ဂျီဟောသူ (စာအုပ်)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
မစန္ဒာ ၏ ဂျီဟောသူ

စက်မှုတက္ကသိုလ်ကိုနောက်ခံထား၍ ကျောင်းသားအဆောင်များကို အေ-ဘီ-စီ တပ်၍ ခေါ်သောအခါ စုစုပေါင်းခြောက်ဆောင်ရှိလေသည်။ သတ္တမမြောက် အဆောင်သည် မိန်းကလေးအဆောင်ဖြစ်လေသောကြောင့် "ဥတ္တရဆောင်" ဟု အမည်ပေးထားသော်လည်း နံပါတ်စဉ်အရ "G" ဖြစ်သောအဆောင်မို့"ဂျီဟော" ဟု အခေါ်များလေသည်။

ထို "ဂျီဟော" တွင်နေသော အဆောင်နေကျောင်းသူတို့သည် စာအုပ်နာမည်အတိုင်း ဂျီဟောသူ များ ဖြစ်လာတော့သည်။

"ဂျီဟောသူ" ဇာတ်ကောင်တို့ကို ဖော်ပြရလျှင်.........

  • မာနကြီးသော်လည်း ဂရုဏာကြီးတတ်သော ညိုထွေး
  • စိတ်ကူးယဉ်အတွေးလွန်တတ်သော ခင်ချို (သို့သော် ဒီဇာတ်လမ်းတွင် သူမက တရားသူကြီး)
  • မြင်မြင်သမျှ ရယ်စရာလုပ်ပြီး ဘရုတ်ကျလေ့ရှိသော ဝေဝေ နှင့်မော်မော်
  • အစားကြီးပြီး ကြောက်တတ်သော မိ
  • ဒေါသကြီးတတ်သော မဝါ (ဆယ့်နှစ်လရာသီ မဒေါကန်ဟု ထောပနာပြုထားသည်)
  • ကလေးဆန်သော ထွေးထွေး
  • လူကြီးအဆန်ဆုံးသော မမခင်

ဂျီဟောသူများမှာ အလှသိပ်မပြင်၊ သနပ်ခါးရေကျဲလိမ်းပြီး ကျောင်းတက်ကြသူများမို့အလှပြင်ချိန် ငါးမိနစ်ခန့်သာ လုံလောက်သည်။ တစ်ရာလျှင် တစ်ယောက်လောက်သာ ရေမွှေးသုံးတက်ကြသည် ထင်၏။ နှုတ်ခမ်းနီ မိတ်ကပ်သုံးလေ့ရှိသော ခင်ချိုပင် ဂျီဟောဆောင် သို့ ရောက်သောအခါ သနပ်ခါးရေကြဲအုပ်စုဝင်ဖြစ်သွားတော့သည်။ ခင်ချို၏ ရယ်ဗလွန် နှုတ်ခမ်းနီဘူးလေးများ မှိုတက်လုနေပြီဟု ထင်သည်။ အထက်ပါ မြန်မာမှုကို ထိမ်းသိမ်းသော သနပ်ခါးရေကြဲပုံစံများကို ဆရာမ မစန္ဒာ က သိမ်မွေ့လှပစွာ ရေးဖွဲ့ ထားလေသည်။

ဂျီဟောသူများ အလှသိပ်မပြင်သည့်အတွက် စက်မှုကျောင်းသားများက ဂျီဟောသူတွေ မလှဘူးဟု အပြောခံရလေသည်။ ထိုအခါ ဂျီဟောသူများ ဆွေ့ဆွေ့ခုန်လေတော့သည်။ မခံချင်မှန်းသိလို့လည်း ပြောသူက ပိုပြောကြသည်။ သို့သော်လည်း ဂျီဟောသူတို့သည် သနပ်ခါးရေကြဲကို လိမ်းမြဲ လိမ်းကြလေသည်။ ဤသို့မခံချင်စိတ် ဖြင့် တဖက်နှင့် တဖက်အပြန်အလှန်စနောက် ဖြစ်လာသောအခါ ဂျီဟောသူတို့ဘက်မှ မိန်းမမာနကို ထိပါးလာသောကြောင့် နှလုံးသားမြှားပစ်ခွင်းရန် ဇာတ်လမ်းထွင်ရန် အလောင်းအစားပြုလိုက်ပါတော့သည်။

