စက္ကူပြုလုပ်ခြင်း

ဝီကီပီးဒီးယား မှ
ရှေးတရုတ်တို့ စက္ကူပြုလုပ်ပုံ အဆင့်ဆင့်

စက္ကူကိုပထမဦးစွာ အေဒီ ၁၀၅ ခုနှစ်ခန့်က တရုတ်ဟန်မင်းဆက် ဧကရာဇ်ဟိုတီ (漢和帝) ထံတွင် နန်းတွင်းမှူးမတ်တစ်ဦးဖြစ်သူ ချိုက်လွန် (蔡倫 Cai Lun) မှ တီထွင်ခဲ့သည်။ သူသည် စက္ကူကို တီထွင်ခဲ့သော်လည်း သူ၏အမည်ကို လူသိနည်းလှသည်။

၎င်း၏တီထွင်မှုမှာ လူ့သမိုင်းတွင် အလွန်တရာပင် အရေးပါခဲ့သော်လည်း အနောက်တိုင်းက သူ့အားဥပေက္ခာပြု လျစ်လျူရှူခဲ့ခြင်းကား အံ့ဩစရာပင်ဖြစ်သည်။ အရေးပါလှပြီး အဓိကကျလှသော စွယ်စုံကျမ်းကြီးများတွင်ပင် သူ့ဘဝ အထုပ္ပတ္တိကို အကျဉ်းမျှပင် ဖော်ပြထားခြင်းမရှိခဲ့ပေ။ သူ၏အမည်အား ကျောင်းသုံးသမိုင်းများတွင်သာ ရံဖန်ရံခါ ဖော်ပြခဲ့ကြသည်။ အရေးပါလှသော စက္ကူ၏အကြောင်းကို လေ့လာသုံးသပ်ခဲ့သည့် သမိုင်းသုတေသီတစ်ဦးဖြစ်သူ Michael H. Harts က သူ၏နာမည်ကျော် The most influential persons in History ဆိုသောစာအုပ်ကို ပြုစုခဲ့ရာ၌ ချိုက်လွန်ဆိုသူ ရှိမှရှိပါလေစဟု သံသယဝင်ခဲ့ရကြောင်းကို ၎င်း၏စာအုပ်တွင် ဖော်ပြခဲ့သည်။ သို့ရာတွင် သူ၏ဂရုတစိုက် လေ့လာသုတေသနပြုချက်များအရ ဆိုင်းလွန်းမှာ အမှန်ကတကယ်ပင် ရှိခဲ့သည်ကို သိခဲ့ရသည်။

ကြိုးစားအားထုတ်[ပြင်ဆင်ရန်]

စက္ကူကို တရုတ် ဟန်မင်းဆက်သမိုင်းတွင် မှတ်တမ်းတင်ထားသည့် ဂါဒီဂီလက်စ် ချိုက်လွန်က တီထွင်ခဲ့သည်။ ချိုက်လွန်ကို အေဒီ ၅၀ က တရုတ်ပြည်အရှေ့ပိုင်း၊ ကွေ့ယန်စီရင်စု၌ (桂陽郡) မွေးဖွားသည်။ သူသည် သစ်ခေါက် ပိုက်ဆံလျှော်ပင်၊ ပိုးချည်မျှင်တို့မှ စက္ကူထုတ်လုပ်ရန် ကြိုးစားသည့်အပြင် ငါးဖမ်းပိုက်များမှပင် စက္ကူထုတ်လုပ်ရန် ကြိုးစားအားထုတ် ခဲ့သည်။ ချိုက်လွန်အနေနှင့် စက္ကူတီထွင်ရန် ကြိုးစားရခြင်း အကြောင်းမှာ ဧကရာဇ်ဟိုတီက ၎င်းအား စက္ကူထုတ်လုပ်ရေး တာဝန်ခံအဖြစ် တာဝန်ပေးခဲ့သောကြောင့် ဖြစ်သည်။ [၁]

