မာတိကာသို့ ခုန်သွားရန်

စကားထာ

ဝီကီပီးဒီးယား မှ
  • စကားထာ ဆိုသည်မှာ `တစ်ဖက်သား၏ ဉာဏ်ကို စမ်းလိုသောကြောင့် ကွယ်ဝှက်သော အနက်အဓိပ္ပာယ်တို့ဖြင့် ဖန်တီးထားသည့် အဆိုအမိန့်၊ အဖွဲ့အနွဲ့၊ အမေးပုစ္ဆာ၊ ပဟေဠိ ဟူ၍ ဖွင့်ဆိုသည်။ []
  • စကားထာသည် (စကားဓာရ) မှ (စကားဓာ)(စကားထာ) ဖြစ်လာသည်ဟု ဆိုကြသည်။ ဓာရသည် ဆောင်သည်ဟူသော အနက်ရှိသဖြင့် ဆောင်ထားအပ်သော စကားဟူ၍ ဖြစ်နိုင်သည်။ တဖန် ပါဠိဘာသာ ဌာပန သက္ကတဘာသာ သ္ထာပန မြန်မာဘာသာ ထားခြင်း အနက်ကို ဆောင်ပေသည်။ မုန့်ကို ဌာပနာ သကဲ့သို့ စကားကိုလည်း ဌာပနာသည်ဟု သုံးစွဲရာမှ စကားဌာပနာ၊ စကားထာ ဖြစ်လာလေမည် ဟု စဉ်းစားကြသေးသည်။ []
  • စကားထာ ဆိုသည် မိမိရည်ညွှန်းလိုသော အရာကို သွယ်ဝိုက်ကာ ဝှက်ထားသော စကားစုကို ခေါ်ဆိုသည်။

စာမတတ်ခင်က မြန်မာတွေရဲ့ "ပါးစပ်စာပေ"ထဲမှာ မြန်မာစကားထာတွေလည်းပါဝင်သည်။ စကားထာအကြောင်းအရာများက

  1. တောတောင်သဘာဝ
  2. နေ့စဉ်သုံးပစ္စည်းဆိုင်ရာ
  3. သားငှက်
  4. လူ့ကိုယ်ခန္ဓာ
  5. အပင် တို့နှင့်ပတ်သတ်သည့် အကြောင်းများဖြစ်ပြီး
  6. ချစ်မှုရေးရာစကားထာများလည်း သီးခြားတည်ရှိသေးသည်။

စကားထာများမြစ်ရှိတယ်ရေမရှိဘူး သစ်ပင်ရှိတယ် သစ်ကိုင်းတွေသစ်ရွက်တွေမရှိဘူး အိမ်ရှိတယ်လူမရှိဘူး လမ်းရှိတယ်မြေကြီးမရှိဘူး[]

[ပြင်ဆင်ရန်]

စုစည်းမိသမျှတင်ပြရလျှင်-

  • ၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)
  • ၂။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ဝါး၊ ကောင်းစားတော့ တစ်ယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)
  • ၃။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)
  • ၄။ ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောက်ျား၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)
  • ၅။ တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)
  • ၆။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)
  • ၇။ နွားနို့တစ်မြူ၊ ပြည်လုံးဖြူ။ (လ)
  • ၈။ နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)
  • ၉။ အမြင်နီး ခရီးဝေး။ (တောင်)
  • ၁၀။ စည်ကြီးတီး မျက်နှာမည်းကြီးငို သေသူရှင် ပုန်းသူပေါ်။ (မိုးဦကျကာလတွင် မိုးကြိုးပစ်၊ မိုးရွာ၊ မြက်ပေါက်၊ ဖားအော်)
  • ၁၁။ မတီးဘဲမြည်။ (မိုးခြိမ်းသံ)
  • ၁၂။ ခုတ်လို့မပြတ် သတ်လို့မသေ။ (ရေ)
  • ၁၃။ အိမ်ရှိပေမယ့် လူမရှိ၊ လူရှိပေမယ့် အသံမကြားရ။ (သင်္ချ ိုင်း)
  • ၁၄။ ငမဲဖင် ငနီလျက်။ (အိုးနှင့် မီး)
  • ၁၅။ သွားတော့ခွေခွေ နေတော့စင်းစင်း။ (ခေါင်းခု)
  • ၁၆။ ငယ်စဉ်က ရင်ခွင်ပိုက်၊ ကြီးစေလိုလို့ တုတ်နဲ့ရိုက်၊ မာစေလိုလို့ မီးနဲ့မြှိုက်။ (အိုး)
  • ၁၇။ သားကရိုက်တော့ အမေငို၊ ဝမ်းဗိုက်တစ်လုံး ခေါင်းတစ်လုံး။ (မောင်း)
  • ၁၈။ သံသာငှက်ကြီး ရင်ပတ်တီး၊ အမြီးခါးလယ်မှာ။ (လယ်ကွင်း)
  • ၁၉။ နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်၊ ဖောက်ပြန်တော့လဲ တစ်ပေါက်တည်း။ (အပ်)
  • ၂၀။ ကျိုးကျိုးကျည် မြည်လို့လာ၊ အိမ်ရောက်ခါမှ မေးထောက်ကာ။ (လှည်း) []

