ဂျပန်အနုပညာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဂျပန်အနုပညာ[ပြင်ဆင်ရန်]

ဂျပန်လူမျိုးများ အလှအပကြိုက်ကြသည်မှာ သန္ဓေကပင် ဝါသနာအထုံပါခဲ့၍ဟု ဆိုရမည် ဖြစ်သည်။ ထို့ကြောင့် အလွန်ဆင်းရဲသော ရပ်ကွက်များ၌ပင် ဆင်းရဲသူဆင်းရဲသားတို့၏ နေထိုင်ကြသောအိမ်များ၊ ပန်းဥယျာဉ်ကလေးများ၊ အိမ်တွင်းပစ္စည်း အသုံးအဆောင်များ၊ အိမ်ထောင်ပရိဘောဂများ၊ အလှထားသည့်ပစ္စည်းများ၊ ပန်းချီကားများ၊ ပန်းအိုးများနှင့် စားဖိုဆောင်မှ အိုးခွက်များပါမကျန် အနုပညာမြောက်သော ပစ္စည်းများ ဖြစ်သည်ကို တွေ့ရလေသည်။ အိမ်တိုင်း အိမ်တိုင်း၌ပင် အိမ်အတွင်းအပြင် ဆင်ပြင်ထားပုံ၊ အိမ်ထောင်ပရိဘောဂများ စီစဉ်ပုံ၊ ပန်းချီကားများ ချိတ်ပုံ ဖျာ၊ ကော်ဇောများ ခင်းကျင်း ထားပုံ၊ ပန်းအိုးများ ပြင်ဆင်ထားပုံတို့ကို မြင်ရခြင်းအားဖြင့် လူမျိုး၏ စိတ်ဓာတ်သည် အလှအပကို မည်မျှနှစ်သက်၍ အနုပညာကို မည်မျှလိုက်စားကြောင်း ကောင်းစွာ အကဲခတ် နိုင်ပေသည်။သို့ဖြစ်၍ အမေရိကန်၊ အင်္ဂလန် စသော အနောက်တိုင်းပြည်များကဲ့သို့ အဖိုးထိုက်တန်၍ ထူးကဲ ခိုင်မာသော ပစ္စည်းများကို ခမ်းနားစွာ မထားစေကာမူ လက်မှုပညာပစ္စည်းများဖြင့် သပ်ရပ်စွာ အလှအပဆုံး မွမ်းမံ ပြင်ဆင်နိုင်သူများမှာ ဂျပန်လူမျိုးများပင် ဖြစ်လေသည်။

ဂျပန်ပြည်၌ ပေါက်ရောက်သော ဝါးနှင့် ထင်းရှူးပင်များ၊ တောင်စခန်းများတွင် တွေ့ရသော မြေစေးရွှံ့စေး အမျိုးမျိုးတို့ ကလည်း ဂျပန်လူမျိုးတို့၏ သုခုမပညာရပ်များကို အဖက်ဖက်မှ ကူညီအားပေးလျက် ရှိလေသည်။

တိုင်းပြည်တစ်ပြည်၏ ပညာရပ်တစ်ခု တိုးတက်ဖွံ့ဖြိုးမှုသည် နိုင်ငံအုပ်ချုပ်သူများ စိတ်ပါဝင်စားမှုပေါ်တွင် အမှီသဟဲပြု သည်။ အိုးခွက်လုပ်ငန်းကို ၈ ရာစုနှစ်လောက်က တရုတ်ပြည် မှ သင်ကြားမှတ်ယူကာ စတင်လုပ်ကိုင်ခဲ့လေသည်။ ခရစ် ၁၅၉၈ ခုနှစ်တွင် ဆတ်ဆူမာဆိုသူ ဂျပန်မင်းသားတစ်ပါးသည် ကိုရီးယားပြည်ကို တိုက်ခိုက်ခဲ့၍ အပြန်တွင် အိုးအတတ် ကျွမ်းကျင်သူများကို ခေါ်၍ လာခဲ့လေသည်။ ထိုသူများသည် ဂျပန်ပြည်တွင်တွေ့ရသောရွှံ့မြေစေးတစ်မျိုးကိုပြုပြင်ကာ အိုးခွက် မှစ၍ ထည့်စရာများစတင်ပြုလုပ်လေသည်။ ယင်းခွက်ယောက် များကို အပေါ်ယံ၌ ကြွေရောင်တင်ထားသည်။ ထိုကြွေရည် သုတ် ပစ္စည်းမျိုးကို မင်းသားအား ဂုဏ်ပြုသောအားဖြင့် ဆတ်ဆူမာဟု အမည်ပေးရာ ယခုအခါ မြို့ကြီးတိုင်းလိုလို၌ ယင်းတို့ကို ပြုလုပ်၍ နိုင်ငံခြားသို့ပင် ထင်ရှားတွင်ကျယ်သော ကုန်ပစ္စည်းအနေဖြင့် တင်ပို့ရောင်းချလျက် ရှိနေလေပြီ။

