ဂေါက်သီးရိုက်ပြိုင်ပွဲများ

ဝီကီပီးဒီးယား မှ

ကမ္ဘာ့ဂေါက်သီးလောက၌ ဆုကြေးစား ဂေါက်သီးပြိုင်ပွဲများ တစ်နေ့တခြား များပြားလာရာ ဆုကြေးငွေများလည်း မြင့်တက် လာခဲ့သည်။ ဆုကြေးငွေများ အလွန်ကောင်းမွန်ခြင်းကြောင့် ဆုကြေးစား ဂေါက်သီးသမား အရေအတွက် ရာနှင့်ချီ၍ များပြားလာသည်။ သို့ဖြစ်ရာ နှစ်လုံးပေါက် လှည့်ပတ်ကစား ကြရသည့် ပတ်လည်ဂေါက်သီးပြိုင်ပွဲ များသည် အကြိတ်အနယ် ကစားရသည့်ပွဲများ ဖြစ်လာသည်။

အမေရိကန်ပတ်လည်ပွဲများ၊ ဥရောပတ်လည်ပွဲများ၊ ဩစတြေး လျပတ်လည်ပွဲများ၊ အာရှပတ်လည်ပွဲများ၊ ဂျပန်ပတ်လည်ပွဲများ၊ အာဖရိကပတ်လည်ပွဲများနှင့် ဆာဖာရီ ပတ်လည်ပွဲများသည် အထင်ရှားဆုံး ပတ်လည် ဂေါက်သီးပြိုင်ပွဲများ ဖြစ်ကြသည်။ အထက်ပါပြိုင်ပွဲများအနက် အမေရိကန်ပြိုင်ပွဲများတွင် ပွဲပေါင်း ၄ဝ ကျော်ရှိပြီး ဆုငွေအားဖြင့်လည်း အများဆုံး ဖြစ် သည်။ တစ်နှစ်လုံး ဆုကြေးငွေများလည်း အဆမတန် များပြား လာခဲ့သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ပြိုင်ပွဲများ အရေ အတွက် နည်းပါးခဲ့ပြီး တစ်နှစ်လုံး ဆုကြေးငွေသည်လည်း ဒေါ်လာတစ်သန်းပင် မပြည့်ခဲ့ချေ။ ယခုအခါတွင် အမေရိကန် ဂေါက်သီးပြိုင်ပွဲများ၏ တစ်နှစ်တာ ဆုကြေးငွေများသည် ဒေါ်လာ ၁ဝ သန်းပင်ကျော်ခဲ့ပြီ ဖြစ်သည်။ ပြိုင်ပွဲ တစ်ပွဲ တည်းမှာ ဆုကြေးငွေ စုစုပေါင်း ဒေါ်လာတစ်သန်းပေးသည့် အထူးပွဲကြီးများပင် ပေါ်ပေါက်လာခဲ့သည်။ ပြိုင်ပွဲများ များပြား လာခြင်းနှင့် ဆုကြေးငွေများ အဆမတန် ကောင်းမွန်လာခဲ့ခြင်း တို့ကြောင့် ယခုခေတ် ဆုကြေးစား ဂေါက်သီးသမားများ၏ ဂေါက်သီးယှဉ်ပြိုင်မှုစွမ်းရည် အဆင့်အတန်းသည်လည်း အံ့ မခန်းလိလိ တိုးတက်လာသည်။ မည်သူဗိုလ်စွဲမည်ကို ကြိုတင် ထင်ကြေးပေးရန်ပင် မလွယ်ကူတော့ချေ။

ဖော်ပြပါ ပတ်လည်ပြိုင်ပွဲများအပြင် ကမ္ဘာ့ဂေါက်သီးပြိုင်ပွဲ အားလုံးအနက် ဂန္ထဝင်ဂေါက်သီးပွဲကြီးများဟု အသိအမှတ် ပြုထားသည့် ပြိုင်ပွဲကြီးလေးပွဲရှိသည်။ အမေရိကန် ဂေါက်ဝိဇ္ဇာ များ တံခွန်စိုက်ပြိုင်ပွဲ၊ အမေရိကန် တံခွန်စိုက်ပြိုင်ပွဲ၊ ဗြိတိသျှ တံခွန်စိုက်ပြိုင်ပွဲနှင့် အမေရိကန်ဆုကြေးစား ဂေါက်သီးသမား များအသင်း တံခွန်စိုက်ပြိုင်ပွဲတို့ ဖြစ်ကြသည်။

ဂေါက်သီးတွင် မည်မျှပင် တော်သည်ဟု ဆိုစေကာမူ အထက်ပါ ဂန္ထဝင်ပြိုင်ပွဲကြီး တစ်ပွဲပွဲတွင် အနိုင်ရရှိ ဖူးမှသာ လျှင် ကမ္ဘာ့ထိပ်သီးဂေါက်သီးသမား စာရင်းဝင်မည်ဖြစ်သည်။ ဤပွဲကြီးလေးပွဲကို အင်္ဂလိပ်ဘာသာဖြင့် ဂရင်းစလင်း(ွမညေိ ှောူ)ဟုခေါ်ဆိုသည်။ အဓိကတံခွန်စိုက် ပြိုင်ပွဲကြီးများဟု လည်း ခေါ်သည်။ ယနေ့အထိ ယင်းပြိုင်ပွဲကြီးအားလုံးကို အနိုင်ခဲ့ဖူးသော ဂေါက်သီးဝိဇ္ဇာ လေးဦးသာ ရှိသေးသည်။ ဂျင်းဆရာဇင် (အမေရိကန်)၊ ဘင်ဟိုဂင် (အမေရိကန်)၊ ဂယ်ရီပလေးယား (တောင်အာဖရိက)နှင့် ဂျက်နစ်ကလောက်စ် (အမေရိကန်)တို့ဖြစ်ကြသည်။