စကားထာ

[ပြင်ဆင်ရန်]

စကား၏ အနက်အဓိပ္ပာယ်ကို ကွယ်ဝှက်၍ ပုစ္ဆာထုတ်ခြင်းသည် စကားထာ ဖြစ်သည်။ ဤသို့ ပုစ္ဆာထုတ်ခြင်းကို စကားထာ ဝှက်သည်ဟု ခေါ်သည်။ စကားထာဝှက်သည်ကို မဖြေနိုင်လျှင် ပန်းပေးသည်ဟု ဆိုရသည်။ ထိုအခါ စကားထာဝှက်သူက အဖြေကို ပြောပြရသည်။ စကားထာဝှက်ခြင်းသည် မြန်မာတို့၏ ရှေးဟောင်းဓလေ့ဖြစ်သည်။ အခြားလူမျိုးတို့သည်လည်း တစ်ဦးနှင့်တစ်ဦး ဉာဏ်စမ်းရန် စကားထာဝှက်တတ်၏။ စကားထာကို မိန်းကလေးများက စတင်ဝှက်၍ ယောက်ျားလေးများက ဖြေကြရသည်။ မဟောသဓာ ဇာတ်တော်တွင် ဘုရားအလောင်း မဟောသဓာသည် အမရာကို တွေ့ရာဝယ် အမည်ကို မေးလေ၏။ အမရာက ထိုအမေးကို ဖြေရာ၌ 'ကျွန်ုပ်၏အမည် သည် ဖြစ်ဆဲ၊ ဖြစ်ပြီး၊ ဖြစ်လတ္တံ့သော ကာလသုံးပါးတွင် မရှိ သော အမည်ပါတည်း'ဟု စကားထာဝှက်၍ ဆို၏။ ဤတွင် မဟောသဓာက ကာလသုံးပါး၌ မရှိ သောအမည်ကား အမရာ ဖြစ်၏ဟု စကားထာ၏အဖြေမှန်ကို ဖော်လိုက်၏။ အမရကား မသေခြင်းကိုဆိုသည်။ ထို့အပြင် အမရာက မိမိ၏ဖခင်သည် သင်္ချိုင်းကုန်း၌ လယ်လုပ်ကြောင်းကို စကားဖြောင့်ဖြင့် မဆိုဘဲ၊ လူတို့တစ်ကြိမ်ရောက်က တစ်ခေါက် ပြန်မလာသောအရပ်၌ လယ်လုပ်သည်ဟု စကားထာဖြင့် ဝှက်၍ဆို၏။ ဤကား မိန်းကလေးများက မေး၍ ယောက်ျားလေးများက ဖြေသော စကားထာ နမူနာတည်း။

မြန်မာမှုတွင် စကားထာ အမျိုးမျိုးရှိသည်။ ကာရန်အားဖြင့်ဝှက်သော စကားထာ၊ ဥပမာအားဖြင့်ဝှက်သော စကားထာ၊အနက်အားဖြင့်ဝှက်သော စကားထာ၊ စကားလိမ်အားဖြင့် ဝှက်သော စကားထာ၊ သင်္ချာအားဖြင့်ဝှက်သော စကားထာ ဟူ၍ အမျိုးမျိုးရှိသည်။