ထို ၁၆ ရာစုနှစ် ကုန်ခါနီး၌ ဂျပန်ပြည်သို့ လာရောက် အလုပ်လုပ်နေသော ကိုရီးယားနယ်သား အိုးသည်တစ်ဦးသည် အီဇုမီခေါ် တောင်ထိပ်မှ ရွှံ့စေးတစ်မျိုးကို တွေ့ရပြီးလျှင် ယင်းမှာ တရုတ်ပြည်ထွက် ကြွေအဖြူနှင့် အပြာကဲ့သို့ ကောင်း မွန်ကြောင်း တွေ့ရသည်။ သို့နှင့် ထိုကြွေထည်လုပ်ငန်းကို ချဲ့ထွင်လုပ်ကိုင်ခဲ့ရာ ယခုအခါ ဂျပန်ပြည်ကြွေထည်သည် အကောင်းဆုံး ထုတ်ကုန်တစ်ရပ်အနေနှင့် ရှိခဲ့သည်။

သုခုမ အနုပညာသည်များ နေထိုင်သော တိုင်းပြည်ဖြစ်သည့် အတိုင်း ဂျပန်လူမျိုးများသည် ပန်းများကို အလွန်နှစ်သက်ကြ၍ ပန်းဥယျာဉ်လုပ်ငန်းကိုလည်း အများအပြား လုပ်ကိုင်ကြသည်။ နှစ်စဉ်နှစ်တိုင်း မြို့ကြီးများတွင် ပန်းပြပွဲပြိုင်ပွဲများကို ပြုလုပ် လေ့ရှိသည်။

ပန်းချီအတတ်နှင့်ဆိုင်လျှင် ရှေးဂျပန်ပန်းချီများမှာ တရုတ် တို့၏ ဇစ်မြစ်မှနွှယ်လာသော အသွင်အပြင် ရှိသည်။ သို့သော် နှောင်းခေတ်သို့ရောက်သောအခါ အနောက်နိုင်ငံများမှ အတု ယူကာ လွန်စွာ ခေတ်ဆန်လေသည်။ သို့ပင် ဖြစ်စေကာမူ ဂျပန်လူမျိုးတို့၏ အတွေးအခေါ် အယူအဆကို မပျောက်မပျက် စေဘဲ ခေတ်ဆန်ဆန်ရေးပုံရေးနည်းဖြင့် သရုပ်ဖော်ကာရေးခြယ် ကြလေသည်။

စာရေးပုံသားပုံ၌ တရုတ်တို့၏ မူလဇစ်မြစ်ပါရှိလေသည်။ ကဗျာလင်္ကာစပ်ဆိုပုံ၌ ဂျပန်ကဗျာများမှာ တရုတ်တို့၏ စပ် ဆိုဟန်ကို အတုယူထားကြောင်း တွေ့ရသည်။ ၂ ကြောင်းတွဲ ၄ ကြောင်းတွဲစသည်ဖြင့် အကြောင်းရေနှင့် တွဲထားသည့် ကဗျာလင်္ကာများမှာ ခေတ်အစားဆုံးဖြစ်၏။ ဂျပန်ပြည်ပြဇာတ်များနှင့် ပတ်သက်၍လည်း ဇာတ်ကွက်ဆင်ပုံ၊ ဇာတ်လမ်းထွင်ပုံ၊ အခမ်းအနား ပြင်ဆင်ပုံတို့မှာ တရုတ်ပြဇာတ်များနှင့် များစွာ တူလေသည်။

