ငြိမ်းအေးအိမ်
| ငြိမ်းအေးအိမ် | |
|---|---|
| အမည်ရင်း | ဦးငြိမ်းအေး |
| မွေးဖွား | ဒီဇင်ဘာ ၁၆၊ ၁၉၅၅ ထားဝယ်မြို့နယ်၊အထက်ကဝပ်ရွာ |
| ကွယ်လွန် | ဇွန် ၂၃၊ ၂၀၂၅ (အသက် ၆၉) ရန်ကုန်မြို့ |
| ကလောင်အမည် | ငြိမ်းအေးအိမ် |
| အလုပ်အကိုင် | တော်လှန်ရေးသမား၊စာရေးဆရာ |
| စာပေအမျိုးအစား | မြန်မာ ပို့စ်မော်ဒန် |
| အိမ်ထောင်ဖက် | ဒေါ်ခင်မာအေး |
| သားသမီး | လွတ်လပ်ငြိမ်းအေး၊နိုင်ငံငြိမ်းအေး |
| မိဘ | ဦးအုန်းရွှေ + ဒေါ်ထားရီ |
ငြိမ်းအေးအိမ် (၁၆ ဒီဇင်ဘာ ၁၉၅၅ - ၂၃ ဇွန် ၂၀၂၅) သည် ထားဝယ်လူမျိုး မြန်မာ ပို့စ်မော်ဒန် စာရေးဆရာတစ်ဦးဖြစ်ပြီး ဗမာပြည် ကွန်မြူနစ်ပါတီ၏ ပါတီဝင်ဟောင်းတစ်ဦးလည်း ဖြစ်သည်။၎င်းသည် ကချင်ဒီမိုကရေစီသစ် တပ်မတော် ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်းပါဝင်ခဲ့ပြီး၊ ကချင်အထူးဒေသ(၁)တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်ဖူးသည်။ ငြိမ်းအေး ဟု လူသိများခဲ့သူ ၎င်းသည် ၁၉၇၆ခုနှစ်တွင် မှိုင်းရာပြည့်အဖွဲ့ဝင်အဖြစ် အကျဉ်းကျခံထားဖူးသူတစ်ဦးလည်း ဖြစ်သည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]ငြိမ်းအေးအိမ် သည် ၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အထက်ကဝပ်တံငါရွာတွင် မွေးဖွားခဲ့သည်။ဖခင်မှာ ဦးအုန်းရွှေ၊မိခင်မှာ ဒေါ်ထားရီ ဖြစ်သည်။ [၁]ငယ်စဉ်ကာလတွင် မောင်ကျော့ဦး ဟုအမည်ရပြီး နောင်တွင် မောင်ငြိမ်းအေး အမည်သို့ ပြောင်းလဲခဲ့သည်။ငယ်စဉ်ဘဝပညာရေးကို ထားဝယ်မြို့နယ်အတွင်း ဖြတ်သန်းခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် ထားဝယ် အထက (၁) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။[၂]
နိုင်ငံရေးဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့ရှိ စက်မှုလက်မှုသိပ္ပံ (အင်းစိန်) တွင် လျှပ်စစ် (ပါဝါ) ဘာသာရပ် ဝင်ခွင့်အောင်မြင်ခဲ့သည်။ထိုသို့အောင်မြင်ပြီးချိန်တွင် မှိုင်းရာပြည့် အထိမ်းအမှတ်သပိတ်ကော်မတီ၌ ဦးဆောင်သူတစ်ဦးအနေဖြင့် ပါဝင်ခဲ့သဖြင့် အရေးပေါ်စီမံမှုအက်ဥပဒေပုဒ်မ ၅(ည) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။[၂]
၁၉၇၉ ခုနှစ် တွင် ထောင်မှ လွတ်လာသည်။ထိုနှစ်တွင် အထက်တန်းရှေ့နေ ( H.G.P) စာမေးပွဲ ဝင်ဖြေရာ အောင်မြင်၍ ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။
၁၉၈၀ ပြည့်နှစ်တွင် အိမ်ထောင်ကျပြီး ကျူရှင်ဆရာအဖြစ် အသက်မွေးသည်။သို့သော်လည်း နိုင်ငံရေးအကျဉ်းသားများအပေါ် စစ်အစိုးရ၏ ကန့်သတ်ချက်များကြောင့် ၁၉၈၅ ခုနှစ်တွင် တောခိုပြီး ဗမာပြည်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ပါတီအဖွဲ့အစည်းမှ နုတ်ထွက်ကာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ဖြင့် မြို့ပြဒေသသို့ ပြန်လည်ရောက်ရှိလာသည်။သူသည် ကချင်ဒီမိုကရေစီသစ် တပ်မတော် ၏ အဖွဲ့ဝင်တစ်ဦးအဖြစ်လည်း ပါဝင်ခဲ့သေးပြီး၊ကချင်အထူးဒေသ (၁) တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်မှုထမ်းခဲ့သည်။ယင်းနောက် နိုင်ငံရေးလှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ၁၉၉၃ ခုနှစ် နောက်ပိုင်းကာလကစ၍ ရန်ကုန်မြို့တွင် အခြေချကာ စာပေနယ်ထဲ ဝင်ရောက်ခဲ့သည်။
