ဂျာမန်အနုပညာ

ဝီကီပီးဒီးယား မှ

ဂျာမန်အနုပညာ[ပြင်ဆင်ရန်]

ဂျာမန်ပန်းချီဆေးရေးပညာ ၁၅ ရာစုနှစ် အစလောက်ဆီက စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုကြသည်။ သို့သော် ထိုခေတ်က မှတ်သားလောက်သော ပုဂ္ဂိုလ်ကြီးများ မပေါ်ပေါက်သေးချေ။ ဖလန်းဒါးနယ်တွင် ဟူးဗတ်ဗန်အိုက် အမည်ရှိ ပန်းချီဆရာ ကြီးသည် သူ၏စိတ်ကူးတွင် ထင်မြင်သော နတ်ပြည်၏ ပုံသဏ္ဌာန်ကို ရေးဆွဲနေသည့်အချိန်တွင် ဂျာမန်တို့ကလည်း သူတို့စိတ်ကူးတွင် ထင်မြင်နေသော နတ်ပြည်ကို မှန်းဆကာ ရေးခြယ်လျက် ရှိကြသည်။ သူတို့၏ အမြင်တွင် နတ်ပြည်ဆို သည်မှာ ပန်းမျိုးစုံပွင့်သော နတ်ဥယျာဉ်ကြီး တစ်ခုဖြစ်၍ ထိုဥယျာဉ်ကြီးထဲတွင် သူတော်သူမြတ်များ စံပျော်နေထိုင်ကြ သည်ဟု အယူရှိကြသည်။ ၁၅ ရာစုနှစ် ဒုတိယပိုင်းသို့ ရောက် သောအခါ ဂျာမန်တို့သည် ဖလန်းဒါး အနုပညာရပ်များကို အထူးပင်လေးစားလာကြသဖြင့် ဂျာမန်ပန်းချီဆရာတို့သည် ဖလန်းဒါးနယ်သို့ သွားရောက်၍ ပန်းချီပညာကို လေ့လာကြ လေသည်။ သို့ဖြစ်ရကား ထိုခေတ်က ဂျာမန်အနုပညာမှာ ဖလန်းဒါး အနုပညာဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ဂျာမန်ပန်းချီပညာသည် နိုင်ငံခြားမှ နွယ်လာခဲ့သည်ဖြစ်စေ ကာမူ ပန်းပုထုလုပ်ခြင်းပညာမှာ ဂျာမန် အနုပညာစစ်စစ် ဖြစ် သည်။ ထိုပညာမှာ ဂျာမနီနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကပင် ပေါ်ပေါက်ခဲ့၍ ဂျာမန်တို့၏ ရှေးအကျဆုံး အနုပညာတစ်ရပ် ဖြစ်သည်။ ပန်းနွယ်ပန်းခက် ပုံသဏ္ဌာန်များနှင့် လှပသော ရုပ်လုံးများကို သစ်သားပေါ်၌ ပန်းပုထုလုပ်သောအတတ်တွင် ဂျာမန်တို့သည် ထူးကဲလှပေသည်။

ဂျာမန်တို့၏ အကောင်းဆုံး အနုပညာတစ်ရပ်မှာကား ပန်းပု ပညာပင် ဖြစ်ချေသည်။ ဂျာမန်အနုပညာသည်များသည် သစ် သားဖြင့် ရုပ်လုံးထုရာ၌ ကျွမ်းကျင်ကြ၏။ လက်ရာလည်း ကောင်းမွန်၏။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများအတွင်း တွေ့ရှိ ရသော ပလ္လင်နောက်ခံ တံကဲများ၌ ထုလုပ်သော ရုပ်တုရုပ်လုံး များက ဂျာမန်တို့၏အနုပညာလက်ရာကို ပြောင်မြောက်ကြောင်း သက်သေခံလျက်ရှိ၏။ ဂျာမန်အနုပညာသမားမှန်လျှင် ထို အတတ်ပညာတွင် ကျွမ်းကျင်ကြသည်ချည်း ဖြစ်ကြ၏။ ထိုသူ များအနက် မာတင်ရှုန်ဂေါင်ဝါသည် အလွန်ထင်ရှားသည်။ သူသည် ကြေးပြားပေါ်တွင် ပုံထွင်းသော အတတ်၌လည်း အလွန်ကျွမ်းကျင်ပေသည်။ အလိုရှိသော ပုံပေါ်လာအောင် ကြေးပြားပေါ်တွင် ချွန်ထက်သောကိရိယာတစ်ခုဖြင့် သေးငယ် သောမျဉ်းများကို ရေးဆွဲပြီးလျှင် ထိုမျဉ်းငယ်များတွင် မင်ကို လောင်းထည့်သည်။ ထိုစက္ကူချပ်ကို ဖိနှိပ်ကူးယူလိုက်လျှင် ရုပ်ပုံ ပေါ်လာလေသည်။ ဤနည်းဖြင့် ရုပ်ပုံအများ ရနိုင်သည်။ နောင်အခါ၌ ကြေးပြားပေါ်တွင် ထွင်းသောနည်းကိုယူ၍ သစ် သားပေါ်တွင် ပုံထွင်းသော အတတ်ပညာသည် တွင်ကျယ်၍ လာလေသည်။

