မောင်ငြိမ်းသူ
| မောင်ငြိမ်းသူ (ကြို့ပင်ကောက်) | |
|---|---|
| မွေးဖွား | ဦးညွန့်တင် ၂ ဒီဇင်ဘာ၊ ၁၉၄၇ ကြို့ပင်ကောက်မြို့ |
| နိုင်ငံလူမျိုး | မြန်မာ |
| ပညာရေး |
|
| အလုပ်အကိုင် | စာရေးဆရာ |
| တက်ကြွလှုပ်ရှားနှစ်များ | ၁၉၆၃ – လက်ရှိ |
| ကျော်ကြားမှုအရင်းခံ | ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး |
| မိဘ(များ) | ဦးတင်ရွှေ + ဒေါ်လှဝိုင်း |
| ရရှိသည့်ဆုများ |
|
မောင်ငြိမ်းသူ (ကြို့ပင်ကောက်) (၂ ဒီဇင်ဘာ ၁၉၄၇ မွေးဖွား)သည် အမျိုးသားစာပေတစ်သက်တာဆုရ မြန်မာစာရေးဆရာတစ်ဦး ဖြစ်သည်။အမည်ရင်းမှာ ဦးညွန့်တင် ဖြစ်သည်။[၁]
ဘဝအစ
[ပြင်ဆင်ရန်]အဖ ဦးတင်ရွှေ နှင့် အမိ ဒေါ်လှဝိုင်း တို့မှ ၁၉၄၇ခုနှစ်၊ဒီဇင်ဘာ ၂ရက် တွင် ကြို့ပင်ကောက်မြို့၌ မွေးဖွားခဲ့သည်။
ကြို့ပင်ကောက်မြို့၊အထက်တန်းကျောင်းမှနေ၍ ဆယ်တန်း အောင်မြင်ခဲ့သည်။ထို့နောက် မော်လမြိုင်ကောလိပ်၊ လုပ်သား ကောလိပ် တို့တွင် စိတ်ပညာအထူးပြုဖြင့် ဆက်လက် ပညာ သင်ကြားခဲ့သည်။ ပျိုဖော်ဝင် အရွယ် လူငယ်များ၏ စာပေ အပေါ် စိတ်ဝင်စားမှု ဘွဲ့ယူစာတမ်းဖြင့် စိတ်ပညာဘွဲ့ကို ရရှိခဲ့သည်။
စာပေဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]၁၉၆၃ - ၆၄ ခုနှစ်က ထုတ်ဝေသည့် ရုပ်ရှင် အောင်လံ မဂ္ဂဇင်းတွင် မောင်နှင်းဝေ ဟူသော ကလောင် အမည်ဖြင့် ရေးသားခဲ့သော တောဓလေ့ ကဗျာဖြင့် စာပေလောကသို့ စတင် ဝင်ရောက် ခဲ့သည်။
မောင်ငြိမ်းသူ (ကြို့ပင်ကောက်) အမည်အပြင် အခြား ကလောင် အမည်ခွဲများဖြစ်သည့် မျိုးငယ်ကျော်၊ ဇော်ငြိမ်းလတ်၊ သူရိန်ညွန့်တင်၊ နေသွေးကို ဖြင့်လည်း စာပေများကို ရေးသား ခဲ့သည်။လုံးချင်း ၈ အုပ်၊ မဂ္ဂဇင်း ဝတ္ထုရှည် ၃ဝ ကျော်၊ ဝတ္ထုတို ၃ဝဝ ခန့်နှင့် ဆောင်းပါး ပုဒ်ရေ ၁၀၀၀ ကျော်အထိ ရေးသားခဲ့သည်။
၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ကြီးမှူး ကျင်းပသော ဆောင်းပါး ပြိုင်ပွဲ၌ မော်ကွန်းဝင်ပြီ ကြက်ခြေနီ ဟူသော ဆောင်းပါးဖြင့် အကြီးတန်း အဆင့် ဒုတိယဆု ရရှိခဲ့သည်။ ထို့အပြင် (၄၈) နှစ်မြောက် တပ်မတော်နေ့ ဆောင်းပါး ပြိုင်ပွဲတွင်လည်း အထူးဆု ရရှိခဲ့သည်။
၁၉၈၆ ခုနှစ်၊ မြအဖူးတွေ သစ်သစ်ဝေနှင့် လူငယ် ဝတ္ထုတိုများ စာအုပ်ဖြင့် အမျိုးသား စာပေဆု (လူငယ် စာပေဆု) (ရသ စာပေဆု) ကို ရရှိခဲ့ပြီးနောက်၊စာပေလောက တွင် နေရာပိုရရှိလာခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသည် မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် စာပေပညာရှင် ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)အား ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုရှင်အဖြစ် ရွေးချယ်ချီးမြှင့်ခဲ့သည်။[၂]
