ဂျင် (ကစားစရာ)

ဝီကီပီးဒီးယား မှ

ဂျင်[ပြင်ဆင်ရန်]

ဂျင်[ပြင်ဆင်ရန်]

ဂျင်ဆိုသည့် ကစားစရာသည် သစ်သားဖြင့် ပြုလုပ်ရပြီး ကြိုးနှင့် ရစ်ပတ်ကာ လည်၍ရအောင် ပြုလုပ်ထားသော ပစ္စည်းဖြစ်သည်။ ဂျင်အမျိုးအစားများစွာရှိသည်။

အမျိုးအစား[ပြင်ဆင်ရန်]

ခြေထာက်တွင် သံချောင်း တပ်ထားသော ဂျင်ကို ကုလားဂျင် ဟုခေါ်သည်။ မြန်မာဂျင် (သို့) ကလပ်ဂျင် သည် ပွတ်စင်တွင်ပွတ်ခံပြီး ခြေထောက်ရော ကိုယ်ထည်ပါ တစ်ဆက်တည်းရှိသော "ကလပ်ဂျင်" ဖြစ်ပေ၏။ ၎င်း၏ကိုယ်ထည်ဂျင်လုံးနှင့် ခြေထောက်ကြားတွင် ကြိုးရစ်ရန် မြောင်းကလေးပါသည်။ ထိုမြောင်းကလေးသည် ကလပ်သဖွယ် အနားလန်နေသောကြောင့် ကလပ်ဂျင်ခေါ်ခြင်း ဖြစ်ပေ၏။ ကြုံရာသစ်သားဖြင့် လုပ်စေကာမူ လက်ပံသား၊ ဒီဒူးသားဖြင့်ကား မလုပ်ကြပါ။ မကျည်းနှစ် ဒေါင်ဒေါင်လန် သမင်ဖြူ ချော်လို့လဲ၊ ရှားသားဖျန်းဖျန်းကွဲ ဟု စာချိုးမူ ရှိသည်။

ဂျင်ကြိုး[ပြင်ဆင်ရန်]

ဂျင်ကို လည်ရန်အတွက် ဂျင်ကြိုးကို ပြုလုပ်ရသည်။ ပိုက်ဆံလျှော်နှင့် ချဉ်ပေါင်လျှော်သည် အခြားနေရာတွင်သာ ကောင်းမွန်သော်ငြား၊ ဂျင်ပေါက်ရာတွင်မူ ပေလျှော်ကို မမီပေ။ ပေလျှော်ဟု ဆိုရာ၌ အလက်များကြွေကျပြီး ထီးထီးမား ဖြစ်နေသော ပေပင်ကြီးကို မဆို၊ လမ်းဘေးတွင် ပေပင်လော၊ ထန်းပင်လော မသဲကွဲသေးသည့် အရွက်ရှိသည့် ပေပင်မှ ပေရွက်ကို ခွာယူရသည်။ ထို့နောက် ဆုတ်ရသည်။ အရွက်ကို ပင်စည်မှ ခွာစဉ်တွင် ထန်းရွက်နှင့် ပေရွက် မကွဲပြားပါ။ သို့ရာတွင် ဆုတ်ဖြဲသော အခါကျမှ ကွဲပြားစွာ ပေါ်လွင်ပါသည်။ ပေရွက်အကောင်းကို နှစ်စ၊ သုံးစ ဖြစ်အောင် ဆုတ်ဖြဲသောအခါ အမျှင်ထွက်နေသည်။ ထန်းမှာ အမျှင်မထွက်ပေ။ ထိုပေရွက်ကို အနည်းငယ် သုံးလွန်းတင် ကျစ်ရသည်။ စတင်ကျစ်ကတည်းက နားသန်ကွင်း ပါရသည်။ နားသန်ကွင်းမပါသော ကြိုးသည် ဂျင်ကြိုး မဖြစ်နိုင်ပေ။

ဂျင်ကြိုးသည် အရှည် နှစ်တောင့်ထွာခန့် ရှိရမည်။ ကြိုးကျစ်အပြီးတွင် ချောမွေ့စေရန်၊ စန့်စန့်ရပ် ရှိစေရန်အတွက် တိုင်တစ်တိုင်ကို ပတ်ကာ လျှောတိုက်ရသည်။ နားသန်ကွင်းကို အသုံးပြု၍ ကောင်းအောင်ပြင်ဆင်ရသည်။ ကြိုး၏အစကို ထိုကွင်းထဲသို့ ထိုးသွင်းရာမှ ဖြစ်ပေါ်လာသော ကွင်းသည် ဂျင်ပေါက်ရာတွင် အဓိကကျသော ကွင်းဖြစ်သည်။

ဂျင်ပေါက်ကစားနည်း[ပြင်ဆင်ရန်]

ဂျင်ပေါက်ကစားရာတွင် ဦးစွာအပေါက်ခံရသူကို ရွေးချယ်ရသည်။ ရွေးချယ်ပုံမှာ သုံးမျိုး ရှိသည်။

