ငှက်မွေး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ကွဲပြားသော ငှက်မွေးများ

ငှက်မွေးသည် ပေါ့ပါးခြင်း၊ ကျုံ့နိုင်ကန်နိုင်ခြင်းနှင့် ပျော့ ပြောင်းခြင်းတို့ကြောင့် မွေ့ရာ၊ ကူရှင်၊ ဂွမ်းထိုးစောင်၊ ခြုံထည် စသည့် အသုံးအဆောင်များ ပြုလုပ်ရာ၌ အသုံးဝင်သည်။ ထိုသို့ အသုံးပြုရန်အတွက် အကောင်းဆုံး ငှက်မွေးများကို ငန်းနှင့်အလားတူ ရေနေငှက်တိရစ္ဆာန်များမှ ရရှိနိုင်သည်။ အထူးသဖြင့် နွေဦးပေါက်ရာသီတွင် ငန်းအရှင်မှ နုတ်ယူရရှိ သည့် အမွေးကို လူကြိုက်အများဆုံး ဖြစ်လေသည်။ ဝမ်းဘဲနှင့် သာမန်အိမ်ကြက်များမှ အမွေးများကိုလည်း မွေ့ရာတွင်သိပ်ရန် အများအစား အသုံးပြုကြသည်။ သို့ရာတွင် ယင်းတို့သည် ရေနေငှက်များမှ ရရှိသော အမွေးများလောက် နူးညံ့ခြင်း မရှိချေ။ ငှက်၏အတောင်မှ ရရှိသော ငှက်တောင် များကို စာရေးကလောင်တံအဖြစ်ဖြင့် ၆ ရာစုနှစ်မှစ၍ ၁၉ ရာစုနှစ် အရှေ့ပိုင်းခေတ် သံမဏိကလောင်များ ပေါ်ပေါက် လာသည့် အချိန်တိုင်အောင် လူတို့ အသုံးပြုခဲ့ကြသည်။ အဂ‡လန်နိုင်ငံနှင့် ဥရောပတိုက်တွင် အယ်လစ်ဇဗက် ဘုရင်မ လက်ထက်ကစ၍ ငှက်ကုလားအုပ် အမွေးများကို အမျိုးသမီး ဦးထုပ်၌ အလှတပ်ဆင်သည့် အလေ့အထ ခေတ်စားလာခဲ့ သည်။ ထိုသို့ အသုံးပြုသည့် ငှက်မွေးများကို အာဖရိကတိုက်၊ အာဂျင်တီးနားနိုင်ငံ၊ အယ်ရီဇိုးနားပြည်နယ်၊ ကာလီဖိုးနီးယား ပြည်နယ်ရှိ ငှက်ကုလားအုပ် မွေးမြူရာ အရပ်ဒေသများမှ တင် သွင်းခဲ့ကြရသည်။ထိုမှတစ်ပါး ပန်းချီရေသည့်စုတ် တံရိုးများကို ငှက်တောင်များဖြင့် ပြုလုပ်လေ့ရှိ၍ ကြက်ငှက်တို့၏ အမွေးများ ဖြင့်လည်း ဖုံခါငှက်မွေးများ ပြုလုပ်အသုံးချလေ့ ရှိကြသည်။ သတ္တဝါအမျိုးမျိုးတွင် ငှက်တစ်မျိုးတည်းသာ အမွေး အတောင်များ ပေါက်ကြသည်။ ငှက်တွင်ပေါက်သော အမွေး အတောင်တို့သည် နို့တိုက်သတ္တဝါများတွင်ပေါက်သော အမွေး အမှင်များ၎င်း၊ ငါးများတွင်ရှိသော အကြေးများနှင့်၎င်း သဘော အားဖြင့် ဆင်တူသည်။ ငှက်မွေးသည် ငှက်တို့အား အပူအအေး ဒဏ်မှ ကာကွယ်ပေးသည်။ ပေါ့ပါးသည့်အတွက်ကြီမား ကျယ် ပြန့်သော တောင်ပံကိုဖြစ်စေသည်။ ငှက်မွေးတွင် အုန်းခက်၌ အုန်းလက်များ ထွက်နေသကဲ့သို့ ငှက်တောင်ရိုးမှ နံဘေးသို့ အစီအရီ ပြန့်ထွက်နေသော မွေးလက်များရှိသည်။ ငှက်မွေးအဖျားပိုင်းရှိ မွေးလက်များတွင် ချိတ်ကလေးများ ပါရှိ၍ ထိုချိန်ကလေးများဖြင့် မွေးလက်အချင်းချင်း ပူးယှက် နေအောင် ဆွဲချိတ်ထားသည်။ အရင်းပိုင်းရှိ မွေးလက်များမှာမူ တစ်ခုနှင့်တစ်ခု မပူးယှက်ဘဲ ဖွာနေလေ့ ရှိကြသည်။ ငှက် တောင်ရိုးသည် အရေးပြား၌ ပေါက်သည်။ ငှက်တောင်ရိုး၏ အောက်ခြေ၌ အပေါက်ရှိသည်။ ငှက်မွေးကြီးတွားနေဆဲအချိန် တွင် အမေါးဖြစ်ရန်အတွက် လိုအပ်သော ပစ္စည်းများသည် ထိုအပေါက်မှဝင်ရောက်လျက် ရှိ၏။ ငှက်မွေးကြီးထွားမှု ရပ်စဲ သွား သောအခါ ထိုအပေါက်သည် အလိုအလျောက် ပိတ်သွား သည်။ အမွေးလဲချိန်ရောက်သောအခါ ငှက်မွေးမြုပ်ဝင်သည့် နေရာ အောက်ဖက်မှ ငှက်တောင်ရိုးအငုတ်ပေါက်လာပြီး အမွေးကို တွန်း၍ ထုတ်လိုက်သဖြင့် အမွေးဟောင်းသည် ငှက်၏ ကိုယ်မှ ကျွတ်ထွက်သွားသည်။ ငှက်တို့သည် အနည်း ဆုံး တစ်နှစ်လျှင် တစ်ကြိမ်ကျ အမွေးလဲလေ့ရှိ၍ အမွေးလဲ သည့် အချိန်မှာ သားငယ်များ ပေါက်ဖွားပြီးချိန် ဖြစ်တတ် သည်။ ငှက်မွေးသည် အရေပြားတွင်ရှိသော အုပ်ဆောင်ပုံ အသီးငယ်ကလေးမှ စတင်ပေါက်လာသည်။ ပထမအုပ်ဆောင်း အောက်၌ ဒုတိယအုပ်ဆောင်းဖြစ်ပေါ်၍ လာသည်။ ထိုအောက် တစ်ဖန် တတိယ အုပ်ဆောင်း၊ စတုတ္ထအုပ်ဆောင်း စသည်ဖြင့် အဆင့်ဆင့် ဖြစ်ပေါ်လာပြန်သည်။ ဤနည်းဖြင့် အုပ်ဆောင်း တစ်ခုကို တစ်ခုက ထိုးထုတ်ယင်းနှင့် ငှက်မွေးသည် တဖြည်း ဖြည်း ပေါက်လာသည်။ ထိုကြောင့် ငှက်တောင်ရိုးကိုကြည့် လျှင် ခေါင်းပွပင် ဖြစ်နေသော်လည်း အတွင်းဖက်တစ်လျှောက် ၌ အခုံးပုံ အဆစ်ကလေးများဖြင့် ပိတ်ဆို့လျက်ရှိသည်ကို တွေ့ နိုင်လေသည်။

