ဂျာမားယယ်ပျဲ

ဝီကီပီးဒီးယား မှ

ဂျာမားယယ်ပျဲ (ခရစ် ၁၉ဝ၅-၁၉၈၄)[ပြင်ဆင်ရန်]

လက်ဗနွန်နိုင်ငံ၌ မာရွန်နိုက်ခရစ်ယာန်များ၏ အကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဦးတည်ချက်ဖြင့် ဒေမိုကရာထဲ ဆိုရှယ်လက်ဗနွန်လက်စ်ဖလန်ဂေးပါတီ (ကာတိပါတီ) ကို ၁၉၃၆ ခုနှစ်တွင် ထူထောင်ရာ၌ ပါဝင်ခဲ့ပြီး ၁၉၃၇ ခုနှစ်တွင် ယင်းပါတီ၏ ခေါင်းဆောင်ဖြစ်လာသူ ပျဲဂျမားယယ်ကို ၁၉ဝ၅ ခုနှစ်တွင် မွေးဖွားသည်။ ငယ်စဉ်က ဘေရွတ်မြို့ စိန့်ဂျိုးဇက်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သည်။ ပါရီမြို့ ကိုချင်ဆေးရုံ၌ ဆေးဝါးဗေဒပညာရှင် သင်တန်း တက်ရောက်ခဲ့သည်။ ပြင်သစ်နယ်ချဲ့ကို ဆန့်ကျင်တော်လှန်ခဲ့၍ ၁၉၃၇ ခုနှစ်တွင် ထောင်ဒဏ်ကျခံခဲ့ရသည်။ ၁၉၄၃ ခုနှစ် အထွေထွေ သပိတ်ကြီး ဖြစ်မြောက်စေရန် စည်းရုံးဦးဆောင် ခဲ့သည်။ ပျဲဂျမားယယ်သည် ၁၉၄၅ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် အာရပ်နိုင်ငံများအဖွဲ့ချုပ်ကို ထူထောင်ခဲ့ရာ၌ စတင်ဦးဆောင် လှုံ့ဆော်တဦးလည်းဖြစ်သည်။ လက်ဗနွန်နိုင်ငံ၏ ပထမဦးဆုံး အလုပ်သမားဥပဒေ(၁၉၄၄ ခုနှစ်)ကို ပြုစုရာတွင်လည်း ပါဝင် ခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်မှစ၍ လွှတ်တော်အမတ်ဖြစ်လာသည်။ ၁၉၆ဝ ပြည့်နှစ်တွင် ပြည်သူ့လုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် လက်ဗနွန်အစိုးရအဖွဲ့၌ စတင်ပါဝင်ဆောင်ရွက်သည်။ ဘဏ္ဍာ ရေးဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီး၊ ပြည်သူ့ကျန်မာရေးဝန်ကြီး အဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၆၆ ခုနှစ်မှ ၁၉၆၇ ခုနှစ် အထိ ပြည်ထဲရေးဝန်ကြီးတာဝန် ထမ်းဆောင်သည်။ ၁၉၇၅- ၇၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လက်ဗနွန်ပြည်တွင်းစစ်တွင် ဖလန်ဂေးပြည်သူ့စစ်ကို ဦးဆောင်ခဲ့သည်။ ပျဲဂျမားယယ်သည် မူဆလင်ရန်ဘက်များ၊ ခရစ်ယာန်အုပ်စု အတွင်းရှိ အာဏာပြိုင်ဘက်များ၊ ဆီးရီးယား ခေါင်းဆောင်များ၊ ပါလက်စတိုင်း ခေါင်းဆောင်များနှင့် ဘဝတလျှောက်လုံး အားပြိုင်နေရသည့်အလျောက် လုပ်ကြံရန် ကြံစည်မှုများကို အကြိမ်ကြိမ်ရင်ဆိုင်ကျော်လွှားခဲ့ရသည်။ ပျဲဂျမားယယ်သည် လက်ဗနွန်နိုင်ငံ၏ လက်ရှိသမ္မတ အာမင်ဂျမားယယ်နှင့် ၁၉၈၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က ဖလန်ဂေးပါတီဌာနချုပ် ဗုံးပေါက်ကွဲမှုကြောင့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုရသေးမီ ကိုးရက်အလိုတွင် ကွယ်လွန်သွားသူ ဘရှီး ဂျမားယယ်တို့၏ ဖခင်လည်း ဖြစ်သည်။ ပျဲဂျမားယယ်သည် ၁၉၈၄ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့က ဆွန်နီ မူဆလင် ခေါင်းဆောင် ရာရှစ်ကရာမီ ဦးဆောင်၍ ဖွဲ့စည်းခဲ့သော အမျိုးသားစည်းလုံးညီညွတ်ရေး အစိုးရအဖွဲ့တွင် စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုရေးရာ ဝန်ကြီးဌာနတို့ကို တာဝန်ခံရသော ဝန်ကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ပိုလန်နှင့် အီဂျစ်နိုင်ငံများမှ ချီးမြှင့်သော ဂုဏ်ထူးဆောင် ဘွဲ့များကိုလည်း ဆွတ်ခူးရရှိဖူးသူ လက်ဗနွန်မာရွန် နိုက် ခရစ်ယာန်များ၏ ခေါင်းဆောင် ပျဲဂျမားယယ် ၁၉၈၄ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဘေရွတ်မြို့ အရှေ့မြောက်ရှိ ဘစ်ဖာယာမြို့၌ နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)