စက္ကူကိုတီထွင်သူအဖြစ် ချိုက်လွန်ကို မှတ်တမ်းတင်ထားခဲ့ကြ၍ ယင်း၏ အမည်မှာ တရုတ်ပြည်တွင် အလွန်အင်မတန်ပင် ကျော်ကြား လှပါသည်။ ချိုက်လွန်သည် တရုတ်တို့၏မှတ်တမ်းများအရ သင်းကွပ်ထားသူ (မိန်းမစိုး; Eunuch; 宦官 or 太監) တစ်ဦးဖြစ်သည်။

  • ဟိုတီဧကရာဇ်မှာ ချိုက်လွန်၏ တီထွင်မှုကို သဘောကျနှစ်ခြိုက်ခဲ့၍ ချိုက်လွန်အား ရာထူးတိုးမြှင့်ပေးခဲ့ပြီး ဘုရင့်ဘွဲ့တံဆိပ်အား

ပေးအပ်ခဲ့ရာ ချိုက်လွန်မှာ ချမ်းသာကြွယ်ဝ လာခဲ့သည်။ သို့ရာတွင် သူသည်နောက်ပိုင်း နန်းတွင်းလုပ်ကြံမှု တစ်ခု၌မလွှဲမရှောင် သာပါဝင်ခဲ့သောကြောင့် ကျဆုံးမှုသို့ ဦးတည်ခဲ့ရပြီး ရပ်မိရပ်ဖများအား မျက်နှာ မပြရဲတော့သောကြောင့် သူသည်ရေမိုးချိုး၊ အဝတ်အစားသစ်များ ဝတ်ဆင်၍ အဆိပ်သောက်သေခဲ့သည်ဟု တရုတ်တို့က မှတ်တမ်းတင်ခဲ့သည်။

  • ဒုတိယရာစုနှစ်တွင် တရုတ်ပြည်၌ စက္ကူအသုံးတွင်ကျယ်လာခဲ့ပြီး ရာစုနှစ် အနည်းငယ်အတွင်းတွင် တရုတ်တို့မှ အာရှတိုက်၏ အခြားဒေသများသို့ စက္ကူကို တင်ပို့ခဲ့သည်။ ကာလအတန်ကြာသည်အထိ တရုတ်တို့က စက္ကူလုပ်နည်းကို လျှို့ဝှက်ခဲ့သော်လည်း ရ၅၁ ခုနှစ်တွင် တရုတ်စက္ကူ အလုပ်သမားအချို့အား အာရပ်တို့မှ ဖမ်းဆီးမိသွားရာမှ များမကြာမှီပင် ဘဂ္ဂဒက်မြို့နှင့် ဆမာရ်ကန်မြို့တွင် စက္ကူကို ထုတ်လုပ်လာနိုင်ခဲ့ကြသည်။ စက္ကူလုပ်နည်းအတတ်မှာ အာရပ်ကမ္ဘာသို့ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ရာ ၁၂ ရာစုနှစ်တွင် ဥရောပသားတို့က ထိုအတတ်အား အာရပ်တို့ထံမှ သင်ယူ တတ်မြောက်ခဲ့ကြသည်။ ၎င်းနောက် စက္ကူအသုံးမှာ တဖြည်းဖြည်း တွင်ကျယ်လာခဲ့ရာ ဂူတင်ဘတ်က ပုံနှိပ်စက်ကိုတီထွင်ပြီး နောက်ပိုင်း အနောက်တိုင်းတွင် သားရေချပ်၏ နေရာ၌ အဓိက စာရေးကိရိယာအဖြစ် စက္ကူကနေရာယူပြီး အစားထိုး အသုံးချခဲ့ကြသည်။
  • တရုတ်ပြည်တွင် ချိုက်လွန်မတိုင်မှီ ယခင်ကာလက စာအုပ်ကို ဝါးနှင့် လုပ်ကြရသောကြောင့် ယင်းသို့သော စာအုပ်များမှာ လေးလံပြီး ကို့ယို့ကားယား နိူင်လွန်းလှ၏။ အချို့သော စာအုပ်မျိုးများကိုမူ ပိုးထည်တွင် ရေးသားစီရင်ခဲ့ကြ၍ ၎င်းပိုးထည်စာအုပ်မျိုးမှာ

