ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံခေါ် အရှေ့ဂျာမနီနိုင်ငံသည် ကမ္ဘာတွင် စက်မှုအထွန်းကားဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ နိုင်ငံ၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၄ဝ၆၄၆ ရှိ၍ ၁၉၇၆ ခုနှစ် ခန့်မှန်းခြေအရ လူဦးရေ ၁၆၈၅ဝဝဝဝ ရှိလေသည်။ မြို့တော်မှာ အရှေ့ဘာလင်မြို့ ဖြစ်သည်။

၁၉၄၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုဗြိတိန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က ဂျာမနီနိုင်ငံ၏ အနောက်ဘက် ဇုံနယ်ကြီးများကို စုပေါင်း၍ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံအဖြစ် တည်ထောင် လိုက်သောအခါ ရုရှကလည်း ထိုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် မိမိတို့ သိမ်းပိုက်ထားသော ဂျာမနီနိုင်ငံ၏ အရှေ့ဘက်ဇုံနယ်ကြီးများကို စုပေါင်း၍ ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံကို တည်ထောင်လိုက်လေသည်။

ထိုစဉ်က သမ္မတမှာ ဗီလဟင်းပက်ဖြစ်၍ ၁၉၅၃ ခုနှစ်နှင့် ၁၉၅၇ ခုနှစ်များတွင်လည်း သမ္မတအဖြစ် ပြန်လည် အရွေးခံ ရသည်။ ဝန်ကြီးချုပ်မှာ ဝီလီစတို့ဖြစ်၍ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးမှာ ဝေါ်လတာအူးဗရစ် ဖြစ်သည်။

ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ဗရန်ဒင်ဗတ်၊ မက္ကလင်ဗတ်၊ ဆက္ကဆွန်နီ၊ ဆက္ကဆွန်နီအန်ဟော့နှင့် သူရင်းဂျီယား ပြည်နယ်များ ပါဝင်ကြသည်။ ပြည်သူ့လွှတ်တော်က ၁၉၅၂ ခုနှစ်တွင် အဆိုပါ ပြည်နယ်ငါးခုကို ဖျက်သိမ်း၍ အုပ်ချုပ်ရေးနယ်များအဖြစ် ဆက္ကဆွန်နီအန်ဟော့မှလွဲ၍ ပြည်နယ်တစ်ခုကို ခရိုင်သုံးခု ခွဲလိုက်သည်။ ဆက္ကဆွန်နီအန်ဟော့ကိုမူ ခရိုင်နှစ်ခု ခွဲလိုက်သည်။ သို့ဖြင့် အရှေ့ဂျာမနီနိုင်ငံတွင် ခရိုင် ၁၄ ခုနှင့် ကောင်တီ ၂၁၇ ခုပါဝင်သည်။

၁၉၅၄ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အရှေ့ဂျာမနီနိုင်ငံ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ကြေငြာသည်။ သို့သော် လုံခြုရေးနှင့် လေးနိုင်ငံပါဝင်သော ပို့စဒမ်စာချုပ်ကို အကြောင်းပြုပြီး ရုရှတပ်များကို အရှေ့ဂျာမနီနိုင်ငံ၌ ဆက်လက်ထားရှိသည်။

ပြည်သူ့လွှတ်တော်သည် ၁၉၆ဝ ပြည့်နှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် အုပ်ချုပ်ရေး စနစ်ကို ပြောင်းလိုက်သည်။ ယင်းစနစ်အရ သမ္မတစနစ်ကို ပယ်ဖျက်၍ နိုင်ငံတော်ကောင်စီသည် အကြီးမြင့်ဆုံးသော အုပ်ချုပ်ရေး အဖွဲ့အစည်း ဖြစ်လာသည်။ ထိုကောင်စီ၏ ဥက္ကဋ္ဌသည် ဝေါ်လတာအူးဗရစ် ဖြစ်လေသည်။ အရှေ့ဂျာမနီမှ အနောက် ဂျာမနီသို့ ပြောင်းရွေ့ နေထိုင်သူများ အများအပြား ရှိခဲ့ရာ ၁၉၆၁ ခုနှစ် အရှေ့ဘာလင်နှင့် အနောက်ဘာလင် နယ်စပ်ကို၎င်း၊ အနောက်ဘာလင်နှင့် ဂျာမနီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ နယ်စပ်ကို၎င်း ဂျာမနီ ဒီမိုကရက်တစ် အာဏာပိုင်တို့က ပိတ်လိုက်ကြောင်း ကြေငြာသည်။

တရားဝင် သွားလာ ဝင်ထွက်နိုင်သော နေရာပေါင်း ၁၃ နေရာကိုသာ ဖွင့်ပေးခဲ့ပြီး လူဝင်လူထွက် စည်းကမ်းသက်မှတ်ချက်များကို ထုတ်ပြန်ကြေငြာခဲ့သည်။ ယင်းသို့ ဘာလင်နယ်နိမိတ် စည်းကမ်းသတ်မှတ်ချက်များနှင့် စပ်လျဉ်းသော လုပ်ရပ်များကို ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန် ပြည်ထောင်စုတို့က ကန့်ကွက်ခဲ့ကြသည်။

ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ရုရှနှင့် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး စသော စာချုပ်များကို ချုပ်ဆိုခဲ့သည်။ ရုရှဦးဆောင်သည့် အရှေ့ဥရောပ ဆိုရှယ်လစ်နိုင်ငံများနှင့် ကာကွယ်ရေး စာချုပ်များကိုလည်း ချုပ်ဆိုခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် မဲဆန္ဒရှင် ၉၄ ရာခိုင်နှုန်းကျော်က လက်ခံသည်ဆိုသော အုပ်ချုပ်ရေး စနစ်သစ်ကို ကြေငြာ၍ ထိုနှစ် ဧပြီ ၈ ရက်နေ့မှ စတင်ပြီး ယင်းစနစ်အရ ကျင့်သုံးခဲ့ရာ ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို ခိုင်ခိုင်မြဲမြဲ လက်ခံပြီး ရုရှနှင့် ပို၍ နီးစပ်စေလေသည်။

ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ၁၉၇ဝ ပြည့် နှစ်ဦးပိုင်းမှ အစပြု၍ စက်မှုလုပ်ငန်းများကို ဇောက်ချ၍ ဆောင်ရွက်ခဲ့ရာ ကမ္ဘာ့စက်မှုနိုင်ငံကြီးများ၏ အဆင့်သို့မှီအောင် တက်လှမ်းနိုင်ခဲ့လေသည်။ ယခုအခါ ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံသည် နဝမမြောက် ကမ္ဘာ့အကြီးဆုံး စက်မှုနိုင်ငံ ဖြစ်လာသည်။