အရှေ့တိုင်းသားများတို့၏ ပြောင်မြောက်သော လက်ရာ တစ်ခု ဖြစ်သည့် ပန်းပုပညာမှာလည်း ဂျပန်တို့ အရေးတယူ ထားရှိသည့် သုခုမအနုပညာရပ် တစ်ခုဖြစ်၏။ ရှေးဟောင်း ပန်းပုလက်ရာများကို ရှေးဘုရားကျောင်းကြီးများနှင့် အဆောက် အအုံဟောင်းကြီးများ၌သာ တွေ့ရ၍ ၁၆ ရာစုနှစ်မှ ယခုအချိန် အထိ တိုးတက် ထွန်းကားလာလေသည်။ သစ်သားပေါ်တွင် ထုထွင်းအပ်သော ထိုသစ်သားပန်းပုများကို အများအားဖြင့် ဘုရားကျောင်းများတွင် တွေ့ရ၍ ဗုဒ္ဓဘာသာတို့၏ အကြိုက်နှင့် ဆီလျော်အောင် ဟင်္သပဒါး၊ ရွှေစသည်တို့ဖြင့် ခြယ်ထားကြ၏။

ရုပ်လုံး အကောင်အထည်တို့မှာ များသောအားဖြင့် ပန်းအမျိုး မျိုးပုံများ၊ငှက်ရုပ်များ၊ နတ်သမီး၊ ကိန္နရာရုပ်များ၊ နဂါးရုပ်များ ဖြစ်ပြီးလျှင် တံခါးမုခ်များ၊ တိုင်များ၊ မျက်နှာကြက်များနှင့်ပစ္စင် ရင်တားများပေါ်တွင် ထုလုပ်ထားရှိတတ်ကြလေသည်။ အချို့ လက်ရာများမမှာ အလွန်ပင် အနုစိတ်၍ အံ့မခန်း ရှိသည်။ လက်မှုပညာနှင့်ဆိုင်သော အခြားပညာရပ်များမှာ ဆင်စွယ် ပန်းပုထုခြင်းနှင့် အဝတ်များပေါ်တွင် ရွှေခြည်ထိုးခြင်း၊ ဇာပန်း ဖောက်ခြင်းများကဲ့သို့ သတ္တုအမျိုးမျိုးပေါ်တွင် ပန်းဖော်ခြင်း၊ ကျောက်စီခြင်း၊ ကျောက်မြှုပ်ခြင်း အတတ်ပညာများ ဖြစ်လေ သည်။ ယင်းတို့မှာ ကျောက်ရုပ်တုငယ်၊ သံရုပ်တုငယ်ကလေး များ ထုခြင်း၊ ယပ်တောင်များ၊ ဖဲထီး လက်ကိုင်များထုခြင်း၊ ဇာအိမ်ဇာရိုးပြုလုပ်ခြင်းများ ပါဝင်လေသည်။ သံနှင့် သံမဏိ များပေါ်တွင် မိလ္လာဖြင့် ပန်းဖော်ခြင်း၊ ရုပ်ပုံများဖော်ခြင်း အတတ်မှာလည်း ဂျပန်တို့၏ ရှေးဟောင်းသုခုမပညာရပ်တစ်ခု ဖြစ်၍ ဂျပန်လူမျိုးများသည် ထိုအတတ်တွင် ပြိုင်ဘက် ကင်းလောက်အောင် ကျွမ်းကျင်ကြသည်။

ကြေးညိုသတ္တုဖြင့် ရုပ်တုထုလုပ်ခြင်း၌လည်း ဂျပန်တို့၏ လက်ရာမှ ချီးကျူးလောက်ပေသည်။ ကမကုရမြို့ရှိ ဗုဒ္ဓ ရုပ်ပွား တော်ကြီးမှာ ဤကြေးသတ္တုဖြင့် ပြုလုပ်ထား၍ ပေ ၅ဝ ခန့် အမြင့်ရှိ၏။ ပြုလုပ်ပုံမှာ ထိုကြေးသတ္တုများကို အချပ်လိုက် စပ်ပြီးနောက် အဆုံးသတ်တွင် လက်ရိုက်တူကလေးဖြင့် ဆောက်ဖြတ်ကာ ပုံတော်ကို ဖော်ထားလေသည်။

