ငွေလင်း (စာရေးဆရာ)

ဝီကီပီးဒီးယား မှ

မကွေး ခရိုင် မြို့သစ် မြို့နယ် ဂွေးချိုရွာ (မလိခက နတ်မောက်မြို့နယ် ဂွေးချိုးရွာ၊ ရှုမဝ စာတည်း အဖွဲ့ ကမူ နတ်မောက်မြို့နယ် ရှောက်ပင်ရွာ ဟု ဖော်ပြ ကြသည်) တွင် အဖ ဦးကြည်သာ၊ အမိ ဒေါ်သိုင်း (ဒေါ်သိုင်း) တို့က ၁၉၁၂ ခု ဇွန်လ ၁၈ ရက်နေ့တွင် မွေးဖွား ခဲ့သည်။ နှစ်နှစ်သားတွင် ဖခင် ဆုံးသောကြောင့် မိခင်၏ရွာ ရှောက်ပင်ခြံ ရွာသို့ ပြောင်းရွှေ့ နေထိုင် ခဲ့သည်။


ငယ်စဉ်က ချောင်ဖြူကျောင်း ဘုန်းတော်ကြီး ဦးနန္ဒဝန် ထံ၌ စတင် ပညာ သင်ကြား ခဲ့သည်။ ၁၉၃၃ - ၃၄ ခုနှစ်တွင် တောင်တွင်းကြီးမြို့ အမျိုးသား ကျောင်းသို့ ပြောင်းရွှေ့ ခဲ့သည်။ ထိုကျောင်းမှ ခုနှစ်တန်း အောင်ပြီးနောက် ကျောင်းထွက် ခဲ့သည်။ နတ်မောက်နယ် ပင်းကျောင်း မီးရထား ရုံပိုင် (အစ်ကိုတော်သူ) နှင့် အလုပ် ကူညီ၍ လုပ်ခဲ့သည်။ တဖန် တောင်တွင်းကြီး မြို့၌ ပြန်နေထိုင် ခဲ့သည်။ ၁၉၃၅ ခုတွင် ရန်ကုန်သို့ ပြောင်းရွှေ့ ခဲ့သည်။ အလုပ် အမျိုးမျိုး လုပ်ကိုင် ခဲ့သည်။ ပုံတူဆွဲ ပန်းချီ ပညာကို လေ့လာ ခဲ့သည်။ စစ် အတွင်း ဗမာ့ လွတ်လပ်ရေး တပ်မတော်တွင် ဝင်ရောက်၍ ရခိုင် ပြည်နယ် သံတွဲ မြို့နှင့် အထက် မြန်မာနိုင်ငံ တလျှောက် လိုက်ပါ ချီတက် ခဲ့သည်။ ထို့နောက် တပ်မှ ထွက်၍ ဂျပန် ခေတ်တွင် ရန်ကုန် ခရိုင် အရေးပိုင် ရုံး၌ စာရေး အဖြစ် အမှုထမ်း ခဲ့သည်မှာ အလုပ်မှ နုတ်ထွက် ခဲ့သည့် ၁၉၅၃ ခု အထိ ဖြစ်သည်။ အိုးဝေ၊ ယဉ်ကျေးမှု၊ ပေဖူးလွှာ၊ နဝဒေး၊ သင့်ဘဝ စသည့် စာနယ်ဇင်း များတွင် အယ်ဒီတာ လုပ်ခဲ့သည်။


၁၉၃၅ ခုနှစ် ခန့်တွင် စာ စရေး ခဲ့သည်။ ထိုနှစ်တွင် ဈေးနှုန်း သတင်းစာ ဆောင်းပါး ပြိုင်ပွဲ၌ ဆု ရခဲ့သည်။ ဆုမှာ သုံးကျပ် ဖြစ်သည်။ ကလောင် အမည်မှာ "တောင်တွင်းကြီး သတိုးစိန်" ဖြစ်သည်။ ထို့နောက် ၁၉၃၆ - ၃၇ တွင် ဒီးဒုတ် ဂျာနယ်၌ "ရွှေတွင်းစိန်" ကလောင် အမည်ဖြင့် ဝတ္ထုတို သုံးလေးပုဒ်ခန့် ရေးခဲ့ ဖူးသည်။ "ငွေလင်း" အမည်နှင့် ပထမဆုံး ရေးသား သည်မှာ "ဤယမုန်" ဝတ္ထု ဖြစ်သည်။ ထင်ရှားသည့် စာအုပ်များမှာ ဤယမုန် (၁၉၅၃)၊ ပင်းမြို့သူ (၁၉၆၅)၊ မြို့လုလင်မှ ပုန်ကန်ခြင်း (၁၉၆၆)၊ ရန်ကုန် စစ်တလင်း (၁၉၆၈)၊ သူရဲ တထောင် (?) တို့ ဖြစ်ကြသည်။ "ဤယမုန်" ဖြင့် ၁၉၅၃ ခုနှစ် ရှုမဝ တထောင်ဆု၊ "ပင်းမြို့သူ" ဖြင့် ၁၉၆၅ ခုနှစ် အမျိုးသား စာပေဆု ဝတ္ထုရှည် တတိယဆု တို့ကို ရရှိ ခဲ့သည်။ လွတ်လပ်ရေး မော်ကွန်းဝင် တတိယဆင့် ရရှိ ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ရန်ကုန် မြို့၌ ကွယ်လွန် ခဲ့သည်။[၁]