၁၉၇၁ ခုနှစ်တွင် ဝေါ်လတာအူးဗရစ်သည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ်မှ နုတ်ထွက်သည်။ သို့သော် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်သည်။ အီရစ်ဟွန္နက္ကာက ကွန်မြူနစ်ပါတီကို ဦးဆောင်ခဲ့သည်။ အရှေ့ဂျာမနီနိုင်ငံသည် ၁၉၇၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုနှင့် သံတမန် ဆက်သွယ်ခဲ့သည်။

၁၉၆ရ ခုနှစ်တွင် ဂျာမန် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဝီလီစတို့သည် ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံနှင့် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ ဂျာမနီနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို နှစ်နိုင်ငံစလုံးက လိုလားခဲ့သော်လည်း အခြေခံ အုပ်ချုပ်ပုံချင်း မတူကြ၍ အကောင်အထည်ဖော်ရန် ခက်ခဲလျက်ရှိသည်မှာ ယနေ့ထက်တိုင်အောင်ပင် ဖြစ်လေသည်။[၁] ဂျာမန်ဒီမိုကရက်တစ် သမ္မတစ်နိုင်ငံကို ဂျီဒီအာဟုလည်းကောင်း၊ အရှေ့ဂျာမနီဟုလည်းကောင်း ခေါ်တွင်သည်။ ဆိုရှယ်လစ်ညီညွတ်ရေးပါတီ(အက်အီးဒီ)ခေါ် အရှေ့ဂျာမန် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် ရှိသည်။

လက်ရှိပါတီခေါင်းဆောင်သည် အသက်အရွယ်ကြီးရင့်၍ ရာထူးမှ နုတ်ထွက်သွားသော ဝေါ်လတာအူး ဗရစ်၏ နေရာကို ဆက်ခံသည့် အဲရစ်ဟွန်နက်ကာ ဖြစ်သည်။

အနောက်ဂျာမနီနယ်၏ အနောက်ပိုင်းဆားနယ်တွင် ၁၉၁၂ ခုနှစ်က မွေးဖွားသည့် မစ္စတာဟွန်နက်ကာသည် ၁၉၂၂ ခုနှစ်တွင် ရှေ့ဆောင်ကွန်မြူနစ် လူငယ်အဖွဲ့တွင် ပါဝင်ပြီး ၁၉၂၉ ခုနှစ်တွင် ကွန်မြူနစ်ပါတီဝင် ဖြစ်လာသည်။ ဖက်ဆစ်နာဇီ အစိုးရ၏ထောင်မှ ၁၉၄၅ ခုနှစ်တွင် လွတ်မြောက်ပြီး လွတ်လပ်သော ဂျာမန်လူငယ်အသင်းကို တက်တက်ကြွကြွ ထူထောင်ခဲ့သည်။ မစ္စတာအူးဗရစ်နှင့်အတူ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ကာ ၁၉၇၁ ခုနှစ်တွင် နိုင်ငံသမ္မတအဖြစ် တာဝန်ယူခဲ့သည်။

လူတိုင်း အလုပ်လုပ်နိုင်ခွင့်ရှိသည်။ စက်ရုံအလုပ်ရုံများကို ပြည်သူပိုင်သည်ဆိုသော ပါတီမူဝါဒဖြင့် ကုန်ထုတ်စွမ်းအား တိုးတက်အောင် ဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ ဂျီဒီအာနိုင်ငံသည် ၁၉၇၈ ခုနှစ်တွင် တန် ၄ဝ၆ဝဝဝ ချိန်ရှိသည့် ကုန်တင်သင်္ဘော ၅၈ စင်းကို တည်ဆောက်နိုင်ခဲ့သည်။ ဗော်လတစ်ပင်လယ် ကမ်းခြေရှိ ရော့စတော့၊ စထရာဆန့်နှင့် စီစမာမြို့များတွင် ခေတ်မီသင်္ဘောကျင်းများကို တည်ဆောက်ခဲ့သည့်အပြင် ဘွိုင်ဇင်းဘတ်၊ ရော့စတော့ စသည်နယ်မြေများတွင် ပြည်တွင်းသင်္ဘောကျင်းကိုလည်း တည်ဆောက်လုပ်ကိုင်လျက် ရှိလေသည်။

ဆိုဗီယက်ယူနီယံအတွက် သင်္ဘောများတည်ဆောက်ပေးရသည့်အပြင် အိန္ဒိယ၊ နော်ဝေနှင့် ပြင်သစ်နိုင်ငံ အတွက်လည်း ကုန်သင်္ဘောနှင့် ငါးဖမ်းသင်္ဘောများကို တည်ဆောက်ပေးနေရသော နိုင်ငံဖြစ်သည်။

၁၉၆၇ ခုနှစ်မှ စတင်ခဲ့သော အင်တာကော့စမော့ခေါ် နိုင်ငံစုံ အာကာသသုတေသနလုပ်ငန်းတွင် ဆိုဗီယက် ပြည်ထောင်စု၏ အကူအညီဖြင့် ပူးပေါင်းသုတေသနပြုခဲ့သူ အရှေ့ဂျာမန်အမျိုးသား အာကာသသုတေသီ ဆစ်ဂမန်ဂျေးသည် ဆိုဗီယက်အာကာသယာဉ်မှူး ဗလာရီဘိုင်ကော့စကီနှင့်အတူဆိုယု ၃၁ သည် အာကာသ ဘူတာစခန်းဖြစ်သော ဆားလျူ့ ၆ နှင့် ချိတ်ဆက်သုတေသနပြုအပြီး အစီအစဉ်အတိုင်း မြေပြင်သို့ ချောမောစွာ သက်ဆင်းနိုင်ခဲ့လေသည်။

အရှေ့ဂျာမနီနိုင်ငံသည် သိပ္ပံပညာရပ်တွင် ထူးခြား အောင်မြင်သကဲ့သို့ အားကစားလောကတွင်လည်း အောင်မြင်မှု အများဆုံး ရရှိခဲ့သည်။