  • ၁) ဂျင် အသေအရှင် ရွေးခြင်း
  • ၂) စည်းတွင်း၌ဖမ်းခြင်း
  • ၃) သတ်မှတ်သောနည်းဖြင့်ဖမ်းခြင်း။

ဂျင် အသေအရှင် ရွေးခြင်း[ပြင်ဆင်ရန်]

ပြိုင်ပွဲတွင် ပါဝင်မည့်သူများသည် မြေပေါ်သို့ ဂျင်ကို ချပေါက်၏။ အရင်ဆုံး ရပ်သွားသော ဂျင်ကို ဝိုင်းပေါက်ကြရသည်။

စည်းတွင်း၌ ဖမ်းခြင်း[ပြင်ဆင်ရန်]

စည်းဝိုင်းတစ်ခုကို အများအကြိုက်ညီသည့် အကျယ်အဝန်းအတိုင်း မြေပေါ်တွင်ရေးခြစ်သည်။ ဂျင်ကို စည်းတွင်းသို့ပေါက်ထည့်ရသည်။ ကြိုးဖြင့်ဆွဲမြှောက်ဖမ်းရသည်။ ထိုသို့ပေါက်ကြစဉ် ဂျင်တစ်လုံးသည် အကြောင်းတစ်စုံတစ်ရာကြောင့် စည်းတွင်း၌သေသွားလျှင် ထိုဂျင်ကို ဝိုင်း၍ ပေါက်ကြရသည်။ ဝိုင်းဝန်းပေါက်သောဂျင်များ အရှိန်မသေမီ ဖမ်းကြရသည်။ မဖမ်းနိုင်ခင် အရှိန်သေသွားလျှင် ထိုဂျင်ပါ အပေါက်ခံရသည်။

သတ်မှတ်သောနည်းဖြင့်ဖမ်းခြင်း[ပြင်ဆင်ရန်]

မြန်မာဂျင်၏ အကောင်းဆုံးသော ကစားနည်းကို ဖော်ထုတ်ခြင်း ဖြစ်၏။

ဖမ်းနည်း(၁၁)မျိုးမှာ

  • (၁)မြေကွင်းဆွဲ
  • (၂) ဆမ
  • (၃) သဖျီး(သွားဖြီး)
  • (၄) ရေအိုးရွက်
  • (၅) သမင်လည်ပြန်
  • (၆) အပေါ်ဆလဲ
  • (၇) ပေါင်ခွင်
  • (၈) တစ်ဘက်လက်ခုပ်
  • (၉)နှစ်ဘက်လက်ခုပ်
  • (၁၀) အောက်ဆလဲ
  • (၁၁) ခါးပြေ တို့ ဖြစ်သည်။

မြေကွင်းဆွဲ

ပေါက်လိုက်သောဂျင်သည် လည်နပြေီ။ လက်မတွင်စွပ်ထားသော ကွင်းကို အလျင်အမြန်ဖြေကာ ဂျင်တစ်လုံးချောင်ချောင်ဝင်နိုင်သောအရွယ်ရအောင် ချဲ့ရသည်။ လည်နေသော ဂျင်ပေါ်ကစွပ်ကာ ကြိုးကို ဆွဲယူလိုက်ရသည်။ ဂျင်၏ကလပ်ကြားတွင် ကြိုးရောက်နေကာ ဂျင်ကိုတင်းကြပ်စွာ ဖမ်းမိပြီးသားဖြစ်နေလေ၏။ မြေကွင်းဆွဲမှာပင် အပေါ်စွပ်နှင့်အောက်စွပ် ကွဲပြားသေး၏။ အောက်စွပ်မှာ ဂျင်၏ခြေထောက်အောက်မှ ကြိုးကွင်းကို ထိုးသွင်းပြီး ဆောင့်ဆွဲရခြင်းဖြစ်သည်။ ထိုသို့ဆွဲရာမှ ဂျင်လွတ်ကျလျှင် သေတော့သည်။

ဆမ

ဂျင်လည်နေစဉ် လက်မ၌စွပ်ထားသော ကွင်းလျှောကို ပြင်ဆင်ရသည်။ ကွင်းကျယ်လွန်းပါက တိုးလျှိုပေါက်ထွက်ကျသွားမည်။ ကျဉ်းလွန်းလျှင် ခြေထောက်မဝင်သာပဲ လိမ့်ကျသွားမည်။ ထို့ကြောင့် သင့်လျော်ရုံရှိသာကွင်းကို ကမန်းကတန်း ပြင်ဆင်ကာ ကြိုးကို လက်နှစ်ဘက်ဖြင့် အလယ်"အိုက်"ပြီး ကိုင်ရသည်။ ကလပ်ကြားသို့ ကြိုးရောက်အောင်ချပြီးနောက် ဆွဲမြှောက်လိုက်ရသည်။ မြောက်တက်သွားသော ဂျင်ပြန်အကျတွင် ကြိုးကွင်းကို လက်ဖြင့်ကိုင်လျက် ဆီးခံရသည်။ ကွင်းထဲသို့ ဂျင်ရောက်သည်နှင့် တပြိုင်နက် ကြိုးကို ဆွဲယမ်းပစ်ရသည်။ သို့်မှသာ မိပြီးသော ဂျင်သည် ကျွတ်မကျပဲ ရှိချေမည်။ ထိုသို့ခံယူသော ကြိုးကွင်းသည် မျက်နှာရှေ့တည့်တည့်ထားရမည့်အပြင် တစ်ဖက်ကိုင် နှစ်ဖက်ကိုင် ဟူ၍လည်း အကွန့်အချဲ့ ရှိသေး၏။

