ငှက်ဖျားရောဂါကာကွယ်ဆေး

ဝီကီပီးဒီးယား မှ

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံတွင် လူမှုရေး၊ စီးပွားရေးကို ထိခိုက်စေကာ ကုန်ထုတ်စွမ်းအားကို ကျဆင်းစေသော အဓိကရောဂါတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အမျိုးသား ကျန်းမာရေး စီမံကိန်း တစ်ရပ်အသွင်ဖြင့် ငှက်ဖျားရောဂါဘက်ဆိုင်ရာ ဝန်ထမ်းများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ လုပ်သားပြည်သူများ၊ နှီးနွှယ်နေသောဌာနဆိုင်ရာများ ပူးပေါင်းကာ ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။

ငှက်ဖျားရောဂါသည် ပလတ်စမိုဒီယမ် (Plasmodium) ဖယ်လ်ဆီပါရမ် (Falciparum)၊ ဗိုင်းဗတ်စ် (Vivax) မလေးရီး ယေး (Malariae) နှင့် အိုးဗေးလ် (Ovale) အမည် ရှိသော ငှက်ဖျား ပိုးကြောင့်ဖြစ်ပြီး လူတစ်ဦးမှ တစ်ဦးသို့ အနောဖလိ (Anopheles) ခြင်အမျိုးအစားက သယ်ဆောင်ကူးစက် စေသော ရောဂါ ဖြစ်သည်။

ငှက်ဖျားရောဂါကို ကာကွယ်တိုက်ဖျက်ရာတွင် ငှက်ဖျား ရောဂါကို လူတစ်ဦးမှတစ်ဦးသို့ သယ်ဆောင်ပေးသော ငှက်ဖျားခြင်၏ အကောင်ဘဝနှင့် လောက်လန်းဘဝတို့ကို ပျက်စီးသေကြေ လျော့နည်းစေသော နည်းအမျိုးမျိုးဖြင့် လည်းကောင်း၊ လူနှင့် ခြင် ထိတွေ့မှု တတ်နိုင်သမျှ နည်းအောင် ပြုလုပ်သော နည်းစနစ်ဖြင့် လည်းကောင်း၊ ငှက်ဖျားရောဂါပိုး သယ်ဆောင်သော လူနှင့် လူနာအား စောစီးစွာရှာဖွေ၍ ထိရောက်စွာ ဆေးကျွေးကုသသော နည်းစနစ်ဖြင့် လည်းကောင်း၊ ငှက်ဖျားရောဂါကူးစက်သော ရာသီတွင် ဒေသခံမဟုတ်သော လူများအား ငှက်ဖျားရောဂါ ကြိုတင် ကာကွယ်ဆေး တိုက်ကျွေးသော နည်းစနစ်ဖြင့် လည်းကောင်း ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုစနစ် (Malaria Control through Primary Health Care) ဖြင့် ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါကုသရာတွင် အများဆုံး အသုံးပြုလျက်ရှိသော ငှက်ဖျားဆေးများမှာ ကလိုရိုကွင်း(Chloroquine) ၊ အင်မိုဒိုင်ယာကွင်း (Amodiaquine) ၊ပိုင်ရီမက် သမင်း (Pyrimethamine) ၊ ဆာလဖာဒေါဆင်း(Sulfadoxine) နှင့်ကွီနိုင် (Quinine) ဆေးများဖြစ်ပေသည်။ငှက်ဖျားရောဂါသည်နေရာဒေသညစ်ညမ်းမှုအပေါ်မူတည်၍အဖြစ်များသည်။၁၉၆၉ ခုနှစ်မှစ၍ ကျန်းမာရေး ဦးစီးဌာန (ငှက်ဖျားရောဂါတိုက်ဖျက်ရေး)မှ ကွင်း ဆင်းလေ့လာချက်အရ ဖယ်လ်ဆီပါရမ် ငှက်ဖျားပိုးသည်ကလိုရို ကွင်း (Chloroquine) ဆေးကို ခံနိုင်စွမ်းရည် ရှိလာကြောင်း စတင်တွေ့ရှိ ခဲ့ရပေသည်။ ငှက်ဖျားဒေသတွင် နေထိုင်လျက်ရှိ သော မကြာခဏ ဖျားဖူးသည့် ဒေသခံငှက်ဖျားလူနာ (Semi immune)များတွင် ကလိုရိုကွင်း (Chloroquine) ဆေးဖြင့် ငှက်ဖျားရောဂါ ပျောက်ကင်းမှုနှုန်းမှာ၇၄ ရာခိုင်နှုန်းမှ ၉၇ရာခိုင် နှုန်းခန့်ရှိပြီး ဒေသခံမဟုတ်သော ခံနိုင်ရည်မရှိသည့် ငှက်ဖျား လူနာ (non immune)များတွင်မှု ပျောက်ကင်းမှုနှုန်းမှ ၃၄ ရာခိုင်နှုန်းမှ ၅၈ ရာခိုင် နှုန်းသာရှိကြောင်း တွေ့ရှိရပေသည်။

