ငရဲကြီးရှစ်ထပ်

ဝီကီပီးဒီးယား မှ

ဗုဒ္ဓဘာသာစာပေတို့အရ ၃၁ ဘုံ တွင် ငရဲကြီးရှစ်ထပ်သည် ဒုက္ခဆင်းရဲတို့ခံစားရာ အနိမ့်ဆုံးဘုံများ ဖြစ်သည်။

သဉ္စိုဝ်း ငရဲ[ပြင်ဆင်ရန်]

သဉ္စိုဝ်း ငရဲ (Sañjīva) - အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကျေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော ငရဲ

  • လူ့ဘုံ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

ကာလသုတ် ငရဲ[ပြင်ဆင်ရန်]

ကာလသုတ် ငရဲ (Kālasūtra) - ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး၊ မှောက်လျက်တစ်မျိုး၊ ဝဲယာတစ်မျိုး၊ ရှေ့နောက်တစ်မျိုးအားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြဘဲ အမျိုးမျိုးခုတ်ရွေခံကြရသော ငရဲ

  • သဉ္စိုဝ်း ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

သင်္ဃာတ ငရဲ[ပြင်ဆင်ရန်]

သင်္ဃာတ ငရဲ (Saṃghāta) - အောက်မြေအပြင်တွင် မီးလျှံများထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့သည် ထန်းပင်ငုတ်လေးတွေစိုက်ထားသကဲ့သို့ ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှလာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့သွားပြီး နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့ သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ ကြိတ်ကာကြိတ်ကာ ပြန်၍လာခြင်းဖြင့် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော ငရဲ

  • ကာလသုတ် ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

ရောရုဝ ငရဲ[ပြင်ဆင်ရန်]

ရောရုဝ ငရဲ (Raurava) - မီးတောက်တို့သည် တဝုန်းဝုန်းထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောက်မီးလျှံ အလောင်ခံနေကြရသော ငရဲ

  • သင်္ဃာတ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

မဟာရောရုဝ ငရဲ[ပြင်ဆင်ရန်]

မဟာရောရုဝ ငရဲ (Mahāraurava) - မီးခိုးများ ငရဲတစ်လုံးခုံး ဖုံးလွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးများက အတွင်းအပြင်အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှမတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော ငရဲ

  • ရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

တာပန ငရဲ[ပြင်ဆင်ရန်]

တာပန ငရဲ (Tapana) - ငရဲသို့ကျရောက်သော သတ္တဝါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော ငရဲ

  • မဟာရောရုဝ ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

မဟာတာပန ငရဲ[ပြင်ဆင်ရန်]

မဟာတာပန ငရဲ (Pratāpana) - မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်များ စိုက်ထူထားပြီး ငရဲသူ ငရဲသားများကို ငရဲထိန်းများက သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကားခနဲ စူးဝင်ခြင်းခံကြရရှာသော ငရဲ

  • တာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

အဝီဇိ ငရဲ[ပြင်ဆင်ရန်]

အဝီဇိ ငရဲ (Avici) - အဝီဇိ ဆိုသည်မှာ `အကြားမရှိ´ ဟုအဓိပွါယ်ရသည်။ အဝီဇိမှာ ငရဲခံနေရတဲ့ ငရဲသားတွေဟာ အလွန်များသဖြင့် တစ်ဦးနှင့် တစ်ဦး အကြားမရှိအောင် ပူးကပ်နေကြရသည်။ မီးတောက်မီးလျှံများ အကြားမရှိပဲ ငရဲတစ်ခုလုံး မီးလျှံများ ဆက်နေပြီး ငရဲသားချင်းလည်း ဝါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိ ပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ၊ သတ္တဝါ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အဝီစိငရဲ ဖြစ်သည်။ ငရဲကျရာတွင် အဝီစိကိုတန်းကျသူ နည်း၏။ ကံကြီးထိုက်သူတွေလောက်သာ တန်းကျသည်။

  • မဟာတာပန ငရဲ၏ အောက် ယူဇနာ ၁၅,၀၀ဝ ဝေးသောအရပ်၌ တည်ရှိသည်။

[၁] [၂]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မောင်ဝိဇ္ဖာ “ဗုဒ္ဓ နှင့် ဗုဒ္ဓဘာသာအကြောင်း”
  2. ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)“၃၁ဘုံခရီးသည်”