ဂေါ့သလူမျိုး

ဝီကီပီးဒီးယား မှ
ရောမတို့၏ လက်ရာ ပန်းချီကား ဂေါ့သ်များကို အာရိယန် အဖြစ် ပြောင်းလဲနေပုံ

ဂေါ့သလူမျိုး[ပြင်ဆင်ရန်]

ဘီစီ ၃ဝဝ လောက်က ရောမနိုင်ငံကို ဝင်ရောက်တိုက်ခိုက် သော ဂျာမန်လူမျိုးတစ်မျိုးမှာ ဂေါ့သလူမျိုးဖြစ်သည်။ မူလက သူတို့သည် ဘောလတစ် ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် နေထိုင်ကြ၏။ အေဒီ ၂ဝဝ လောက်ရောက်သောအခါ သူတို့ သည် ဒန်းညုမြစ်နှင့် ပင်လယ်နက်မြောက်ဘက်တွင် လူအင်အား တောင့်တင်းစွာဖြင့် နိုင်ငံကြီးတစ်နိုင်ငံကို တည်ထောင်ကြသည်။ ထိုနောက် ဂေါ့သတို့သည် ရောမပိုင်နက်ဖြစ်သော ဒေးရှိယာကို ဝင်ရောက်တိုက်ခိုက်ကြရာ ဩရီးလီယန်ဘုရင်သည် အေဒီ၂၇၂ ခုနှစ်တွင် ဂေါ့သတို့လက်သို့ ဒေးရှိယာကို အပ်လိုက်ရ၏။ နှစ်ပေါင်း ၁ဝဝ ခန့်ကြာသောအခါ ဂေါ့သလူမျိုး ၂ စုကွဲသွား ၏။ တစ်စုမှာ အောစတြိုဂေါ့သခေါ် အရှေ့ပိုင်းဂေါသဖြစ်၍ ကျန်တစ်စုမှာ ဗီစီဂေါ့သခေါ် အနောက်ပိုင်း ဂေါ့သတို့ ဖြစ်သည်။ အော့စတြို ဂေါ့သတို့သည် ပင်လယ်နက်ကမ်းခြေ တစ်လျှောက်တွင် နေထိုင်ကြ၍ ဗီစီဂေါ့သတို့မှာ ကားဒေးရှိယာနယ်နှင့် ဒန်းညုမြစ်ကမ်းတစ်လျှောက်၌ နေထိုင်ခဲ့ကြ၏။

၃၉၅ ခုနှစ် သီအိုဒိုးဆီးယပ်ဘရင် နတ်ရွာစံသောသောအခါ အဲလရစ်ဘုရင်ကြီးမှူးသော ဗီစီဂေါ့သတို့သည် ပုန်ကန်ထကြွကြ ၍ ဂရိပိုင်နယ်များကို သိမ်းယူကြသည်။ ထိုနောက် အီတလီသို့ ချီတက် တိုက်ခိုက်ကြပြန်ရာ ရောမမြို့တော်လည်း ၄ဝဝ ပြည့် နှစ်တွင် ဂေါ့သတို့လက်ထဲသို့ ကျရောက်ရလေသည်။ ခေါင်းဆောင် အဲလရစ်မှာ စစ္စလီနယ်မြေများသို့ သွားရောက် တိုက်ခိုက်ရန် ပြင်ဆင်ဆဲတွင် သေဆုံးသွားလေသည်။ အဲလရစ်၏ နေရာကို ဆက်ဆံသော ဂေါ့သတို့သည် သူတို့ လူများနှင့် အီတလီနိုင်ငံမှ ထွက်ခွါသွားကြ၍ စပိန်နှင့် ဂေါ့သ တောင်ပိုင်း (ယခုပြင်သစ်)တွင် နိုင်ငံသစ် တည်ထောင်ကြသည်။ ဖရန့်လူမျိုးများနှင့် ၅ဝ၇ ခုနှစ်တွင် တိုက်ခိုက်ကြ ပြန်ရာ ဗီစီဂေါ့သတို့ အရေးနိမ့်၍ သူတို့၏ မြောက်ပိုင်းနယ်မြေ များကို ဖရန့်ဘုရင် ကလိုးဗစ်လက်သို့ ပေးအပ်လိုက်ရသည်။

စပိန်ပြည်တွင် တည်ထောင်သော ဂေါ့သနိုင်ငံမှာကား ၇၁၁ ခုနှစ်ကျမှ ပျက်စီး၏။ မူးဝါး(ခေါ်) မွတ်စလင်များက အာဖရိက တိုက်မှ လာရောက်၍ တိုက်ခိုက်ကြရာ ဂေါ့သဘုရင် ရောဒရစ် ကျဆုံးသွားသောအခါ တိုင်းပြည်ကိုပါ အပ်လိုက်ရသည်။ ခရစ်နှစ် ၄ဝဝ ကျော်လောက်တွင် အော့စတြိုဂေါ့သတို့သည် ဒန်းညုမြစ်နှင့် ဆားဗားမြစ်အကြားရှိ ရောမပိုင်နယ်ဖြစ်သော ပန်နိုးနီးယား၌ နေထိုင်ခွင့် ရကြလေသည်။ သူတို့၏ ခေါင်းဆောင်မှာ သီအိုဒေါရစ်ဘုရင် ဖြစ်သည်။ သူသည် ၄၈၈ ခုနှစ် တွင် အီတလီနိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်သည်။ နှစ်ပေါင်း အတော်ကြာ တိုက်ခိုက်ပြီးနောက် ၄၉၃ ခုနှစ်ကျမှ သူသည် ရောမထီးနန်းကို မတရားသိမ်းပိုက်ထားသော အော်ဒိုစာဘုရင်ကို သတ်ဖြတ်၍ ဂေါ့သနိုင်ငံကြီးတစ်ခု တည်ထောင်နိုင်သည်။ သီအိုဒေါရစ်သည် သူတည်ထောင်ခဲ့သော နိုင်ငံကြီး မပြိုမကွဲအောင် စောင့်ရှောက်ထိန်းသိမ်းလျက် ၅၂၆ ခုနှစ်၌ ကွယ်လွန်လေသည်။ သီအိုဒေါရစ် ကွယ်လွန်ပြီးနောက် နိုင်ငံကို တည်တံ့ အောင် အုပ်ချုပ်နိုင်မည့် ခေါင်းဆောင်ကောင်းများ မပေါ်ပေါက်တော့ချေ။ အော့စတြိုဂေါ့သတို့ကို အရှေ့တိုင်းမှ ဘုရင်များက မကြာခဏ လာရောက်တိုက်ခိုက် နှောင့်ယှက်ကြ၏။ ဤသို့ နှောင့်ယှက်ဖန် များသောအခါ အော့စတြိုဂေါ့သတို့မှာ ကြာရှည် မခံနိုင်ကြတော့ဘဲ လုံးပါးပါးကာ ၅၅၄ ခုနှစ်လောက်တွင် ဂေါ့သလူမျိုးတို့၏ နိုင်ငံမှာ လုံးဝပျက်စီးသွားတော့၏။

ထိုအခါမှစ၍ ဂေါ့လူမျိုးများသည် တိမ်ကောပပျောက် သွားကြ ကာ ဥရောပနိုင်ငံသမိုင်းတွင် ဂေါ့သလူမျိုးဟူ၍ သီးခြား မတွေ့ရတော့ချေ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၃)