ထိုအလောင်းအစားသည် မခံချင်စိတ်မှဖြစ်ပေါ်လာသော လက်ဖတ်သုတ်ဝိုင်းမှ စတင်လေသည်။ "ယောက်ျားနှင့်မိန်းမ ပြိုင်ပြောစတမ်းဆိုလျှင် မိန်းကလေးကပဲ ရှုံးရမှာပေါ့" စကားအပေါ် မကျေနပ်သော ညိုထွေးသည် ဝေဝေ ၊ မော်မော်၊ မိ နှင့် မဝါတို့လေးယောက်နှင့် ငြင်းခုံရင်း အလောင်းအစားလုပ်ခဲ့ကြလေသည်။ ကြားနေဝါဒကို လက်ကိုင်ထားသော ဒိုင်လူကြီးအဖြစ်ကား ခင်ချို ဖြစ်လေသည်။

သူတို့လောင်းကြေးအတွက် အလျှော်အစားများ သတ်မှတ်ပြီးသော အခါ အားလုံး လက်ဖက်စားပြီး သစ္စာပြုခဲ့ကြလေသည်။

"မိန်းမမာယာ သဲကိုးဖြာ" ဟု ကြားဖူးပါသည်။ ထို့အတူ "ယောက်ျားမာယာ သောင်ကိုးရာ" ဟုလည်း ကြားဖူးသည် မဟုတ်ပါလော။ ဂျီဟောသူတို့ကား အဆောင်နေ လက်ဖက်စားပွဲမှ အတည်ပြုလိုက်သော အလောင်းအစားမှသည် စက်မှုကျောင်းသားတစ်ယောက်ဖြစ်သော ကိုရင်မောင်၏ နှလုံးသားကို မာနရှင်ညိုထွေးက မြှားပစ်ခွင်းရန် သဲကိုးဖြာမှ သဲတဆုပ်၊ သဲတမှုန်ထုတ်ယူ သုံးမသုံးကိုမူ ဇာတ်လမ်းတွင် သိမ်မွေ့နူးညံ့စွာရေးထားသောကြောင့် စိတ်ထဲတွင် အတော်လေး ခံစားရပြီး မစန္ဒာခေါ်ရာ စာအုပ်နောက်သို့ လိုက်ပါသွားရပြန်ပါသည်။

"သဲကိုးဖြာထဲမှ သဲတဆုပ်ကိုတော့ ညိုထွေးသုံးခဲ့ပြီထင်ပါရဲ့" ဟု မဝါက မေးလျှင် "သဲတမှုန် နှစ်မှုန်ပါ မဝါရယ်၊ တဆုပ် မကုန်ပါဘူး" ဟု ညိုထွေးက ဖြေခဲ့လေသည်။

ကိုရင်မောင် ခွေးကိုက်ခံရသောအခါ ညိုထွေးသည် သူ့စာအုပ်ကြားထဲတွင်ညှပ်ထားသော လက်ကိုင်ပဝါအဖြူလေးကို အနာစည်းရန် ကမ်းပေးလိုက်သည်။

"သဲတစ်မှုန့်နှစ်မှုန့်တော့ သုံးခဲ့ပြန်ပြီ ထင်ပါရဲ့၊ ဟုတ်လား ညိုထွေး" ဟု ခင်ချိုက မေးသောအခါ ညိုထွေးခေါင်းခါပြလေးသည်။

"ဒီတစ်ခါ တကယ့် စေတနာနဲ့ပေးလိုက်တာပါ ခင်ချိုရယ်၊ ညိုထွေးထွင်တာမဟုတ်ပါဘူး" ဟု ဆိုသော ညိုထွေးရဲ့ဂရုဏာရောင်မျက်လုံးတွေကို တွေ့သယောင် ထင်ရသည်။

ကိုရင်မောင်ခွေးကိုက်ဒဏ်ရာပျောက်ပြီးနောက် လမ်းတွင် ညိုထွေးတို့သူငယ်ချင်းအုပ်စုတွေနဲ့တွေ့ကြပြန်လေသည်။ ညိုထွေးက ကိုရင်မောင်နဲ့စကားရှည်ရှည်မပြောချင်သေးဘူး ဟုပြောသောအခါ ဝေဝေတို့ အံဩသွား၍ မေးသောအခါ