အခြားတာဝန်များ
[ပြင်ဆင်ရန်]သူသည် စာပေ တာဝန်များ အဖြစ် စမ်းချောင်းမြို့နယ် စာပေလုပ်သား အဖွဲ့ အတွင်းရေးမှူး၊ မြို့နယ် စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌ၊ နာယက တာဝန်များကို ထမ်းဆောင်ခဲ့သည်။ယင်းအပြင် ဒဂုံမြို့သစ် (မြောက်ပိုင်း) စာပေနှင့် စာနယ်ဇင်း အဖွဲ့ ဥက္ကဋ္ဌ၊မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ အဖွဲ့ဝင် အဖြစ် ထမ်းဆောင်ခဲ့သည်။လက်ရှိတွင် ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး နှင့် မြန်မာနိုင်ငံ စာရေးဆရာများအသင်း အတွင်းရေးမှူး အဖြစ် ထမ်းဆောင်နေသည်။[၃] [၄]
မောင်ငြိမ်းသူ (ကြို့ပင်ကောက်) သည် ရွှေသမင် စာပေတိုက်နှင့် သိန်းမင်း စာပေတိုက် တို့တွင် စာပြင် ဆရာ၊ ရွှေသမင် မဂ္ဂဇင်းတွင် အမှုဆောင် အယ်ဒီတာ၊ ထူးခြား ဂျာနယ်တွင် တာဝန်ခံ အယ်ဒီတာ၊ဝါမိုးအောင် စာပေတိုက်တွင် စာတည်း အဖွဲ့ဝင် ၊ မှုခင်း ရှုထောင့် ဂျာနယ်၊ မှုခင်း မြင်ကွင်း ဂျာနယ်၊ မှုခင်း ရှုထောင် ရသစုံ မဂ္ဂဇင်းများတွင် တာဝန်ခံ အယ်ဒီတာ စသည်ဖြင့်လည်း ထမ်းဆောင်ခဲ့သည်။
ရေးသား ပြုစုခဲ့သော စာအုပ်များ
[ပြင်ဆင်ရန်]- ဇီဝိတ ဒါန သံဃာ့ ဆေးရုံကြီး ဆေးကုသမှု သမိုင်း မှတ်တမ်း - ၁၉၉၉ ခုနှစ်
- ဘယ်သူ မိုးကျ ရွှေကိုယ်လဲ - ၂၀၀၀ ပြည့်နှစ်
- မကြင်သင့် ရင်နင့်အောင်ဆွေး - ၁၉၉၀ ပြည့်နှစ်
- စောင့်သိနားလည် ခွင့်လွှတ်စေချင်တယ် - ၁၉၉၀ ပြည့်နှစ်
- မုန်းမာတင်းလို့ ညှဉ်းရက်လေ - ၁၉၉၀ ပြည့်နှစ်
- မျက်မာန်တော်ငြိုးပါနဲ့ ခိုကိုးသူပါ - ၁၉၉၁ ခုနှစ်
- မြအဖူးတွေ သစ်သစ်ဝေနှင့် လူငယ်ဝတ္ထုများ - ၁၉၈၆ ခုနှစ်
- မြအဖူးတွေ သစ်သစ်ဝေနှင့် လူငယ် ဝတ္ထုများ (ဒုတိယအကြိမ်) - ၁၉၈၈ ခုနှစ်
ကိုးကား
[ပြင်ဆင်ရန်]- ↑ အမျိုးသားစာပေတစ်သက်တာဆုရှင် ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်)နှင့် တွေ့ဆုံမေးမြန်းချက်။ Myanmar Radio and Television (2023)။ 15 January 2026 တွင် ပြန်စစ်ပြီး။
- ↑ ၂ဝ၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာ။ MYANMAR NATIONAL PORTAL (22 Nov 2024)။ 15 January 2026 တွင် ပြန်စစ်ပြီး။
- ↑ ဆရာကောင်းများထွန်းကားပါစေ။ MWD Webportal (၃ ဧပြီ ၂၀၂၁)။ ၁၅ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီ အစည်းအဝေး (၂/ ၂၀၂၄) တက်ရောက်။ Myanmar Digital News (၁၃ မေ ၂၀၂၄)။ ၁၅ ဇန်နဝါရီ ၂၀၂၆ တွင် ပြန်စစ်ပြီး။