အမျိုးသားစာပေဆုနှင့် ရှုမဝတစ်ထောင်ဆုရ စာရေးဆရာငွေလင်းကို မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ဂွေးချိုရွာ၌ ၁၉၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ တွင် အဖ ဦးကြည်သာ၊ အမိဒေါ်သိုင်းတို့က မွေးဖွားသည်။ အမည်ရင်း ဦးစိန်ခို ဖြစ်သည်။ ငယ်စဉ်က နတ်မောက်မြို့နယ်၊ ခြောက်ပင်ခြံကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သဒ္ဒါ၊ သင်္ဂြိုဟ်တို့ကို သင်ယူခဲ့ပြီး နာက် တောင်တွင်းကြီးမြို့ ဆရာတော် ဦးဥက္ကဋ္ဌ၏ အဂ‡လိပ်-မြန်မာ နှစ် ဘာသာသင်ကျောင်း၌ ဆက်လက်ပညာသင်သည်။ ထိုကျောင်းမှ ခုနစ်တန်း အောင်ခဲ့သည်။ ငွေလင်းသည် ၁၉၃၄ ခုနှစ်မှစ၍ စာစရေးခဲ့သည်။ ထို နှစ်တွင်ပင် ဈေးနှုန်းသတင်းစာက ကြီးပွားချမ်းသာရေး ခေါင်းစဉ်နှင့် ဆောင်းပါးပြိုင်ပွဲ ပြုလုပ်ရာ ငွေလင်းသည်အဆိုပါ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိခဲ့ဖူးသည်။

ငွေလင်းသည် ၁၉၃၅ ခုနှစ်မှစ၍ ရန်ကုန်သို့ ပြောင်းရွှေ့သည်။ ထိုစဉ်က ငွေလင်း၏ ကလောင်အမည်မှာ တောင်တွင်းကြီး သတိုးစိန် ဖြစ်သည်။ ရွှေတွင်းစိန် ကလောင်အမည်နှင့်လည်း ၁၉၃၆-၃၇ခုနှစ်တွင် ဒီးဒုတ် ဂျာနယ်၌ ဝတ္ထုတိုသုံးလေး ပုဒ် ရေးခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအ တွင်းတွင် ငွေလင်းသည် ဗမာ့လွတ်လပ်ရေး တပ်မတော်သို့ ဝင်ရောက်၍ ရခိုင်ပြည်နယ်နှင့်အထက် မြန်မာနိုင်ငံဒေသများ၌တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် တပ်မှထွက်ခဲ့ပြီး ဂျပန်ခေတ်တွင် ရန်ကုန်ခရိုင် အရေးပိုင်ရုံး၌ စာရေးအဖြစ် အမှုထမ်းခဲ့သည်။၁၉၅၃ ခုနှစ်တွင် ဤယမုန် ဝတ္ထုဖြင့် ရှုမဝတစ်ထောင်ဆုကို ပထမဆုံး ရရှိခဲ့သည်။ ထိုအချိန်တွင် စာရေးအမှုထမ်းအဖြစ်မှ နုတ်ထွက်ခဲ့သည်။ ဤယမုန်ဝတ္ထုတွင် ငွေလင်း ကလောင်အမည်ကို စတင်သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ငွေလင်းသည် ဤ ယမုန်ဝတ္ထုကို ၁၉၅၁ ခုနှစ်တွင် ပျို့မောင်ကြီးဝတ္ထုအမည်နှင့် စတင်ရေး သားခဲ့သည်။ ၎င်း၏ ဝတ္ထုကို သခင်ဘသောင်း၊ ရွှေဒုံးဘီအောင်၊ တက်တိုးတို့အား ပေးဖတ်ပြီးဝေဖန်မှု ခံယူခဲ့သည်။

