ဂျက်လန်ဒန်

ဝီကီပီးဒီးယား မှ
Jack London
Jack London young.jpg
၁၉၀၃ လန်ဒန်
မွေးဖွားJohn Griffith Chaney
(1876-01-12)ဇန်နဝါရီ ၁၂၊ ၁၈၇၆
ဆန်ဖရစ္စကို ကယ်လ်ဖိုးနီးယား အမေရိကန်။
ကွယ်လွန်နိုဝင်ဘာ ၂၂၊ ၁၉၁၆(1916-11-22) (အသက် ၄၀)
ဂလန် အီလန်၊ ကယ်လ်ဖိုးနီးယား၊ အမေရိကန်။
အလုပ်အကိုင်ဝတ္ထုရေးဆရာ၊ ဂျာနယ်လစ်၊ ဝတ္ထုတို၊ စာရေးဆရာ။
စာပေလှုပ်ရှားမှုလက်တွေ့သမား၊

လက်မှတ်

ဂျွန် ဂရစ်ဖစ် "ဂျက်" လန်ဒန်(ဂျွန် ဂရစ်ဖစ် ချန်နီ၊ ၁၂ ဇန်နဝါရီ ၁၈၇၆ - ၂၂ နိုဝင်ဘာ ၁၉၁၆)[၁][၂]သည် အမေရိကန် ဝတ္ထုရေးဆရာ၊ ဂျာနယ်လစ်နှင့် လူမှုရေး လှုပ်ရှားသူ တဦး ဖြစ်သည်။ ထိုစဉ်က လျင်မြန်စွာ ကြီးထွားလာနေသာ စီးပွားရေးအရ မဂ္ဂဇင်း စိတ်ကူးယဉ် ဝတ္ထုလောကတွင် စွန့်ဦးတီထွင်သူ တဦး အနေနှင့် သူသည် သိပ္ပံ စိတ်ကူးယဉ် ဝတ္ထုများအပါအဝင် သူ၏ စိတ်ကူးယဉ်ဝတ္ထုများ သီးသန့်မှ အံ့ဩဖွယ်ကောင်းသော ကံတရားနှင့် ကမ္ဘာတဝန်း ရေပန်းစားမှုကို ရရှိခဲ့သော ပထမဦးဆုံး စိတ်ကူးယဉ် ဝတ္ထုရေးဆရာများထဲမှ တဦး ဖြစ်သည်။[၃] သူ့ အကျော်ကြားဆုံး လက်ရာများထဲမှ အချို့မှာ ကလွန်ဒိုက် ရွှေရှာပွဲတွင် အခြေတည်ထားသော အရိုင်းခေါ်သံ(The Call of the Wild)နှင့် အစွယ်ဖြူ(White Fang)တို့ ရှိသကဲ့သို့ ပုံပြင်တိုများ ဖြစ်သည့် မီးမွှေးရန်(To Build a Fire)မြောက်ပိုင်းမော်ကွန်းရှည်ကြီး(An Odyssey of the North)‌နှင့် ချစ်ခြင်းမေတ္တာတရား (Love of Life)တို့လည်း ရှိသည်။ ပါလေးပုလဲများ(The Pearls of Parlay)နှင့် ဒိဋ္ဌိ(The Heathen)ကဲ့သို့သော ဝတ္ထုများတွင် တောင်ပစိဖိတ် အကြောင်း ရေးသားသလို၊ ပင်လယ်ဝံပုလွေ(The Sea Wolf)တွင် ဆန်ဖရန်စစ္စကို ပင်လယ်အော်ဒေသအကြောင်း ရေးထားသည်။

ဒိဋ္ဌိကြီး၏ ဈာပန[ပြင်ဆင်ရန်]