"ဩော်.. ဝေဝေရယ်...စစ်ပွဲဆိုတာ အမျိုးမျိုးရှိတယ်၊ ထိုးစစ်ရှိတယ် ခံစစ်ရှိတယ် ဆုတ်စစ်ရှိတယ်..." ဟု ညိုထွေးက ဆိုလေသည်။

ညိုထွေးသည် ကိုရင်မောင် သူနှင့် စကားရှည်ရှည် ပြောချင်သည်ကို သိသဖြင့် မသိမသာလေး ဆုတ်လိုဟန်ရှိသည်။ တဖက်က ဆုတ်လျှင် လူ့သဘာဝအရ တဖက်က တက်စမြဲပင်တည်း။ သို့သော် ထိုးမည့်ဆင်သည် နောက်သို့တလှမ်းဆုတ်လေ့ရှိသည်ကို ခင်ချိုက မြင်နေသည်။


ဆရာမ မစန္ဒါသည် ဇာတ်ကောင်တို့ရဲ့သဘောကို စကားလုံးများဖြင့် ဖော်ဆောင်ရာတွင် အထက်ပါ လေးနက်သော စစ်နည်းဗျူဟာ စကားများထည့်သွင်းခဲ့လေသည်။ ထို့ကြောင့်လည်း ဂျီဟောသူ ဇာတ်ကောင် ရုပ်များသည် ပိုမိုပီပြင်တောက်ပလာလေတော့သည်။

တက္ကသိုလ်နောက်ခံကားများကို လှလှပပကြီး စာစီပြပြီးသောအခါ လွမ်းဆွတ်ဖွယ်ကောင်းသော ကျောင်းပိတ်ချိန် ခွဲခွာချိန် ရောက်လုချိန်ဝယ်

ဩော်တစ်နေ့တစ်နေ့၊ တရွေ့ရွေ့နှင့် နှင်းငွေ့သိုင်းခြုံ၊ ဆောင်းနှင်းကုန်၍ ခါနွေဘက်သို့ကူးခဲ့ပြီ။ နွေအဦးမို့၊ လေရူးမြူးပျော် ဥဩကျော်လျက်၊ ကံ့ကော်တွေလဲဖူးခဲ့ပြီ။ ဖူးပုရစ်စီ၊ ကသစ်နီနှင့် ရာသီအခါ ငုဝါဝါတို့ မကွာပျော်လျက် မော်ကြသည်။ ရွှေစင်သော်မော်၊ ကသစ်ပျော်လည်း သံကျော်ဥဩ၊ တေးသီပြောလည်း စိတ်မောဗျောဝ၊ သောကပွေသည် ဒို့တွေ ခွဲခွာရဦးမည်။


ဟု ကဗျာဝါသနာပါသော မိက ကဗျာလေးပုဒ်ကို စပ်ဆိုခဲ့လေသည်။

အားလုံးကျောင်းတွေပြီး၍ ဘွဲ့ယူကြသောအခါ ကိုရင်မောင်ရော၊ ညိုထွေးပါ အစမ်းလေ့ကျင့်ပွဲသို့မလာကြချေ။ သို့သော်လည်း နောက်ဆုံးအပြီးသတ် ဇာတ်လမ်းတွင် ဂျီဟောသူ သည် အားလုံးအတွက် ကြည်နူးဖွယ်ဖြစ်ခဲ့လေသည်။

အဆောင်နေကျောင်းသူတို့ရဲ့ရယ်ရွှင်ဖွယ် အဖြစ်အပျက်များ၊ လွမ်းဆွတ်ဖွယ်၊ သာယာကြည်နူးဖွယ်ကောင်းပုံများကို သရုပ်မှန်မှန်ဖြင့် ရေးဖွဲ့ထားသောကြောင့် "ဂျီဟောသူ" စာအုပ်သည် ဤမျှ နာမည်ကြီးသည်မှာ ဖတ်ရူရင်းလေ့လာရင်းပင် သိခွင့်ရပါတော့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြလေးသျှင်။ ရယ်မော လွမ်းဆွတ်ရင်း ကြည်နူးဖွယ်ကောင်းသော ဂျီဟောသူ။ ၇ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။မတ်လ ၂၀၁၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]