ဂျိမ်းစ် ဟော့ဝု ဂျင်းန်

ဝီကီပီးဒီးယား မှ
ဆာ ဂျိမ်းစ် ဟော့ဝု ဂျင်းန်
မွေးဖွား(1877-09-11)၁၁ စက်တင်ဘာ၊ ၁၈၇၇
Southport (Ormskirk Registration District) Lancashire, England
ဆုံးပါး၁၆ စက်တင်ဘာ၊ ၁၉၄၆(1946-09-16) (အသက် ၆၉)
Dorking, Surrey, England
နိုင်ငံလူမျိုးအင်္ဂလိပ်လူမျိုး
နယ်ပယ်နက္ခတ္တဗေဒ၊ သင်္ချာ၊ ရူပဗေဒ
အဖွဲ့အစည်းဌာနTrinity College, Cambridge; Princeton University
မိခင်ကျောင်းMerchant Taylors' School, Northwood; Cambridge University
တပည့်ကျော်များRonald Fisher
ကျော်ကြားမှုအရင်းခံRayleigh–Jeans law
Jeans mass
Jeans length
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များSmith's Prize (၁၉၀၁ ခုနှစ်)
Adams Prize(၁၉၁၇ ခုနှစ်)
Royal Medal (၁၉၁၉ ခုနှစ်)

သိပ္ပံပညာရှင် ဆာဂျိမ်းဟော့ဝုဂျင်းန်သည် ခရစ် ၁၈၇၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် လန်ဒန်မြို့၌ ဖွားမြင်သည်။ ဂျင်းန်သည် အထူးသဖြင့် နက္ခတ္တဗေဒနှင့် သင်္ချာပညာ ရပ်တို့တွင် ထူးချွန်၏။ ကိမ်းဗရစ်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ပညာရည် ထက်မြက်သဖြင့် ၁၉ဝဝ ပြည့်နှစ်၌ စမစ်ဆုကို ဆွတ်ခူးခဲ့၏။ နောက် ၄ နှစ်အကြာတွင် ထရင်နီတီ ကောလိပ်ကျောင်း၌ သင်္ချာကထိက ဖြစ်၏။ ၁၉ဝ၅ ခုနှစ်မှ ၁၉ဝ၉ ခုနှစ်ထိ အမေရိကန်ပြည်ထောင်စုနိုင်ငံ ပရင့်စတန် တက္ကသိုလ်၌ သင်္ချာပါမောက္ခအဖြစ် ဆောင်ရွက်၏။ အင်္ဂလန် နိုင်ငံသို့ ပြန်ရောက်သည့်အခါ ကိမ်းဗရစ်တက္ကုသိုလ်တွင် ၁၉၁ဝ ခုမှ ၁၉၁၂ ခုနှစ်အတွင်း သင်္ချာပါမောက္ခအဖြစ် ဆက်လက် ဆောင်ရွက်၏။ ၁၉၁၉ ခုမှ ၁၈၂၉ ခုနှစ်အထိ တော်ဝင်အသင်း၌ အတွင်းရေးမှူး ဖြစ်လာ၏။ ၁၉၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ မောင့်ဝီလဆ် နက္ခတ်မျှော်စင်၌ နက္ခတ္တသုတေသီတစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရလေသည်။

ဂျင်းန်သည် ရူပဗေဒနှင့် နက္ခတ္တဗေဒကို သင်္ချာပညာဖြင့် ဖြေရှင်းနိုင်စွမ်းရှိသည်။ နက္ခတ္တဗေဒ သင်္ချာကို အသုံးပြုခြင်းအားဖြင့် နက္ခတ်တာရာတို့နှင့် စပ်လျဉ်းသော ဗဟုသုတ အသစ်အဆန်းများကို ထုတ်ဖော်ရေးသားနိုင်ခဲ့သည်။ ရှေးအခါက သင်္ချာပညာကို အထူးတတ်မြောက်သူများသာလျှင် ကောင်းကင်ရှိ နက္ခတ်တရာများ အကြောင်းကို သဘောပေါက် အောင် နားလည်နိုင်ကြ၏။ သာမန်လူတို့သည် ဂြိုဟ်နက္ခ စသည်တို့၏ အမည်များလောက်ကိုသာ သိနိုင်ကြပြီး ထိုထက်တိုး၍ နားလည်နိုင်ဖွယ်ရာ မရှိပေ။ သို့သော် ဆာဂျိမ်းဂျင်းန်၏ ကြိုးပမ်းမှုကြောင့် ယခုအခါ၌ ကျောင်းသူကျောင်းသားများနှင့် ပညာအရည်အချင်း အသင့်အတင့်ရှိသူများပင်လျှင် စကြဝဠာ၏ နက်နဲခက်ခဲသော အကြောင်းအရာတို့ကို သဘောပေါက် နားလည်နိုင်ကြပြီဖြစ်သည်။

သင်္ချာကို ထူးချွန်အောင် တတ်မြောက်ပြီးနောက် ဂျင်းန် သည် ထိုပညာကို နက္ခတ္တ-ရူပဗေဒတွင် အသုံးပြုလျက် စကြာဝဋ္ဌာ၏ နက်နဲမှုများကို ထုတ်ဖော် ရှင်းပြလေသည်။ ဆာဂျိမ်း ဂျင်းန်သည် နောက်လာနောင်သားတို့ သိပ္ပံပညာရပ်များကို လေ့လာရ လွယ်ကူအောင် စာအုပ်များစွာ ရေးသားခဲ့သည်။ ကမ္ဘာပေါ်တွင် အကောင်းဆုံးစာအုပ်ပေါင်း ၁ဝဝ ရွေးချယ် ရာတွင် 'နက်နဲလှစွာ စကြဝဠာ'စာအုပ်သည် အပါအဝင် ဖြစ်သည်။ ဂျင်းန်ရေးသားခဲ့သော အခြားစာအုပ်များမှာ နက္ခတ္တဗေဒ ပညာလိုက်စားသူ ပညာရှင်တို့နှင့်သာ သင့်တော်မည့် စာအုပ်များ ဖြစ်၏။ ဆာဂျိမ်းဂျင်းန်သည် ၁၉၄၆ ခု စက်တင်ဘာလ ၁၇ ရက်နေ့၌ အင်္ဂလန်နိုင်ငံတွင် အနိစ္စရောက်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)