‘တစ္ဆေ’ အမည်ရှိ သင်္ဘောသည် ဆန်ဖရန်စစ္စကိုမြို့၏ ကမ်းလွန်ပင်လယ်ပြင်တွင် ရွက်လွှင့်၍နေသည်။ လေသည် ပြင်းပြင်းထန်ထန် တိုက်ခတ်၍နေ၏။ သင်္ဘောပဲ့ပိုင်းသည် တိမ်းစောင်း၍သွားသည်။ ရေများ ပဲ့ပိုင်းလက်ရန်းကို ကျော်ဖြတ်ပြီး ကုန်းပတ်ပေါ်အထိ ဝင်လာသည်။ `အလောင်းကောင်’ ပေါ်သို့ ရေများ ဖြတ်သွား၏။ `…… အသုဘအခမ်းအနား လုပ်ထုံးလုပ်စဉ်နဲ့ ပတ်သတ်ပြီး ငါ တပိုင်းတစပဲ မှတ်မိတယ်။ ဒါကတော့ ရုပ်အလောင်းကို ပင်လယ်ထဲပစ်ချရမယ်ဆိုတဲ့ အပိုင်းပဲ၊ ဒါကြောင့် ပင်လယ်ထဲပစ်ချလိုက်တော့ … …’ အလောင်းကောင်၏ထိပ်မှရပ်၍ ‘တစ္ဆေ’ သင်္ဘောကပ္ပတိန် လာဆင်သည် ဈာပနအခမ်းအနားအား ကျင်းပနေ၏။ စကားက ဤမျှနှင့်ရပ်သွား၍ အလောင်းထည့်ထားသောအိပ်ကိုကိုင်ထားသူများ အူကြောင်ကြောင် ဖြစ်နေကြသည်။ ‘ဟေ့ကောင်တွေ ဘာဖြစ်နေတာလဲ၊ ပစ်ချလိုက်ဆိုတာ မကြားဘူးလား …’ ဝံပုလွေကြီးသည် … သူ၏အကျော်ကြားဆုံး ဝတ္ထုဖြစ်သည့် ပင်လယ်ဝံပုလွေ (Sea Wolf) အား ပင်လယ်ပြင် သင်္ဘောပေါ်မှ ဈာပနအခမ်းအနားတခု၏ မြင်ကွင်းနှင့်ဖွင့်ခဲ့၏။ ယခုမူ … …။ ၁၉၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် … နေ့တွင် ဝံပုလွေကြီး ကွယ်လွန်ခဲ့၏။ ကွယ်လွန်ခဲ့သည်ဆိုသော်လည်း … သူကိုယ်သူ သတ်သေခဲ့ခြင်းဖြစ်၏။ မော်ဖင်းနှင့်အစထရိုဖင်း ဆေးများအားသောက်၍ သူ့ဘဝ သူ့ဇာတ်အား သူ့ဖာသာသူ သိမ်းပစ်ခဲ့ခြင်း … …။ ဆန်ဖရန်စစ္စကိုမြို့ရှိ ဝတ်ကျောင်းတခုအတွင်း ဝံပုလွေကြီး၏ ရုပ်အလောင်းအား သရဏဂုံတင်၏။ တိတ်တိတ်ဆိတ်ဆိတ် …။ ငြိမ်ငြိမ်သက်သက် …။ ခြောက်ခြောက်ကပ်ကပ် … …။ သရဏဂုံတင်ပေးသည့် ဘုန်းတော်ကြီးတပါး …။ သူ၏မိခင်၊ သူ့ဇနီး၊ သူ့သမီးငယ်နှစ်ဦးနှင့် သူ့ပထွေးဘက်မှ ပါသည့် သူ့အမကြီး … …။ ဤမျှသာ …။ ဝံပုလွေကြီးကား … … သူ့ဈာပနနှင့်ပတ်သတ်၍ သူ့အမကြီးအား မှာခဲ့၏။ ‘သူသေသည့်အခါ … သူ့အလောင်းကိုပြာချပြီး သူ့ခြံထဲမှာပဲ မြုပ်နှံပေးပါ…’ ဝံပုလွေကြီးက ကွယ်လွန်ခဲ့လေပြီ။ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၂ ရက်ဆိုလျှင် … … သူကွယ်လွန်ခဲ့သည်မှာ ၉၂ နှစ် ရှိခဲ့ပြီ။ သို့သော် … သူရေးခဲ့သည့် စာများက ယနေ့တိုင် ကျနော်တို့ စွဲစွဲမြဲမြဲ ဖတ်နေကြရဆဲ …။ တခုတ်တရ သိမ်းထားကြရမြဲ …။ နှင်းကမ္ဘာ၏သမီးပျို၊ အရှင်လတ်လတ်ငရဲကျနေကြရသူများ၊ အရိုင်း၏ခေါ်သံ၊ ပင်လယ်ဝံပုလွေ၊ သံဖနောင့်၊ ဂျွန်ဘာလီကွန်း (သို့မဟုတ်) အရက်သမားတဦး၏မှတ်တမ်း … … စသည့် … စသည့် စာအုပ်များရေးခဲ့သည့် အမေရိကန်ပြည်မှ ကလောင်နီဟု ဝိဂြိုဟ်ပြုရမည့် သတင်းစာဆရာ၊ စာရေးဆရာကြီး ဂျက်လန်ဒန် … …။

ဘုံသား[ပြင်ဆင်ရန်]

‘ဂျက်’ အား ၁၈၇၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကယ်လီးဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့၌ မွေးဖွားခဲ့၏။ မိခင်က ‘ဖလော်ရာဝဲ(လ်)မင်း’ ဖြစ်သည်။ `ဖလော်ရာ’ က စန္ဒရားဆရာမတဦးအဖြစ်နှင့် ဆန်ဖရန်စစ္စကိုမြို့တွင် တဦးတည်းနေ၏။ အိမ်းငှားနေထိုင်ရင်း … … အခန်းချင်းနီးကပ်သည့် အခန်းဖော် ပါမောက္ခ ချင်းနီ နှင့် အနေနီးစပ်ကြ၏။ ‘ဖလော်ရာ’ နှင့် ‘ပါမောက္ခချင်းနီ’ တို့ ရောရောနှောနှော … ရင်းရင်းနှီးနှီး ဆက်ဆံနေထိုင်ရင်း … ဂျက်အား သန္ဓေတည်ခဲ့ကြမည်။ ဖလော်ရာသည် ပေါ့ပေါ့ပါးပါး မဟုတ်တော့ …။ ကိုယ်လေးလက်ဝန်ရှိလာလေပြီ။ ဤအရေးအတွက် ဖလော်ရာအတွက်ရှင်းရန် ထွေထွေထူးထူး မရှိ …။ ဤကိုယ်ဝန်မှာ ပါမောက္ခချင်းနီနှင့်ရခဲ့သည့် ကိုယ်ဝန်သာဖြစ်၍ ပါမောက္ခ ချင်းနီနှင့် တွေ့ပြီးရှင်းပြ၍ သူတို့တရားဝင်လက်ထပ်ကြရန်သာ …။ ဤသို့ပင် … ဖလော်ရာ ထင်ထားခဲ့၏။ သို့သော် … ဖလော်ရာ ထင်ထားသကဲ့သို့ ‘ချင်းနီ’ နှင့် တွေ့ကြရာတွင် ဖြစ်မလာခဲ့ …။ ‘ချင်းနီ’ က သူနှင့်ရသော ကိုယ်ဝန်မဟုတ်ဟု ခါးခါးသီးသီး ငြင်း၏။ လက်မထပ်နိုင် …။ အဖေအဖြစ် အဖော်မခံနိုင် ဟု ခေါင်းခါခါ၊ လည်ခါခါငြင်း၏။ အဆုံး၌ … ဖလော်ရာသည် သူ့ကိုယ်သူ ပစ္စတိုသေနတ်နှင့်ပစ်၍ သေကြောင်း ကြံခဲ့၏။ ကံကောင်း၍ သေလောက်သည့် ဒဏ်ရာ မရခဲ့ …။ ဤသို့နှင့် … ‘ဂျက်’သည် လူဖြစ်လာခဲ့ရခြင်းဖြစ်၏။ ထိုသတင်းသည် ထိုစဉ်က ဆန်ဖရန်စစ္စကိုမြို့ ထုတ် ‘ခရောနီကယ်’သတင်းစာကြီး၌ မျက်နှာဖုံးသတင်းတပုဒ် ဖြစ်ခဲ့ရ၏။ ‘ဖလော်ရာ’ သည် ‘ဂျက်’ အား မွေးဖွားခဲ့ပြီး … မွေးစာရင်းတွင် … သူမကိုယ်သူမ မစ္စစ် ဖလော်ရာချင်းနီ နှင့် သူမ၏သားငယ်အား ‘ဂျက်ချင်းနီ’ ဟူ၍လည်းကောင်း စာရင်းသွင်းခဲ့၏။

