ဂျိန်းပေါလ် မာရတ်

ဝီကီပီးဒီးယား မှ

ဇန်ပေါမာရားသည် ပြင်သစ်တော်လှန်ရေးကို လှုံဆော်အား ပေးခဲ့၍ အလွန်ရက်စက် ကြမ်းကြုတ်သော ခေါင်းဆောင်တစ်ဦးဖြစ် ၏။ ဒန်တွန်ရောဗက်စပျဲတို့နှင့်အတူ ခေတ်ဆိုးကြီးဖြစ်ပေါ်ရေး တွင် တာဝန်ရှိသူတစ်ဦးလည်း ဖြစ်လေသည်။


မရားသည် ဆွစ်ဇာလန်နိုင်ငံ နျူရှားတဲခရိုင် ဗုဒရီမြို့တွင် ခရစ် ၁၇၄၃ ခုနှစ် မေလ ၂၄ ရက်နေ့၌ ဖွားမြင်၏။ ပါရစ်မြို့တွင် ဆေးပညာကို သင်ယူခဲ့သည်။ သူသည် ဆရာဝန်ဖြစ်လာသောအခါ ပါရစ်မြို့နှင့် လန်ဒန်မြို့များတွင် ဆေးဝါးကုသနေထိုင်ခဲ့လေသည်။ မာရားသည် လျှပ်စစ်နှင့် မျက်စိဆိုင်ရာစာပေများကို ပြုစုသည်။ သို့သော် နောက်ပိုင်းတွင် သူ၏ရက်စက်မှု ကြမ်းကြုတ်မှုကြောင့် သူ ရေးသားခဲ့သော စာပေကောင်းများသည် အရာမထင်ဘဲ ရှိခဲ့လေသည်။

ခရစ် ၁၇၈၉ ခုနှစ်တွင် ပြင်သစ်တော်လှန်ရေး စတင် ဖြစ်ပွားခဲ့စဉ်က မာရားသည် မိမိ၏အလုပ်အကိုင်တွင် နာမည်ရ၍ အောင်မြင်နေပြီဖြစ်၏။ သို့သော် ပြင်သစ်တော်လှန်ရေး ဖြစ်ပွားသည်ဆိုလျှင်ပင် အလုပ်ကို ကြိုးစားပမ်းစား လုပ်ကိုင်နေသော ဆရာဝန်အဖြစ်မှ စိတ်အားထက်သန် ပြင်းပြသော တော်လှန်ရေးသမားတစ်ဦး ဖြစ်လာလေ၏။ တော်လှန်ရေးခေါင်းဆောင် ဒန်တွန် သည် စိတ်အားအထက်သန် အပြင်းပြဆုံး လူများကို စုစည်းခဲ့ရာတွင် မာရားသည်လည်း ပါဝင်ခဲ့ပေ၏။ မာရားသည် 'ပတ်ဗလစ်စစ်တီပါရစ်ဆီယန်' သတင်းစာ၏ စာတည်းဖြစ်လာ၏။ နောင်အခါ ထိုသတင်းစာ၏ အမည်ကို ပို၍ လူသိများသော 'လာအမီဒျူပီပယ်' အမည်သို့ ပြောင်းလိုက်၍၊ ထိုနောက်တွင် 'ဂျာနယ်ဒီလာရီ ပတ်ဗလစ်ဖရန်ဆေး' ဟူ၍ ပြောင်းလဲခေါ်ဝေါ်ခဲ့ပြန်လေသည်။

ယင်း သတင်းစာသည် ပါရစ်မြို့ရှိ သွေးဆာနေသည့် တော်လှန်ရေးသမား လူအုပ်ကြီးများ၏ အာဘော်ကို ထုတ်ဖော်ပြသရာ ဟစ်တိုင်ပင်ဖြစ် ၏။ မာရားသည် ကလောင်ထက်ထက်ဖြင့် ရက်စက်အောင် လှုံ့ဆော်ပေးခဲ့၏။ မာရားသည် ပြင်သစ်နိုင်ငံရှိ အဆိုးရွားဆုံးသော အစိတ်အပိုင်း၏ အားထားရာ ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။ သူသည် သူ့အား ဆန့်ကျင်ပြောဆိုသော ပြင်သစ်လူမျိုးဟူသမျှကို သေဒဏ်ပေးရန် တောင်းဆိုခဲ့၍၊ တစ်ကြိမ်ကလည်း လူပေါင်း ၂၇ဝဝဝဝ ကို သေဒဏ်ပေးရန် တောင်းဆိုခဲ့လေသည်။

မာရားသည် ၁၇၉၂ ခုနှစ်တွင် ပါရစ်ကွန်မျွန်းအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်လာသည်။ သူအာဏာရလာသည်နှင့်အမျှ သူ၏ ရက်စက်ကြမ်းကြုတ်မှုသည်လည်း တိုးတက် ပြင်းထန်လာခဲ့၏။ ၁၇၉၂ ခုနှစ် စက်တင်ဘာလ လူသတ်ပွဲကြီး ဖြစ်ပေါ်လာခဲ့သည်မှာ သူ၌ တာဝန်မကင်းခဲ့ပေ။ တော်လှန်ရေးခုံရုံးနှင့် တော်လှန်ရေး ခေါင်းဆောင်များအဖွဲ့တို့ကိုလည်း သူ၏ အကြံပေး တိုက်တွန်းချက်အရ ဖွဲ့စည်းခဲ့သည်။ သို့သော် သူ၏ အရေးအသားများသည် ပြင်းထန်သည်ထက် ပြင်းထန်လာရကား အကြည်ညို ပျက်စေမှုဖြင့် ၁၇၉၃ ခုနှစ် ဧပြီလတွင် တော်လှန်ရေးခုံရုံးတင်ကာ စစ်ဆေးခြင်း ခံရသည်။

သို့သော် မာရားကို ခုံရုံးက တရားသေလွှတ်လိုက်၏။ မာရားသည် ၁၇၉၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် သူ၏ ယုတ်မာရက်စက်မှုများကို သည်းမခံနိုင်အောင် ဖြစ်နေခဲ့သော ပြင်သစ်နိုင်ငံ မြောက်ပိုင်း ပြည်နယ်တစ်ခုမှ ရှားလော့ကော်ဒေးဆိုသူ အမျိုးသမီးတစ်ဦးက သူရေချိုးနေခိုက် ဓားနှင့် ထိုးသတ်ခြင်း ခံရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)