ကာရန်အားဖြင့်ဝှက်သော စကားထာများနှင့် အဖြေများမှာ

  • (မေး) တောင်ကြိုတောင်ကြား၊ ပေါက်သည့်ဝါး၊ အဖျားခပ်သွယ်သွယ်။
(ဖြေ) အိမ်ကြိုအိမ်ကြား၊ ပေါက်သည့်သား၊ စကားခပ်ကြွယ်ကြွယ်။
  • (မေး) ညောင်ပင်ပတ်လည်၊ ချစ်ခုံတည်၊ ဈေးသည်မလား၊ ချည်ချလား။
(ဖြေ) မောင်ရှင်သစ်ကယ်၊ လူထွက်တယ်၊ ဆန်းတယ် လလား၊ သည်လလား။
  • (မေး) ထားဝယ်ချောင်းမှာ ဒေါင်းတွေ့တယ်။
(ဖြေ) ငယ်ကပေါင်းမို့၊ အောက်မေ့တယ်။ ဟူသည်တို့ဖြစ်ကြသည်။

ဥပမာအားဖြင့် ဝှက်သောစကားထာများမှာ 'ရေပက်လည်ဆောင်၊ အလယ်ခေါင်သောင်ထွန်း၊ မိန်းမလှကျွန်း' ဟူသော စကားထာ၊ 'မဖွပ်ဘဲဖြူသည့် နတ်ပုဆိုး၊ မလောင်းဘဲပြည့်သည့် နတ်ရေအိုး'ဟူသည့် စကားထာနှင့် 'ကျူပင်ကြို၊ ကျူပင်ကြား၊ လောင်းကလေးနှင့်သွား' ဟူသည့်စကားထာမျိုးတို့ ဖြစ်သည်။ ထိုစကားထာတို့၏ အဖြေကို ဝှက်ထားသည့် စကားထာတွင်ပါသော ဥပမာနှင့် ကိုက်ညီအောင် ရှာရသည်။ ကျောက်ပျဉ်သည် အမျိုးသမီးများ အလှပြင်ရန်ဖြစ်၍ ဘေးပတ်လည်တွင် ရေမြောင်းပါရှိနေသည့်အတွက် ရေဝန်းရံလျက်ရှိသော ကျွန်းကလေးကဲ့သို့ ဖြစ်နေသောကြောင့် 'ရေပတ်လည်ဆောင်၊ အလည်ခေါင် သောင်ထွန်း၊ မိန်းမလှကျွန်း'ဟူ၍ ကျွန်းကို ဥပမာ ပေးကာ ကျောက်ပျဉ်ကို စကားထာ ဝှက်လေသည်။

အုန်းသီးဆံသည် မဖွပ်ဘဲနှင့် အလိုအလျောက် ဖြည့်သူမရှိဘဲ ပြည့်နေသည်ကို ရည်ရွယ်၍ 'မဖွတ်ဘဲဖြူသည့် နတ်ပုဆိုး၊ မလောင်းဘဲ ပြည့်သည့် နတ်ရွှေအိုးဟု နတ်ပုဆိုး၊ နတ်ရေအိုး တို့ကို ဥပမာပေးလျက် အုန်းသီးကို စကားထာဝှက်လေသည်။ ကျူပင်အကြား၌ လောင်းလှေတို့ လှော်ခတ်သွားလာသကဲ့သို့ ကျူပင်နှင့်တူသော ရက်ကန်းလွှာ ၂ ခုအကြားဝယ် လောင်းလှေ နှင့်တူသော ရက်ကန်းလွန်းအိမ်သည် လူးလာတုံ့ခပ်သွားလာနေ သည့်အတွက် ရက်ကန်းလွန်းအိမ်ကို 'ကျူပင်ကြို ကျူပင်ကြား၊ လောင်းကလေးနှင့်သွား'ဟူ၍ ဥပမာတင်စားကာ စကားထာဝှက်ကြလေသည်။

အနက်အားဖြင့် ဝှက်သော စကားထာတို့မှာ 'ရင်၌ထား သားလည်းမဟုတ်၊ မြေမသက် ငှက်လည်းမဟုတ်၊ အမြီးကောက် မျောက်လည်းမဟုတ်၊ မုတ်ဆိတ်ဖွား ကုလား မဟုတ်' ဟု စောင်းကောက်ကို ဝှက်သောစကားထာ၊ 'တစ်ဆယ့်ခြောက်ပြည် အပိုင်စိုးသော်လည်း မင်းမျိုး မဟုတ်ပါ၊ ရှေး ကုသိုလ် ကံမကောင်း၍ ခေါင်းခြေလက်မပါ'ဟု ၁၆ ပြည်ဝင်တင်းတောင်းကို ဝှက်သောစကားထာ၊ 'သဒ္ဒါလည်းမတတ်၊ ပရမတ်ကိုလည်းမကြေ၊ လူ့ရှေ့မှာအမြဲနေ၊ မှန်လျှင်မှန်စေ၊ မမှန်လေက လျှာထုတ်ပြ'ဟု ချိန်ခွင်ကိုဝှက်သောစကားထာများ ဖြစ်ကြ၏။