အရွယ်မတိုင်မီ[ပြင်ဆင်ရန်]

‘ဂျက်’ ရှစ်လသားအရွယ်တွင် ‘ဖလော်ရာ’ သည် ‘ဂျွန်လန်ဒန်’ ဆိုသူနှင့် တရားဝင် အိမ်ထောင်ပြုလိုက်၏။ ဤတွင် … မစ္စစ်ဖလော်ရာချင်းနီသည် မစ္စစ်ဖလော်ရာလန်ဒန်ဖြစ်ပြီး၊ ‘ဂျက်ချင်းနီ’ သည်လည်း ‘ဂျက်လန်ဒန်’ဟူ၍ ဖြစ်ခဲ့ရတော့၏။ ‘ဂျွန်လန်ဒန်’ က အိုဟိုင်ယိုပြည်နယ်က လယ်သမားကြီးတဦး ဖြစ်သည်။ စီးပွားရေးပျက်ကပ်ကြီးများ၏ဒဏ်အား ကြိမ်ဖန်များစွာခံရပြီးနောက် … … လယ်ယာလုပ်ငန်းအား စွန့်လွှတ်ရတော့သည်။ တရွာပြီးတရွာပြောင်းရင်း ဆန်ဖရန်စစ္စကိုသို့ရောက်ခဲ့ပြီး ‘ဂျက်’ မိခင်နှင့် အိမ်ထောင်ကျခြင်းဖြစ်၏။ ‘ဂျက်လန်ဒန်’ လူဖြစ်ကြီးပြင်းခဲ့ရသည့် အချိန်ကာလက … အမေရိကန်လက်ဝါးကြီးအုပ် အရင်းရှင်စံနစ်အတွင်း လူနေမှုစံနစ်များ ဖောက်လွဲဖောက်ပြန်နှင့် ဝရုန်းသုန်းကား ဖြစ်ပွားနေသောကာလ … …။ ‘ဘဏ္ဍာအရင်း’ နှင့် ‘လုပ်အား’ တို့၏ပဋိပက္ခသည် အထွတ်အထိပ်သို့ တတ်နေသည့်အချိန် … …၊ ဆင်ဒီကိတ်၊ ထရပ်(စ်)၊ ကာတဲ(လ်)တို့က အမြတ်ရရေးတခုတည်းအပေါ်ကြည့်ပြီး အရာရာကို လည်မျိုညှစ် ဝါးမျိုနေသည့် ခေတ် … …။ ဤသို့သော … … လူမှုဒုက္ခ ဝဲကယက်ကြီးအတွင်း ဂျက်လန်ဒန်တို့ မိသားစုသည်လည်း မြုပ်ချီ … ပေါ်ချီနှင့် စီးမျော၍နေခဲ့ကြရမည်။ ‘ဂျက်လန်ဒန်’ သည် ဆန်ဖရန်စစ္စကိုမြို့အနီးရှိ ဥက္ကလန်သဒ္ဒါကျောင်း၌ အတန်းပညာအားစ၍ သင်ကြားခဲ့၏။ ‘ဂျက်’ ၏ ထမင်းဗူးတွင် ‘အသား’ ဟင်းလျာဟူ၍ မည်သည့်အခါမျှမပါ … ပေါင်မုန့်နှင့် အားလူးပြုတ်သည် သာ ‘ဂျက်’ ၏ နေ့စဉ်မှီဝဲရသည့် အာဟာရ …။ နေ့ခင်းထမင်းစားလျှင် ‘ဂျက်’ သည် အတန်းတူ အခြားကလေးများနှင့် ရောနှော၍ ထမင်းမစားဝံ့ …။ အသား၊ ငါးဟင်းအမယ်များနှင့် ဖွယ်ဖွယ်ရာရာ ထမင်းဗူးများအကြား၌ ‘ဂျက်’ ၏ ထမင်းဗူးသည် သိမ်ငယ်၍ … …။ လူကြားမတိုး …။ ဝတ်ဆင်ရာတွင်လည်း ‘ဂျက်’ ၌ ကျောင်းဝတ်စုံ နှစ်စုံသာရှိ၏။ နှစ်စုံသော