၁၉၆၈ ခုနှစ် မက္ကဆီကို အိုလင်းပစ်တွင် အရှေ့ဂျာမနီအား ကစားသမားအဖွဲ့သည် စတုတ္ထနေရာကို ရခဲ့သည်။ ၁၉၇၂ ခုနှစ် မြူးနစ်အိုလင်းပစ်တွင် တတိယနေရာသို့ တက်လာနိုင်ကာ ၁၉၇၆ ခုနှစ် မွတ်ထရီယယ် အိုလင်းပစ်၌ တတိယနေရာကို ပြန်လည်ရရှိခဲ့သည်။ ၁၉၈ဝ ပြည့်နှစ် မော်စကိုအိုလင်းပစ်၌ ဒုတိယနေရာသို့ တက်ရောက်နိုင်ခဲ့လေသည်။ အထူးသဖြင့် အမျိုးသမီးရေကူးပြိုင်ပွဲနှင့် အမျိုးသား အမျိုးသမီး ပြေးခုန်ပစ်ပွဲ၌ ပို၍ ထူးချွန်ခဲ့ကြသည်။

စီးပွားရေး နိုင်ငံရေးစနစ်ချင်း မတူသော အနောက်ဂျာမနီနှင့် ရေမြေဆက်လျက်ရှိသော နိုင်ငံဖြစ်သည့်အလျောက် ကာကွယ်ရေးအင်အားကိုလည်း လျှော့မထားခဲ့ပေ။ စီးပွားရေးတွင် စီမီးယားခေါ် စီးပွားရေးအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် ဖြစ်သကဲ့သို့ ကာကွယ်ရေး၌ ဝါဆောစာချုပ်ဝင်နိုင်ငံ ဖြစ်လေသည်။

အရှေ့ဂျာမနီနိုင်ငံသည် ဝါဆောစာချုပ်ဝင် နိုင်ငံများနှင့် အထူးရင်းနှီးစွာ ဆက်ဆံသကဲ့သို့ အနောက် ဂျာမနီနိုင်ငံနှင့်လည်း ချစ်ကြည်စွာ ဆက်ဆံရေးမူများကို ချမှတ်ထားရှိလေသည်။

သို့ရာတွင် ဘာလင်တံတိုင်းကို ကျော်ဖြတ်၍ ဖြစ်ပွားသော ပစ်ခတ်မှုများကြောင့်လည်းကောင်း၊ လျှို့ဝှက်စုံထောက်(သူလျှို)များ စေလွှတ်ပြီး သတင်းယူကြသောအမှုများကြောင့်လည်းကောင်း၊ အစိုးရနှင့် သဘောထားမညီ၍ ထွက်ပြေးပြောင်းရွေ့ ခိုလှုံကြသူတို့ကြောင့်လည်းကောင်း မကြာခဏ ပဋိပက္ခ ဖြစ်ခဲ့ကြရလေသည်။

ဖမ်းဆီးထားခြင်းခံရသူ အကျဉ်းသားများကို အပြန်အလှန် အလဲအလှယ်ပြု၍ ထိုမကျေနပ်မှုများကို လျှော့နည်းစေခဲ့ကြသည်။ ၁၉၇၅ ခုနှစ်က ထောင်ဒဏ် ၁၃ နှစ် အပြစ်ပေးခံရသော အရှေ့ဂျာမန်အထောက်တော် ဂီလွန်း၏ဇနီး၊ ခရစ္စတယ်ဂီလွန်းကို အနောက်ဂျာမနီ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သဖြင့် အရှေ့ဂျာမနီ အကျဉ်းထောင်မှ လွှတ်ပေးခဲ့သဖြင့် အရှေ့ဂျာမနီတွင် ဖမ်းဆီးခြင်းခံရသော အနောက်ဂျာမန်သတင်းစာဆရာပီတာဖဲလတင်းကို ဆိုင်ရာမှ လွှတ်ပေးခဲ့လေသည်။

ဂီလွန်းဇနီးမောင်နှံသည် ဝန်ကြီးချုပ် ဝီလီဗရန့်ရာထူးမှ နုတ်ထွက်ခဲ့စေရအောင် ဖန်တီးသူများဖြစ်သည်ဟု စွဲချက်အတင်ခံရသူများ ဖြစ်သည်။[၂] ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံသည် ဂျာမန်ဆိုရှယ်လစ် ညီညွတ်ရေးပါတီ၏ ဦးဆောင်မှုဖြင့် စီမံကိန်း စီးပွားရေးစနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်သည်။ ၁၉၇၉-၁၉၈ဝ ခုနှစ် ၅နှစ်စီမံကိန်းတွင် စက်မှုထုတ်လုပ်ငန်းကို အနည်းဆုံး ၃၄ ရာခိုင်နှုန်း၊ အများဆုံး ၃၆ ရာခိုင်နှုန်း တိုးထုတ်ရန် သတ်မှတ်ထားခဲ့သည်။ အလုပ်သမားများ၏ ကုန်ထုတ်စွမ်းအားကိုလည်း ၃ဝ ရာခိုင်နှုန်း တိုးမြှင့်ရန် ရည်မှန်းချက်ပြုထားခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ထုတ်လုပ်သည့် စက်မှုလုပ်ငန်းသည် သတ်မှတ်ချက်ထက်ပို၍ အောင်မြင်သည်ဟု နိုင်ငံအကြီးအကဲဖြစ်သူ အဲရစ်ဟွန်နက်ကာက ၁၉၈၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က ပြန်လည်သုံးသပ်ယင်း ပြောကြားသည်။ စီးပွားရေးအခြေအနေ မဆိုးရွားခြင်းသည် ပတ်ဝန်းကျင်နိုင်ငံများနှင့် ဆက်ဆံရေးကောင်းသောကြောင့်လည်း ဖြစ်သည်။

ဂျီဒီအာနိုင်ငံသည် ဆိုဗီယက်ယူနီယံနှင့် စီးပွားရေးစာချုပ်ကို ၁၉၇၅ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ချုပ်ဆိုသည်။ ထိုစာချုပ်တွင် ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့်အပြန်အလှန် ကူညီရေးတို့ ပါဝင်သည်။ ၁၉၇၉ ခုနှစ် အောက်တိုဘာလတွင် ယခင်စာချုပ်ထက်ပို၍ တိကျနက်ရှိုင်းသော စာချုပ်ချုပ်ကြပြန်သည်။ ထိုစာချုပ်တွင် စက်မှုလုပ်ငန်းကို ဖွံ့ဖြိုးစေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ပါရှိရာ ၁၉၉ဝ ပြည့်နှစ်ထိ တည်နေမည့်စာချုပ်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်အရ၊ ဂျီဒီအာအမျိုးသား သုတေသနပြုသူ ၁ဝဝဝ သည် ဆိုဗီယက်ယူနီယံသို့ ပညာသင်ရန် သွားရောက်ကြသည်။ အပြန်အလှန်အနေဖြင့် ဆိုဗီယက်သုတေသနပညာရှင် ၅ဝဝဝ သည် ဂျီဒီအာသို့ ရောက်ရှိလာကြသည်။

