ငွေအသပြာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ကုန်ချင်းဖလှယ်ရာမှ တိုးတက်တီထွင်မှုတရပ် ခရုခွံများ၊ သတ္တုစများ၊ စက္ကူများ အစရှိသော ပစ္စည်းများကို ငွေအသပြာအဖြစ် သုံးစွဲခဲ့ကြသည်။ ယခုတိုင်လည်း အချို့ ဒေသ များ၌ သုံးစွဲနေဆဲ ဖြစ်သည်။ စင်စစ်အားဖြင့် ငွေအသပြာ ဆိုသည်မှာ ကုန်ရောင်းကုန်ဝယ် သို့မဟုတ် ပစ္စည်းချင်း ဖလှယ်ရာမှ တိုးတက်လာသော တီထွင်မှုတရပ်ပင် ဖြစ်သည်။


ငွေအသပြာဆိုသည်မှာ လက်ရှိသုံးစွဲနေသော ငွေစက္ကူများ၊ ကျပ်ဒင်္ဂါး၊ ပြား ၅ဝ ပြား၊ ၂၅ ပြား၊ ၁ဝ ပြား၊ ၅ ပြား၊ ၁ ပြားစေ့ သတ္တုပြားများကို ဆိုလိုသည်။ ငွေအသပြာကို အသုံးပြုရခြင်း အကြောင်းများကို အောက် တွင် ဖော်ပြထားသည်။ လူတို့ ကုန်များရောင်းဝယ်ရာ၌ လွယ်ကူစေရန် ဖြစ်သည်။ ပမာအားဖြင့် ဦးဖြူသည် နွား ၂ ကောင်ကို ရောင်းလို၏။ ဦးဖြူကလည်း စောင် ၃ ထည်၊ ငါးပိ ၅ ပိသာ၊ ခဲတံ ၃ ချောင်း၊ ပလာစာအုပ် ၆ အုပ် ဝယ်လို၏။ ဦးဖြူသည် နွား ၂ ကောင်ကို ငွေ ၂ဝဝ ကျပ် နှင့်ရောင်း၍ ငွေစက္ကူ ၂ဝဝိ ဖိုး လက်ခံ ယူလိုက်၏။ ထိုနောက်မှ သူရသောငွေဖြင့် ငါးပိ ၅ ပိသာ (ငွေ ၁၅ကျပ်ဖိုး)၊ ခဲတံ ၃ ချောင်း (၇၅ ပြားဖိုး)နှင့် ပလာစာအုပ် ၆ အုပ် (၁ိ ပြား ၅ဝ ဖိုး)တို့ကို ဆိုင်များတွင် ဝယ်ယူနိုင်တော့၏။ ငွေအသပြာသာမရှိလျှင် ဦးဖြူအတွက် ရောင်းဝယ်ရေးမှာ လွယ်ကူမည် မဟုတ်ချေ။ နွားနှင့်ခဲတံ၊ နွားနှင့် ပလာစာအုပ်လဲလှယ်ရန်လည်း လွယ်ကူသည်မဟုတ်။ ငွေအသပြာကို လက်ခံ အသုံးပြုကြသဖြင့် ပစ္စည်းများ၏ တန်ဖိုးကို အလွယ်တကူ မှတ်သားနှိုင်းယှဉ်နိုင်၏။ ပမာအား ဖြင့် ခြည်ပုဆိုးတစ်ထည် ၁၂ိ၊ ပိုးပုဆိုးတထည် ၃ဝိ၊ စက်ဘီး တစ်စီးအညံ့စား ၁ဝဝိ၊ အလတ်စား ၁၅ဝိနှင့် အကောင်းဆုံး အစား ၂၅ဝိ ဟူ၍ ပစ္စည်းတစ်မျိုးနှင့်တစ်မျိုး တန်ဖိုးကွာခြား ခြင်းကို တန်ဖိုးအလိုက် ဝယ်ယူရသော ငွေအသပြာချင်း နှိုင်းယှဉ်ခြင်းဖြင့် အတိအကျ သိရပေသည်။


ငွေအသပြာ အသုံးပြုခြင်းဖြင့် ပစ္စည်းဥစ္စာစုခြင်း၌ လွယ် ကူ၏။ ပမာအားဖြင့် မြေဝယ်၍ဖြစ်စေ၊ နွားဝယ်၍ဖြစ်စေ၊ ဥစ္စာ စုကြ၏။ သို့တည်းမဟုတ်က ငွေအသပြာအဖြစ်နှင့်လည်း စုထားနိုင်၏။ ငွေစက္ကူ၊ ငွေဒင်္ဂါးများအဖြစ်နှင့် ငွေစုထားရာ၌ ၁ နှစ်၊ ၂ နှစ် စသည်ဖြင့် အချိန်ကြာမြင့်သွားသော်လည်း သာမန်အားဖြင့် စုဆောင်းငွေ တန်ဖိုးလျော့မသွားဟုဆိုခြင်း ဖြစ်သည်။ သို့ဖြစ်ရာ စုဆောင်းခြင်း၌ လွယ်ကူလေသည်။ လူတစ်ယောက်က တစ်ယောက်ကို ချေးငှားထောက်ပံ့ခြင်း၌ ငွေအသပြာဖြင့် ချေးငှားသဖြင့် အချိန်ကြာမြင့်မှ ပြန်ပေးသော် လည်း မူလချေးငွေတန်ဖိုးကို မယုတ်လျော့စေဘဲ တွက်ယူ နိုင်၏။ ပမာအားဖြင့် ငွေ ၅ဝဝိ ချေးယူ၍ တစ်နှစ်ကြာသော် ငွေ ၅ဝဝိ ပြန်ဆပ်ရမည်ဟု ဆိုခြင်းဖြစ်သည်။ ငွေအသပြာဆိုရာ၌ အမှန်အားဖြင့် အစိုးရ အသိအမှတ်ပြု ငွေစက္ကူ၊ ငွေဒင်္ဂါး၊ သတ္တုပြားကလေးများသာမဟုတ်၊ ယင်းတို့ အစားအသုံးပြုသော ကူးသန်းရောင်းဝယ်ရေးဘဏ်များကထုတ် ပေးနေသည့် ချက်လက်မှတ်၊ ငွေလွှဲစာချုပ် အစရှိသည်များ လည်း ပါဝင်လေသည်။