ရောင်စုံပန်းရိုက်ခြင်း အတတ်၌လည်း ဂျပန်ကို မီသူ ရှားလေသည်။ ယင်းအတတ်မှာ ပန်းချီဆရာလက်ရာလည်းပါ၊ ပန်းပုဆရာလက်ရာလည်း ပါရ၍၊ ပန်းပုဆရာက ဆန်းပြား လှပစွာ ထွင်းဖောက်လုပ်ထားသည့် ပန်းပုံများကို ပန်းချီ ဆရာက ပကတိသဘာဝ ပန်းဖူးပန်းနွယ်တို့နှင့် တူအောင် ဆေးခြယ်ရလေသည်။ ထို့နောက် ရောင်စုံရိုက်မည့် ဗလောက် ပုံစံများ အမျိုးမျိုးပြုလုပ်ပြီးလျှင် ဆေးရာင်တစ်ရောင်လျှင် ဘလောက်တစ်မျိုးကျစီထား၍ သူ့နေရာနှင့်သူ၊ သူ့အထပ်နှင့်သူ အရောင်ထပ်၍ အံကိုက်အောင် ဒုက္ခခံကာ တစ်ထပ်ပြီးတစ်ထပ် ရိုက်ယူရလေသည်။ သို့ရိုက်ယူမှသာလျှင် အဖူးအပွင့် အခက် အလက်တို့မှာ ဆေးရောင်ချင်းရောယှက်ကာ သဘာဝ ပန်းခက် ပန်းနွယ်တို့နှင့် တစ်ထေရာတည်းတူညီလေသည်။ ၁၈ ရာစုနှင့် ၁၉ ရာစုနှစ်အတွင်းတွင် ထိုအတတ်၌ အထူး ကျွမ်းကျင် ထင်ရှားသော ပုဂ္ဂိုလ်ကြီးများ ရှိခဲ့ကြ၍ ထိုအခါတွင်မှ ဂျပန် များသည် ရောင်စုံပန်းရိုက်ပညာတွင် တစ်ဖက်ကမ်း ခပ်လေ တော့သည်။

အဝတ်ပေါ်၌ဖြစ်စေ၊ စက္ကူပေါ်၌ဖြစ်စေ၊ ရုပ်ပုံများ၊ ပန်းပုံ များ ရောင်စုံရိုက်နှိပ်ခြင်း အတတ်သည် ပြင်သစ်ပြည်မှစခဲ့ရာ ထိုပညာကို ဂျပန်အနုပညာသည်များ စိတ်ဝင်စားကာ အတုယူခဲ့ ဟန်တူသည်။ ဂျပန်ပြည်၌ ကျောင်းများပင် ဖွင့်လှစ်သင်ကြား၍ ယခုအခါ ထိုအတတ်ပညာဖြင့် လူပေါင်းများစွာ အသက်မွေးမြူ လျက် ရှိကြသည်။သို့ပင် အနောက်နိုင်ငံမှ ယူခဲ့သည့် ပညာရပ် တစ်ရပ်ဖြစ်စေကာမူ ဂျပန်တို့သည် မိမိတို့၏ ရှေးခေတ် အနု ပညာရပ်များကို ထိန်းသိမ်းစောင့်ရှောက်သည့် အနေဖြင့် ရှေးမူဟောင်းစနစ်များကို ပြန်၍ အသက်သွင်းနိုင်သမျှ သွင်းခဲ့ကြ၏။ သို့ဖြင့် အရှေ့တိုင်းသား ဂျပန်တို့သည် သုခုမ အနုပညာများနှင့်ဆိုင်သည့် ကိစ္စများ၌ပင် မိမိတို့ တိုင်းရင်းဖြစ် ရှေးဟောင်း ပညာရပ်များကို တိမ်ကောပပျောက်ခြင်း မရှိရလေ အောာင် ထိန်းသိမ်းစောင့်ရှောက်ထားလို၍ အနောက်တိုင်း၏ လွှမ်းမိုးခြင်းကို ခံယူလိုဟန် မရှိကြချေ။

