ငှက်ကြီးတောင်ဓား
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ရှေးခေတ် မြန်မာ့တပ်မတော် ပင်တိုင်သုံးဓား ဖြစ်သည်။ အိမ်များတွင်လည်း ဆောင်ဓားအဖြစ် အသုံးပြုကြသည်။ ငှက်တောင်နှင့်တူသဖြင့် ငှက်ကြီးတောင်ဟု ခေါ်ခြင်းဖြစ်သည်။ ငှက်ကြီးတောင်ဖြင့် ကစားရသောသိုင်းကွက်မှာ ဓားရေး ၃၇ ချင်းဖြစ်သည်။ ဓားအနှောင့်တွင်ဖုလုံးပါပြီး လိုအပ်ပါက ဓားနှောင့်ဖြင့် ထုနိုင်သည်။
ငှက်ကြီးတောင်ဓားသည် အခြားလူမျိုးတို့၏ ဓားနှင့်မတူဘဲ ပုံစံနှင့် အသုံးပြုပုံ ကွဲပြားသည်။ မြန်မာ့ဆောင်ဓား၊ ရှမ်းဓား၊ မွန်ဓား တို့နှင့်လည်းမတူဘဲ ကွဲပြားသည့် ဓား ဖြစ်သည်။ ဓားတွင် အမျိုးမျိုးရှိသည်။ ခုတ်ဓား၊ ထိုးဓား၊ ပေါက်ဓား၊ ဟူ၍ အမျိုးမျိုးရှိသည်။ ငှက်ကြီးတောင်ဓားသည် စွယ်စုံသုံးဓား ဖြစ်သည်။
ငှက်ကြီးတောင်၏အဓိပ္ပာယ်-ဓားပုံစံမှာ အရင်းတွင် လက်နှစ်သစ်သာရှိ၍ အဖျားတွင် လက်သုံးသစ်မှ လက်လေးသစ်ခန့် ရှိသည်။ ငှက်အတောင်ကဲ့သို့ အရင်းမှ အဖျားဘက်သို့ ကော့ပြီး တက်သွားသောကြောင့် ငှက်ကြီးတောင်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ဓားအရှည်
[ပြင်ဆင်ရန်]ဓားအရှည်မှာ အသွား တစ်တောင့် တစ်ထွာ၊ တစ်မိုက်(၃၃ လက်မခန့်)၊ အရိုးတထွာ (၁၀ လက်မခန့်) ရှိသည်။
ဓားရိုး(ဓားနှောင့်)
[ပြင်ဆင်ရန်]ဓားရိုးကို ကြေး၊ ငွေ၊ ရွှေ မိမိတို့ ကြိုက်နှစ်သက်သလို ပြုလုပ်ကြသည်။ လက်ကိုင် မကျွတ်ထွက်စေရန် ဓားရိုးသံကို ဓား နှောင့်နှင့်မြဲအောင် သပ်ရိုက်ထားသည်။ ဓားလက်ကိုင်(ဓားရိုး)၏အဆုံးတွင် ရွှေ၊ ငွေ၊ မိုးကြိုးသွားတို့ဖြင့် ပြုလုပ် ထားသော ငယ်ဟုခေါ်သည့် ဘုချွန်လေးရှိသည်။ ဓားပြီး၊ တုတ်ပြီးသော သူများအား ထိုငယ်ဖြင့် ထုရိုက်ပါက သေသည်ဟု ဆိုသည်။
ဓားကောင်းသတ်မှတ်ပုံ
[ပြင်ဆင်ရန်]ဓား၏အလေးချိန်မှာ အတိအကျမရှိသော်လည်း ဓားအလယ်မှ ကိုင်ကာ လက်ဖဝါးပေါ် တင်ပါက ငြိမ်နေရမည်။ အရှေ့ ဘက်ကို ညွတ်ကျပါက ဦးလေးသော ဓားဖြစ်ပြီး၊ အနောက်ဘက်ကို ညွတ်ပါက ဓားနှောင့် လေးသော ဓားဖြစ်သည်။ အရှေ့အနောက် မညွတ်ဘဲ ငြိမ်နေသည့် ဓားမျိုးမှ ဓားကောင်းစာရင်းဝင်သည်။
ဓားရေး ၃၇ ချင်း