ဝတ်စုံသည်လည်း အရောင်မပေါ် … မွဲမွဲခြောက်ခြောက် …။ သစ်သစ်လွင်လွင်နှင့် တောက်တောက်ပြောင်ပြောင် ကလေးငယ်များအကြားတွင် ဂျက်သည် ခွေးဖြူတော မတိုးဝံ့ … ဖြစ်နေခဲ့ရမည်။ စာမေးပွဲတခုတွင် ‘ဂျက်’ သည် ပထမတန်းဂုဏ်ထူးနှင့် အောင်မြင်ခဲ့၏။ သို့သော် … ဆုပေးပွဲအခမ်းအနားသို့ ‘ဂျက်’ မသွားရောက်ခဲ့ …။ အခမ်းအနားသို့ တတ်ရောက်ရန် သူ့တွင် အဝတ်အစားမရှိ၍ ဖြစ်သည်။ ‘ဂျက်’ ၁ဝ နှစ်သားအရွယ်တွင် သတင်းစာပို့သည့်အလုပ်အား လုပ်ကိုင်ခဲ့ရ၏။ တဖက်က ကျောင်းတတ်ရင်း သတင်းစာပို့ခဲ့ခြင်းဖြစ်သည်။ မနက် ၃ နာရီတွင် အိပ်ယာမှထရပြီး တလမ်းဝင် တလမ်းထွက် သတင်းစာ ပို့ခဲ့ရသည်။ ကျောင်းချိန်အမှီ ကတိုက်ကရိုက်နှင့် ကျောင်းတတ် …။ ကျောင်းကပြန်လာလျှင်လည်း … ကတိုက်ကရိုက်ပင် …။ အဆာပြေ တခုခုစားရန်က ပေါပေါနှင့် အမြဲရှိသည့် ‘ရေ’ …။ ရေတဝသောက်ပြီး ညနေပိုင်း သတင်းစာအား ပို့ရပြန်၏။ နေဝင်မိုးချုပ်မှ အိမ်သို့ပြန်ရောက်ရ၏။ ၁၃ နှစ်သားအရွယ်တွင် ဂျက်သည် ဥက္ကလန်သဒ္ဒါကျောင်းမှ နောက်ဆုံးအတန်းအား ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။ အထက်တန်းပညာ ဆက်သင်ကြားနိုင်ရန် သူ့တွင် အခြေအနေက မပေး …။ ညစောင့် အလုပ်နှင့် မိသားစုဝန်အား ထမ်းနေခဲ့သည့် ‘ဂျက်’ ၏ပထွေးသည် မီးရထားတိုက်ခံရပြီး ဒုက္ခိတအဖြစ်နှင့် အိပ်ယာပေါ် လဲနေရတော့၏။ ဤတွင် … ၁၃ နှစ်သား ‘ဂျက်’ အဖို့ မိသားစုဝန်တခုလုံးသည် … သူ့ ပခုံးပေါ်သို့ ရောက်၍လာတော့၏။

ဘုံလယ်တခွင်[ပြင်ဆင်ရန်]

ဥက္ကလန်အနောက်ပိုင်း … သံပုံးစက်ရုံတွင် အလုပ်ရ၏။ ၁၃ နှစ်သား ကလေးအလုပ်သမားလေး ဂျက်၏ လုပ်ခက … တနာရီလျှင် ၁ဝ ဆင့် ရ၏။ ပထမတွင် ဂျက်သည် တနေ့ ၁ဝ နာရီ အလုပ်ဆင်း၏။ ဂျက်၏လုပ်ခတနေ့ တဒေါ်လာက မိသားစု၏မီးဖိုချောင်အား မီးခိုးမှန်မှန် မထွက်နိုင် …။ အိမ်စားရိတ်အား မရ …။ ဤတွင် ဂျက်သည် သူ့အလုပ်ချိန်အား တနေ့လျှင် … ၁၈ နာရီအထိ တိုးလုပ်ခဲ့၏။ အလုပ်သွားရာတွင် ဘတ်(စ်)ကားကို မစီးနိုင် …။ လမ်းလျှောက်၍ပင် အလုပ်သို့သွားရ၏။ အပြန်တွင်မူ ဂျက်သည် ခြေကုန်လက်ပမ်းကျစွာနှင့် ယိုင်ထိုး၍နေလေပြီ … …။ ကြာလာသောအခါ ဂျက်သည် အလုပ်၏ ဒဏ်အားမခံနိုင်တော့ …။ မျက်တွင်းများက ဟောက်ပက် …။ နားထင်များက ချိုင့်ဝင်နေပြီး၊ အသားအရည်က ညိုခြောက်၍နေပြီ။ ငယ်ရွယ်သော ဂျက်၏အသွေးအသားတို့အား သံပုံးစက်ရုံက ဝါးမြို၍ သွားခဲ့လေပြီ။ ဤအတိုင်းဆက်သွားပါက ဂျက်သည် လူမဖြစ်မီမှာပင် လူဘဝအား အဆုံးသတ်ရလေမည်လား …။ စဉ်းစားရင်း … ဂျက်သည် သူ့ဘဝနှင့် သူ့အလုပ်အပေါ် နာကြည်းလာ၏။ စက်ရုံ၏ကျေးကျွန်တယောက်အဖြစ်နှင့် သူ့ဘဝသည် လုံးပါး ပါးရတော့မည်လား …။ ဂျက် ဆုံးဖြတ်လိုက်၏။ ပြီးလျှင် … သံပုံးစက်ရုံအလုပ်သမားအဖြစ်မှ ထွက်ခဲ့၏။ အလုပ်မှထွက်ပြီး … ဂျက်၏ခြေလှမ်းများက အိမ်သို့မပြန် …။ ဥက္ကလန်ဆိမ်ကမ်းဆီသို့ …။ ဥက္ကလန် ဆိမ်ကမ်းက ‘ဂျက်’ ကျောင်းသားဘဝ အထီးကျန် ဝံပုလွေငယ်တကောင်အဖြစ်နှင့်ရှိစဉ်ကပင် ရောက်ခဲ့ ကျင်လည်ခဲ့ဖူးသည့် နေရာ …။ ဂျက်အတွက် မစိမ်း …။ ဥက္ကလန်ဆိပ်ကမ်းက လူပေါင်းစုံ၏။ ဝေလငါးဖမ်းသည့် ရေမုဆိုးကြီးများ … ပင်လယ်ဓားပြများ …၊ ဘိန်းကုန်သည်များ …၊ ပင်လယ်ကူးသဘောင်္သားများ …၊ တံငါးသည်များ …၊ ငါးသူခိုးများ …၊ ပြည်တန်ဆာများ … ရှုပ်သည်။ ပွေသည်။ ရက်စက်သည်။ ကောက်ကျစ်သည်။ ဥပဒေအပြင်မှ စီးပွားရှာစားကြသည့် သူတို့ကျက်စားရာ စားကျက် …။ တောနက်ကြီး၏ သားရဲတွင်း …။ ဤစားကျက် … သားရဲတွင်းသို့ ဂျက်သည် ၁ဝ နှစ်သားအရွယ်ကတည်းက ရောက်ခဲ့ … ခိုသီခဲ့ဖူး၏။ ဥက္ကလန်ဆိပ်ကမ်းတွင် ဂျက်အတွက် အလုပ်သစ်က အဆင်သင့် …။ အလုပ်က ဆန်ဖရန်စစ္စကို ကမ်းလွန်ပင်လယ်အတွင်း ‘ကမာ’ ခိုးဖမ်းသည့်အလုပ် …။ တည … တည ၅ နာရီ၊ ၆ နာရီလုပ်ရုံမျှနှင့် အနည်းဆုံး ၅ ဒေါ်လာ၊ ၁ဝ ဒေါ်လာ ရသည်။ ယခင်သံပုံးစက်ရုံတွင် ၁၈ နာရီလုံးလုံး ပင်ပင်ပမ်းပမ်းလုပ်၍မှ ၂ ဒေါ်လာပင် မပြည့်ချင်သည့်လုပ်ခနှင့်စာလျှင်မူ …‘ကမာ’ ခိုးဖမ်းသည့်အလုပ်က လုပ်ခများစွာသာ၏။ မတတ်နိုင် …။ ဥပဒေဘောင်အတွင်းလုပ်ကိုင်သည့်အလုပ်နှင့် ဝမ်းမီးအား