ငြမ်း

ဝီကီပီးဒီးယား မှ
ဟောင်ကောင်ရှိ သည်ဖိုးစီးစန်း ဟိုတယ် ဆောက်လုပ်ရာတွင် ဝါးငြမ်း အသုံးပြုနေပုံ

ငြမ်းဆိုသည်မှာ အဆောက်အဦးများ၊ တံတားများ နှင့် အခြား လူသားတို့ ဆောက်လုပ်သော အဆောက်အအုံများကို တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း နှင့် ပြုပြင်ခြင်း တို့တွင် အလုပ်သမားနှင့် ပစ္စည်းများကို ထောက်ပံ့ရန် အသုံးပြုသော ယာယီ တည်ဆောက်မှု တစ်ခု ဖြစ်သည်။ ငြမ်းများကို လုပ်ငန်းခွင်များ အတွင်း အမြင့်ကို ရောက်ရှိနိုင်ရန် နှင့် ၎င်းကို အသုံးမပြုပါက ရောက်ရှိရန် ခက်ခဲသော နေရာတို့ကို သွားရောက်လုပ်ကိုင်နိုင်ရန် အသုံးပြုသည်။ လုံခြုံစိတ်ချရမှု မရှိသော ငြမ်းများကြောင့် အသက်သေဆုံးခြင်း နှင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရခြင်းတို့ ဖြစ်နိုင်သည်။ ပုံစံသွန်းခြင်း နှင့် ကျားကန်ခြင်းတွင် လည်းကောင်း၊ အထူးတန်းထိုင်ခုံ အဖြစ်လည်းကောင်း၊ ဖျော်ဖြေပွဲ စင်မြင့်များတွင် လည်းကောင်း၊ ရှုခင်းမျှော်စင်များတွင် လည်းကောင်း၊ ပြပွဲ ဒေါက်တိုင်များတွင် လည်းကောင်း၊ နှင်းလျှောစီးသည့် လျှော များတွင် လည်းကောင်း၊ ပစောက်ပုံ လျှောစောက်များတွင်လည်းကောင်း၊ အနုပညာဆိုင်ရာ ပရော့ဂျက်များတွင် လည်းကောင်း ငြမ်းပုံစံကို ယူ၍ အသုံးပြုခြင်းများ ရှိသည်။

ယနေ့ကမ္ဘာတစ်ဝန်းတွင်အသုံးပြုသောငြမ်းအမျိုးအစားငါးခု ရှိသည်။ ၎င်းတို့မှာ ပြွန်လုံးများကို ဆက်၍ သုံးသည့် ငြမ်း၊ စက်ရုံမှ ငြမ်းအဖြစ် တပ်ဆင်ရန် ကြိုတင်ထုတ်လုပ်ပေးလိုက်သော အစိတ်အပိုင်းများကို ဆက်စပ်သုံးသည့်ငြမ်း၊ အင်္ဂလိပ် အက္ခရာ H ပုံသဏ္ဍန် ငြမ်း၊ သစ်ငြမ်း နှင့် ဝါးငြမ်း တို့ ဖြစ်ကြသည်။ ထိုငြမ်းအမျိုးအစား တစ်ခုချင်းစီတွင် အစိတ်အပိုင်း အချို့ပါဝင်ပြီး အများအားဖြင့် ပါဝင်သော အစိတ်အပိုင်းများမှာ

  • ငြမ်းအတွက် အောက်ခံအဖြစ် သုံး၍ ဝန်ကို ခံနိုင်သော အောက်ခြေ ဂျိုက် သို့မဟုတ် အောက်ခံပြား
  • ဆက်စပ်ရန် ဂျွိုင်းဆက်များပါသည့် ပုံမှန် အထောင် ပစ္စည်း
  • အလျားလိုက် ချုပ်တံ အဖြစ် သုံးသော ငြမ်းတန်း
  • အလျားလိုက် ကန့်လန့်ဖြတ် ဝန်ကိုခံနိုင်သော အစိတ်အပိုင်း အဖြစ် အသုံးပြုထားပြီး တန်းများ၊ ဘုတ်ပြားများ၊ ကြမ်းခင်းများကို တွဲဆက်ပေးထားသော ပြတင်းခွဲတန်း
  • ထောင့်တန်းဖြတ် နှင့် ကန့်လန့်ဖြတ် ထိန်းချုပ်ပေးထားသော ကိရိယာဖြစ်သည့် အထိန်းကွင်း
  • အလုပ်လုပ်ရန် နေရာဖြစ်သည့် အစိတ်အပိုင်းဖြစ်သော ငြမ်းပြား
  • အစိတ်အပိုင်းများအား တွဲဆက်ရန် အသုံးပြုသည့် ကော်ပလာ ခေါ် တွဲဆက် ကိရိယာ
  • ငြမ်းများအား အဆောက်အအုံများ သို့ တွဲဆက်ရန် အသုံးပြုသည့် ငြမ်းကြိုး
  • အလုပ်လုပ်သည့် နေရာအား တိုးချဲ့ရန် သုံးသည့် ကွင်းများတို့ ဖြစ်ကြသည်။