အာကာသ သိပ္ပံပညာကိုလည်း ဂျီဒီအာ အမျိုးသားတို့သည် ဆိုဗီယက်တို့နှင့် ပူးတွဲလေ့လာလုပ်ကိုင်ကြသဖြင့် ၁၉၇၈ ခုနှစ်တွင် ဂျီဒီအာ အာကာသယာဉ်မှူး ဆစ်ဂမန်ယန်း ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် ဆိုယုဇ် ၃၁ အာကာသယာဉ်ဖြင့် အောင်မြင်စွာ ကမ္ဘာပတ်နိုင်ခဲ့လေသည်။ ဆိုဗီယက်ယူနီယံနှင့် ဆက်ဆံရေး ကောင်းသကဲ့သို့ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံနှင့်လည်း သင့်မြတ်စွာ ဆက်ဆံနိုင်သည်။

၁၉၇ဝ ပြည့်နှစ်တွင် နိုင်ငံအကြီးအကဲ ဖြစ်သော ဝီလီဗရန့်ချမှတ်ခဲ့သည့် အော့ပိုလစ်တစ်မူအရ နှစ်နိုင်ငံချစ်ကြည်လာခဲ့ရာ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် သံတမန် ဆက်သွယ်နိုင်ခဲ့သည်။ ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ချုပ်ဆိုခဲ့သည့် စာချုပ်ဖြင့် ကီလိုမီတာ ၁၃ဝဝ ရှည်သည့် နယ်နိမိတ်ကို သတ်မှတ်နိုင်ခဲ့သည်။

အကျယ်အဝန်း။ ။၄ဝ၆၄၆။

လူဦးရေ။ ။၁၆၈ဝဝဝဝဝ။

မြို့တော်။ ။ဘာလင်မြို့။


အနောက်ဂျာမနီရှိ ဆွေမျိုးများနှင့်တွေ့လိုသူ ၃ဝဝဝ ကိုလည်း တွေ့ဆုံသွားလာခွင့်ပြုလိုက်သည်။ ထိုအတွက် အနောက်ဂျာမနီက ဒေါ်လာငွေ ၄၅ သန်းတုံ့ပြန် ကူညီသည်။ အနောက်ဂျာမနီထံမှ နှစ်စဉ်ဒေါ်လာ သန်း ၃ဝဝ ကျော်ကို အတိုးမဲ့ချေး ငှားရယူနိုင်ခဲ့သည်။ ချစ်ကြည်မှုအနေဖြင့် အနောက်ဂျာမနီ ဝန်ကြီးချုပ် မစ္စတာ ရှမစ်သည် ဂျီဒီအာသို့ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် အလည်အပတ်ရောက်ရှိကာ မစ္စတာဟွန်နက်ကာနှင့် တွေ့ဆုံဆွေးနွေးသည်။ မစ္စတာရှမစ်၏ ခရီးစဉ်သည် နှစ်ကြိမ်ရွှေ့ဆိုင်းပြီးမှ ထွက်လာသော ခရီးစဉ်ဖြစ်သည်။ အာဖဂနိစတန်နိုင်ငံသို့ ဆိုဗီယက်တပ်များ ဝင်ရောက်လာစဉ်ကတစ်ကြိမ်၊ ပိုလန်အရေး အခင်းဖြစ်ပွားစဉ်ကတစ်ကြိမ် ရွှေ့ဆိုင်းရခြင်းဖြစ်သည်။ အနောက်ဂျာမနီသို့ ဆိုဗီယက်သဘာဝဓာတ်ငွေ့ပို့ရာတွင် အရှေ့ဂျာမနီကိုဖြတ်၍ ပို့ရမည်ဖြစ်ရာ အရှေ့ဂျာမနီ၏ အကူအညီကို ယူရမည်ဖြစ်သည်။

ပိုလန်အရေးအခင်းတွင် မစ္စတာဟွန်နက်ကာ အစိုးရသည် ပိုလန်အစိုးရဘက်က ရပ်တည်သည်။ ပိုလန် သွေးစည်းခိုင်မာရေးအဖွဲ့ဝင်တို့ လှုပ်ရှားနေစဉ် အနောက်အုပ်စုနိုင်ငံများမှ ခရီးသည်များအား ပိုလန်သို့ မဝင်နိုင်စေရန် နယ်စပ်များကို ၁၉၈ဝ ပြည့်နှစ်က ပိတ်ထားခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆက်ဆံရေးကိုလည်း နိုင်ငံ၏အင်အားနှင့်အညီ ကူညီဆက်ဆံခဲ့ရာ ၁၉၈၁ ခုနှစ်တွင် ဖွံ့ဖြိုးဆဲ ၃၇နိုင်ငံသို့ အကူအညီပေးခဲ့သည်။ မစ္စတာဟွန်နက်ကာ ကိုယ်တိုင် အာဖရိကနိုင်ငံများသို့ လှည့်လည်မိတ်ဖွဲ့ခဲ့ရာ မိုဇမ်ဘစ်၊ အင်ဂိုလာ နိုင်ငံများနှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။[၃]

ဟန်ဂေရီနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်တိုး တက်နေသည့်အလျောက် ဩစတြီးယားနိုင်ငံနှင့်နယ်စပ်တစ်လျှောက်ရှိ မိုင် ၁၆ဝ ရှည်သော သံဆူးကြိုးအကာအရံ၏ထက်ဝက်နီးပါးကို ၁၉၈၉ ခုနှစ် မေလတွင် ဖျက်သိမ်းပေးခဲ့သောအခါ ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ (အရှေ့ဂျာမနီ) မှပြည်သူအများအပြားတို့ ဂျမနီပြည်ထောင်စု သမ္မတနိုင်ငံ (အနောက်ဂျာမနီ) သို့ ဩဂုတ်လဆန်းမှစ၍ ထွက်ပြေးလာသည့်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။

ဩဂုတ်လ ၃၁ ရက်နေ့တွင် ဩစတြီးယားနိုင်ငံက အရှေ့ဂျာမန်သားတို့အတွက် ပြည်ဝင်ခွင့်ဗီဇာ မလိုသောကြောင့် ကြေညာခဲ့သည်။ ထိုအချိန်တွင် အရှေ့ဂျာမန်နိုင်ငံသား ၆ဝဝဝ ကျော်သည် ဟန်ဂေရီနိုင်ငံမှ တစ်ဆင့်အနောက်ဂျာမနီသို့ သွားရန် ဩစတြီးယားနိုင်ငံကို တရားမဝင်ဖြတ်ကျော်သွားပြီး ဖြစ်သည်ဟုဆိုသည်။ အရှေ့ဂျာမနီ အစိုးရကနိုင်ငံသားများ ပြည်ပသို့ထွက်မသွားစေရန် ၁၉၆၁ ခုနှစ်ကဘာလင်တံတိုင်ကြီးကို တည်ဆောက်ခဲ့ပြီးနောက်ပိုင်းတွင် ထိုသို့နိုင်ငံသားများ အစုလိုက်အပြုံလိုက် ထွက်ပြေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။