သွားဖြီး(သဖျီး)

မြောက်တက်သွားသော ဂျင်ကို ကြိုးကွင်းဖြင့် ဆီးခံရာတွင် ကြိုးကွင်းကို သွားဖြင့်ကိုက်ထားရသည်။ ကွင်းထဲသို့ ဂျင်ရောက်ရောက်ချင်း ပါးစပ်ကလွှတ်ပြီး လက်ကဆောင့်ဆွဲရ၏။ ဂျင်ကို ကြိုးကွင်းထဲသို့ ရောက်သည်အထိ စောင့်မနေရပါ။ စောင့်နေပါက သွားကျိုးနိုင်သည်။

ရေအိုးရွက်

မြောက်တက်သွားသောဂျင် ပြန်ကျမည့်နေရာသို့ လူကပြေးရွှေ့ကာ ကြိုးကွင်းကို အောက်ကခံထားရသည်။

သမင်လည်ပြန်

ကြိုးကွင်းကို ပခုံးနောက်တွင်ထားပြီးနောက် ခေါင်းငဲ့ထားရသည်။ သမင်များ လည်ပြန်ကြည့်ဘိသို့ရှိ၏။


အပေါ်ဆလဲ

ဂျင်ကိုမြှောက်ပြီးမတင်ရပေ။ ဂျင်ကို ကြိုးနှင့်ပွတ်ပြီး မြေနှင့်လွတ်ရုံ မ တင်ရသည်။ ဂျင်သည်လည်လျက်ပါလာစဉ် ကြိုးကိုတင်းအောင် ဆွဲဆန့်ရကာ တစ်ဘက်မြှင့်ပေးရသည်။ ဂျင်သည်မြင့်သောဘက်သို့ လည်လျက်တက်သွားသည်။ ကြိုးအဆုံးသို့ရောက်လျှင် ပစ်မြှောက်လိုက်ပြီး ကွင်းလျှောဖြင့် ဖမ်းယူသည်။

ပေါင်ခွင်

အချို့အရပ်တွင် "တစ်ပေါင်ကျော်" ဟု ခေါ်သည်။ ဂျင်ကို မြှောက်လိုက်ပြီးနောက် ပေါင်ကိုမြှောက်ကာ ပေါင်အောက်မှ လက်လျှိုလျက် ကြိုးကွင်းဖြင့် ခံယူ၍ ဖမ်းသည်။

တစ်ဘက်လက်ခုပ်

ဂျင်ကို လက်ခုပ်တစ်ဖောင်ကျော်အောင် မြှောက်လိုက်ပြီး လက်ကိုဆန့်တန်းကာ လက်တစ်ဘက်တည်းဖြင့် ဖမ်းယူသည်။

နှစ်ဘက်လက်ခုပ်

အထက်နည်းအတိုင်းပင်ဖြစ်၍ လက်ဝါးနှစ်ဘက်ဖြင့်ဖမ်းယူသည်။

အောက်ဆလဲ

အမှတ်စဉ် (6) အပေါ်ဆလဲနည်းတူပင်။ သို့ရာတွင် လည်နေသောဂျင်ကို မြင့်ရာမှနိမ့်ရာသို့ ကြိုးအတိုင်း ဆင်းလာအောင် ကြိုးအလျော့အတင်း ကစားပေးရသည်။ လက်အနေအထား ပြုပြင်ပေးရသည်။ ကြိုးဆုံးလျှင်ပစ်မြှောက်ပြီး ကြိုးကွင်းဖြင့်ဖမ်းသည်။

ခါးပြေ

တက်သွားသောဂျင်သည် အနေအထားမှန်ကန်ရန်လို၍ တည့်မတ်စွာ ကျဆင်းလာရန် အရေးကြီးပေသည်။ သို့မှသာ ကျောဘက်ခါးနေရာတွင် ခံထားသောကြိုးကွင်းထဲသို့ ဂျင်ခြေစွပ်မိပေမည်။

[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဆင်ဖြူကျွန်း အောင်သိန်း - မြန်မာ့ရိုးရာ ကျေးလက်ကစားနည်းများ၊ ၂၀၁၄၊ ဇူလိုင်လ၊ စာ-၁၆ (ပထမအကြိမ်)