ငလျင်တိုင်းကိရိယာ
ဆီဆမိုဂရပ်ခေါ် ငလျင်တိုင်း ကိရိယာဆိုသည်မှာ မြေငလျင် လှုပ်ခြင်းကို တိုင်းတာသော ကိရိယာ ဖြစ်၏။ ဤကိရိယာကို အသုံးပြု၍ ငလျင်မည်သည့်အချိန်၌ လှုပ်သည်၊မည်သည့်နေရာ၌ လှုပ်သည်၊ မည်မျှ ပြင်းထန်စွာ လှုပ်သည်တို့ကို သိရှိနိုင်ပေ သည်။ ထိုကိရိယာသည် မြေငလျင်လှုပ်သည့်နေရာနှင့် ခရီး မိုင်ပေါင်းများစွာ ကွာဝေးစေကာမူ မည်သည့်အရပ်တွင် စတင် ၍ ငလျင်လှုပ်ကြောင်းကို အတိအကျ ပြသနိုင်ပေသည်။ ရှေး အကျဆုံး ငလျင်တိုင်း ကိရိယာသည် အေဒီ ၁၃၂ ခုနှစ်က ချန်ဟိန်းဆိုသူ တရုတ်ပညာရှိကြီး တီထွင်သော ကိရိယာ ဖြစ်သည်။ ထိုကိရိယာတွင် ချိန်သီးတစ်ခုပါရှိ၍ ထိုချိန်သီးကို အရပ်ရှစ် မျက်နှာသို့ လှုပ်ရှားနိုင်စေရန် လမ်းကြောင်းများ လုပ်ထား၏။ ထိုလမ်းကြောင်းများပေါ်တွင် သတ္တုလုံးများ တင်ထား၏။ ချိန်သီးကလာ၍ ရိုက်သောအခါ ထိုသတ္တုလုံးတို့ သည် အောက် ခံခွက်ထဲသို့ သူ့လမ်းကြောင်းအတိုင်း ကျဆင်း ကုန်၏။ ဤသို့ဖြင့် ငလျင်လှုပ်သော အရပ်မျက်နှာကို သိနိုင် အောင် စီမံထားလေသည်။
ငလျင်တိုင်းကိရိယာ အမျိုးမျိုး ရှိ၏။ ယင်းတို့၏ အခြေခံ သဘောမှာ ချိန်သီး၏ သဘောမျိုးပင် ဖြစ်သည်။ ငလျင်တိုင်း ကိရိယာတွင် ပေါင်နှင့် ချိန်သီးပါရှိ၏။ ချိန်သီးကို ပေါင် တွင် တွဲလောင်းဆွဲထားသည်။ ငလျင်လှုပ်သောအခါ ပေါင် သာလျှင် လှုပ်ရှား၍ ချိန်သီးမှာမူ မလှုပ်ရှားဘဲ တည်ရှိနိုင်၏။ ချိန်သီးထပ်တွင် ခြစ်တံတစ်ခု တပ်ထား၍ ထိုခြစ်တံသည် မြေကြီးနှင့် အတူလိုက်၍ လှုပ်နေသော စက္ကူပေါ်၌ မျဉ်း ကောက်ကို တင်စေ၏။ စက္ကူသည် ဘီးလုံးပေါ်တွင် ရစ်ပတ် လျက်ရှိသည်။ ထိုဘီးလုံးသည် လည်ပတ်နိုင်၍ ရှေ့သို့လည်း ရွေ့ရှားနိုင်၏။ဤသို့ဖြင့် ခြစ်တံသည် စက္ကူပေါ်၌ မျဉ်းကြောင်း ကို အဆက်မပြတ် ထင်စေနိုင်သည်။
ပို၍ ကောင်းမွန်သော အမှတ်အသားများကို ရရှိစေရန် ရိုးရိုးစက္ကူကို မသုံးဘဲ ဓာတ်ပုံကူးစက္ကူကို အသုံးပြုရသည်။ ခြစ်တံအစား ကြည့်မှန်မှ ရောင်ပြန်ဟပ်သော အလင်းရောင်ကို အသုံးပြုသည်။ ထို့ပြင် ကြည့်မှန်ကို ချိန်သီးတွင် တိုက်ရိုက် မတပ်ဆင်ဘဲ လှုပ်ရှားမှုကို အကြီးချဲ့ပေးနိုင်သော မောင်းတံ များတွင် တပ်ဆင်ထား၏။ ဤသို့ဖြင့် သာမန်မသိရှိနိုင်သော လှုပ်ရှားမှုများကိုပင် အကြီးချဲ့၍ သိရှိနိုင်ပေသည်။ ယခုအခါ ငလျင်တိုင်း ကိရိယာများကို လျှပ်စစ်ဓာတ်ဖြင့် စီမံထားရာ ငလျင်လှုပ်ခြင်းကို ပို၍ တိကျအောင် တိုင်းတာယူနိုင်ကြပေပြီ။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)