၁၉၇၁ မှ ၁၉၈၀ ပြည့်နှစ်ကာလအတွင်း တွင်ဆာလဖာဒေါ့ဆင်း (Sulfadoxine) နှင့် ပိုင်ရီမက်သမင်း (Pyrimethamine) ပေါင်း စပ်ထားသော ဖင်ဆီဒါ (Fansidar) ဆေးပြားများအားဖယ်လ်ဆီ ပါရမ် ငှက်ဖျားပိုး၏ ခံနိုင်စွမ်းရည်ရှိမှုမှာ ကရင် ပြည်နယ်နှင့် တနင်္သာရီတိုင်း (ပုလဲကျွန်း) တို့တွင် လေ့လာချက်အရ ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်ကို တွေ့ရပြီးနောက် ၁၉၈၄ မှ ၁၉၈၅ ခုနှစ်ကာလအတွင်း ကရင်ပြည်နယ်တွင် လေ့လာချက်အရ ၅၅ ရာခိုင်နှုန်းအထိ ခံနိုင်စွမ်းရည် မြင့်မားလာသည်ကို တွေ့ရှိရပေ သည်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ နယ်ခြားဒေသ များမှပြန်လာသောစစ် ဘက်၊ နယ်ဘက်မှငှက်ဖျားလူနာများတွင် ခံနိုင်စွမ်းရည်ရှိမှု ပိုမိုမြင့်မားသည်ကို တွေရပေသည်။ သို့စေကာ မူ ငှက်ဖျားဒေသတွင် နေထိုင်ပြီးသွားလာမှုနည်းသော ဒေသခံ လူနာများတွင် ဖင်စီဒါ (Fansidar) ဆေးပြားများဖြင့် ကုသရာ တွင် ၁၉၈၆ ခုနှစ်လေ့လာချက်အရ ၉၂ ရာခိုင်နှုန်းမှာ ငှက်ဖျား ရောဂါ ပျောက်ကင်းမှုရှိနေသေးကြောင်း တွေ့ရပြန်သည်။


၁၉၈၁ ခုနှစ်မှစ၍ ကျန်းမာရေးဦးစီးဌာန (ငှက်ဖျား) သည် ဖယ်လ်ဆီပါရမ် ငှက်ဖျားပိုးနှင့် ငှက်ဖျား ဆေးအသစ်များ ဖြစ်သော မက်ဖလိုကွင်း(Mefloquine) နှင့်၊ ဆာလဖာဒေါ့ဆင်း (Sulfadoxine)နှင့်ပိုင်ရီမက် သမင်း(Pyri methamine) တို့ပေါင်းစပ်ထားသော ဖင်ဆီမက် (Fansimef) ဆေးအသစ် နှစ်မျိုးကို ကရင်ပြည် နယ်တွင် ခံနိုင်စွမ်းရည် ရှိမှုကိုသိရှိရန် ဒေသခံ ဖယ်လ်ဆီပါရမ် ငှက်ဖျားလူနာများအား စတင်စမ်းသပ် ကုသခဲ့ သည်။ အဆိုပါ လေ့လာချက်များအရ မက်ဖလိုကွင်း (Mefloquine) ဆေးတစ်မျိုးဖြင့် ၇၅၀မီလီဂရမ် (၁လုံး =၂၅၀ မီလီဂရမ်) နှင့် ၁၀၀၀ မီလီဂရမ် တစ်ကြိမ်တည်း (Single dose) တိုက်ကျွေးသောနည်းဖြင့် လူကြီး များတွင် နှစ်အုပ်စုခွဲ၍ စမ်းသပ်ကုသရာ ရာနှုန်းပြည့် အကျိုးသက်ရောက်ကြောင်းကျေနပ် ဖွယ်ရာ တွေ့ရှိရပေသည်။ အလားတူပင် အဆိုပါ မက်ဖလိုကွင်း ဆေးတစ်မျိုးဖြင့် ကလေးများအား ၂၀ မီလီဂရမ်/ ၁ ကီလိုဂရမ် ကိုယ်အလေးချိန်နှင့် ၃၀ မီလီဂရမ် / ၁ ကီလိုဂရမ်ကိုယ်အလေး ချိန်နှုန်းဖြင့် နှစ်အုပ်စုခွဲကာ စမ်းသပ် ကုသရာတွင် ရာနှုန်းပြည့် အကျိုး သက်ရောက်မှု ရှိကြောင်း တွေ့ရပေသည်။ လူကြီးနှင့် ကလေးအုပ်စု အားလုံးတွင် ထိရောက်မှုမှာ မကွာခြားကြောင်း တွေ့ရပြီး ဆေးတိုက်ကျွေးပြီး ၄၁ နာရီမှ ၄၄နာရီအတွင်းငှက်ဖျား ရောဂါပိုး ပျောက်ကင်းမှုရှိကြောင်း တွေ့ရပေသည်။