ထိုအချိန်တွင် အရှေ့ဂျာမနီရှိခရိုင် ၁၅ ခုအနက် ၁၁ ခုတွင် တရားဝင်အသိအမှတ်ပြုခံရစေရန် လျှောက်ထားပြီးဖြစ်သည့် နယူးဖိုရမ်(နွိုင်းယက်စ်ဖိုရွမ်) အမည်ရှိအတိုက်အခံ အုပ်စုတစ်စုသို့ အာဏာရကွန်မြူနစ်ပါတီမှ ပြုပြင်ပြောင်းလဲရေး စိတ်ဓာတ်ရှိသူတို့ ကူးပြောင်းသွားကြသည်။ ၁၉၈၉ ခုနှစ် စက်တင်ဘာလ၂၅ ရက်နေ့တွင် နယူးဖိုရမ်အဖွဲ့အစည်းအဝေး ကျင်းပခဲ့ရသည်။ အစိုးရက နယူဖိုရမ်သည်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီကြောင်း၊ အစိုးရကိုဆန့်ကျင်သော အဖွဲ့ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ထိုသို့အစည်းအဝေး ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်း၍အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်တောင်းဆိုသည့် နယူးဖိုရမ်၏ပန်းကြားလွှာကို နိုင်ငံတစ်ဝန်လုံးမှ အရှေ့ဂျာမနီနိုင်ငံသား ၄၂ဝဝ ကျော်က လက်မှတ်ထိုး ထောက်ခံ၍တင်ပြခဲ့သည်။

ဆိုဗီယက်ပြည်ထောင်စု၊ ပိုလန်နှင့် ဟန်ဂေရီနိုင်ငံတို့၌ လုပ်ဆောင်နေသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုမျိုး အရှေ့ဂျာမနီ၌ မလိုအပ်ဟူ၍အခိုင်အမာပယ်ချနေသော အစိုးရကနယူးဖိုရမ်၏ လှုပ်ရှားမှုများချက်ချင်း ရပ်ဆိုင်းပစ်ရန် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် တားမြစ်ခဲ့သည်။ ထိုနေ့တွင်ပင် လိုက်ပဇစ်မြို့၌ ဆန္ဒပြပွဲဖြစ်ပွားရာ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရန်လည်းကောင်း၊ နယူးဖိုရမ်ကိုလွတ်လပ်သော အဖွဲ့အစည်း အဖြစ်တရားဝင်ခွင့်ပြုရန်လည်းကောင်း တောင်းဆိုခဲ့ကြသည်။ နောက်ထပ်အရှေ့ဂျာမန်နိုင်ငံသား ၆၃ဝဝ ခန့်သည်လည်း အောက်တိုဘာလ ၁ ရက်နေ့တွင် အနောက်ဂျာမနီသို့ အထူးမီးရထားများဖြင့် ထွက်သွားကြပြန်သည်။ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ပရာဟာမြို့နှင့် ပိုလန်နိုင်ငံ ဝါဆောမြို့တို့ရှိ အနောက်ဂျာမနီသံရုံးတို့၌ အရှေ့ဂျာမန်နိုင်ငံသားများ စုပြုံသောင်တင်နေခြင်းကို အဆုံးသတ်စေရန် အရှေ့ဂျာမနီအစိုးရက ယင်းအထူးရထားများကို စီစဉ်ပေးရခြင်းဖြစ်သည်။

အောက်တိုဘာလ ၅ ရက်နေ့တွင် နောက်ထပ် အရှေ့ဂျာမနီနိုင်ငံ သား ၇၆ဝဝ ခန့်သည် လွတ်လပ်ရေးရထားများ ဟုခေါ်သောမီးရထားများဖြင့် အနောက်ဂျာမနီသို့ ရောက်သွားကြပြန်ရာ အရှေ့ဂျာမနီနိုင်ငံမှ ထွက်ခွာသွားသူပေါင်း ၅ဝဝဝဝ နီးပါးထိ များပြားလာခဲ့သည်။ အောက်တိုဘာလ ၉ ရက်နေ့တွင် လိုက်ပဇစ်မြို့၌ဆန္ဒပြသူ ၇ဝဝဝဝ ထိရှိလာသည်။

ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံသည် ဆိုရှယ်လစ်လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းလျက် တွေ့ကြောင်းကိုဆက်လက်လျှောက်လှမ်းလျက် တွေ့ကြုံရသည့် ပြဿနာအသစ်များအတွက် အဖြေသစ်များ ရှာဖွေနိုင်ရန် ဝန်ကြီးချုပ်ဝီလီစတို့ဖ်အပါအဝင်ဂျာမနီဆိုရှယ်လစ် ညီညွတ်ရေးပါတီ (အက်စ်အီးဒီ)ပေါ်လစ် ဗျူရိုအဖွဲ့ ဆွေးနွေးနေပြီဟု အရှေ့ဂျာမနီသတင်းစဉ်(အေဒီအင်) က အောက်တိုဘာလ ၆ ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် လိုက်ပဇစ်မြို့၌ဆန္ဒပြပွဲများ ဖြစ်ပေါ်ပြန်သည်။ အလုပ်သမား ပြည်သူ့စစ်အဖွဲ့ဟုခေါ်သည့် အင်းအားငါးသိန်းခန့်ရှိ ပြည်သူ့စစ်အဖွဲ့က ဆန္ဒပြပွဲများကိုဖြိုခွဲမည် ဟုကြေညာသည်။ အောက်တိုဘာလ ၈ ရက်နေ့တွင်အရှေ့ဘာလင်မြို့၌ ဆန္ဒပြပွဲဖြစ်ပွားပြန်သည်။ နောက်ပိုင်းတွင် ဒရက်စဒင်မြို့နှင့် ဟာလဲမြို့တို့သို့ ပျံ့နှံ့သွားခဲ့သည်။ ဆန္ဒပြပွဲများအတွင်းလူ ၁၁ ဦးကိုဖမ်းဆီးရမိထား၍ ခုံရုံးတင်မည်ဟုအောက်တိုဘာလ ၁၃ ရက်နေ့တွင် အေဒီအင်သတင်းစဉ်ကကြေညာသည်။