စာပေလှုပ်ရှားမှု
[ပြင်ဆင်ရန်]မြန်မာ့ပို့စ်မော်ဒန်စာပေခေတ်ဦးတွင် ငြိမ်းအေးအိမ်သည် ၁၉၉၄ - ၁၉၉၅ ခုနှစ်တွင် သရဖူမဂ္ဂဇင်း၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။
စာရေးဆရာ ငြိမ်းအေးအိမ်၏ ပထမဆုံး လုံးချင်းဝတ္ထုမှာ "ပွဲတော်ညမုဆိုးများ ဝတ္ထုတိုစုစည်းမှု" (၁၉၉၆) ဖြစ်ပြီး ပထမဆုံး အချစ်လုံးချင်းဝတ္ထုရှည်မှာ "အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင်" (၂၀၀၅) ဖြစ်သည်။
သူသည် ကချင်ပြည်နယ် အထက်ပိုင်း ဝေးလံခေါင်သီသော အီမောဘွမ်တောင်ဒေသရှိ လူမျိုးစုများနှင့် အီမောဘွမ်တောင် သဘာဝပတ်ဝန်းကျင်အကြောင်း ရေးသားထားသည့် "ညို့ငင်တောင်" (၂၀၁၂) စာအုပ်အပါအဝင် စာအုပ်ပေါင်း ၂၀ နီးပါး ရေးသားခဲ့သူဖြစ်သည်။ [၃]
ထုတ်ဝေခဲ့ပြီးသော စာအုပ်များ
[ပြင်ဆင်ရန်]- ပွဲတော်ည မုဆိုးများ (ဝတ္ထုတို စုစည်းမှု) ၁၉၉၆
- သိမ်းထုပ်ထားတဲ့ လွင်ပြင်ကျယ် (ဝတ္ထုတို စုစည်းမှု) ၂၀ဝ၀
- အဝါရောင်ဆောင်းရက်များ၏ မိုးစက်ပုံပြင် (လုံးချင်း) ၂၀ဝ၅ မတ်လ
- ဓာတ်ပုံတွေကပြတဲ့ အော်ပရာ (အက်ဆေး ၊ ဖိုတိုအက်ဆေး) ၂၀ဝ၇ ဇွန်
- အတွေးတိမ်တိုက် ၊ သက္ကရာဇ်မြင်း ၊ နေ့ဟောင်းမျှော်စင် (အက်ဆေး) ၂၀ဝ၇ ဒီဇင်ဘာ
- ဝါကျများကိုဖွင့်ကြည့်ပါ၊ 2008 အောက်တိုဘာ
- ကြယ်မှုန်တွေနဲ့လင်း (စိတ်ကူးချိုချို၊ ၂၀၀၈၊ အောက်တိုဘာ)
- အနောက်ဘက်တံတိုင်းသို့ လှမ်းကြည့်ခြင်း (မန်းချောင်းစာပေ၊ ၂၀၁၂၊ အောက်တိုဘာ)
- ညှို့ငင်တောင် (စိတ်ကူးချိုချို၊ ၂၀၁၂ နိုဝင်ဘာ)
အခြားစာရေးဆရာများနှင့် တွဲဖက်ထုတ်ဝေခဲ့သောစာအုပ်များ
[ပြင်ဆင်ရန်]- မြစ်တစ်စင်း ၊ ဝေးဝေးလရောင် ၊ စိမ်းလန်းသောမျှော်စင် ( ဝတ္ထုတို စုစည်းမှု ) ၁၉၉၇
- ရာစုသစ်သို့ ပျံသန်းခြင်း ( ဝတ္ထုတို စုစည်းမှု ) ၁၉၉၈
- ငါ့ဆီလာ၍ ပြန်ထွက်သွားသော အချစ်ဝတ္ထုနှင့် ဝတ္ထုများ ( ဝတ္ထုတို စုစည်းမှု ) ၂၀ဝ၀
ဘဝနိဂုံး
[ပြင်ဆင်ရန်]သူသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် လေဖြန်း၍ ဆေးရုံတက်စဉ် အစာပြွန်ကင်ဆာ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ကင်ဆာရောဂါကို ခံစားနေရချိန် ၎င်းသည် ကွယ်လွန်ခါနီးရက်ပိုင်းအချိန်အထိ စာပေနှင့်အဆက်မပြတ်ရှိနေခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။
မိသားစုဘဝ
[ပြင်ဆင်ရန်]ငြိမ်းအေးအိမ်သည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။သားသမီး ၂ဦး ထွန်းကားခဲ့သည်။[၄]
ကိုးကား
[ပြင်ဆင်ရန်]- အတွေးတိမ်တိုက်၊ သက္ကရာဇ်မြင်း၊ နေ့ဟောင်းမျှော်စင်
- ↑ အသုဘနာရေးဖိတ်ကြားစာအရ
- 1 2 ဗကပအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသား စာရေးဆရာ ငြိမ်းအေးအိမ်၏ ဈာပန ကျင်းပပြုလုပ်။ Ayeyarwady Times။ 2025-6-25 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် ပို့စ်မော်ဒန်စာရေးဆရာ ငြိမ်းအေးအိမ် ကင်ဆာရောဂါဖြင့် ယနေ့ကွယ်လွန်။ Myanmar Tansparency News။ 2025-6-25 တွင် ပြန်စစ်ပြီး။
- ↑ သရဖူမဂ္ဂဇင်းထုတ်ဝေသူနှင့် အယ်ဒီတာချုပ်၊ ပို့စ်မော်ဒန်စာရေးဆရာ ငြိမ်းအေးအိမ် ကွယ်လွန်။ Ayeyarwady Times။ 2025-6-25 တွင် ပြန်စစ်ပြီး။