ဂျပန်နိုင်ငံတွင် ယောကျာ်းမိန်းမ၊ မည်သူမဆို ပန်းများကို အလွန်နှစ်သက်တတ်သော ဝါသနာရှိသည့်အတိုင်း ဥယျာဉ် များဖြင့် အကြီးအကျယ် မစိုက်ပျိုးနိုင်စေကာမူ မိမိတို့ရရှိသမျှ မြေကွက်ကလေးများတွင် မြေပေါ်၌၎င်း အိုးများဖြင့်၎င်း၊ ပန်းပင်များကို ယုယုယယ စိုက်ပျိုးကြသော အလေ့အထ ရှိ၏။ ထို့ကြောင့်လည်း 'ပန်းကြိုက်သော ဂျပန်ပြည်'ဟူ၍ ကမ္ဘာကပင် အသိအမှတ် ပြုခြင်းခံရသည်။သူတို့သည် မည်မျှလောက် အလှ အပ ကြိုက်သည်ဆိုပါမူ အိမ်တွင်းရှိ ပန်းအိုးများ၌ အလှထိုးရာ ၌ပင်လျှင် 'ပန်းအလှထိုးနည်း'ဟူ၍ ပန်းခိုင်များကို လိမ်ခြင်း၊ ညွှတ်၍ပေးခြင်း၊ ဖြတ်တောက်ခြင်း၊ ပြင်ဆင်ခြင်းများကို ပြု လုပ်ကာ သဘာဝအတိုင်း ဖြစ်နေသည့်ဟန် ပြုလုပ်ပေးခြင်းကို ပညာရပ်တစ်ခုအနေနှင့် ထားရှိလေသည်။ တစ်သီးတစ်သန့် စာအုပ်များပင်ထုတ်ကာ အမျိုးသမီးကလေးများ၊ ကျောင်းသူ များ၊ အိမ်ရှင်မများအား သင်ကြားပေးလေသည်။

မြန်မာနိုင်ငံအထက်ပိုင်း ပုဂံနှင့် ညောင်ဦးမြို့များတွင် သစ်စေးသရိုးလုပ်ငန်း တွင်ကျယ်သကဲ့သို့ ဂျပန်သရိုးကိုင် လုပ်ငန်းမှာလည်း ထင်ရှားပြီးလျှင် ဂျပန်များသည် ဤအတတ် ၌ ထူးချွန်သူများ ဖြစ်၏။ထိုလုပ်ငန်းအတွက် 'ရှူးမက်' အမျိုး အနွယ်ဖြစ်သော အပင်တစ်မျိုးမှ ရရှိသော အဆိပ်အတောက် ဖြစ်စေသည့် သစ်စေးမှ ချိပ်ကို ထုတ်ယူလေသည်။ ထိုချိပ်ရည် ကို အလိုရှိသောသစ်သားပေါ်၌ ပါးလွှာစွာသုတ်ပြီးသော် ရေနွေး ငွေ့ပေးထားသော သေတ္တာထဲတွင် အခြောက်ခံပြီးနောက် ကောင်းမွန်စွာ ပွတ်တိုက်၍ အရောင်တင် ပေးလေသည်။ ဤ နည်းအတိုင်း တစ်ကြိမ်မက အကြိမ်ပေါင်းများစွာ သည်းခံ၍ ထပ်တစ်လဲလဲ ပြုလုပ်ပေးခြင်းဖြင့် မိမိအလိုရှိသည့်အတိုင်း အသားတက်ခြင်း၊ အသွေးအရောင် ထွက်လာခြင်းများကို ရရှိ လေသည်။ ဤအတတ်ကို ပန်းယွန်းလုပ်ခြင်း အတတ်ဟု ခေါ် တွင်လေသည်။ ထိုယွန်းထည်များပေါ်တွင်၎င်း၊ ပန်းကန်ပြား များ၊ ဗျပ်များ၌၎င်း ရှုမျှော်ခင်းများ၊ ရုပ်ပုံများနှင့် ပန်းနွယ် ပန်းခက်များဖြစ်အောင် သဲဖြူမှုန့်ကလေးများ၊ ကျောက်ခဲနု ကလေးများဖြင့် ကပ်သော အတတ်ပညာရပ်တစ်ခုလည်း ရှိသေးသည်။ ထိုအတတ်ကို ဂျပန်ကလေးသူငယ်တို့ များစွာ နှစ်သက်ကြသည်။

ပျော်ရွှင်မှုနှင့်ဆိုင်လျှင်လည်း ဂျပန်တို့၏ ရှေးအစဉ်အလာ ဂီတသံများမှာ တရုတ်များနှင့် များစွာတူပြီးလျှင် အနောက် နိုင်ငံသားများ၏ နားထဲတွင် အသံအနိမ့်အမြင့် မရှိသလောက် ဖြစ်နေလေသည်။ အသုံးပြုသော တူရိယာများမှာ မောင်းများ၊ ဗုံကြီး၊ ဗုံတိုများနှင့် စောင်းအမျိုးမျိုးတို့ ဖြစ်ကြသည်။ ယခု ခေတ်၌မူ ယင်းတို့ကို ခေတ်သစ်နည်းစနစ်ဖြင့် အနောက်တိုင်း ဆန်အောင် စီမံပြုလုပ်လေပြီ။

