ဂျုံပိုး

ဝီကီပီးဒီးယား မှ
ဂျုံပိုး
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Arthropoda
မျိုးပေါင်း: Insecta
မျိုးစဉ်: Coleoptera
မျိုးရင်း: Curculionidae
မျိုးရင်းသေး: Dryophthorinae
မျိုးဇာတ်: Litosomini
မျိုးစု: Sitophilus
မျိုးစိတ်:
S. granarius
ဒွိနာမ
Sitophilus granarius
Synonyms

ဂျုံပိုး သည် ခြေဆစ်များ သတ္တဝါ၊ အင်းဆက် (ပိုးကောင်) တစ်မျိုးဖြစ်ပြီး ကောက်ပင်တို့၏ အစေ့ကို စားသည်။ နေရာဒေသအများစုတွင် တွေ့နိုင်သည်။ ရိတ်သိမ်းပြီး ကောက်တို့တွင် အတန်ငယ်ဆုံးရှုံးမှုဖြစ်အောင်လုပ်ကာ ထွက်နှုန်းကျစေတတ်သည်။ အမသည် ဥတို့ကို ကောက်စေ့တွင်း၌ ဥအုပြီး သားလောင်းတို့သည် ကောက်စေ့၏အူတိုင်ကို စားသည်။

သရုပ်သကန်[ပြင်ဆင်ရန်]

ကြီးကောင်ဝင် ဂျုံပိုးသည် ၃-၅ မီလီမီတာ (၀.၁၂-၀.၂ လက်မ) မျှ ရှည်ပြီး နှာရိုးချွန်ချွန် ရှိသည်။ ကောက်၏အူတိုင်အမျိုးအစားသည် ဂျုံပိုးအရွယ်ကိုလည်း ပြောင်းလဲစေတတ်သည်။ လူးနှင့်ဆပ်တို့တွင် အရွယ်ငယ်ပြီး ပြောင်း (နှံစားပြောင်း) တွင် အရွယ်ကြီးသည်။ အရွယ်ရောက်ပြီးသော ဂျုံပိုးသည် နီညိုရောင်ရှိပြီး ထင်သာမြင်သာသော အမှတ်အကွက်များ မရှိတော့။ ကြီးကောင်ဝင် ဂျုံပိုးသည် မပြေးနိုင်။ သားလောင်းများမှာမူ ကျောခွံမာမာ၊ ခြေမဲ့လက်မဲ့၊ အဖြူရောင်ကိုယ်နှင့် ညိုတိုတိုခေါင်းတို့ ရှိသည်။ သားပေါက် ဂျုံပိုးတို့သည်လည်း အရွယ်ရောက်ပြီး ဂျုံပိုးတို့ကဲ့သို့ နှာရိုးရှည် ထွက်သည်။

သဘာဝသမိုင်း[ပြင်ဆင်ရန်]

ဘဝသံသရာ[ပြင်ဆင်ရန်]

ဂျုံပိုးမတို့သည် ကောက်စေ့တွင်း တကြိမ်အုလျှင် ၃၆ ဥမှ ၂၅၄ ဥကြား အုတတ်သည်။ သားလောင်းဘဝ သားပေါက်ဘဝအစတို့ကို ကောက်စေ့ထဲ၌ပင် ကုန်ဆုံးကြသည်။ သားလောင်းသည် သားပေါက်အဆင့်မရောက်မီအထိ အူတိုင်ကို စားနေပြီး သားပေါက်ဖြစ်သည်နောက် အပေါက်ဖေါက်ကာ အပြင်သို့ ထွက်လာသည်။ သားလောင်း သားပေါက်တို့ကို အပြင်၌မြင်ရသည်က ရှား၏။ နွေရာသီ၌ သားလောင်းသည် ကောက်စေ့တွင်း၌ ၅ ပတ်ခန့် နေသည်။ သို့သော် ရာသီဥတုအေးပါက အပတ် ၂၀ အထိ အချိန်ယူရသည်။ ကောက်စေ့မှထွက်ပြီးနောက် ကြီးကောင်ဝင်သော ဂျုံပိုးသည် ပြင်ပ၌ ၈ လခန့် အသက်ရှည်သည်။

အမူအကျင့်[ပြင်ဆင်ရန်]

ကြီးကောင်ဝင် ဂျုံပိုးအား ရန်ပြုသောအခါ၌လည်းကောင်း၊ နှောင့်ယှက်သည့်အခါ၌လည်း ခြေလက်တို့ကို ကိုယ်၌ကပ်ကာ သေယောင်ဆောင်တတ်သည်။ ဂျုံပိုးမသည် ကောက်စေ့တစေ့အတွင်း၌ ဥအုပြီးပါက အခြားဂျုံပိုးတို့ ထိုအစေ့၌ ဥရှိကြောင်း သိနိုင်သည်။ အပေါက်ငယ်ဖေါက် ဥအုပြီး အစေးဖြင့် ပြန်ပိတ်ရသောကြောင့် ထိုအစေးကို အနံ့ခံမိပါက ဥရှိကြောင်း သိရခြင်း ဖြစ်လေ၏။ ထိုသို့ သိသဖြင့် ဥများပျက်စီးခြင်းမှ ကင်းဝေးရသည်။ ဂျုံပိုးတစုံသည် တနှစ်အတွင်း သား ၆၀၀၀ အထိ ပေါက်နိုင်သည်။

သဘာဝအရဖြစ်သော ကောက်တို့တွင် မတွေ့ရဘဲ လူတို့ ရိတ်သိမ်းသို့လှောင်သည့်အခါ၌သာ ရှိကြောင်း သိရတတ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Sitophilus granarius (Linnaeus, 1758)Integrated Taxonomic Information System။ September 6, 2012 တွင် ပြန်စစ်ပြီး။