝန်များကို ဆောင်ရွက်နေသည့်အချိန်တွင် ရာဇသတ်ကြီး ပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။


၇၂။ ဝန်ကြီးဌာနသည် ဗဟိုကော်မတီ၏ ရုံးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရမည့်အပြင် ကုန်ကျစရိတ်များကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျခံရမည်။


၇၃။ ဝန်ကြီးဌာနသည် နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် ဗဟိုကော်မတီ အဖွဲ့ဝင်တို့၏ ချီးမြှင့်ငွေနှင့် စရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည်။


၇၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာန၊ ဗဟိုကော်မတီနှင့် ဒေသဆိုင်ရာကော်မတီတို့သည် လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ဂ) စီမံခန့်ခွဲရေး ကော်မတီသည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို ဒေသဆိုင်ရာကော်မတီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။


၇၅။ တည်ထောင်ပြီး စက်မှုဇုန်များသည် ဤဥပဒေအရ စက်မှုဇုန်အဖြစ် သတ်မှတ်ကြေညာနိုင်ရေး အတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ဝင်းမြင့် နိုင်ငံတော်သမ္မတ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်