ရှေးပဝေဏီကဆိုလျှင် ကမ္ဘာပေါ်တွင် ကူးသန်းရောင်းဝယ် ရေး၌ ကုန်ပစ္စည်းတစ်ခုနှင့်တစ်ခု လဲလှယ်ကြရ၏။ နွား တစ်ကောင်နှင့် ဆိတ် ၂ ကောင် သို့မဟုတ် ငါးပိတစ်ပိသာနှင့် ဝါ တစ်ပိသာ၊ သို့မဟုတ် ဆား ၂ ပိသာနှင့် ဝါ တစ်ပိသာ အစရှိသည်များ ဖြစ်သည်။ ထို့နောက် ရောင်းဝယ်ရေး တိုး တက်လာသည့်အလျောက် ငွေတုံး၊ ရွှေတုံး၊ ငွေခဲ၊ ရွှေခဲများကို ဖြတ်တောက် ချိန်တွယ်၍ ငွေအသပြာအဖြစ် အသုံးပြုကြ၏။ အချို့တိုင်းပြည်များတွင် ခရုခွံ၊ ဆေးရွက်၊ သားရေပြား၊ ဆား၊ ဆန်၊ လက်ဖက်ခြောက်၊ စွန်ပလွံသီး၊ ဆင်စွယ်၊ သံ၊ ခဲ စသည်များကို ဒေသအလိုက် အသုံးပြုကြသည်။


သို့ရာတွင် ရွှေတုံးငွေတုံးများကို ပိုမို၍ အသုံးပြုလာကြ၏။ အကြောင်းမှာ ရွှေတုံးငွေတုံးများမှာ လွယ်ကူစွာ သိနိုင်၏။ မှတ်ကျောက်တင်၍ စစ်ဆေးနိုင်၏။ ချိန်တွယ် ခွဲစိတ်နိုင်၏။ မီးတင်ထု၍ ပုံသွန်းနိုင်၏။ ရာသီဥတု၊ ကာလအချိန်အတွက် ယုတ်လျော့ပျက်စီးခြင်း မဖြစ်နိုင်။ ထိုပြင် ရွှေနှင့် ငွေတို့မှာ လွန်စွာ မပေါများလှသဖြင့် တိုင်းပြည်အသီးသီး၌ တန်ဖိုးထား ၍ အသုံးပြုကြသည်။ ရွှေနှင့် ငွေတို့ကို ပထမ၌ အချိန်အတွယ် အားဖြင့်သာ အသုံးပြု၍ အုပ်ချုပ်မှု တိုးတက်သောနိုင်ငံများ၌ နိုင်ငံတော်အစိုးရတို့က ရွှေဒင်္ဂါးများကို ပုံသွန်း၍ လူထုအား ငွေအသပြာအဖြစ် အသုံးပြုစေ၏။ အသေးအဖွဲ့ အသုံးပြုရန်၊ ရောင်းဝယ်ရန်အတွက် ကြေးနီ၊ ကြေးဝါ၊ ခဲ၊ ဘော် အစရှိသည့် ဈေးပေါသော သတ္တုပစ္စည်းများကို သက်ဆိုင်ရာ အစိုးရများက ပုံသွန်း ထုတ်ဝေလေ့ရှိ၏။


ကမ္ဘာပေါ်၌ ရောင်းဝယ်ရေးသည် တိုးတက်လာသည့် အလျောက် ရွှေငွေအတွက် မလုံမလောက်ဖြစ်ခဲ့ရာ နိုင်ငံတော် အစိုးရအသီးသီးတို့က ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေရတော့၏။ ထိုငွေစက္ကူများ၏တန်ဖိုးကို ထုတ်ဝေသော သက်ဆိုင်ရာအစိုးရ တို့က အာမခံရ၏။ ငွေစက္ကူများကို လိုသည်ထက် ပိုမိုထုတ်ဝေ ပါလျှင် ထိုငွေစက္ကူ၏တန်ဖိုး အထူးယုတ်လျော့သွားတတ်ခြင်း ကို ၁၉၁၅-၁၈ ခုနှစ်က ဂျာမန်ငွေ စက္ကူများ တန်ဖိုးမရှိဖြစ်ရ ခြင်း၊ ၁၉၂၄-၄၅ ခုနှစ်က ဂျပန်ငွေစက္ကူများ တန်ဖိုးမရှိ ဖြစ်ရ ခြင်းတို့က သက်သေခံလျက်ရှိပေသည်။သို့ရာတွင် ကုန်သွယ်ရေး ကိစ္စများလျှင် များသလို၊ နည်းလျှင် နည်းသလို နိုင်ငံအစိုးရက အာမခံ၍ ငွေစက္ကူ ရိုက်နှိပ်ဝေငှပါက တိုင်းပြည်အတွက် များစွာ အကျိုးရှိနိုင်ပေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)