ငုယန် ချန် သီ

ဝီကီပီးဒီးယား မှ

ငုယင် ချန် သီ (၁၉၂၃ ဖေဖော်ဝါရီ ၂၃ - ၂၀၀၇ ဇွန် ၂၃) သည် ဗီယက်နမ်ပြည်သူ့သမ္မတနိုင်ငံ (တောင်ဗီယက်နမ်) ၏ စစ်တပ်မှ အရာရှိတဦးဖြစ်သည်။ [၁] ၁၉၆၀ ကာလများတွင် မကြာခဏ အာဏာသိမ်းမှုဖြစ်စဉ်များတွင် ပါဝင်ခြင်းကြောင့်၎င်း၊ ၁၉၆၄-၆၆ ကာလ အာဏာသိမ်းအစိုးရအဖွဲ့တွင် အရေးပါသောရာထူးများ၌ နေရာရခြင်းကြောင့်၎င်း၊ လူသိများသည်။ ဗီယက်နမ်ပြည်သူ့သမ္မတနိုင်ငံ လေတပ်ခေါင်းဆောင်ရာထူးဖြင့် ဝန်ကြီးချုပ်တာဝန်ယူသည့် ငုယင်ကောင်ကြည်နှင့် အာဏာလုရာတွင် ရှုံးနိမ့်ကာ အမေရိကန်သို့ ထွက်ပြေးရ၏။

သီသည် ပြင်သစ်စစ်တပ်သို့ အသက် ၁၇ နှစ်အရွယ်တွင် စဝင်ပြီး ဒုတိယကမ္ဘာစစ်၌ ပြင်သစ်အင်ဒိုချိုင်းနားဒေသသို့ ဂျပန်တို့ ကျူးကျော်သည့်အခါ အဖမ်းခံရ၏။ လအတန်ကြာပြီးနောက် လွတ်လာသည်။ နောက် ပြင်သစ်ကို ကျောထောက်နောက်ခံပြုသည် ဗီယက်နမ်နိုင်ငံ၏ ဗီယက်နမ်အမျိုးသားစစ်တပ်သို့ ဝင်သည်။ ၁၉၅၅ ခု၊ အောက်တိုဘာလတွင် ယင်းတပ်မှာ ဗီယက်နမ်ပြည်သူ့သမ္မတနိုင်ငံစစ်တပ် ဖြစ်လာပြီး နိုင်ငံသည်လည်း ဗီယက်နမ်ပြည်သူ့သမ္မတနိုင်ငံဟု အမည်ပြောင်းသည်။ နာမည်ကြီးသောင်းကျန်းသူ ဘင်ဆုယင်အဖွဲ့အား နှိပ်နင်းသည့် ၁၉၅၅ ဆိုင်ဂုံတိုက်ပွဲတွင် နောက် ဝန်ကြီးချုပ်ဖြစ်လာမည့် ငိုဒင်ဒျံလက်အောက်၌ လေထီးစစ်သားအဖြစ် ပါဝင်ခဲ့၏။ ဒျံမှာ သီအား သဘောတွေ့ကာ "ငါ့ကောင်" ဟု သုံးနှုန်းပြီး လေတပ်ကို အမိန့်ပေးစေသည်။

၁၉၆၀ ပြည့်၊ နိုဝင်ဘာလတွင် စစ်ဘက်ရေးရာတွင် နှောင့်ယှက်သည်ဟု အကြောင်းပြကာ သီက လေတပ်စစ်သားများဖြင့် ဒျံထံမှ အာဏာသိမ်းသည်။ အာဏာသိမ်းမှုမှာ အောင်မြင်လုဖြစ်ခဲ့သော်လည်း သူ့အားထောက်ခံသူများက လာမကယ်မီအထိ ဒျံက မျှော်လင့်ချက်မှားများပေးကာ အချိန်ဆွဲသောကြောင့် အာဏာသိမ်းမှု မအောင်မြင်။ သီက ကမ္ဘောဒီးယားသို့ ပြေးပြီး ၁၉၆၃ ခု၊ နိုဝင်ဘာလ၌ ဒျံအား ရာထူးမှချကာ ကွပ်သည်နောက် ထိုမှ ပြန်လာ၏။

ကိုးကား[ပြင်ဆင်ရန်]

  1. Sullivan, Patricia (2007-06-27). "South Vietnamese Gen. Nguyen Chanh Thi". Washington Post. Retrieved 2009-10-11.