ဂျွန်ဘုရင်(အင်္ဂလိပ်)

ဝီကီပီးဒီးယား မှ
ဂျွန်ဘုရင်၏ ပုံကြမ်း

ဂျွန်ဘုရင်(အင်္ဂလိပ်) (ခရစ် ၁၁၆၆-၁၂၁၆)[ပြင်ဆင်ရန်]

အင်္ဂလန်သမိုင်းတွင် အဆိုးဆုံးဘုရင်တပါးဟု တွင်ခဲ့သော ဂျွန်သည် ဒုတိယဟင်နရီ၏ မိဖုရားဖြစ်သူ အက်ကွီတိန် မင်းသမီး၊ အယ်လင်နာမှ ဖွားမြင်သော အထွေးဆုံးသားတော် ဖြစ်သည်။ ဂျွန်မင်းသားကို ၁၁၆၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် အောက်စဖို့မြို့၌ ဖွားမြင်သည်။ ငယ်စဉ်က အခြား မင်းသားများကဲ့သို့ ခမည်းတော်ထံမှ မြေယာတစ်စုံတစ်ရာ မရရှိခဲ့၍ 'မြေယာမဲ့မင်းသား'ဟု တွင်လေသည်။ သို့သော် နောင်အခါတွင် အင်္ဂလန်နှင့် ပြင်သစ်နိုင်ငံ အနှံ့အပြား၌ ရဲတိုက်ကြီးများ၊ မြေယာအမြောက်အမြား ရရှိရုံမက ကြွယ်ဝ သောဒျုဘွဲ့ရဂလော့စတာစားကြီး၏ သမီးတော်အဇ္ဇဗဲလားနှင့် လက်ဆက်ရသောကြောင့် မင်းသားထဲတွင် အကြွယ်ဝဆုံး ဖြစ် လာသည်။ ၁၁၈၅ ခုနှစ်တွင် အိုင်ယာလန်ပြည်သို့ သွားရောက် ၍ အုပ်ချုပ်ရလေသည်။ သို့သော် မကြာမီ အင်္ဂလန်သို့ ပြန် လာပြီးလျှင် ခမည်းတော်အား လုပ်ကြံရန် အားထုတ်နေသော နောင်တော်ရစ်ချတ်နှင့် ပြင်သစ်ဘုရင် ဖိလစ်အောဂစ်တပ်တို့ ထံသို့ ဝင်ရောက်ပူးပေါင်းလေသည်။ သားတော်များ၏ အကြံ အစည်ကို သိသောအခါ လွန်စွာ စိတ်နှလုံး မချမ်းမြေ့သဖြင့် အိပ်ရာ၌ လဲလေတော့သည်။ ထိုရောဂါနှင့်ပင် ဟင်နရီဘုရင် နတ်ရွာစံလေသော် ရစ်ချတ်နန်းတက်၍ ဂျွန်အား မူလပိုင်နယ် အားလုံးကို ပြန်လည်အပ်နှင်းပြီး အသိအမှတ်ပြုသည်။ နောက် ထပ်လည်း များစွာချီးမြှင့်သေး၏။ များမကြာမီ ရစ်ချတ်ဘုရင်သည် တတိယ ကရူးဆိတ်စစ်ချီ ထွက်၍ နန်းစောင့်များချထားခဲ့သည်တွင် ဂျွန်မင်းသားအား မထည့်သွင်းဘဲ ထားရုံမက တူတော်ဖြစ်သော ဗရစ်တန္နီစား အာသာကို နန်းလျာထားခဲ့လေသည်။ ထိုအခါ ဂျွန်သည် သူကိုယ်တိုင် ထီးနန်းရရှိရန် ကြံစည်အားထုတ်၏။ ရစ်ချတ် ဘုရင်ပြန်လာသောအခါ အားလုံးပိုနေမြဲ ကျားနေမြဲ ဖြစ်သွား ရုံမက ဂျွန်နှင့်လည်း ကျေအေးကာ ချစ်ကြည်စွာ နေထိုင်သွား ကြသည်။ ထိုနောက် ၅ နှစ်အကြာ ရစ်ချတ်ဘုရင် နတ်ရွာ စံသော အခါတွင်လည်း အာသာအား နန်းလျာထားသည်ကို လျစ်လျူပြု၍ ဂျွန်အား ထီးနန်းကို အပ်နှင်းခဲ့၏။ ထိုအခါ ပြင်သစ်နယ်ကြီး ၂ နယ်၏အကူအညီဖြင့် အာသာ မင်းသားထကြွသော်လည်း နောက်ဆုံးတွင် အရေးနိမ့်၍ ဂျွန်၏ လက်တွင်းသို့ ကျရောက်သွားသဖြင့် ကွပ်မျက်ခြင်း ခံရလေ သည်။ ဂျွန်ဘုရင် ထီးနန်းရလာသည်မှစ၍ တိုင်းသူပြည်သား များမှာ ကျေနပ်ဖွယ်ရာမရှိသော အကြောင်းများစွာတို့ကို တွေ့ ကြရလေသည်။ ဂျွန်၏ မိဖုရားဖြစ်သူ ဂလော့စတာ မင်းသမီး အဇ္ဇဗဲလားကို ကွာရှင်း၍ အန်ဂူလမ်းမင်းသမီး အဇ္ဇဗဲလားအား လက်ထပ်ခြင်းကိုလည်း မှူးမတ်ပိုင်းမှ မကျေနပ်ကြချေ။ အာသာမင်းသားကလေးကို သတ်လိုက်ခြင်းတွင်လည်း ဂျွန်မှာ အပြစ်တင်စရာဖြစ်နေ၍ အန်ဇူ၊ နော်မန်ဒီ စသည့် နယ်တို့က မကျေနပ်ဖြစ်ကြ၏။ သူ၏ ကြမ်းတမ်းသော အုပ်ချုပ်မှုကြောင့် တိုင်းသူပြည်သား လူအများလည်း ငြိုငြင်ကြလေသည်။ ထို အတောအတွင်း ပြင်သစ်ဘုရင်နှင့် စစ်မက်ဖြစ်ပွားရာ၌ ပြင်သစ် ရှိ သူပိုင်ဆိုင်သောနယ်မြေများစွာကို ဆုံးရှုံးရလေသည်။ ထိုနောက် ဂျွန်သည် ကန်တာဗရီဂိုဏ်းချုပ် ခန့်ထားရေးနှင့် စပ်လျဉ်း၍ ပုပ်ရဟန်းမင်း တတိယအင်နိုဆင့်နှင့် မသင့်မတင့် ဖြစ်ပြန်၏။ သို့ရာတွင် လူအများက သူ့အား မကြည်ညိုခိုက် ဖြစ်၍ ပုပ်ရဟန်းမင်းကို အာခံရန်မတတ်သာဘဲ ရှိခဲ့ရလေသည်။ ပြင်သစ်ရှိ နယ်မြေများကို ပြန်လည်ရရှိရန်အတွက် အကြံအစည် ပြုလုပ်၍ အင်္ဂလန်မှ ဂျွန်ထွက်ခွာသွားခိုက်တွင် အင်္ဂလန်ရှိ မှူးမတ်တို့က ရှေ့ဆောင်၍ တရားမျှတသော အုပ်ချုပ်မှုကို ရရှိရန် စိုင်းပြင်းကြလေသည်။ မှူးမတ်တို့ အင်အားကောင်း လှ၍ ဂျွန်ဘုရင်လည်း တစ်စုံတစ်ရာ မတတ်နိုင်တော့ဘဲ ၁၂၁၅ ခုနှစ် ဇွန် ၁၅ ရက်နေ့တွင် ရန်းနီးမိအရပ်တွင် တွေ့ဆုံကာ မှူးမတ်တို့ရေးဆွဲသော မဂ္ဂနာကာတာခေါ် စာချုပ်ကြီးကို တံဆိပ်ခတ်နှိပ်၍ အသိအမှတ်ပြုလိုက်ရလေသည်။