ငှက်တစ်ကောင်ရှိ အမွေးများကို အပေါ်ယံ အမွေးကြမ်း၊ အမွေးစုတ်ဖွားနှင့် အမွေးနုဟူ၍ အဓိကအားဖြင့် သုံးမျိုးခွဲခြား နိုင်သည်။ အပေါ်ယံအမွေးကြမ်းများမှာ ငှက်ကိုယ်ပေါ်၌ အပေါ် ယံမှ မြင်ရသောအမွေးများပင် ဖြစ်၏။ သို့သော် ယင်းတို့ အနက် အတောင်အမြီးရှိ ငှက်တောင်များမှာ အကြီးဆုံးနှင့် အသန်မာဆုံးဖြစ်၍ ကျန်ကိုယ်ပေါ်ရှိ အမွေးကြမ်းများနှင့် ခြားနားကြသည်။ အမွေးစုတ်ဖွားများမှာ အပေါ်ယံမွေးကြမ်း များတို့၏ အရင်းနားတွင် ပေါက်လေ့ရှိ၍ အမျှင်အမျှင် ဖြစ်နေပြီးလျှင် အဖျားပိုင်း၌ ဖွားနေတတ်သည်။ အမွေးနုများမျာ ကိုယ်ပေါ်၌ ကပ်လျက်ပေါက်ကြ၍ အမွေးစုတ် ဖွားတို့အောက် တွင် လုံးဝ ဖုံးကွယ်နေတတ်သည်။ ဤအမွှေးနုမျိုးကို ငှက် အချို့တွင် အနည်းငယ်သာတွေ့ရ၍ ဇင်ရော်နှင့် ဝမ်းဘဲကဲ့သို့ သော ငှက်များ၌ ထူထဲစွာ တွေ့ရသည်။ ထူးခြားပုံ ကား အမွေးနုများ၌ ငှက်တောင်ရိုး ကင်းမဲ့နေတတ်ခြင်းပင် ဖြစ်၏။အမွေးနုတို့တွင် အမှုန်များချတတ်သော အမွေးနုတစ်မျိုး ရှိပြန်ပေသေးသည်။ ဗျိုင်းကဲ့သို့ ငှက်များတွင် ရင်ပတ်နှင့် ပေါင်တို့၌ ထိုမွေးနုမျိုးအများအပြား ပေါက်နေသည်ကို တွေ့ရ သည်။ ထိုမွေးနုထိပ်ကလေးများသည် ကွဲထွက်၍ ငှက်ကိုယ်ပေါ် သို့ အလွန်သေးငယ် မှုန်မွှားသော အမှုန့်ကလေးများ ကျရောက် သည်။ ထိုအခါ ငှက်မွေး၏ အရောင်အသွေးမှာ ထူးထူးကဲကဲ တောက်ပ စိုပြေလာသည်။

ငှက်မွေးတွင် ငှက်မျိုးကိုလိုက်၍ အရောင်အမျိုးမျိုး ရှိသည်။ အရောင်များမှာ အဓိကအားဖြင့် အနက်၊ အနီ၊ အဝါနှင့် အစိမ်း ရောင်များ ဖြစ်ကြသည်။ အထူးသဖြင့် ငှက်ဖိုများတွင် ငှက်မများမှာထက် ငှက်မွေးများ ပိုမိုတောက်ပ လေ့ရှိသည်ကို တွေ့ရ၏။ အဆိုပါအရောင်များကို ငှက်၏ သွေးထဲမှ စွန့်ထုတ်လိုက်သော အညစ်အကြေးများက ဖန်တီး ပေးဟန်တူသည်ဟု ယူဆရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)