ဂျက္ကဗိုက်
ဥရောပတိုက်နိုင်ငံများတွင် ၁၆ ရာစုနှစ်များအထိ ဗရင်ဂျီဂိုဏ်းသည် ပြိုင်ဖက်မရှိ ဩဇာကြီးခဲ့သည်။ ပြည့်ရှင်မင်းမှအစ ဆင်းရဲသားများအထိ ဗရင်ဂျီဂိုဏ်းဝင်များဖြစ်၍ ထိုဂိုဏ်းကို ဦးစီးသော ပုပ်ရဟန်းမင်းကြီး၏ ဩဇာအာဏာကို ရိုသေလေးစားကြသည်။ သို့ရာတွင် ခရစ်နှစ် ၁၅ဝဝ ကျော်လောက် မှစ၍ ဂျာမနီပြည်က အစပြုကာ ပြန့်ပွားလာသော ပရိုတက်စတန့်ဂိုဏ်းကြီး ထွန်းကားလာရာ ထိုဂိုဏ်းကို သက်ဝင်ယုံကြည် သူ ပေါများလာသည်။ ယင်းသို့ဖြစ်ရကား ထိုစဉ်အခါက အင်္ဂလန်ပြည်၌ အုပ်စိုးနေသော ဗရင်ဂျီဂိုဏ်းဝင် စတူးဝပ်မင်းဆက် ဒုတိယဂျိမ်းသည် ဗဘုရင်ဂျီဂိုဏ်း ပြန်လည် ထွန်းကား လာစေရန်အတွက် တိုင်းပြည်ဝန်ထမ်းများအတွက် ဗရင်ဂျီးဂိုဏ်းဝင်များအားသာ ခန့်အပ်ခဲ့သည်။ ထိုအခါ တိုင်းသူပြည်သားတို့သည် ဒုတိယဂျိမ်းဘုရင်အား စက်ဆုပ်မုန်းတီးသဖြင့် ဂျိမ်း၏ သမီးတော် ပရိုတက်စတန့်ဂိုဏ်းဝင်ဖြစ်သော ဟော်လန်နိုင်ငံ မိဖုရားမေရီနှင့် မြောက်သားတော် ဝီလျံဘုရင်တို့အားခေါ်၍ နန်းအပ်ရာ ဂျိမ်းသည် ပြင်သစ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရလေသည်။
၁၆၈၉ ခုနှစ်တွင် အင်္ဂလန်ထီးနန်းဆက်ခံခွင့် ဥပဒေကို အတည်ပြုလိုက်လေရာ အင်္ဂလိပ်ထီးနန်းဆက်ခံခွင့်ကို ပရိုတက်စတန့် ဂိုဏ်းဝင်များသာ ရရှိနိုင်ပေရကား ဂျိမ်းဘုရင်နှင့် သားတော် ဂျိမ်းမင်းသားတို့အား လိုလားကြသောသူများက ဂျိမ်းဘုရင် ထီးနန်း ပြန်လည်ရရှိရေးကို ကြိုးစားကြလေသည်။ ထိုလူတစ်စုကို ဂျက္ကဗိုက်ဟု ခေါ်လေသည်။ ဂျက္ကဗိုက်ဟူသော အမည်မှာ 'ဂျိမ်း'ဟူသော အမည်၏ လက်တင်ဘာသာ အခေါ်အဝေါ် ဖြစ်လေရာ ထီနန်းမှ နှင်ထုတ်ခြင်းခံရသော ဒုတိယ ဂျိမ်းဘုရင်နှင့်တကွ ဆွေစဉ်မျိုးဆက်များကို ဠကည်ညိုသူများဟု အဓိပ္ပာယ်ရလေသည်။
၁၇၁၄ ခုနှစ် ပထမဂျော့ဘုရင် နန်းတက်သောအခါ ဘုရင်သည် ဂျာမန်လူမျိုးသာ ဖြစ်သဖြင့် အင်္ဂလိပ်စကားကိုလည်း မတတ်၊ အင်္ဂလိပ်ဓလေ့ ထုံးစံကိုလည်း နားမလည်၊ အင်္ဂလိပ်လူများကိုလည်း မလေးစားဘဲ ရှိနေပေရာ ဂျက္ကဗိုက် အဖွဲ့ဝင်များသည် အလွန်စိတ်နာကြည်းလျက် ၁၇၁၅ ခုနှစ်တွင် ပထမ ဂျက္ကဗိုက် ပုန်ကန်မှုကြီး ဖြစ်ပေါ်လာသည်။ သို့ရာတွင် ခေါင်းဆောင်ကောင်း မရှိမှု၊ လက်နက်၊ရိက္ခာ၊ ကြေးငွေ မလုံလောက်မှုစသော အကြောင်းများကြောင့် ဂျက္ကဗိုက်များ အရေးနိမ့် ရလေသည်။
ဒုတိယဂျိမ်း၏ မြေးတော် ချားလ်စ်မင်းသားခေါင်းဆောင်လျက် ဒုတိယအကြိမ် ဂျက္ကဗိုက်များ ပုန်ကန်ထကြွကြသည်။ သို့ရာတွင် ထိုအကြိမ်၌လည်း ဂျက္ကဗိုက်များရှုံးပြန်ရာ ချားလ်စ်မင်းသားသည်ပင် ထွက်ပြေးတိမ်းရှောင်နေရ၏။ ထိုအခါမှစ၍ ဂျက္ကဗိုက်တို့သည် နိုင်ငံရေးနယ်ပယ်မှ ကွယ်ပျောက်၍ သွားသော်လည်း အစဉ်အလာ စွဲလမ်းမှုတစ်ခုကဲ့သို့ အရိပ်အငွေ့ ကျန်ရစ်လေသည်။ စကော့တလန်ပြည်မှာ ဂျက္ကဗိုက်တို့၏ ပင်ရင်းဌာန ဖြစ်သောကြောင့် ရုတ်တရက် ဝါဒစွဲ မပျောက်နိုင်ခဲ့ပေ။ ပထမ ဂျက္ကဗိုက် အစွဲအလမ်းများသည် ကျန်ရှိနေခဲ့ပေသေးသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)