သင်္ချာအားဖြင့် ဝှက်သောစကားထာတို့မှာ'အလံတရာ မြွေ၊တွင်းမှာခွေ၊တနေ့လက်နှစ်သစ်၊ကျွန်တော်မ သက္ကရာဇ်ဟု မိန်းကလေးက မိမိ၏အသက်ကို ဝှက်သော စကားထာနှင့် 'ခိုမှာ ကားခွဲ၊ ဝမ်းဘဲငါးကျပ်၊ စာတမတ်ကို၊ မပြတ်နေ့ည၊ ရောင်းဝယ်ကြသည်၊ ငှက်လှအစိတ်၊ ကြေးအစိတ်'ဟု လင်္ကာစပ်ဆိုလျက် ဝှက်ခဲ့သော စကားထာစသည်တို့ဖြစ်ကြ၏။ ယင်းနှစ်ခုတွင် ပထမစကားထာကို တွက်လျှင် အလံတစ်ရာကို လက်သစ်ဖွဲ့သော် ၉၆ဝဝ ရရှိ၏။ ထို ၉၆ဝဝ လက်သစ်ကို တနေ့လျှင် လက်နှစ်သစ်ဆိုသည့်အတွက် လက်နှစ်သစ်နှင့် စားသော် ရလဒ်သည် ၄၈ဝဝ ဖြစ်သည်။ ထိုအတွက် ထိုမိန်း ကလေး၏အသက်မှာ ရက်ပေါင်း ၄၈ဝဝ ဖြစ်သည်။ ထိုရက်ပေါင်းကို လဖွဲ့လျှင်လပေါင်း ၁၆ဝ ရ၍ နှစ်ဖွဲ့သော် ၁၃ နှစ်နှင့် ၄လ ရသည်။ မွေးသက္ကရာဇ်ကို လိုသော် ကောဇာသက္ကရာဇ်မှ ယင်း ၁၃ နှစ်နှင့်၄လကို နုတ်သော်မွေးသက္ကရာဇ် ရသည်။

ဒုတိယ စကားထာဖြစ်သော 'ခိုမှာကားခွဲ၊ ဝမ်းဘဲငါးကျပ်၊ စာတမတ်' ကို ဖြေကြားရာ၌ 'ခိုမှာနှစ်မတ်၊ ဝယ်မှတ်လည်းပြု၊ ဆယ့်ရှစ်ခုကို တွက်စုကြေးမှာ၊ ကိုးကျပ်သာတည့်၊ ငှက်သာဝမ်းဘဲ၊ ဝယ်မြဲ သုံးခု၊ တစ်ခု ငါးကျပ်၊ ရလဒ်တွက်ဖွယ်၊ တစ်ဆယ်ငါးကျပ်၊ ရမြဲလဒ် ဟု၊ လေးခုစာမှာ၊ မတ်စီသာလတည့်၊ များစွာ ပေါင်းငြား၊ ငှက်ကားအစိတ်၊ ကြေးအစိတ်။' ဟူ၍ ရှေးပုဂ္ဂိုလ်များ တွက်ချက်၍ ရသည့်သင်္ချာတို့ကို လင်္ကာဖြင့် အထက်ပါအတိုင်း ဖြေကြားခဲ့လေသည်။

