ငွေထွန်း၊ ဦး

ဝီကီပီးဒီးယား မှ

ယခုလ ၁၁ ရက်နေ့က မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၊ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးငွေထွန်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အသက် ၇၉ နှစ် ရှိပြီဖြစ်သည့် ဦးငွေထွန်းသည် ရန်ကုန် ရွှေဗဟို ဆေးရုံကြီးတွင် အသည်းရောဂါ ကုသနေစဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်။

ဒီမိုကရေစီရေး ကြိုးပမ်းဆဲ အမတ် ဦးငွေထွန်း ကွယ်လွန်[ပြင်ဆင်ရန်]

ဒီဗွီဘီ၊ ၁၅၊ အောက်တိုဘာ၊ ၂ဝဝ၈

ရှစ်လေးလုံး အရေးတော်ပုံ ကာလအတွင်း ကျောက်ပန်းတောင်း သပိတ် တပ်ပေါင်းစု ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်မှုကြောင့် မြို့နယ် ပညာရေးမှူး တာဝန်မှ ရပ်ဆိုင်းခြင်း ခံရသည့် ဆရာကြီး ဦးငွေထွန်း၏ ဒီမိုကရေစီရေး ကြိုးပမ်းမှုများနှင့် ပတ်သက်ပြီး ကျောက်ပန်းတောင်း မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဇံက ယခုကဲ့သို့ ပြောပြသည်။

"သူ့ရဲ့ နိုင်ငံရေး ခံယူချက်ကတော့ အမှန်တရားဘက်က အမြဲ ရပ်တည်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ နောက်ပြီးတော့ ဒီမိုကရေစီ ကာလမှာလည်းပဲ တစိုက်မတ်မတ်၊ သူက ဒုက္ခိတ ဖြစ်နေတော့၊ ခြေထောက်တွေ လမ်း မလျှောက်နိုင်ဘဲနဲ့ကိုပဲ နှစ်ပေါင်း ၁၅ နှစ်လောက် နီးပါး ကျနော်တို့ အဖွဲ့ချုပ် အပေါ်မှာ သစ္စာရှိရှိနဲ့ ရပ်တည်တယ်။ နောက်ပြီးတော့ သူ့ရဲ့ စည်းရုံးရေး စွမ်းရည်ကလည်း တော်တော်ကောင်းပါတယ်။ သူ့ရဲ့ စည်းရုံးရေး စွမ်းရည်ကြောင့် ကျနော်တို့ ကျောက်ပန်းတောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ၊ ဒီမိုကရေစီ စည်းရုံးရေး အားကောင်းတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့ အတွက်ကြောင့် စည်းရုံးမှုအား တော်တော်ရပါတယ်။ သဘောတရားရေး အရလည်း သူဟာ တော်တော်ဖြောင့်မတ် မှန်ကန်တဲ့ အတွက်ကြောင့် သူ့ရဲ့ ပြောကြားချက်တွေကို လာကြတဲ့ သူ့ရဲဘော်တွေ၊ ကျနော်တို့ အဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေ၊ ပြည်သူတွေက တော်တော် လက်ခံကြပါတယ်။ တော်တော် လေးစား ချစ်ခင်ခြင်း ခံရတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ကျနော်တို့ အဖွဲ့ချုပ် အတွက်တော့၊ ကျောက်ပန်းတောင်း မြို့နယ် စည်းရုံးရေး အဖွဲ့မှာတော့ တော်တော် အားနည်းစရာ ဆုံးရှုံးမှုကြီး တခုတော့ ဖြစ်သွားတာပေါ့ဗျာ။"

တနင်္လာနေ့က ကျောက်ပန်းတောင်းမြို့တွင် ပြုလုပ်ခဲ့သည့် ဆရာကြီး ဦးငွေထွန်း၏ ဈာပနကို သူ့၏ တပည့်များ၊ ကြည်ညို လေးစားသူများ၊ ပါတီဝင်များနှင့် စည်စည်ကားကား ပြုလုပ်နိုင်ခဲ့သည် ဟုလည်း လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဇံက ပြောပြခဲ့သည်။

ဆရာကြီး ဦးငွေထွန်း ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ဝင်းကြိုင်နှင့် သားသမီး ၇ ယောက် ကျန်ရစ်ခဲ့သည်ဟု သိရှိရသည်။