ဂွေးပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဂွေးပင်

ဂွေးပင်[ပြင်ဆင်ရန်]

ဝှေး(ဂွေး)ပင်သည် မြန်မာနိုင်ငံတွင် အမြင့်ပေ ၃ဝဝဝ အထိ အနှံ့အပြား တွေ့မြင်နိုင်သော အရွယ်အလတ်စားမျိုးသစ်ပင်ဖြစ်သည်။ ဝှေးပင်များကို အထက်နှင့်အောက် မြန်မာနိုင်ငံရှိ ဥယျာဉ်များတွင်လည်းကောင်း၊ လမ်းဘေးတစ်လျှောက်တွင်လည်းကောင်း တစ်ခါတစ်ရံ တွေ့မြင်နိုင်သော်လည်း ယင်းတို့သည် အထူးတလည် စိုက်ပျိုးကြရသော အပင်များဟု မဆိုနိုင်ချေ။ အစေ့ကိုစိုက်၍ အပင်သစ်ပွားအောင် ပြုလုပ်ယူနိုင်သည်။ အစေ့ကို ပျိုး၍ရသည့် တစ်နှစ်သားအရွယ်ရှိ အပင်ငယ်တွင် အကိုင်းဆက်ခြင်းဖြင့်လည်း အပင်သစ်ပွားအောင် လုပ်ယူနိုင်ပေသေးသည်။


ဝှေးပင်၏အခေါက်သည် ချောမွတ်၍ ယင်း၌ မွှေးကြိုင်သောရနံ့ရှိသည်။ အပင်၏ အမြင့်သည် ပေ ၇ဝ အထိရှိနိုင်၍ ပင်စည်လုံးပတ်မှာ ခုနစ်ပေမျှအထိရှိသည်။ ဝှေးပင်၏ အသားသည် ပျော့၍ဖြူသည်။ ဝှေးသားသည် ပျက်စီးယိုယွင်းလွယ်သဖြင့် ထိုသစ်သားကို အသုံးချနည်းသည်။ သို့သော် စက္ကူလုပ်ရန်ကား ကောင်းမွန်လေသည်။ မီးခြစ်လုပ်ငန်းအတွက်လည်း ကောင်းမွန်သောသစ်သားဖြစ်သည်။

ဝှေးပင်မှ သစ်စေးတစ်မျိုးကို ရရှိနိုင်သည်။ ဝှေးပင်၏ အခေါက်ကို ဝမ်းကိုက်ပျောက်ဆေးအဖြစ်လည်းကောင်း၊ အသီးကိုအစာအိမ်ပျက်သဖြင့် ခံစားရသော လေနာရောဂါအတွက် ဆေးအဖြစ်လည်းကောင်း အသုံးပြုကြ သည်။ ဝှေးပင်ကို ရုက္ခဗေဒအလိုအားဖြင့် စပွန်ဒီယက် မန်ဂျစ်ဖာရာ(Spondias mangifera ၊ syn. Spondias pinnata)ဟု ခေါ်သည်။ ဝှေးပင်တွင် ဝှေးချိုပင်၊ သို့မဟုတ် သင်္ဘောဝှေးပင်နှင့် တောင် ဝှေးပင်ဟူ၍လည်း အခြားဝှေးပင်မျိုးများရှိကြသေးသည်။ အထက်မြန်မာနိုင်ငံတွင် ပေပေါင်း ၂၅ဝဝဝ ကျော်မြင့်သော တောင်ပေါ်သစ်တောများတွင် တောင်ဝှေးပင်များပေါက်ရောက်သည်။ ဝှေးချိုပင်သည် သာမန်ဝှေးပင်နှင့် ခပ်ဆင်ဆင်တူသော်လည်း အရွက်သေး အရွက်ငယ်တို့သည် အလျားပို၍ ရှည်သည့်အပြင် အရွက်နားတို့တွင်လည်း ခွေးသွားစိတ်များပါရှိလေသည်။ အသီး၌ ချိုသောအရသာရှိသည်။ မြန်မာနိုင်ငံ၌ ကြံပဒေသာများနှင့် ဆီးယိုများကို သရေစာအဖြစ်နှင့် ရောင်းချကြသည့်နည်းတူ ဝှေးချိုသီးကို အခွံသင်၍ ဆားနှင့် ငရုတ်သီးမှုန့် ရောရာကို သုတ်လူးပြီးလျှင် ရုပ်ရှင်ရုံ၊ မော်တော်ကားဆိပ် စသော လူစည်ကားသည့် နေရာများ၌ အနှံ့အပြား လှည့်လည်ရောင်းချလျက်ရှိသည်ကို တွေ့မြင်နိုင်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)