ထိုအချိန်အခါတွင် အီတလီနိုင်ငံ၊ ဗင်းနစ်မြို့၌ အနုပညာ သည် ထိပ်တန်းသို့ ရောက်ရှိနေပြီဖြစ်ရာ ဗင်းနစ်မြို့နှင့် နီးစပ် သော ဂျာမနီတောင်ပိုင်းသည်လည်း ဂျာမန်အနုပညာရပ်များကို ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားလျက်ရှိသည်။ဤသို့ ကြိုးစား အားထုတ်မှုကြောင့် ဖြစ်ထွန်းသောအကျိုးမှာ ကမ္ဘာ့အနုပညာ သမိုင်းတွင် မှတ်တမ်းတင်ထားရမည့် သုခုမပညာသည်ကြီး အားလဗရက်ဒျူရာ (ခရစ် ၁၄၇၁-၁၅၂၈) ပေါ်လာခြင်း ဖြစ် ပေသည်။

အားလဗရက်ဒျူရာမှာ နျူးရမ်း ဗပ်မြို့နေ ရွှေပန်းထိမ်ဆရာတစ်ဦး၏သားဖြစ်၍ ဥရောပတိုက်ရှိ နိုင်ငံအသီးသီးတွင် ကျော်ကြားလျက်ရှိသော မိုက်ကယ်အန်ဂျီလို၊ ရက်ဖီအယ်၊ ဂျိုဗန္နီးဗဲလီနီ၊ တစ်ရှန် အစရှိသူတို့နှင့်လည်း ခင်မင်သူ ဖြစ်၏။ နိုင်ငံအရပ်ရပ်သို့ လှည့်လည်ကာ လေ့လာ ကြည့်ရှုခဲ့သူဖြစ်သဖြင့် ဗဟုသုတနှင့်လည်း ပြည့်စုံပေသည်။ ဒျူရာသည် ဂျာမန်အနုပညာသမိုင်း ပထမပိုင်းကို ရေးသားပြုစု ခဲ့၏။ ကျန်တစ်ပိုင်းကိုမူ ပန်းချီနှင့် ပုံထွင်း အနုပညာဆရာကြီး များ ဖြစ်ကြသော လူးကတ်ကရားနတ်နှင့် ဟောလဗိုင်းတို့က ရေးသားခဲ့လေသည်။


အထူးအားဖြင့် ကျော်ကြားသလောက် လက်ရာပြောင်မြောက် ခဲ့သူများမှာ ဒျူရာနှင့်ဟောလဗိုင်းတို့ဖြစ်ကြ၍ ထိုပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သောအခါတွင် သူတို့၏ခြေရာကို နင်းနိုင်မည့်သူများ မပေါ်ပေါက်တော့ချေ။ ဂျာမန် အနုပညာရပ်များသည်လည်း ထိုအခါမှစ၍ မှေးမှိန်ခဲ့ပြန်၏။

နှစ်ပေါင်း ၂ဝဝ ခန့် မှေးမှိန်ခဲ့သော ဂျာမန်အနုပညာရပ် များသည် ၁၈ ရာစုနှစ်အတွင်းသို့ ရောက်ရှိလာသောအခါ ဒန်း ဇစ်မြို့သား ပန်းချီဆရာ ကိုးဒိုဗျက်စကီ ပေါ်ပေါက်လာသဖြင့် ပြန်လည် ထွန်းကားလာသည်။ ထိုပုဂ္ဂိုလ်မှာ လူရုပ်ပုံ ပန်းချီနှင့် ပုံထွင်းပညာတို့တွင် လက်ရာပြောင်မြောက်လှသူ ဖြစ်၏။ ထို့နောက်တွင် ရောမအနုပညာကို လိုက်စားသူ အန်တွန်ရက်ဖီ အယ်မင်းနှင့် အင်္ဂလိပ်အနုပညာကို လိုက်စားသူ အန်ဂေလီကာ ကောက်ဖမန်ဆိုသူ အမျိုးသမီးတို့သည် ဂျာမန်အနုပညာလောက ထဲသို့ ဆန်းသစ်သော အနုပညာရပ်များကို သွတ်သွင်းလာခဲ့ ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)