၁၉၈၃ ခုနှစ်အတွင်း ကရင်ပြည်နယ်တွင် ဖင်ဆီမက် (Fansimef) ငှက်ဖျားဆေးဝါး အသစ်ဖြင့်ဆေး ပြားသုံးပြားကို တစ်ကြိမ်တည်းတိုက်ကျွေးသောနည်းဖြင့် ဒေသခံငှက်ဖျားလူနာ များအား စမ်းသပ် ကုသရာတွင် ရောဂါ ပျောက်ကင်းနှုန်းမှာ ရာနှုန်းပြည့်ရှိပြီး ငှက်ဖျားရောဂါပိုး ကင်းရှင်းမှု ကာလမှာ ဆေးကျွေးပြီး ၆၂ နာရီ အတွင်းပျောက်ကင်းကြောင်း တွေ့ရှိရ သည်။ ၁၉၈၅ ခုနှစ်တွင် ကရင်ပြည်နယ်၌ ဖင်ဆီမက်ဆေးပြား နှစ်ပြားကို တစ်ကြိမ်တည်း တိုက်ကျွေးသောနည်းဖြင့် ဖယ်လ်ဆီ ပါရမ်ပိုးတွေ့ လူနာများအား ကုသရာ ၄၈ နာရီအတွင်း ငှက်ဖျား ရောဂါပိုး ရာနှုန်းပြည့် ပျောက်ကင်းကြောင်း တွေ့ရှိရသည်။ သို့ ဖြစ်၍ ဖင်ဆီမက် ဆေးနှစ်ပြားတိုက် ကျွေးသောစနစ်နှင့်ဆေးသုံး ပြားတိုက်ကျွေးသော နည်းတို့မှာ တူညီစွာထိရောက်ကြောင်းတွေ့ရှိ ရပြီး ဆေးနှစ်ပြား တိုက်ကျွေးခြင်းဖြင့် ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း စသည့် လက္ခဏာများ လျော့နည်းသွားကြောင်း တွေ့ရှိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ လေ့လာသုံးသပ်ချက် အရ အဆိုပါဆေးအသစ်များနှင့် ဖယ်လ်ဆီပါရမ်ငှက် ဖျားရောဂါပိုး ခံနိုင်စွမ်းရည် တက်လာမှုမရှိစေရန် မက်ဖလိုကွင်း ဆေးပြားကို ကြိုတင်ကာကွယ် ဆေးပြား (Chemoprophylaxis) အဖြစ် အသုံးမပြုစေဘဲ ကုသရာတွင်လည်း မက်ဖလိုကွင်း (Mefloquine) ဆေးကို ဖင်ဆီဒါ (Fansidar) ဆေးဖြင့်ပေါင်း စပ်ကာ ဖော်ထုတ်ထားသော ဖင်ဆီမက်ဆေးပြား အနေဖြင့်သာ ကုသရာ တွင်အသုံးပြုရန် အကြံပြုထားသည်ကိုတွေ့ရှိရသည်။


