ငဆောင်ချမ်းတိုက်ပွဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ငဆောင်ချမ်းတိုက်ပွဲသည် ပုဂံမင်းဆက် နရသီဟပတေ့မင်းလက်ထက် မြန်မာ့သက္ကရာဇ် ၆၄၃ ခု (ခရစ် ၁၂၇၇)ခုနှစ်၌ တာတာလူမျိုး[ကိုးကားချက်လိုသည်]တို့နှင့် မြန်မာလူမျိုးတို့ စစ်ဖြစ်ကြ၍ တိုက်ခိုက်သော တိုက်ပွဲဖြစ်သည်။ ငဆောင်ချမ်း အရပ်တွင် စစ်ပြိုင်ကြသည်ကို အစွဲပြု၍ ငဆောင်ချမ်းတိုက်ပွဲဟု တွင်သည်။ ငဆောင်းချမ်းအရပ်သည် ဗန်းမော်မြို့၏အရှေ့ဘက်ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နယ်စပ်ဒေသလောက်တွင် ရှိ၏။ ထိုငဆောင်းချမ်းတိုက်ပွဲသည် မြန်မာနိုင်ငံ၏ သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေခဲ့သော တိုက်ပွဲဟုလည်း ဆိုနိုင်သည်။ ပထမမြန်မာနိုင်ငံတော် ပျက်စီးရခြင်း အကြောင်းတစ်ရပ်မှာ မြန်မာနိုင်ငံသို့ တာတာခေါ်တရုတ်တို့ ချင်းနင်းဝင်ရောက် လာသောကြောင့် ဖြစ်၏။ ထိုတိုက်ပွဲဖြစ်ရခြင်းမှာ မြန်မာသက္ကရာဇ် ၆၄၃ ခု၊ နရသီဟပတေ့မင်းလက်ထက်တွင် တရုတ် ဦးတည်ဘွားက ရှေးယခင်မြန်မာမင်းတစ်ပါးသည် ရွှေအိုး၊ ငွေထမင်းအိုး၊ ရွှေပေါင်းချောင်၊ ငွေပေါင်းချောင်၊ ရွှေယောက်မ၊ ငွေယောက်မ၊ ရွှေဟင်းချို၊ ငွေဟင်းချိုတို့ကို ဆက်ဘူးသည်ဟူ၍ တရုတ်သံ အဖွဲ့ဝင် အမတ်တစ်ကျိပ်နှင့် မြင်းသည် ၁ဝဝဝ တို့ကို စေ၍ လာတောင်း၏။ ထိုသို့ တောင်းဆိုလာခြင်းသည် အခြေအမြစ် မရှိ၊ မဟုတ်မမှန်ဘဲ စော်ကားရန်စသည်ဟု မြန်မာတို့က ယူဆနေစဉ် တရုတ်သံတို့သည် မင်းကြီးရှေ့တော်တွင် မတော်မရော် မကျစ်မလစ်ပြုချေ၍ အမတ်တစ်ကျိပ်နှင့် မြင်းသည် ၁ဝဝဝ ကို တစ်ယောက်မလွတ်သတ်လေဟူ၍ အမိန့်တော်ရှိ၏။ အမတ်တို့လည်း မင်းကြီးအာဏာကို ကြောက်၍ တစ်ယောက်မလွတ် သတ်လေ၏။သံတို့အား သတ်လေသော အကြောင်းကို တရုတ် ဥတည်ဘွားကြားလေသော် အမျက်ပြင်းစွာ ထွက်၍ မြင်းသည် ၆,ဝဝဝ,ဝဝဝ ခြေသည် ၂ဝ,ဝဝဝ,ဝဝဝ မျှလောက်သော စစ်အင်္ဂါ တို့ကို စီရင်၍ချီလာ၏။ တရုတ် ဥတည်ဘွားက စစ်သည် ချီလာပြီဟူ၍ နရသီဟပတေ့မင်းကြီး ကြားတော်မူလေသော် စစ်သူကြီး အနန္တပစ္စည်းနှင့် ရန္တပစ္စည်းတို့အား ကြည်းရေ ၈,ဝဝဝ,ဝဝဝ သော ဆင်လုံးမြင်းရင်းနှင့်တကွ ချီတက်၍ ခုခံ တိုက်ခိုက်စေသည်။ မြန်မာစစ်သည်တို့သည် ငဆောင်ချမ်းသို့ ရောက်သော်ရောက်နေနှင့်သော တရုတ်စစ်သည်တို့နှင့် အတန်ကွာ ဗန်းမော်မြစ်ငူတွင် ကျုံးမြောင်းလုပ်၍ နားနေသည်။ တရုတ်စစ်သည်တို့ကား မြန်မာစစ်သည်တို့ရောက်ကြောင်း သိသည်နှင့်တပြိုင်နက် သစ်ကြီးဝါးကြီးများဖြင့် ထူထပ်သော တောများရှိရာ လွင်ပြင်သို့ ဆင်းသက်လာလေသည်။ တရုတ်စစ်သည်တို့ ချီတက်လာလျှင် မြန်မာစစ်သည်တို့သည် ဆင်တပ်ကို ရှေ့တွင် တင်ကာ ချီတက်တိုက်ခိုက်လေ၏။ မြန်မာတပ်များ၏ တိုက်စည်၊ တိုက်မောင်းနှင့် စစ်သည်တော်တို့၏ ကြွေးကြော်သံမှာ ပဲ့တင်ထပ်မျှရှိသည်။ တရုတ်စစ်သည်တို့၏မြင်းများမှာ စစ်ဆင်တို့ကို မတွေ့ဘူးသည်အတွက် မြင်လျှင်ချက်ချင်း ကြောက်လန့်ခြင်းဖြစ်၍ တရုတ်စစ်တပ်ပျက်လေသည်။ တရုတ်စစ်ဗိုလ်လည်း စစ်ပရိယာယ်ကို တစ်မျိုးပြင်၍ သူ၏စစ်သည်များအား မြင်းမှ ဆင်းစေပြီးလျှင်၊ ခြေလျင်ချီတက်ကာ မြားမိုးရွာစေသည်။မြန်မာစစ်သည်တို့က ပြန်လည်ခုခံကြသော်လည်းတရုတ်တို့၏ မြားဒဏ်ပြင်းထန်လွန်းသည်ကို ဆင်များမခံနိုင်သဖြင့် ဆင်တပ်ပျက်ရလေသည်။ ဆင်တပ်ပျက်သည်ကို တွေ့ရသော တရုတ်တပ်တို့မှာ တစ်အားတက်ကာ မြင်းတပ်ကို ဖွဲ့စည်း၍ စုပေါင်း တိုက်ခိုက်လေသည်။ မြင်းနှင့်ခြေလျင်တပ်မှ မြန်မာစစ်သည်တို့လည်း ရဲရဲဝံ့ဝံ့ ခုခံတိုက်ခိုက်၏။ ထိုသို့တစ်ဖက်နှင့် တစ်ဖက် လေးမြားများဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် မြန်မာတို့သည် တရုတ်စစ်သည်တို့ကဲ့သို့ သံချပ်အင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိသဖြင့် အထိအခိုက်များလေသည်။ နှစ်ဖက်စစ်သည်တို့သည် မြားကုန်ကြသောအခါ ရရာဓား၊ လှံ၊ လက်နက်တို့ဖြင့် ထိုးခုတ် တိုက်ခိုက်ကြ၏။ နှစ်ဖက်စလုံးတွင် စစ်ကူများ အဆက်မပြတ် ရောက်လာသည်နှင့်အမျှ တိုက်ပွဲမှာ ပြင်းထန်ရကား နှစ်ဖက်လုံးမှ အကျအဆုံးများလှလေသည်။ စစ်မြေပြင်အလုံးတွင် လူနာ၊ မြင်းနာ၊ လူသေ၊ မြင်းသေကောင် တို့ဖြင့် ဖုံးလွှမ်းနေတော့သည်။ ဤသို့ အပြင်းအထန်တိုက်ပွဲမှာ နံနက်မှသည် မွန်းတည့်ထိ ကြာလေသည်။ နောက်ဆုံးတွင် မြန်မာတို့ လက်ခြေပန်းကျသဖြင့် တရုတ်တို့မြစ်ကိုကူးနိုင်သော ကြောင့် ငဆောင်ချမ်းပျက်လေသည်။

ဤငဆောင်ချမ်းတိုက်ပွဲနှင့် စပ်လျဉ်း၍ ပုဂံမင်းနန်သူရွာ၊ လေးထောင့်ကန် မြောက်ကျောင်းကျောက်စာတွင် 'အနန္တ ပစ္စည်းလေ ငဆောင်ချမ်းမြို့နေရလေ၏။ ပြည်ထဲပျက်စီးသည် ဖြစ်ခဲ့၏။'ဟု ရေးထိုးထားသည်ကို တွေ့ရသည်။ တရုတ်တို့သည် ဆက်လက်ချီတက်ရာ အနန္တပစ္စည်း၊ ရန္တပစ္စည်း စစ်သူ ကြီး နှစ်ယောက်သည် ဆုတ်ခဲ့ကြ၍ မန်လည်တောင်ရံအရှေ့၌ မြို့ ၂ မြို့တည်၍ ခံပြန်၏။ ထိုမြို့တွင် အနန္တပစ္စည်းကျဆုံး သဖြင့် တရုတ်တို့သည် တရုတ်မော်သို့တိုင်အောင် ချီတက်လေသည်။ ပုဂံပြည့်ရှင် နရသီဟပတေ့ကား အောက်မြန်မာနိုင်ငံ အရောက် စုန်၍ပြေးသည်ကို အစွဲပြု၍ တရုတ်ပြေးမင်းဟု တွင်သည်။

ယင်းသို့ မြန်မာပြည်အတွင်းသို့ ငဆောင်ချမ်း ဝင်ရောက် လာ၍ ငဆောင်ချမ်းတိုက်ပွဲတွင် တရုတ်စစ်သည်တို့၏ မြား စွမ်းပြနိုင်ခဲ့ပုံကို မြင်းစိုင်းငါးစီးရှင်သီဆိုသည့် မြင်းစိုင်းမြို့ဘွဲ့ ကာချင်းတွင်၊ 'တရုတ်လာသည် ရိုင်ရိုင်လော၊ ရိုင်ရိုင်။ မြားမိုးရွာသည်၊ ဖြိုင်ဖြိုင်လော၊ ဖြိုင်ဖြိုင်။ လင်းပြင်ပြည့်မျှ၊ ငှက်လင်းတ၊ လတိုင်းလော၊ လတိုင်းလတိုင်း။ မြင်းသည်သိန်းသန်း၊ များစွာလွန်းသည်။ ထက်ဝန်းရံသ၊ မနိုင်မနိုင်။'ဟု တွေ့ရှိရ လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)