အတိုက်အခံအုပ်စုများနှင့် တွေ့ဆုံဆွေးနွေးရေးကို အရှေ့ဂျာမနီခေါင်းဆောင် အဲရစ်ဟွန်နက်ကာက ထိုနေ့တွင် ပင်ပယ်ချသည်။ ထိုအုပ်စုများသည် ဆိုရှယ်လစ်စနစ်၏ ရန်သူများဖြစ်သည်ဟု ကွန်မြူနစ်ပါတီ အာဘော်သတင်းစာက တိုက်ခိုက်ရေးသားခဲ့သည်။ ထိုအချိန်တွင်အင်အား ၁၅,ဝဝဝ ရှိနေပြီဖြစ်သော နယူးဖိုရမ်အဖွဲ့ကို အဓိကထား၍ တိုက်ခိုက်ရေးသားခဲ့သည်။ ထိုအတောအတွင်း အရှေ့ဂျာမနီနိုင်ငံ တောင်ပိုင်းရှိ သေးငယ်သော ပလောယင်မြို့လေး၌ပင် လူ ၁ဝ,ဝဝဝ ထိပါဝင်သော ဆန္ဒပြပွဲဖြစ်ပွားလာသည်အထိ ပြုပြင်ပြောင်းလဲရေး တောင်းဆိုဆန္ဒပြပွဲများ ကျယ်ပြန့်လာသည်။ အရှေ့ဂျာမနီနိုင်ငံ သမိုင်းတွင်အင်အားအကြီးမားဆုံးသော ဆန္ဒပြပွဲများဖြစ်ပွားနေစဉ် အောက်တိုဘာလ၁၈ ရက်နေ့တွင် နိုင်ငံ၏ ဦးဆောင်ပါတီဖြစ်သော အက်စ်အီးဒီ၏အထွေထွေအတွင်းရေးမှူး အဲရစ်ဟွန်နက်ကာသည် ရာထူးမှနုတ်ထွက်သွားရတော့သည်။ အက်စ်အီးဒီ ဗဟိုကော်မတီက အထွေထွေ အတွင်းရေးမှူးသစ်အဖြစ် အဲဂွန်ခရင့်ဇ်ကို ရွေးချယ်တင်မြှောက်သည်။

အက်စ်အီးဒီ ပါတီခေါင်းဆောင်က ကာလကြာမြင့်စွာကျင့်သုံးလာသော လျှို့ဝှက်ထိမ်ချန်မှုသည် ဆုံးခန်းတိုင်သွားပြီးဟု အောက်တိုဘာလ ၂ဝ ရက်နေ့တွင် အေဒီအင်သတင်းစာက ကြေညာသည်။ ၁၉၅၃ ခုနှစ်နောက်ပိုင်းတွင် အဆိုးရွားဆုံးသော နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ရန် အများပြည်သူတို့ ဆန္ဒဖော်ထုတ်တင်ပြ ဆွေးနွေးခွင့်နှင့် ခရီးသွားခွင့်တို့နှင့်စပ်လျဉ်း၍ ချုပ်ချယ်မှုများလျှော့ပေးမည်၊ ဆိုင်များတွင်စားသုံးကုန်များ ပိုမိုဖြန့်ဖြူးရောင်းချပေးမည်ဟု အောက်တိုဘာလ ၂ဝရက်နေ့တွင်အက်စ်အီးဒီ ပါတီက ကြေညာသည်။ နိုင်ငံ၏လူဦးရေ ၁၆ ဒသမ ၆ သန်းအနက် ၁၂ဝဝဝဝ တို့ ၁၉၈၉ ခုနှစ်အတွင်း နိုင်ငံမှ ထွက်သွားခဲ့ခြင်း၏ အဓိကအကြောင်းရင်းများကို ရှာဖွေ၍ ပြုပြင်သွား ပြည်သူတို့၏ ယုံကြည်မှု ပြန်လည်ရရှိရန်ကြိုးပမ်းခြင်းဖြစ်သည်။ ပြည်ပသို့ ထွက်ခွာသွားသူတို့အနက် ၆ဝဝဝဝ ခန့်သည် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေကြသော အရှေ့အုပ်စုဝင် နိုင်ငံများဖြစ်သည့် ပိုလန်နှင့်ဟန်ဂေရီနိုင်ငံတို့မှတစ်ဆင့် ထွက်သွားခြင်းဖြစ်၍ ထိုသူတို့ ကိုဟွန်နက်ကာမပြုတ်ကျမီက သစ္စာဖောက်များဟု ခေါ်ဝေါ်ခဲ့သော်လည်း ခရင့်ဇ်၏လက်ထက်တွင် ထိုသူတို့ပြန်လာလျှင် ကြိုဆိုမည်ဟုကြေညာခဲ့သည်။ ခရင့်ဇ်အား ကတိအတိုင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်တောင်းဆိုသော ဆန္ဒပြပွဲများ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့ တွင်ထပ်မံဖြစ်ပွားသည်။

အရှေ့ဘာလင်မြို့၌ အရှေ့ဂျာမနီနိုင်ငံ၏ လွွှတ်တော်ရှေ့ မှောက်၌ ဆန္ဒပြသူများကို ဒေသပါတီအကြီး အကဲများကအောက်တိုဘာလ ၂၂ ရက်နေ့တွင်တွေ့ဆုံဆွေးနွေးသည်။ အောက်တိုဘာလ ၇ ရက်နေ့နှင့် ၈ ရက်တို့က ဆန္ဒပြပွဲများအတွင် ရဲက အကြမ်းဖက်နှိမ်းနင်းခဲ့မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးပေးရန် အပါအဝင် တောင်းဆိုချက်များကို ဆွေးနွေးခဲ့ကြောင်းဖြင့် အေဒီအင်သတင်းစဉ်က ပွင့်လင်းစွာသတင်းထုတ်ပြန်သည်။ နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုသော ဆန္ဒပြပွဲများပိုမိုကြီးထွားလာပြန်သည်။