အဆိုပါဆေးအသစ်များကို အခြားငှက်ဖျားဆေးဝါးများဖြင့် ကုသ ၍ ငှက်ဖျားပိုး မပျောက်ကင်းသည့် ဖယ်လ်ဆီပါရမ် ငှက်ဖျား လူနာများကိုသာ ရွေးချယ်ကန့်သတ် ကာ အသုံးပြုသင့်ကြောင်း အကြံပြုထားသည်။ မြန်မာနိုင်ငံတွင် အဆိုပါဆေးသစ်နှစ်မျိုးမှာ ကျယ်ကျယ်ပြန့် ပြန့် အသုံးပြုနိုင်သော အနေအထားမျိုး လက်ရှိ အခြေအနေ၌ မရှိသေးကြောင်း တွေ့ရသည်။ ၁၉၈၅ ခုနှစ်ကုန် ပိုင်းမှစ၍ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကို အထူးသဖြင့် ထိုင်း နိုင်ငံနှင့်ဆပ်စပ်လျက်ရှိသောနယ်ခြားဒေသများ၌ အဆိုပါငှက်ဖျား ဆေးသစ်များဖြင့် စတင်အသုံးပြု ကုသလျက် ရှိကြောင်းသိရှိရ သည်။


ငှက်ဖျားရောဂါဒေသသို့သွားရောက်သော ဒေသခံမဟုတ် သည့် လုပ်သားပြုသူများအား ငှက်ဖျားရောဂါ ကြိုတင်ကာကွယ် ဆေးအဖြစ် ကလိုရိုကွင်း (Chloroquine) ဆေးပြား ၃၀၀ မီလီ ဂရမ်ကို တစ်ပတ်လျှင် တစ်ကြိမ်တို်က်ကျွေးသော စနစ်ဖြင့်တိုက် ကျွေးလျက်ရှိသည်။ ငှက်ဖျားရောဂါ ကူးစက်သည့် ရာသီအတွင်း သာစား သုံးရန်ဖြစ်ပြီး အဆိုပါ ဒေသသို့ မသွားမီ အနည်းဆုံး တစ်ရက် ကြိုတင်၍ စားသုံးသွားရန် လိုအပ်ပေသည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ငှက်ဖျားရောဂါဆိုင်ရာ ပါရဂူများ၏အကြံပြု လေ့လာချက်အရ ငှက်ဖျားရောဂါကြိုတင်ကာ ကွယ်ဆေးပြားများ ကို အုပ်စုတစ်စုအား ကြာရှည်စွာတိုက်ကျွေး ထားခြင်းအားဖြင့် ဆေးဖိအား (Drugpressure )များလာပြီး ဖယ်လ်ဆီ ပါရမ် ငှက်ဖျားပိုးအားခံနိုင်စွမ်းရည် မြင့်တက် လာစေသော အကြောင်း တစ်ရပ်အဖြစ် ယူဆရသည့်အပြင် သောက်သုံးသူများတွင် မလို လားအပ်သော ဆေးအဆိပ်သင့်မှုများ၊ ဥပမာ-သွေးဖြူဥနည်းပါး စေမှု (Agranulocytosis) ကို ဖြစ်စေကြောင်း တွေ့ရှိရသဖြင့် မြန်မာနိုင်ငံတွင်လည်း ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ဆေးပြား များကို ငှက်ဖျားရောဂါ ကူးစက်သော ဒေသတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် စီးပွားရေးစီမံကိန်းများတွင် အလုပ် လုပ်နေကြသော၊ ငှက်ဖျားရောဂါ အန္တရာယ်ရှိသည့် ခံနိုင်ရည်မရှိ သော လူကြီးများကိုသာ တိုက်ကျွေးသင့်ကြောင်း ညွှန်ကြားထား သည်။

ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုနည်းပါးစေရန် အတွက် အဓိက အရေးကြီးသော အချက်မှာ စောစီးစွာ ရောဂါ ရှာဖွေပြီး ထိရောက်စွာကုသသော နည်းစနစ်ပင်ဖြစ်ပေသည်။ ငှက်ဖျားရောဂါသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပြန်လည် ခေါင်းထောင်လာခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနေဖြင့်အဆိုပါ ရောဂါမှ ကာကွယ်ရန်အတွက် ငှက်ဖျားရောဂါ ကာကွယ်သော ထိုးဆေး (Malariavaccine ) ကို တီထွင်ကြံဆရန် အထူးစိတ် ဝင်စား လျက်ရှိသည်။ ကပ်ပါး ရောဂါများနှင့် ပတ်သက်၍ ကာကွယ်ထိုးဆေး အဖြစ် တစ်ကြိမ်တစ်ခါမျှ မပေါ်ခဲ့ဖူးသေးရ ကား ငှက်ဖျားပိုးအမျိုးအစားများ ကွဲပြားမှုသည့် ငှက်ဖျား ရောဂါ ကာကွယ်ထိုးဆေး ထုတ်လုပ်မှုအတွက် ခက်ခဲသော အကြောင်း တစ်ရပ် ဖြစ်နေပေသည်။ ငှက်ဖျားရောဂါထူထပ် သောဒေသတွင် နေထိုင်သော သူများသည် မကြာခဏ ငှက်ဖျားရောဂါ ဖြစ်သော် လည်း ခံနိုင်စွမ်းရည် တက်လာသော အခြေအနေကို တွေ့ရှိရ ပေသည်။ သိပ္ပံပညာရှင်များသည် ငှက်ဖျားရောဂါပိုး၏ သံသရာ လည်ရာတွင် အဆင့်ဆင့်ရှိသည့်အနက် စပိုရိုဇွိုက်(Sporozoite) ၊ မီရိုဇွိုက် (Merozoite) နှင့် ဂမီတိုဆိုက် (Gametocyte) အဆင့် များမှ ငှက်ဖျားရောဂါ ကာကွယ် ထိုးဆေးများကို ထုတ်လုပ်ရန် ကြိုးပမ်းလျက် ရှိကြသည်။ ယနေ့မျက် မှောက်ကာလတွင်အဓိက အာရုံစူးစိုက်နေသော သုတေသန လုပ်ငန်းမှာ ဒီအင်အေ (D.N.A) စနစ်ဖြင့် ထုတ်လုပ်နိုင်မည့် အင်တီဂျင် (Antigen) ကိုထုတ်လုပ်၍ ကာကွယ်ထိုးဆေးအဖြစ်အသုံးပြုရန်ဖြစ်ပေသည်။


မီရိုဇွိုက်မှ အင်တီဂျင် ထုတ်လုပ်နိုင်ရန် အဓိက အရေးကြီးဆုံး ဖြစ်ပြီး ဖယ်လ်ဆီပါရမ် ပိုးတစ်မျိုးတည်း၌ပင် ဗီဇ (Strain)ကွဲ ပြားခြားနားမှုများ ရှိနေသဖြင့် ထိုးဆေးထုတ်လုပ်ရန် အတွက် အဟန့်အတားတစ်ခုဖြစ်နေပြန်သည်။ မီရိုဇွိုက်မှထုတ်လုပ်သော ငှက်ဖျားရောဂါ ကာကွယ်ထိုးဆေးသည်သာလျှင် ငှက်ဖျားရောဂါ မဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိသော ဆေးဖြစ်ပေသည်။ ဂမီတို ဆိုက်ထိုးဆေးမှာ ငှက်ဖျားရောဂါ စွဲကပ်ပြီးသော သူများအတွက် အကျိုးမရှိပေ။ စပိုရိုဇွိုက်မှ ထုတ်လုပ်သောငှက်ဖျားကာကွယ်ထိုး ဆေးမှာရှေ့တန်းမှ ပြေးနေပြီး အထူးအာရုံ စိုက်နေကြသော ထိုး ဆေးတစ်မျိုး ဖြစ်နေပေသည်။ အဆိုပါ စပိုရိုဇွိုက် ထိုးဆေးဖြင့် လူသားများအား ထိုး၍စမ်းသပ်သော သုတေသနလုပ်ငန်းများအရ အကျိုးရှိကြောင်း တွေ့ရှိရသော်လည်း ကာကွယ်မှု ပေးနိုင်သော ကာလမှာ တိုတောင်းပြီး လူအုပ်စုအလိုက် ကာကွယ်ပေးရာတွင် အသုံးပြုရန်မသင့်သေးကြောင်း တွေ့ရှိရသည်။ ပိုမို ကောင်းမွန်၍ ထိရောက်စွာကာကွယ်မှုပေးနိုင်သော ထိုးဆေးများကို ဖော်ထုတ် ရန် ကမ္ဘာတစ်ဝန်းလုံး၌ သုတေသနဆက်လက် ပြုလုပ်နေကြ ဆဲပင်ဖြစ်သည်။