တန်ဖိုးကြီးလွန်းလှပါသည်။ အနောက်တိုင်းတွင်မူ စက္ကူမပေါ်ထွက်မှီ ယခင်ကာလက သားရေချပ်များတွင် ရေးသား ခဲ့ကြသည်။ ဤသားရေချပ်များကို သိုးရေ၊ ဆိတ်ရေနှင့် ပြုလုပ်ခဲ့ကြ၍ ဂရိရောမနှင့် အီဂျစ်တွင်မူ ပါပါရပ်စ်ခေါ်ကျူချပ်ကို အသုံးပြုခဲ့ကြသည်။ သို့သော် သားရေချပ်နှင့် ကျူချပ် နှစ်မျိုးလုံးမှာ ရှားပါးရုံသာမကပဲ ထုတ်လုပ်မှု စရိတ်လည်း ကြီးမြင့်လှပါသည်။

  • စာအုပ်များနှင့် အခြားစာရေးကိရိယာများမှာ ယခုအခါတွင် ဈေးနုန်းချိုသာစွာဖြင့် ထုတ်လုပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။ စက္ကူတီထွင်နိုင်ခဲ့

စဉ်ကပင်စပြီး အရည်အတွက်များစွာ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်သည်။ စက္ကူနှင့် ပုံနှိပ်စက်တို့မှာ တစ်ခုနှင့်တစ်ခု အရေးပါပုံခြင်းမှာ ယခုအခါတွင် မတိမ်းမယိမ်း ဖြစ်နေပြီဟု ဆိုရပါမည်။ တကယ်တန်း အသေအခြာ တွေးကြည့်လျှင်မူ ပုံနှိပ်စက်မှာ ဤမျှပဓာန မကျချေ။ ဈေးနုန်းချိုသာပြီး အလျှံပယ်ရနိုင်သည့် ပုံနှိပ်ပစ္စည်းမရှိခဲ့လျှင် ပုံနှိပ်စက်၏ အရေးပါမှုမှာ မထင်ပေါ်နိုင်ပေ။

  • ချိုက်လွန်မတိုင်မှီ ယခင်ကာလတွင် တရုတ်ပြည်၌ စာရေးကိရိယာ မရှိခဲ့ပေ။ ရှိခဲ့သည့် ဝါးစာအုပ် အစရှိသည့် ကိရိယာများမှာလည်း

အနောက်တိုင်းတွင် သုံးစွဲနေပြီဖြစ်သည့် ပါပါးရပ်စ်စာအုပ်မျိုးလောက် အရာမရောက်ပေ။ တရုတ်တို့၏ ယဉ်ကျေးမှု တိုးတတ်ရေးမှာ စာရေးကိရိယာ ချို့တဲ့မှုကြောင့် များစွာအဟန့်အတားဖြစ်ခဲ့၍ နှောင့်နှေးခဲ့ရသည်။ တရုတ်ပညာရှိတစ်ဦးမှာ စာအုပ်များကို လှည်းနှင့်တိုက်ယူခဲ့ရသည်။ ဤသို့သော အခြေအနေမျိုးတွင် အစိုးရ အုပ်ချုပ်ရေး ယန္တရားလည်ပတ်မှုမှာ မည်မျှပင် ခက်ခဲမည်ကို တစ်စုံတစ်ဦးအနေနှင့် တွေးကြည့်နိုင်ပေသည်။ ချိုက်လွန်၏ စက္ကူတီထွင်မှုက ဤသို့သော အခြေအနေကို လုံးလုံးလျားလျားပင် ပြောင်းလဲသွားစေခဲ့သည်။ သင့်တော်သော စာရေးကိရိယာ ရှိလာသည်နှင့် တရုတ်အမျိုးသားတို့၏ ယဉ်ကျေးမှုမှာ လျင်လျင်မြန်မြန်ပင် တိုးတက်လာခဲ့တော့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့အလင်း သတင်းစာ (၅.၇.၂၀၀၉)
  2. မောင်မင်းနိုင်(ဝါးခယ်မ)၏ ကမ္ဘာ့ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်တစ်ရာစာအုပ်