လွှတ်တော်၌ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၂၄ရက်နေ့တွင် နိုင်ငံတော်အကြီးအကဲအဖြစ် ပါတီခေါင်းဆောင် အဲဂွန်ခရင့်ဇ်ကိုပင် ရွေးချယ်တင်မြှောက်ရာ လွှတ်တော်ကိုယ်စားလှယ် ၅၁ ဦးက သဘောမတူ ဟု ကြေညာသည့်ဖြစ်ရပ် မမျှော်လင့်ဘဲ ပေါ်ပေါက်သည်။ ထိုသို့ နိုင်ငံအကြီးအကဲ ခန့်ထားရန် ပါတီ၏လျာထားချက်ကို လွှတ်တော် ကိုယ်စားလှယ်တို့ကဆန့်ကျင်ခြင်းမျိုးသည် ၁၉၄၉ ခုနှစ်က နိုင်ငံကို ထူထောင်ခဲ့ပြီးပထမဆုံး ပေါ်ပေါက်ခြင်းဖြစ်သည်။ လိုက်ပဇစ်မြို့နှင့် အခြားမြို့ကြီးလေးမြို့၌ ဆန္ဒပြပွဲများ ပိုမိုကျယ်ပြန့်လာသည်။ အဲဂွန်ခရင့်ဇ်ကို ဆန့်ကျင်ကြွေးကြော် လာကြသည်။

၁၉၅၃ ခုနှစ်ဇွန်လက အလုပ်သမား အရေးအခင်းတစ်ရပ်ကို နှိမ်နင်းခဲ့ပြီး နောက်ပိုင်းတွင် အဆိုးရွားဆုံးသော လူထုအုံကြွမှုဖြစ်သည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင် နယူးဖိုရမ်အဖွဲ့၌ လက်မှတ်ရေးထိုး ထောက်ခံပါဝင်သူပေါင်း ၂၆ဝဝဝ ကျော်ရှိလာသည်။

အရှေ့ဘာလင်မြို့၏ အက်စ်အီးဒီပါတီခေါင်းဆောင်နှင့် ပါတီ၏နိုင်ငံရေးဦးဆောင်အဖွဲ့ (ပေါ်လစ် ဗျူရို) အဖွဲ့ဝင် ဂူအင်ထာရှဘိုစကီးသည် နယူးဖိုရမ်အဖွဲ့ကိုဦးဆောင် ဖွဲ့စည်းရာ၌ ပါဝင်သူ သိပ္ပံပညာရှင်နှစ်ဦး ဖြစ်သော ယင်းစ်ရိုက်ရှ်နှင့် ဆီဘက်စတီယင်ဖလုဘိုင်လ်တို့နှင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးသည်။ အခြားမြို့များတွင်လည်း ဒေသခံပါတီ ခေါင်းဆောင်များနှင့် ဆန္ဒပြလူထုခေါင်းဆောင်များ ဆွေးနွေးကြသည်။ အက်စ်အီးဒီပါတီ ခေါင်းဆောင်ပိုင်းသည် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်သည်။ အနောက်ဂျာမနီသို့ တရားမဝင် ထွက်ခွာသွားသူများ၊ ထွက်ခွာရန် ကြိုးပမ်းနေကြသူများ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို တောင်းဆိုလျက်ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူများကို လွတ်ငြိမ်းခွင့်ပေးခြင်းဖြစ်သည်။

ထို့ပြင်အရှေ့ဂျာမနီ၏ တရားဝင် အလုပ်သမားအစည်းအရုံးအဖွဲ့၏ ခေါင်းဆောင်ဟာရီတစ်ရှ်သည် ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင်နုတ်ထွက်သွားခဲ့သည်။ ယင်းအစည်းအရုံးသည် အလုပ်သမားတို့၏ အကျိုးစီးပွားကို ပစ်ပယ်ထားခဲ့သည်ဟူ၍ အလုပ်သမားများ၏ ဝေဖန်ရှုတ်ချမှုများ အရှိန်မြင့်လာစဉ် တစ်ရှ်နုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ဆန္ဒပြသူများတောင်းဆိုချက်များ၌ စိစစ်ဖြတ်တောက်ခြင်းကင်း၍ လွတ်လပ်သော အနုပညာ ဖန်တီးခွင့်နှင့် ဖျော်ဖြေခွင့်ပေးရန်၊ စက်မှုကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ပိုမိုထိရောက်စွာ ကာကွယ်ပေးရန်ဟူသော အချက်များပါဝင်လာခဲ့ပြီးဖြစ်သည်။

အက်စ်အီးဒီပါတီ ပေါ်လစ်ဗျူရိုသည် စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမည့် အစီအစဉ်များနှင့်ပါတီခေါင်းဆောင်ပိုင်း အသစ်ပြင်ဆင်ခန့်ထားသည့် အစီအစဉ်များကို နိုဝင်ဘာလ ၃ ရက်နေ့တွင်ထုတ်ပြန် ကြေညာသည်။ ထိုအချိန်တွင် မြို့ကြီးအားလုံး၌နေ့စဉ်ပင် ဆန္ဒပြပွဲများပေါ်ပေါက်ကာ လွတ်လပ်သောရွေးကောက်ပွဲများ ကျင်းပရေးကိုပါ တောင်းဆိုလာပြီဖြစ်သည်။ နိုဝင်ဘာလ ၅ ရက်နေ့တွင် လိုက်ပဇစ်မြို့ပါတီ အကြီးအကဲ ဟို့စ်ထ်ရှူးမန်းနုတ်ထွက်သွားခဲ့သည်။ အသက် ၇၅ နှစ်အရွယ်ရှိ ဝန်ကြီးချုပ် ဝီလီစတို့ဖ်ခေါင်း ဆောင်၍ ဝန်ကြီး ၄ဝ ခန့် ပါဝင်သည့်အစိုးရအဖွဲ့တစ်ထဖွဲ့လုံးသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် အက်စ်အီးဒီ ပါတီခေါင်းဆောင် အဲဂွန်ခရင့်ဇ်က 'ဈေးကွက်ဦးစား ပေးသော ဆိုရှယ်လစ်စီမံကိန်း စီးပွားရေး' ဖြင့်ပို့ကုန်များကို တိုးမြှင့်၍ ပြုပြင်ပြောင်းလဲမည်ဟု လည်းကောင်း၊ ဗျူရိုကရေစီကြိုးနီစနစ်ကို ဖျက်သိမ်းမည်ဟု လည်းကောင်းကတိပြုသည်။ ယင်းပြုပြင်ပြောင်းလဲရေး အစီစဉ်အရ အထောက်အပံ့များကိုလည်း ဖျက်သိမ်းမည်ဟုဆိုသည်။ စားနပ်ရိက္ခာ၊ အခကြေးငွေနှင့်သယ်ယူပို့ဆောင်ရေးအထောက်အပံ့များသည် ၁၉၈၈ ခုနှစ် ဘတ်ဂျက်ဒေါ်လာသန်းပေါင်း ၁၃၅ဝဝဝ ၏ ငါးပုံ တစ်ပုံကျော်ကျော်ရှိခဲ့သည်။

