ဂျူလီယာ ဂေးလတ်

ဝီကီပီးဒီးယား မှ
ဂျူလီယာ ဂေးလတ်

ဂျူလီယာ အီလင်း ဂေးလတ် (Julia Eileen Gillard) (၁၉၆၁ ခုနှစ် စက်တင်ဘာ ၂၉ ရက် ဝေလနိုင်ငံ ဖွား) သည် ဩစတြေးလျနိုင်ငံ ၏ ၂၇ ယောက်မြောက်နှင့် လက်ရှိ ဝန်ကြီးချုပ် ဖြစ်သည်။ ၂၀၁၀ ခုနှစ် ဇွန်လ မှစ၍ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဂေးလတ်သည် သူမ၏ မိသားစုနှင့် အတူ ဩစတြေးလျနိုင်ငံ အက်ဒလိတ်မြို့သို့ ၁၉၆၆ ခုနှစ်တွင် ရွေ့ပြောင်းလာခဲ့ပြီး မစ်ချ်ဟမ်း ဒီမွန်စထရေးရှင်း ကျောင်း နှင့် အန်လေး အထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဂေးလတ်သည် မဲလ်ဘုန်းမြို့သို့ ပြောင်းရွေ့ခဲ့သည်။ သူမသည် မဲလ်ဘုန်း တက္ကသိုလ်မှ ဥပဒေဘွဲ့နှင့် ဝိဇ္ဇာဘွဲ့တို့ဖြင့် ၁၉၈၆ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ သူမသည် နိုင်ငံရေးနယ်ပယ်သို့ မဝင်ရောက်မီတွင် စလေတာ နှင့် ဂေါ်ဒွန် ဥပဒေရေးရာ ကုမ္ပဏီတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေများကို အထူးပြုခဲ့သည်။

ဂေးလတ်သည် ၁၉၉၈ ခုနှစ် ဖက်ဒရယ် ရွေးကောက်ပွဲတွင် ဗစ်တိုးရီးယားပြည်နယ် လေလာ၌ ဩစတြေးလျနိုင်ငံ လေဘာပါတီကို ကိုယ်စားပြု၍ အရွေးချယ်ခံ ခဲ့ရသည်။ ၂၀၀၁ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အပြီးတွင် ဂေးလတ်သည် ရှဲဒိုး ကက်ဘိနက်တွင် လူဦးရေ နှင့် လူဝင်မှု ကြီးကြပ်ရေး ဆိုင်ရာ ကိစ္စရပ်များကို ကြီးကြပ်ရန် ခန့်အပ် ခံခဲ့ရသည်။ ပြန်လည်ပေါင်းစည်းရေးဆိုင်ရာ၊ လူမျိုးစုများ ဆိုင်ရာ နှင့် ကျန်းမာရေး ဆိုင်ရာ တာဝန်များကို နောက်တွင် ထပ်မံ ဖြည့်စွက်ခဲ့သည်။ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကီဗင်ရတ်ဒ်သည် လေဘာပါတီ၏ ခေါင်းဆောင်ဖြစ်လာပြီး ဂေးလတ်မှာ ဒုတိယ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

၂၀၀၇ ခုနှစ် ဖက်ဒရယ် ရွေးကောက်ပွဲတွင် လေဘာပါတီ အောင်ပွဲခံပြီးသည့် အခါတွင် ဂေးလတ်သည် ဒု-ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ပညာရေး၊ အလုပ်အကိုင် နှင့် လုပ်ငန်းဆိုင်ရာ ဝန်ကြီးဌာန၏ ဝန်ကြီး အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၂၀၁၀ ခုနှစ် ဇွန်လ ၂၄ ရက်တွက် ကီဗင်ရတ်ဒ် သည် သူ၏ ပါတီမှ ထောက်ခံမှု ဆုံးရှုံးခဲ့ပြီး ဘေးထွက်ခဲ့ရသည်။ ဂေးလတ်မှာ ဩစတြေးလျ လေဘာပါတီ၏ ဖက်ဒရယ် ခေါင်းဆောင် ဖြစ်သဖြင့် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ဩစတြေးလျနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

၂၀၁၀ ခုနှစ် ဖက်ဒရယ် ရွေးကောက်ပွဲတွင် အာဏာရ အစိုးရ ဖြစ်သော ဂေးလတ်၏ လေဘာ အစိုးရသည် တိုနီ အဘော့ ဦးဆောင်သော အတိုက်အခံ ညွန့်ပေါင်း အစိုးရနှင့် ယှဉ်ပြိုင်ပြီးနောက် ဩစတြေးလျ ဂရင်းပါတီ နှင့် တသီးပုဂ္ဂလ အမတ် ၃ ဦးတို့၏ ထောက်ခံမှုဖြင့် အစိုးရ ပြန်ဖြစ်လာခဲ့သည်။