တစ်ကမ္ဘာလုံးမှ အကျော်အမော် ဂေါက်သီးသမားများ အားလုံးသည် အဆိုပါပြိုင်ပွဲကြီးလေးပွဲတွင် တစ်ပွဲပွဲ၌ ဗိုလ်စွဲ အနိုင်ရရန် အစွမ်းကုန်ကြိုးစား ယှဉ်ပြိုင်ကြသည်။ ၁၉၈၆ ခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သော ယင်းပြိုင်ပွဲကြီးလေးပွဲတွင် ကမ္ဘာ့ထိပ်သီး ဂေါက်သီးသမား အကျော်အမော်များ ပါဝင် ယှဉ်ပြိုင်ခဲ့ကြရာ အမေရိကန်ဂေါက်သီးဝိဇ္ဇာကြီးများ တံခွန် စိုက်ပြိုင်ပွဲတွင် အမေရိကန်ဂေါက်သီးသမား နစ်ကလောက်စ် ဗိုလ်စွဲ ခဲ့သည်။ အမေရိကန် တံခွန်စိုက်ပြိုင်ပွဲတွင် အမေရိကန် ဂေါက်သီးသမား ဖလွိုဒ်က ဗိုလ်စွဲခဲ့ပြီး ဗြိတိသျှတံခွန်စိုက် ပြိုင်ပွဲတွင်မူ ဩစတြေးလျ ဂေါက်သီးသမား ဂရက်ခ်နော်မင်က ဗိုလ်စွဲခဲ့သည်။ အမေရိကန် ဆုကြေးစား ဂေါက်သီးသမားများ အသင်းတံခွန်စိုက်ပြိုင်ပွဲတွင် အမေရိကန်လူငယ် ဂေါက်သမား ဘော့ဗ်တွေးက နာမည်ကြီးများကို ကျော်လွှား၍ အနိုင်ရရှိခဲ့ သည်။ ဤကဲ့သို့ ချန်ပီယံလေးဦးပေါ်ထွက်ခဲ့ပုံကို ကြည့်ခြင်း အားဖြင့် လက်ရှိ ကမ္ဘာ့ဆုကြေးစား ဂေါက်သီးပြိုင်ပွဲများ မည်၍မည်မျှ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ကို အကဲခတ်နိုင် လေသည်။ ရိုက်ချက်တစ်ချက်ကလေးကွာရုံဖြင့် ဆုကြေးငွေ တွင်လည်း ထက်ဝက်နီးပါး ကွာသွားနိုင်သည်။

၁၉၈၆ ခုနှစ်တွင် ကမ္ဘာ့ဆုကြေးစား ဂေါက်သီးဝင်ငွေ အကောင်းဆုံးစံချိန်တင်နိုင်ခဲ့သူမှာ ဗြိတိသျှနှင့် ဥရောပတံခွန် စိုက်ပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့သူ ဩစတြေးလျ ဂေါက်သီး သမား ဂရက်ခ် နော်မင်ပင် ဖြစ်သည်။ သူ၏နှစ်ချုပ် ဂေါက်သီးဝင်ငွေ သည် အမေရိကန်ဒေါ်လာ ခြောက်သိန်းငါးသောင်းကျော် ဖြစ် သည်။ ဂရက်ခ် နော်မင်သည် ငွေရောင်ဆံပင်ရှိပြီး ၎င်း၏ တိုက်စစ်အားမာန်တို့ကို အကြောင်းပြု၍ ဩစတြေးလျတိုက်က ငမန်းဖြူကြီးဟု တင်စားခေါ်ဝေါ်ခြင်း ခံခဲ့ရသည်။ ဒီဇင်ဘာလ ပထမပတ်အတွင်း တောင်အာဖရိကဆန်းစီးတီး မြို့တွင် ကျင်းပခဲ့သည့် ဆုကြေးငွေဒေါ်လာ တစ်သန်းပြိုင်ပွဲ သည် ၁၉၈၆ ခုနှစ်အတွင်း ဆုကြေးငွေ အများဆုံးပြိုင်ပွဲ ဖြစ် သည်။ ယင်းပြိုင်ပွဲတွင် တောင်အာဖရိကမှ ဂေါက်သီးသမား မတ်မက်နာလ်တီက ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနှင့် အာရှ နိုင်ငံမှ လက်ရွေးစင် ဂေါက်သီးသမား အကျော်အမော်များကို ကျော်လွှားအနိုင်ယူကာ ပထမဆုငွေဒေါ်လာ ၃ဝဝဝဝဝ ကို ဆွတ်ခူးရရှိခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)