သို့ရာတွင် ဂျွန်မှာ အဲမကျေနိုင်ဘဲ စစ်တပ် စုဆောင်း၍ မှူးမတ်တို့ကို ရန်ရှာပြန်လေရာ မှူးမတ်တို့လည်း ပြင်သစ်မင်းသား လူဝီကို အင်္ဂလန်ထီးနန်းတင်ရန် ခေါ်ယူလိုက် ကြလေသည်။ လူဝီလည်း စစ်တပ်ကြီးနှင့် ချီတက်လာကာ အင်္ဂလန်ပြည်နယ်အချို့ကို သိမ်း၏။ လူဝီအား တွန်းလှန်ရန် အားထုတ်ခြင်းသည် ဂျွန်၏ ဆောင်ရွက်ခဲ့သမျှတို့တွင် မှတ်သား စရာ အကောင်းဆုံး ဖြစ်လေသည်။ သို့သော်လည်း ထိုအတော အတွင်း၊ ၁၂၁၆ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့၌ ဂျွန် ဘုရင်သည် နျူးအတ်မြို့တွင် အဖျားရောဂါ ကပ်ရောက်ပြီး နောက် ထိုရောဂါနှင့်ပင် ကွယ်လွန်လေတော့သည်။ ဂျွန်ဘုရင်တွင် ဒုတိယမိဖုရားဖြစ်သူ အန်ဂူလမ်းမင်းသမီး အဇ္ဇဗဲလားမှ သား ၂ ယောက်၊ သမီး ၃ ယောက် ဖွားမြင် သည်။ (တရားမဝင်သော သားတစ်ယောက်နှင့် သမီး တစ်ယောက်လည်း ရှိ၏။)ယင်းတို့တွင် သားတော်အကြီးမှာ တတိယ ဟင်နရီဖြစ်လာ၍ အငယ်မှာ ဒျုဘွဲ့ရ ကွန်းဝေါစား ဖြစ်လေသည်။ သမီးတော်အကြီး ဂျိုအန်မှာ စကော့တလန် မိဖုရားဖြစ်၍ သမီးတော်အလတ်မင်းသမီး အဇ္ဇဗဲလားမှာ ဧကရာဇ်ဒုတိယ ဖရက်ဒရစ်၏ မိဖုရား ဖြစ်လာသည်။ သမီးတော်အငယ် အယ်လင်နာမှာ ပင်ဗရုတ်မြို့စားကတော် ဖြစ်လေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)