စကားတောင်စားဝတ္ထု

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

စကားတောင်စားဝတ္ထု။ ။ စကားတောင်စား ဝတ္ထုဟူ၍ ဒဏ္ဍာရီစကားများကို စုပေါင်း ပြီးလျှင် ပြုစုထားသောစာအုပ်သည် ခရစ် ၁၉ဝ၆ ခုနှစ်နှင့် ၁၉၁ဝ ပြည့်နှစ်ကြားတွင် ပုံနှိပ်ထုတ်ဝေခဲ့ရာ၊ မြန်မာဂန္ထဝင်တွင် ထင်ရှားသော စာအုပ်တစ်အုပ် ဖြစ်သည်။ ပြုစုရေးသားသူမှာ သံရွာမင်းသား၏မြေး၊ ဝန်စာရေး ဦးကြီး ဖြစ်သည်။ 'မောင်ရင်မောင်၊ မမယ်မ' ဝတ္ထုသည် ၁၉ဝ၄ ခုနှစ်တွင် ပေါ်ခဲ့ရာ၊ လူကြိုက်များသဖြင့် ယင်း ဝတ္ထုကို လိုက်၍၊ မောင်မှိုင်းဝတ္ထု စသည်တို့ ပေါ်လာသည်။ မောင်မှိုင်းဝတ္ထု၊ မြကလေးဝတ္ထု၊ စိန်ကလေးဝတ္ထုများ ရေးပြီးနောက် လူကြိုက် များသဖြင့် ထိုစကားတောင်စားဝတ္ထုကို ဗဟုသုတရှာမှီးလိုသူ တို့အတွက် ထပ်မံရေးသားပါသည်ဟု ဝတ္ထုနိဒါန်းတွင် ဆိုထား လေသည်။

ထို နိဒါန်းတွင် အမြွက် ဖော်ပြထားသည့် အတိုင်း၊ စကား တောင်စားဝတ္ထုကို ဝတ္ထုရေးသူ ဦးကြီးက ပင်ကိုယ်စိတ်ကူးဖြင့် ဖန်တီးရေးလိုက်ခြင်း မဟုတ်ပေ။ ဝတ္ထုပါအကြောင်းရပ်များမှာ ရှေးအစဉ်အဆက် နန်းတွင်းမှအစ အရပ်ထဲအထိ မြန်မာတို့ ပြောလေ့ပြောထ ရှိသည်များကို မှတ်သား၍ စာတင်ကာ ဝတ္ထု ဖွဲ့ရေးလိုက်ခြင်း ဖြစ်၏။ ထိုကြောင့်လည်း စကားတောင်စား၊ ပခန်းသား၊ ချည်ပါသားဟူသော အမည်များနှင့် ယင်းတို့၏ စရိုက်များကို ဝတ္ထုမပေါ်ခင်ကပင် မြန်မာများ ပြောစမှတ်ပြုခဲ့ ကြ၏။

ဝတ္ထုဇာတ်အိမ် ဖွဲ့သောခေတ်မှာ အင်းဝမြို့ ကောင်းစားစဉ်က ဖြစ်သည်။ ဇာတ်ဆောင်တို့မှာ နောင်အခါတွင် စကားတောင် စား အမတ်ဟူ၍ ထင်ရှားမည့် နာမည်ရင်းမရှိသူနှင့်၊ ပခန်းသား ငလက်တို၊ ချည်ပါသား ငညိုတို့ ဖြစ်ကြသည်။ ထိုသုံးယောက် အနက် စကားတောင်စားက ပို၍စကားအရာတွင် ကျွမ်းကျင် လေသည်။ ထိုကြောင့် စကားတောင်စားသည် ပညာရှိအမတ် အဖြစ် ခန့်အပ်ခံရ၍ ဘုရင့်ထံပါးတွင် ခစားရလေသည်။ ဓည ဝတီ ရခိုင်ပြည်သို့ သံတမန်ခန့်အပ် စေလွှတ်ရာတွင်လည်း ဓညဝတီ ဘုရင်နှင့် မှူးမတ် ပညာရှိတို့၏ ပညာစမ်းမှုကို အောင်မြင်စွာ ဖြေဆိုဆောင်ရွက်နိုင်သောကြောင့် ချီးမွမ်းခံရသည်။ ပခန်းသား ငလက်တို့နှင့် ချည်ပါသား ငညို တို့ကား စကား ကျွမ်းကျင်သော်လည်း