အရှေ့ဂျာမနီအစိုးရသည် အနောက်ဂျာမနီနှင့် နယ်စပ်တစ်လျှောက်ကို ၁၉၈၉ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင်ဖွင့်လှစ်ပေးခဲ့သည်။ အရှေ့ဘာလင် မြို့တစ်မြို့တည်းပင် နယ်စပ်ဖြတ်သန်းရန် နေရာကိုးနေရာကို ဖွင့်လှစ်ပေးခဲ့သည်။ ထိုနေ့မှစ၍သုံးရက်အတွင်းတွင် အနောက်ဂျာမနီသို့ သွားရောက်လည်ပတ်လိုသူ ၃ ဒသမ ၄ သန်းကို ဗီဇာထုတ်ပေးခဲ့သည်။ အနောက်ဂျာမနီသို့ သွားသည့်ကားများသည် ကီလိုမီတာ ၄ဝ ထိ ရှည်လျားစွာတန်းစီလျက်နယ်စပ်ကို ဖြတ်ကျော်ခဲ့ကြသည်။ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အရှေ့ဘာလင်မြို့ တော်ဝန်သည် ဘာလင်တံတိုင်းကိုဖြို၍ဖွင့်ထားသော နေရာမှ တစ်ဆင့်အနောက်ဂျာမနီ အတွင်းသို့ဝင်ကာ အနောက်ဘာလင် မြို့တော်ဝန်နှင့် တွေ့ဆုံခဲ့ကြသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် အနောက်ဂျာမနီ သမ္မတ ရစ်ချတ်ဖွန် ဗိုက်ဆက်ကာသည် အရှေ့ဂျာမနီသို့ ဝင်ကာ တစ်ချိန်က 'သေမင်းလမ်းကြား' ဟုအမည်ကျော်သောနယ်မြေအတွင်းတွင် အရှေ့ဂျာမနီ အဆင့်မြင့် တပ်မတော်အရာရှိတစ်ဦး နှင့်တွေ့ဆုံခဲ့သည်။ အရှေ့ ဂျာမနီအစိုးရသည် နယ်စပ်ကို ဖွင့်ပေးရာတွင်မီတာ ၂ဝ အထိသာကျယ်သော 'သေမင်းလမ်းကြား' မှထွက်သွားမည့်သူများကို ပစ်ခတ်ခြင်းမပြုရန် အမိန့်ပေးခဲ့ခြင်းကြောင့် 'သေမင်းလမ်းကြား' သည် အရှေ့နှင့်အနောက်ကိုခြားထားသော 'သံကန့်လန့်ကာ'၏ အစိတ်အပိုင်းတစ်ရပ်ဟုမဆိုနိုင်တော့ချေ။

ထိုအချိန်တွင် နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပသောလွှတ်တော်အစည်းအဝေး၌ ပြုပြင်ပြောင်းလဲရေး ဝါဒီဟန့်စ်မိုဒရိုကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်၍ အစိုးရအဖွဲ့သစ်ဖွဲ့စည်းစေခဲ့သည်။ မိုဒရိုသည် ကြိုးနီစနစ် အဟန့်အတားများကို ဖျက်သိမ်းရန် အစိုးရအဖွဲ့သစ်တွင် ယခင်ကဲ့သို့ ဝန်ကြီး ၄၄ ဦးထိ မခန့်အပ်တော့ဘဲ ၂၈ ဦးနှင့် ဖွဲ့စည်းသည်။ ကွန်မြူနစ်ပါတီမဟုတ်သော အခြားပါတီငယ် လေးဖွဲ့နှင့် ညွှန့်ပေါင်းအစိုးရဖွဲ့စည်းခြင်းဖြစ်သည်။ အတိုက်အခံ နယူးဖိုရမ် (နွိုင်းယက်စ်ဖိုရွမ်)အဖွဲ့က ပြုပြင်ပြောင်းလဲရေးဝါဒီကို ဝန်ကြီးချုပ်ခန့်အပ်ရုံနှင့် မလုံလောက်ဘဲ အတိုက်အခံတို့နှင့် လက်တွဲကာပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဖို့ လိုကြောင်းဖြင့် ကြေညာခဲ့သည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ဆိုဗီယက်ပြည်ထောင်စုသမ္မတ မီခါယီးဂေါ်ဘာချော့က ဂျာမန်ဒီမိုကရက်တစ် သမ္မတနိုင်ငံ၌ ဖြစ်ပေါ် တိုးတက်နေသော ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုကြောင်းကြေညာခဲ့သည်။

အနုပညာနယ်ပယ်၌ ပြုပြင်ပြောင်းလဲရေး၊ လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပရေးနှင့် အက်စ်အီးဒီပါတီက လွှမ်းမိုးထားခြင်းကို အဆုံးသတ်ရေး၊ လွတ်လပ်စွာ ပြောဆိုတင်ပြခွင့်ပေးရေး စသည်တို့ကို တောင်းဆိုသော ဆန္ဒပြပွဲများ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြန်သည်။ လိုက်ပဇစ်မြို့၌ဖြစ်ပွားသောဆန္ဒပြပွဲ၌ ဂျာမနီနှစ်နိုင်ငံ ပေါင်းစည်းရေးကိုပါ ကြွေးကြော်လာခဲ့သည်။ အနောက်ဂျာမနီ နိုင်ငံနှင့်ပေါင်းစည်းရေးပယ်ချခဲ့သည်။ အရှေ့ဂျာမနီ ခေါင်းဆောင်ဟောင်းများကို စုံစမ်းစစ်ဆေးအရေးယူသင့်ကြောင်းဖြင့် ခရင်းဇ်က နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မော်စကိုနယူးစ်သတင်းစာနှင့် တွေ့ဆုံဆွေးနွေးခန်း၌ ပြောကြားခဲ့သည်။ အထူးသဖြင့် ပါတီစည်းကမ်းထိန်းသိမ်းရေးကို တာဝန်ယူသော ဗဟိုထိန်းသိမ်းရေးကော်မရှင်က ပါတီခေါင်းဆောင်ဟောင်းအဲရစ် ဟွန်နက်ကာ၏ အာဏာ အလွဲသုံးစားပြုမှုကို စုံစမ်းစစ်ဆေးမည်ဟု ဆိုသည်။ စီးပွားရေးမှုခင်းစွဲချက်ဖြင့် ပေါ်လစ်ဗျူရိုမှ နိုဝင်ဘာလ အတွင်းတွင် ထုတ်ပယ်ခံရသည့်ဂွန်ထာမစ်တပ်ကို ဦးစွာစုံစမ်းစစ်ဆေး အရေးယူသည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၇၈)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၁)
  3. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၂)
  4. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၉၀)