မငြိမ်းသတ်နိုင်သည့်အခါ၌ ဥပဒေအပြင်မှအလုပ်အား ရွေးချယ်ရန်မှတပါး အခြားရွေးလမ်းက မရှိတော့ …။ ဤသို့နှင့် … ဂျက်သည် ဥက္ကလန်ကမ်းခြေနှင့် ဆန်ဖရန်စစ္စကို ကမ်းလွန်ပင်လယ်ပြင်တွင် ကျင်လည်ရင်း … … ပင်လယ်ဝံပုလွေတကောင် ဖြစ်လာခဲ့တော့၏။ ပင်လယ်ပြင်လှိုင်းလေအကြား ရွက်လွှင့်ရင်း စီးချင်းထိုးလား … ထိုး၏။ ကမ်းခြေစောင့်ရဲနှင့်ပေါင်း၍ ဓားပြဂိုဏ်များအား ဖမ်းလား … ဖမ်းခဲ့၏။ နောက် … ‘ဆူသာလင်’ အမည်ရှိ ငါးဖမ်းသဘောင်္တွင် သဘောင်္သားအဖြစ်နှင့် တောင်တရုတ်ပင်လယ်ပြင်သို့ ထွက်ခဲ့ပြန်လေ၏။ ပစိဖိတ်သမုဒ္ဒရာအတွင်း ပင်လယ်ပြင်၌ သဘာဝအရိုင်းနှင့် အသက်လုတိုက်ပွဲများ …။

ဘဝတက္ကသိုလ်[ပြင်ဆင်ရန်]

‘ဂျက်’ … ပထမဆုံးဖတ်ခဲ့ရသည့်စာအုပ်က စာရေးဆရာကြီး ‘ဝါရှင်တန်အိုင်ဗင်’ ရေးသည့် ‘အာလတ်ဆရာ’ ဟူသည့် စာအုပ်ဖြစ်သည်။ အာလတ်ဆရာမှစပြီး ဂျက်သည် စာဖတ်သည့်အလေ့ … ရသွားခြင်း ဖြစ်သည်။ တအုပ်ပြီး တအုပ်ဖတ်တော့၏။ အထီးကျန်ဆန်သော ဂျက်၏ဘဝတွင် စာအုပ်စာပေဟူသည့် မိတ်ဆွေ ရောင်းရင်းကောင်းလေး ရှာတွေ့သွားခြင်းဖြစ်၏။ ဤသို့ဂျက်အား မိတ်ဆွေကောင်းနှင့် ပေါင်းဖက်မိစေရန် မိတ်ဆက်ပေးသူအောင်သွယ်က ဥက္ကလန်သဒ္ဒါကျောင်းမှ ဂျက်၏အတန်းပိုင်ဆရာမတဦးပင်ဖြစ်သည်။ ဂျက်သည် … သဒ္ဒါကျောင်းစာကြည့်တိုက်မှ စာအုပ်များအား တအုပ်ပြီးတအုပ် လောဘတကြီးနှင့် ဖတ်တော့၏။ စာ … စားပိုးနင့်အောင် ဖတ်၏။ ဆယ်နှစ်သားအရွယ်တွင်ပင် … သူနေသည့် ကျောင်းစာကြည့်တိုက်ရှိ စာအုပ်များအားလုံးအား သူသည် ဖတ်၍ ကုန်လေပြီ။ ကျောင်းစာကြည့်တိုက်၌ ဖတ်စရာ စာအုပ်မရှိတော့ …။ ဤတွင် … ဂျက်သည် ဥက္ကလန်မြို့ရှိ ပြည်သူ့စာကြည့်တိုက်ဆီသို့ ခြေဦးလှည့်ပြန်၏။ ဂျက်၏ အသိဉာဏ် မိုးကောင်းကင်က ကျောင်းဝင်းအတွင်းမှ ပျံ့ထွက်ခဲ့ပြီ။ ဥက္ကလန်ပြည်သူ့စာကြည့်တိုက်ရှိ ဂျာနယ်၊ မဂ္ဂဇင်း၊ ဝတ္ထုအားလုံးအား ဖတ်သည်။ စာရေးဆရာကြီးများဖြစ်သည့် ကွန်ရက်၊ ကစ်ပလင်း၊ တော်လ်စတွိုင်း …၊ ဖလောဘတ်ဇိုလာ၊ ရှိတ်စပီးယာ၊ ဂါတေး …၊ ဘောဘဇက်၊ ဒေါ့တော့ယက်စကီး … တို့၏ စာများနှင့် ဂျက်သည် ဥက္ကလန်ပြည်သူ့စာကြည့်တိုက်မှတဆင့် ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ အမေရိကန်ပြည်ထောင်စုမြို့ကြီးများအနှံ့ ခြေသလုံးအိမ်တိုင်ထူပြီး လှည့်လည်သွားလာနေထိုင်ရင်း… အချိန်ရသည်နှင့်ဂျက်သည် စာကိုသာဖတ်၏။ စာအုပ်အဟောင်းဆိုင်များသည် သူ၏စားကျက်…။ သူစာဖတ်ရာနေရာက … အများပြည်သူတို့အပန်းဖြေရာ ပန်းခြံများ… …။ ဂျက်က … စာကိုမရွေး…။ အကုန်ဖတ်သည်။ အပေါစား စိတ်ကူးယဉ်ဝတ္ထုများလည်း ဖတ်၏။ အဘိဓမ္မာ၊ သိပ္ပံ၊ လူမှုရေး၊ သမိုင်း စသည့် ဘာသာရပ်ဆိုင်ရာ စာပေကြီးများကိုလည်း နှိုက်နှိုက်ချွတ်ချွတ် ဖတ်သည်။ ဤသို့ ခြေသလုံးအိမ်တိုင်ဘဝနှင့်ပင် ဂျက်သည် ကားလ်မာ့က္ခ(စ်)၏ အရင်းကျမ်း၊ ဒါဝင်၏ လူ၏မူလအစ၊ မီ(လ်)တန်၏ နိဗ္ဖာန်ဘုံပျောက်ဆုံးခန်း၊ ဟာဘတ်စပင်စာ၏ အဘိဓမ္မာကျမ်းများနှင့် ဩဂုတ်တပ်၊ ကွက်ဘီ၊ နီရှေး၊ ဗော်တိုင်ယာ၊ လိုင်လာ၊ အဒမ်စမစ်၊ ဒေးဗစ်ရီကာဒို…တို့၏စာများအား ကျေညက်ခဲ့၏။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. Dictionary of American Biography Base Set. American Council of Learned Societies, 1928–1936. Reproduced in Biography Resource Center. Farmington Hills, Mich.: Thomson Gale. 2006.
  2. "London, Jack". Encyclopædia Britannica Online Library Edition. Retrieved 2011-10-05.
  3. (1910) "Specialty of Short-story Writing," The Writer, XXII, January–December 1910, p. 9: "There are eight American writers who can get $1000 for a short story—Robert W. Chambers, Richard Harding Davis, Jack London, O. Henry, Booth Tarkington, John Fox, Jr., Owen Wister, and Mrs. Burnett." $1,000 in 1910 dollars is roughly equivalent to $ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။ today

[၁][လင့်ခ်သေ]