ငါးကွန်းညှပ်

ဝီကီပီးဒီးယား မှ

ငါးကွန်းညှပ် သည် ငါးပါးနှင့်အတူ 'အန်ချိုဗီ'ငါးမျိုးစုတွင် ပါဝင်သည်။ ငါးကွန်းညှပ် ကို ငါးထန်းရွက်ဟူ၍လည်းကောင်း၊ ငါးအုပ်ဖား ဟူ၍လည်းကောင်း၊ ငါးပြားဟူ၍လည်းကောင်း ခေါ်သည်။ ပါဏဗေဒအမည်မှာ 'စက်တီပင်နာ တယ်လီရား'ဖြစ်သည်။ ငါးကွန်းညှပ်သည် ရှောက်အသင်း(ဝါ) ငါးပါးနှင့် ဆင်တူသည်။ သို့သော် ငါးပါးထက် အရွယ်အနည်းငယ်ကြီးသည်။ ငါးကွန်းညှပ်သည် အလျား ၁၆ လက်မထိ ကြီးထွားသည်။ ကျောဖက်တွင် စိမ်းလဲ့လဲ့ရောင်ရှိ၍ ဝမ်းပိုင်းတွင် ငွေရောင်စင်း၊ ရွှေရောင်စင်း ကလေးများ ရှိသည်။ ကျောဆူးတောင်နှင့် အမြီးဆူးတောင်တို့တွင်မူ အဝါရောင်အစင်းများရှိသည်။ ငါးကွန်းညှပ် ၏ ကိုယ်မှာပြား၍ ဝမ်းပိုင်းတွင် လွှသွားကဲ့သို့ အထစ်များရှိသည်။ ပါးဟက်ဝ ကျယ်သည်။ ဦးခေါင်း၏ ဘေးဖက်တွင် မျက်စိရှိသည်။ မျက်ခွံ၌ အဆီပြည့်ဝလျက် ရှိသည်။ နှုတ်ခမ်းမွေး မပါချေ။ ကိုယ်ပေါ်၌ အကြေးခွံများ ညီညီညာညာ ရှိသည်။ ဦးခေါင်းတွင် အကြေးခွံမရှိ။ အသားနှင့် အရိုးနူးညံသော ငါးမျိုးဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)