[ပြင်ဆင်ရန်]ငှက်ကြီးတောင်ဓားဖြင့် ကစားရသော ဓားသိုင်းပညာရပ်များတွင် ဓားကြီး (၄)ပါး နှင့် ဓားစုံ (၁၀)ချင်းသည် ၃၇ ချင်း၏ အခြေခံ ဓားကွက် များ ဖြစ်ကြသည်။
၃၇-ချင်းဟုသာ ဆိုသော်လည်း ဓားရေး တစ်ချင်းလျှင် အပိုဒ်ခွဲပေါင်းများစွာ ပါဝင်နေပါသည်။ ၃၇-ချင်းဓားတွင် ဓား ကွက်များမှာ မျက်နှာအနီး၊ လည်ပင်းအနီး စသည်ဖြင့် ပွတ်ကာ သီကာ ကစားရသော အကွက်များ၊ ဘယ်နှင့်ညာ တပြိုင်နက်တည်းမှာပင် မတူညီသော ဓားကွက်များ ပါဝင်သည်။ မြန်မာမင်းများ လက်ထက်တွင် ဓားရေး ၃၇ ချင်း တတ်မှသာ တပ်မှူးအဖြစ် လည်းကောင်း၊ တပ်ဗိုလ်အဖြစ် လည်ကောင်း ခန့်အပ်သည်။ မြန်မာမင်းများ လက်ထက် ပြာသိုလ မြင်းခင်းသဘင်ပွဲတွင် ယှဉ်ပြိုင်ရသော ဓားပြိုင်ပွဲများတွင် ဓားရေး ၃၇ ချင်းဖြင့် အစွမ်းပြခဲ့ကြသည်။
ဓားရေး ၃၇ ချင်းမှာ ဓားချီ၊ ဓားခင်း၊ မျက်နှာကာ၊ ဓားလှ၊ ဓားလျှိုး၊ မှောက်ထိုးရပ်၊ ရင်ခွဲ၊ အသားလှန်၊ ဓားခုတ်၊ ဇင်ယော်သုတ်၊ တဖက်ထိုး၊ ရှေ့လှည်း၊ နောက်လှည်း၊ ရွှေနှုတ်မြွက်ယာလှ၊ ရွှေနှုတ်မြွက်ဝဲလှ၊ စွန်သုတ်၊ ပါးကပ်၊ ပန်းကုံးဖြတ်၊ ဓားလွှင့်၊ ပန်းကုံးသီ၊ ဆက်ရက်ခုန်၊ မီးတိုင်ပြ၊ ပိုးချည်လွှား၊ သက်တင်ရေသောက်၊ ရွှေဘယက် လည်လျောက်၊ ဒေါင်းမြီးကာ၊ ကျားမြီးဆွဲ၊ ဓားရွက်၊ လက်ကောက်ဝတ်၊ မောင်းကပ်၊ ရွှေနှုတ်လည်လျောက်၊ နောက်လည်လျောက်၊ ဓားသွဲ့၊ ဓားပြ၊ တဖက်နှုတ်၊ နှစ်ဖက်နှုတ်၊ နောက်လှည့် တို့ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ထင်ရှားသည့် ဓားများ
[ပြင်ဆင်ရန်]- မင်းကြီးရန်နောင်၏ ယိမ်းနွဲ့ပါးဓား။ (ရဟန်းသံဃာတော်များကို သတ်ဖြတ်သည့် သိုဟန်ဘွား၏ ခေါင်းဆေး မင်္ဂလာပွဲ တွင် သိုဟန်ဘွားကိုခုတ်ရာ ဦးခေါင်းနှင့်တကွ ခင်းထာသည့် ဝါပိုးဝါး ကြမ်းခင်းမှ ဝါး ၅လုံးပါ ပြတ်သည်)
- ရွှေဓားဗိုလ်၏ ကိုးသင်္ချိုင်းသံဓား (ဓား ဓားခြင်းခုတ်လျှင် ရန်သူ့ဓားထက်ပိုင်း ပြတ်သည်။)
- ဒွတ္တပေါင်းမင်းကြီး၏ဓား (တစ်ချက်ထဲနှင့် နွားလည်ပင်း အကွင်းလိုက် ပြတ်သည်။)
- စစ်ကိုင်း အသင်္ခယာစောယွန်း၏ ညိုရောင်ဓား (ဆင်လည်ပင်းကို ပြတ်သည်။)
- ပထမ မင်းခေါင် (မင်းဆွေ)၏ စိန်သွားရောင်ဓား (နှစ်မိုက်ခန့်ရှိသော ငွေတုံးကို ပြတ်သည်။)
- ဗျည်းနွဲ့၏ဓား (ကျောက်ထု တစ်တောင်ကိုပြတ်သည်။)