ဂျပန်လူမျိုးများသည် ဆောက်လုပ်ခြင်း ဗိသုကာအတတ်၌ လည်း လက်မြောက်သည်။ ဘုရားပုထိုးများ၊ ကျောင်းများ စသည်တို့တွင် ဘုံဆင့်များ အထပ်ထပ်ရှိပြီးလျှင် လှပစွာ အကောက်အချိတ်တို့ဖြင့် တန်ဆာဆင်ထားသည်။ စေတီပုထိုး များမှာ ဘုံအဆင့်များ အထပ်ထပ် အရစ်ရစ် တည်ထား၏။ နန်းတော်များမှာ ကျောက်သားဖြင့် ပြုလုပ်သည့် ပစ္စင်ရင်တား တို့ဖြင့် မွမ်းမံထား၏။ အိမ်များကို အုတ်ကြွပ်များ၊ တိုင်းရင်း ဖြစ် သက်ငယ်များဖြင့် လှပစွာ မိုးထားပြီးလျှင် အမိုးများသည် အစွန်းတွင် အပေါ်သို့ ကော့ထောင်လျက် ရှိကြ၏။ ခေတ်မှီအိမ် များကို အများအားဖြင့် သစ်သားဖြင့်ဆောက်လုပ်ကြ၍ ဥယျာဉ် နှင့် ရှုမျှော်ခင်းများကို အရေးတကြီး ပဓာနထားကြသည်။ အိမ်ကို တစ်ထပ်သော်၎င်း၊ နှစ်ထပ်သော်၎င်း ဆောက်လုပ်၍ အညိုရောင် ပျဉ်အုတ်ကြွပ်များ မိုးထား၏။ တောနယ်များ၌မူ တိုင်းရင်းဖြစ် သက်ငယ်ကို မိုးကြ၏။ ကြမ်းပြင်တွင် ထု ၂ လက်မထူသော ၃ ပေ ၆ ပေရှိသည့်ဖျာများကို စေ့စပ်စွာ ခင်းထားပြီးလျှင် အခန်းများကိုလည်း ဖျာချပ်၏ အရွယ်အစားနှင့် ကိုက်ညီအောင် ပြုလုပ်ကြ၏။ အခန်းများမှာ တစ်ခန်းနှင့် တစ်ခန်း လွယ်ကူစွာဖွင့်၍ ရနိုင်သော လိုက်ကာအရှင်များဖြင့် အပိုင်းအခြားများ ပြုလုပ်ထား၏။ ထိုလိုက်ကာများရှိ အဝတ် ပေါ်တွင် ရှုမျှော်ခင်းများ၊ ရုပ်ပုံများနှင့် ပန်းပွင့်ပန်းနွယ်များကို ရေးဆွဲ၍သော်၎င်း၊ ရက်လုပ်၍သော်၎င်း တန်ဆာဆင်ထားကြ လေသည်။ ယခုအခါ စားဖိုဆောင်များတွင် တာဝန်နည်း၍ အလွယ်တကူ သုံးစွဲနိုင်သည့် အနောက်တိုင်းဖြစ် ကိရိယာများ ကို တပ်ဆင်ထားလေသည်။ အလင်းရောင်ဝင်စေရန်အတွက် ဖွင့်ရပိတ်ရလွယ်သော ပြတင်းပေါက်များကို အရှင်တပ်ထား သည်။ အိမ်ပြင်တွင် ပန်းဥယျာဉ်ငယ်များဖြင့် လှပစွာ ပြင်ဆင် ထားသကဲ့သို့ အိမ်တွင်း၌လည်း ရိုးရိုးရှင်းရှင်းနှင့် သပ်သပ်ရပ်ရပ် ပြုလုပ်ထားတတ်ကြသည်။

အိမ်ထောင်သိမ်းဆည်းသည့်ဘက်တွင် ဂျပန်မိန်းမများသည် ကမ္ဘာပေါ်တွင် အလွန်လုံ့လ ဝီရိယရှိ၍ စေ့စပ်သေချာသည်ဟု ကျော်စောကြ၏။ ထိုနည်းတူ ဂျပန်ယောကျာ်းများကလည်း အိမ်သုံးကိရိယာများ ပြုလုပ်ရာတွင် လက်မြောက်ကြသည်။ ဂျပန်ယောကျာ်း မိန်းမအားလုံးပင် တနည်းနည်းအားဖြင့် သူတို့ ကိုယ်တိုင် တစ်စိတ်တစ်ဒေသ အနုပညာသည်များ ဖြစ်ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)