ငွေလင်းသည် ၎င်း၏ ဝတ္ထုကို စာအုပ်အဖြစ် ထုတ်ဝေနိုင်ရန် ကြိုးစားခဲ့ သော်လည်း ကလောင်သစ်ဖြစ်၍ ထုတ်ဝေမည့်သူ မရှိခဲ့ချေ။ ရှုမဝတစ် ထောင်ဆု ပေါ်လာသောအခါ ဆုရွေးချယ်ရေးအဖွဲ့၏ စာမျက်နှာသတ်မှတ် ချက်နှင့်ညီညွတ်စေရန် ဖြည့်စွက်ချဲ့ထွင် ရေးသားပြီး ဝတ္ထုအမည်ကို လည်း ဤယမုန်ဟူ၍ ပြောင်းခဲ့သည်။ ငွေလင်း၏ ဤယမုန် ဝတ္ထုသည် ရုပ်ရှင်ရိုက်ကူးခဲ့ရသည်။ ငွေလင်းသည် ၁၉၅၃ ခုနှစ်မှစ၍ အိုးဝေသတင်းစာ၊ယဉ်ကျေးမှုစာစောင်၊ ပေဖူးလွှာမဂ္ဂဇင်း၊ နဝဒေးမဂ္ဂဇင်းနှင့် သင့်ဘဝမဂ္ဂဇင်းတို့တွင် အယ်ဒီတာတာဝန်ကို ထမ်းဆောင်ခဲ့ သည်။

ငွေလင်းသည် ရှုမဝတစ်ထောင်ဆုအပြင် ၁၉၆၅ ခုနှစ် တွင် ပင်းမြို့သူဝတ္ထုဖြင့် အမျိုးသားစာပေ ဝတ္ထုရှည်တတိယဆု ကို ရရှိခဲ့သူဖြစ်သည်။ ငွေလင်းသည် နယ်ချဲ့ဆန့်ကျင်ရေးဝတ္ထု များကိုလည်း ရေးသားခဲ့ရာ မြို့လုလင်မှ ပုန်ကန်ခြင်း(၁၉၆၆)၊ ရန်ကုန်စစ်တလင်း(၁၉၆၈)နှင့် သူရဲတစ်ထောင် စသောဝတ္ထု များ ဖြစ်သည်။ ငွေလင်းသည် ဗမာ့လွတ်လပ်ရေးတပ်မတော်၌ ဝင်ရောက် အမှုထမ်းလျက် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တစ်ခန်း တစ်ကဏ္ဍမှ ပါဝင်ခဲ့သဖြင့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယဆင့် ရရှိခဲ့သည်။ အမျိုးသားစာပေဆုနှင့် ရှုမဝတစ်ထောင်ဆုရ စာရေးဆရာ ငွေလင်းသည် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ [၂]



ထင်ရှားသောစာအုပ်အချို့[ပြင်ဆင်ရန်]

  1. ပင်းမြို့သူ(စာပေဆုရ)
  2. မြို့လုလင်မှပုန်ကန်ခြင်း
  3. သူရဲတစ်ထောင်
  4. ဤယမုံ(ရှုမဝထောင်ဆုရ)
  5. မြင်လှဲ့ပါကြင်ဖော်
  6. ရန်ကုန်စစ်တလင်း
  7. စားသုံးဆီ

စာညွှန်း[ပြင်ဆင်ရန်]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ '၂၀ ရာစု မြန်မာ စာရေး ဆရာ ၁၀၀ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်(၂၀၀၅ ခု၊ ဇူလိုင်)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
  1. ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၂၀၀ - ၂၀၁။
  2. မလိခ။ မြန်မာစာပေ အဘိဓာန် (၁)။ စာ ၂၉၀ - ၂၉၁။
  3. မလိခ။ မြန်မာဝတ္ထု အညွှန်း (၃)၊ ၁၇၃ - ၁၈၄။
  4. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၁)။ စာ ၂၂၃ - ၂၂၄။
  5. စာတည်း အဖွဲ့။ ၁၃၁၅ ခု ရှုမဝ ၁၀၀၀ ဆုနှင့် "ဤယမုန်"၊ ရှုမဝ (ဒီဇင်ဘာ ၁၉၅၃)။ စာ ၃၇ - ၄၀။
  6. နတ်မောက် လှမြင့်။ ဦးကြီး ဦးငွေလင်း ထံမှ လွမ်းစာများ၊ ရှုမဝ (မေ ၁၉၉၀)။ စာ ၁၂၃ - ၁၂၆။

ကိုးကား[ပြင်ဆင်ရန်]