ဂျက္ကတ်ရက်ကန်းစင်

ဝီကီပီးဒီးယား မှ

၁၉ ရာစု ဆန်းစလောက်အထိ လူတို့သည် ရိုးရိုးအဆင်များ ကို ရက်ကန်းစင်များဖြင့်သာ ရက်လုပ် နိုင်ခဲ့ကြသည်။ အဆင် ဆန်းများကို ရက်လိုသောအခါ ရက်ကန်းစင် တစ်စင်လျှင် လူ ၃ ယောက်ကျစီ အလုပ်လုပ်ကြရ၏။ ဤ ၃ ယောက်တွင် ပထမလူသည် အဆင်ပုံစံကို ကြည့်၍ ဒုတိယလူအား မည်သည့် နှတ်ကို နင်းပေးရမည်ကို၎င်း၊ တတိယလူအား လိုသောအရောင် ရရှိအောင် မည်သည့်လွန်းကို အသုံးပြုရမည်ကို၎င်း အမြဲတစေ ညွှန်ကြားပေးနေရပေသည်။ ခရစ် ၁၈ဝ၄ ခုနှစ်တွင် ဂျိုးဇက်မာရီဂျက္ကတ်ဆိုသူ ပြင်သစ် ရက်ကန်းသမားတစ်ဦးသည် ရက်ကန်းတစ်မျိုးကို တီထွင်လိုက် သည်။ ထိုရက်ကန်းစင်မှာ ဂျက္ကတ်ရက်ကန်းစင်ဟုတွင်၍ များစွာ တိုးတက်လာခဲ့သည်။ အဆိုပါ ရက်ကန်းစင်မျိုးဖြင့် အဆင်ဆန်း များကို လူတစ်ယောက်တည်းဖြင့် ရက်လုပ်နိုင်သည်။ ဂျက္ကတ် လက်ထက်မတိုင်မီက အခြားပြင်သစ်လူမျိုးတစ်ဦး ဖြစ်သူ ဇက်ဒါဗိုကန်ဆန်သည်လည်း လိုသည့်အဆင်မျိုးရအောင် ဒလိမ့် တုံး၌ အပေါက်ငယ်များ စီတန်း၍ ဖောက်လုပ်ထားသည့် အထိန်းကရိယာတစ်မျိုးကို တီထွင်ခဲ့သည်။ ဗိုကန်ဆန်သည် တိုင်ခြည်တိုင်း၌ ယင်းတို့ကို မြှင့်တင်ပေးရန် (မြှင့်ကြိုး) တစ်ပင်စီ ချည်၍ ထိုကြိုးစများကို ဘောင်တစ်ခုသို့ ဆက် ထားသည်။ ဘောင်တွင် ဒလိမ့်တုံး မျက်နှာပြင်ပေါ်သို့ စပရင် ဖြင့် ဖိပေးသည့်အပ်များ တပ်ဆင်ထားသည်။ ဒလိမ့်တုံးပတ် လည်၌ အဆင်ပုံစံအလိုက် ပေါက်ဖောက်ထားသော စက္ကူ ကပ်ပြားတစ်ခု ရှိလေသည်။ အပ်များသည် စက္ကူကပ်ပြားရှိ အပေါက်များမှတဆင့် ဒလိမ်တုံးရှိ ဆိုင်ရာ အပေါက်များထဲသို့ ဝင်သွားသည်။ ထိုအခါ မြှင့်ကြိုးက တိုင်ခြည်ကို အထက်သို့ ဆွဲတင်ပေးသည်။ ဗိုကန်ဆန်၏ကရိယာသည် ဂျက္ကတ်ရက်ကန်းစင် ဖြစ်မြောက် အောင်မြင်ရန် လမ်းခင်းပေးခဲ့သည်။ ဗိုကန်ဆန်၏ ကရိယာကို အသုံးပြုရာတွင် ရက်လုပ်သော ဒီဇိုင်းပုံတစ်ခုလုံးကကို ဒလိမ့် တုံးပေါ်ရှိ ကပ်ပြား၌ ဖော်ပေးရန်လိုသည်။ ယင်းသို့ လိုသည့် အတိုင်း ဤကရိယာဖြင့် အထည်ငယ်များကိုသာ ရက်လုပ် နိုင်သည်။ ထို့ပြင် ဒလိမ့်တုံးကိုလည်း စက်မှု အခက်အခဲများ ကြောင့် ကြီးကြီးမားမား မပြုလုပ်နိုင်ပေ။ ဂျက္ကတ်သည် ဗိုကန် ဆန်၏ ကရိယာကို အတုယူ၍ တစ်မျိုးတစ်ဖုံ တိုးချဲ့ပြုပြင် လိုက်သည်။ သူပြုလုပ်သည့် ကရိယာတွင် ဒလိမ့်တုံး လုံးဝ မပါတော့ချေ။ ဂျက္ကတ်ရက်ကန်းစင်တွင် ဒလိမ့်တုံး အစား အပေါက်ဖောက်ထားသော လေးထောင့်ကပ်ပြားများကိုသာ အသုံးပြုထားလေသည်။

ဂျက္ကတ်ရက်ကန်းစင်, 1849

ဂျက္ကတ်ရက်ကန်းစင်သည် ပုံဖော်ရက်ကန်းအတတ်ကို တစ်ခါတည်း ခေတ်မီပြောင်းလဲဲသွားစေသည်။ နောင်သော် အပေါက်ဖောက်ထားသော ကပ်ပြားဖြင့် အလိုအလျောက် ထိန်းပေးသည့်ကရိယာမျိုးကို ခေတ်မီရက်ကန်းစင်များတွင် သာမက ဂဏန်းတွက်စက်၊ စန္ဒရား၊ ဇာထိုးစက် စသည့် စက်များတွင်လည်း အနှံ့အပြား တပ်ဆင်အသုံးပြုလာကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)