စကားလိမ် အားဖြင့်ဝှက်သော စကားထာ၌၊ စကားလိမ်၏ သဘောမှာ တစ်ပါးသူတို့ မသိနားမလည်နိုင်ကြစေရန် မူရင်း စကားလုံး များ၏ အသံကာရန်ကို ရှေ့နောက် ပြောင်းပြန်ပြု ထားခြင်းဖြင့်၎င်း၊ အသံကာရန်ကို လိုက်၍ စကားလုံးပို ထည့်သွင်း အသုံးပြုခြင်းဖြင့်၎င်း စကားဝှက်၍ ပြောခြင်း ဖြစ်သည်။ ပမာဆိုသော် လောကဓံကို လံကဓော၊ အဝိဇ္ဇာကို အဝါဇိတ်၊ နောင်မသိကို နိမသောင်ဟူ၍ စကားကိုလိမ်ကာ ရေးသား ပြောဆိုခြင်းမျိုးဖြစ်၏။ ထို့ပြင် အောက်တွင်ဖော်ပြမည့် ဥပမာ စကားထာများမှ ထွက်ပေါ်လာသည့် ငုံမွှေ၊ မာလုံ ဟူသော စကားလုံးများသည် ငွေမှုံ၊ မုံလာဟူသော စကားများ၏ စကားလိမ်များ ဖြစ်ကြသည်။

စကားလိမ်အားဖြင့် ဝှက်သောစကားထာများမှာ 'စပယ်ဖူးစ၊ ဆီးယောင်းမ'ဟူသော စကားထာဖြစ်သည်။ စပယ်ဖူးစမှာ ငုံသည်။ ဆီးယောင်းမမှာ မွှေရသည်။ နှစ်ခုပေါင်းသော် ငုံမွှေ၊ ငွေမှုံဟူ၍ ဖြစ်၏။ ထိုအတူ 'ကျောက်စရစ်ခဲ စောင်ဖြူခြုံ' ဟူသော စကားလိမ်မှာ ကျောက်စရစ်ခဲသည် မာ၍၊ စောင်ဖြူခြုံက လုံသည်။ ထိုကြောင့် အဖြေမှာ မာလုံ၊ မုံလာဖြစ်၏။ ရှေးသူဟောင်း တို့၏ စကားထာမှာ ဩကာသလောက ပတ်ဝန်းကျင်ကိုမှီး၍ ဝှက်ဆိုကြသည်ဟု ဂရိပညာရှိ အရစ္စတိုတယ်က ဆိုသည်။ ပမာဆိုသော် လေကိုဝှက်ရာ၌ 'မရပ်မနား အမြဲတစေ ပျံသန်းနေသည်ကား အဘယ်နည်း'ဟူ၍ ဝှက်သည်။ ရှေးခေတ်ဂရိလူမျိုးတို့သည် စကားထာဝှက်သည်ကို များစွာ နှစ်ခြိုက်ကြ၏။ စကားထာ ဝှက်တမ်း ကစားရာ၌ အသက်ကိုပင် အပေါင်ပြုကြလေသည်။ သို့ဖြင့် စကားထာ ဝှက်ရာ၌ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြဖူးသည်။ ဂရိကဗျာဆရာကြီး ဟိုးမားသည် စကားထာတစ်ခုကို မဖြေဆိုနိုင်သောကြောင့် အရှက်ရကာ စိတ်ထိခိုက်သဖြင့် သေဆုံးရသည်ဟု အဆိုရှိသည်။

ကမ္ဘာ အနှံ့အပြားတွင် စကားထာများ ခေတ်စားသည်။ ခရစ်ယန်ကျမ်းစာ၊ ကိုရန်ကျမ်းစာများတွင် စကားထာများကို တွေ့နိုင်သည်။ အာရေဗျန်နှင့်ပါးရှင်း စကားထာများလည်း ရှိသေးသည်။ မြန်မာကျမ်းစာ၊ ပုံပြင်များတွင်လည်း စကားထာများ၊ ပဟေဠိများ တွေ့ရ၏။

စကားထာ ပညာသည် အကျိုးအကြောင်း နှိုင်းဆမှုကို အထောက်အပံ့ပြုသည်။ တစ်ဆင့်ပြီး တစ်ဆင့် ကြံဆရသဖြင့် အထောက်အပံ့ပြုသည်။ ဉာဏ်ကို ရွှင်စေသည်။ စိတ်ကူးကောင်းကို ရစေသည်။ သို့သော် ယခုခေတ်၌ကား စကားထာပညာကို လူငယ်လူရွယ်တို့သည် စိတ်ပျော်ရွှင်ရုံမျှ လေ့လာကြလေသည်။ []


ကိုးကားချက်

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ မြန်မာအဘိဓာန် အကျဉ်းချုပ်
  2. ဦးအေးချို၏ မြန်မာ့စကား
  3. ဒေါက်တာသန်းထွန်း၏ မြန်မာသမိုင်း နိဒါန်း
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)