လိမ်လည်ကောက်ကျစ်သော စိတ်သဘော ရှိ၏။ လူတစ်ဦး တစ်ယောက်အား လိမ်လည်လှည့်ဖြားခြင်း မပြုရလျှင် မနေတတ်သူများ ဖြစ်ကြ၏။ ထိုကြောင့် သူတို့ အချင်းချင်းလည်း လိမ်လည်၏။ သူတို့ချင်း လိမ်ကောက်၍ မရသော အခါတွင်လည်း နှစ်ဦးသဘောတူ ပူးပေါင်း၍ လိမ်လည်ကြ၏။ သို့ဖြစ်၍ အင်းဝမြို့တော်မှ စုန်ဆင်းကာ မြစ်ရိုးတစ်လျှောက်နှင့်အောက်မြို့ကျေးရွာဖြစ်သော ညောင်တုန်း၊ ဝါးခယ်မ၊ မြောင်းမြ၊ ပုသိမ်မြို့များတိုင် လှည့်လည်၍ လိမ် လည် လှည့်ဖြားကာ အသက်မွေးကြသည်။ အသွင်မတူ အိမ်သူ မဖြစ် ဆိုသည့်အတိုင်း စိတ်သဘောချင်း တူကြသူ မခါကြီး၊ မကျေးဥတို့နှင့် ပေါင်းဖက်မိရာတွင် လိမ်ကောက်မှုများ ပိုမို များပြားလာလေသည်။

ထိုကြောင့်ပင် နှုတ်ရေး စကားတတ်နှင့် စကားအကောက် အကတ် ပြောလာလျှင် ထိုသူအား စကားတောင်စားဟူ၍၎င်း၊ စကားတံ ရှည်ရှည်နှင့် ဆင်ခြေများများသုံး၍ လှည့်ပတ်ပြော လာလျှင် ထိုသူအား ပခန်းသား၊ ချည်ပါသားဟူ၍၎င်း တင်စား ခေါ်ဝေါ်လေ့ ရှိကြသည်။

စကားတောင်စားဝတ္ထုမှ ကောက်နုတ်ချက် တနေ့သ၌ စာရေးကြီးကတော်သည် မိမိအိမ်၌ မုန့်အိုးကင်း ကပ်လုပ်၍၊ မိမိယောကျာ်း စာရေးကြီးကို စားလေစလိုသော ကြောင့် စကားတောင်စားကို ခေါ်ရန် နန်းတော်ထဲသို့စေလွှတ် လိုက်ရာ၊ လွှတ်တော်ပေါ်သို့ တက်သွားပြီးလျှင် လှေကားဦး ကစ၍ မာရဘင်နားသို့ ကျရောက်သည့်တိုင်အောင်၊ အသံကျယ် စွာနှင့် ပြင်းထန်စွာ ဟစ်အော်ပြီးလျှင်၊ စာရေးတော်ကြီးမင်း၊ စာရေးကြီးကတော်က မုံ့အိုးကင်းကပ်စားရအောင် မြန်မြန်လာပါ အခေါ်စေလွှတ်ပါသည်ဟု ပြောဆိုသောအခါ၊ ကြားသမျှ မင်း ပရိသတ်တို့သည် ဝိုင်း၍ ပြောင်လှောင်ရယ်မောကြလေ၏။ ထို အခါ စာရေးတော်ကြီးသည် တော်ရာသို့ ခေါ်ပြီးလျှင် ထိပ်ကို ပုတ်၍၊ မောင်မင်းသည် မင်းပရိသတ်အလယ်၌ ငါ့ကို အရှက် ရအောင် မုံ့အိုးကင်းကပ်ကို စားရန် ဟစ်အော်၍ ခေါ်သည်။ နောင်တစ်စုံတစ်ရာကိစ္စရှိလျှင် လူပရိသတ်တို့ရှေ့ ဟစ်အော်၍ မခေါ်နှင့်၊ မျက်ရိပ်မျက်ခြေ မျက်စနှင့်ခေါ်ရမည်ဟု ပြောဆို လေသည်။ စကားတောင်စားလည်း နောင် တစ်စုံတစ်ရာကိစ္စ ရှိလျှင်၊ မျက်စနှင့်ခေါ်ပါမည်ဟု ပြောဆိုလေ၏။ တစ်ရံရောအခါ အိမ်နှင့် မနီးမဝေး မီးလောင်သောအခါ၊ အိမ်ထောင်မှု ပရိဘောဂတို့ကို အိမ်ပြင်သို့ သယ်ထုတ်ကြရာ၊ စာရေးကြီး ကတော်က ပေါ့ပေါ့ပါးပါးကိုသာ သယ်ပါဟူ၍၊ အဖိုးတန်သောပစ္စည်းများကို ယူစေလို၍ ပြောပါသည်ကို စကား တောင်စားသည် အိမ်အောက်က ပေါ့ပါးသော ဖွဲတောင်းတွေကို ချီ၍ ထုတ်လေ၏။ ထိုအခါ စာရေးကြီးကတော်က ပေါ့ပေါ့ ပါးပါးကို သယ်ပါဆိုတာကို အဘယ်ကြောင့် ဖွဲတောင်းတွေကို သယ်ရသလဲဟု မေးမြန်းရာ၊ ဖွဲတောင်းသည် အပေါ့ဆုံးဖြစ်၍ သယ်ပါသည်ဟု ပြောဆိုသောအခါ၊ စာရေးကြီး ကတော်က မင်း မသယ်ပါနှင့်တော့၊ စာရေးတော်ကြီးကိုသာ မြန်မြန် ခေါ်ပေးပါဟု ပြောဆိုလေ၏။ ထိုအခါ စကားတောင်စားသည် နန်းတော်သို့ဝင်သွား၍ လှေကားတော်ဦးက ထိုင်ပြီး၊ မျက်စပစ်၍သာ နေလေ၏။ အချိန်ကုန်၍ စာရေးကြီး ပြင်ဖက်သို့ ထွက်လာသောအခါ မျက်စပစ်သည်ကို မြင်၍၊ မောင်မင်းသည် သည်နေရာမှာထိုင်၍ မျက်ခုံးကို ဘယ်အတွက်ကြောင့် လှုပ်၍နေသနည်းဟု မေးသော အခါ စကားတောင်စားသည် စာရေးတော်ကြီးနား နားကိုကပ်၍ မီးလောင်သည်ဟု ပြောလေ၏။ ထိုအခါ စာရေးတော်ကြီးက အပြင်ဖက်သို့ထွက်ကြည့်သောအခါ မီးခိုးကို မမြင်ရ၍၊ ဘယ် အချိန်က လောင်သနည်းဟု မေးမြန်း၏။ စကားတောင်စား ကလည်း နေ့လယ်ကပင် လောင်ပါသည်ဟု ပြောဆိုသောအခါ၊ မင်းရောက်တာ ဘယ်ကလောက်ကြာပြီလဲဟု မေးမြန်းလေ၏။ စကားတောင်စားကလည်း နေ့လယ်ကပင် ကျွန်တော်ရောက်ပါ သည်။ စာရေးတော်ကြီးမင်းက မျက်စနှင့်သာခေါ်ရမည် မှာထား သောကြောင့် မျက်စပစ်၍ ခေါ်နေပါသည်ဟု ပြောဆိုလေ၏။ ထိုအခါ စာရေးကြီးသည် အိမ်သို့ ပျာယီးပျာယာ၊ ပြန်၍သွား သောအခါ၊ ကံအားလျော်စွာ အိမ်အနီးကျမှ မီးငြိမ်း၍ သွား သောကြောင့် ပစ္စည်းများကို ပြန်၍ အိမ်ပေါ်သို့ သယ်ပြီးသည် နောက်မှ ရောက်ကြလေသည်။ ထိုအခါ နေ့လယ်က မီးလောင် ၍ အခေါ်ခိုင်းသည်ကို ညနေမှလာရမည်လားဟု စာရေးကြီး ကတော်က ပြောဆိုသောအခါ၊ စကားတောင်စားသည် မျက်စပစ်၍နေသည်ကို ငါမသိသောကြောင့် ကြန့်ကြာပါသည် ဟု ပြောဆိုသကာလ၊ စာရေးကြီးကတော်က အိမ်မှာလဲ အရေး အကြောင်းရှိ၍လည်း အသုံးမကျ၊ စကားအရာမှာလည်း အင်မတန် ကတ်သည်။ မင်းသွားတော့ဟု နှင်ပြန်လေ၏။ ထို အခါ လနှစ်လမြင်မှ သွားမည်ဟု ပြောဆိုပြီးလျှင် အတင်း ကပ်၍ နေမြဲနေထိုင်လေ၏။တနေ့သ၌ စာရေးကြီးကတော်သည် ဝယ်ခြမ်းရန် အများရှိ၍ ကလေးကို ပုခက်ထဲ၌ သိပ်ပြီး လျှင် စကားတောင်စားကို ကလေးကြည့်ရစ်ပါဟု မှာထားခဲ့လေ ၏။ စာရေးကြီးကတော် ဈေးသို့သွား၍ အတော်ကြာသောအခါ၊ ကလေးနိုး၍ ငိုပြီးလျှင် ပုခက်ပေါ်မှ လိမ့်ကျလေ၏။ စကား တောင်စားသည် လက်ပိုက်၍ ထိုင်ပြီးလျှင် သေသေချာချာ ကြည့်လေ၏။ ထိုနောက် ကလေးသည် လေးဖက်ထောက်၍ သွားပြီးလျှင် လှေကားပေါက်ဝမှ ဒလိမ့်ဒလိမ့် ကျသွားလေ၏။ စကားတောင်စားသည် ကျပုံနှင့်တကွ သေသေချာချာ ကြည့်၍ မှတ်သားပြီးလျှင်၊ ကလေးအနီး၌ ဆင်းပြီးလျှင် မျက်တောင် မခတ်ဘဲ ရပ်၍ကြည့်လေ၏။ထိုအခါ ကလေးသည်ထိပ်ပေါက်၍ သွေးသံရဲရဲနှင့် မြောနေအောင် ငိုလေ၏။ ထိုအခါ စာရေးကြီး ကတော်သည် ဈေးကပြန်လာရာ၊ အဝေးကမြင်၍ ရင်ပတ်ကို တီးပြီးလျှင်၊ ကလေးကို ကြည့်ရစ်ပါဟု မှာထားပါလျက်၊မင်း မကြည့်သောကြောင့် ကလေးတစ်ကိုယ်လုံးသည် သွေးရဲရဲသံရဲရဲနှင့် နေသည်ကို မင်းသည် မမြင်ဘူးလားဟု အော်ငေါက်၍မေးသော အခါ စကားတောင်စားသည် ရွှေကြက်ယက်ဘုရားကိုစူးရပါစေရဲ့၊ ကျွန်တော်ကြည့်ပါသည်။ အဦးအစပထမ ကလေးသည်ပုခက်ပေါ်က တစ်ကြိမ်ကျပါသည်။ ထိုနောက်မှ လေးဖက်ထောက်၍လာပြီးလျှင် လှေကားပေါက်ဝက ဒလိ့မ်ဒလိ့မ် ကျသွားပြီးလျှင်၊ လှေကားဘောင် နှင့် ဦးခေါင်း ရိုက်မိပါသည်။ ကျွန်တော်လည်း ကြည့်ရမည် မှာထားသည့်အတိုင်း စေ့စေ့စပ်စပ် ကလေးကိုသာကြည့်၍နေပါ သည်ဟု ပြောဆိုသော အတွင်း စာရေးတော်ကြီးသည် နန်းတော်မှ လာ၍ အကြောင်းအရာကို မေးမြန်းပြီးလျှင်၊ ထိုနေ့ည လလည်း အလွန်သာသည် နှင့် ရေအင်တုံထဲ၌ လရိပ်ကို မြင်သောအခါ၊ စာရေးကြီးသတိရ၍၊ စကားတောင်စားကို ခေါ်ပြီးလျှင်၊ မိုးပေါ်၌ လတစ်လ၊ ရေထဲ၌ တစ်လ၊ လနှစ်လရှိပြီဖြစ်သောကြောင့် မင်းအိမ် ကို သွားတော့ဟု နှင်လိုက်ရလေ၏။ စကားတောင်စား နှစ်လရှိ ပေပြီဟူ၍ ပြောဆိုပြီးလျှင်၊ နောက်ကို နှစ်လလောက် ကျွန်တော် နေပါရစေအုံးတော့ဟု ပြောဆိုသောအခါ၊ စာရေးကြီးကတော်က အလို မောင်မင်းကြီးသား၊ မောင့်ခြေဖျားကို ဦးသုံးကြိမ်ချပါရဲ့၊ ကြွတော်မူပါတော့ ပြောဆိုသောကြောင့် စကားတောင်စားသည် အမိအိမ်သို့ပြန်သွားလေ၏။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)