ဂုဏ်ဘဏ်၊ ဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဦးဂုဏ်ဘဏ် (၁၂၅၉ - ၁၃၄၂)[ပြင်ဆင်ရန်]

ဆရာကြီး ဦးဂုဏ်ဘဏ်ကို ၁၂၅၉ ခု၊ တပေါင်း လပြည့်ကျော် ၇ ရက် (၁၈၉၈ ခု၊ မတ် ၁၃ ရက်) တနင်္ဂနွေနေ့တွင် မုံရွာမြို့၌ ဖွားမြင်သည်။ အဖမှာ မြန်မာဘုရင် လက်ထက် လေခပျံချီနှင့် ဝဏ္ဏဓမ္မကျော်ထင် ဘွဲ့ရ စာရေးတော်ကြီး ဖြစ်၍ ကိုလိုနီခေတ်တွင် ကျက်သရေဆောင် ရွှေစလွယ်ရဘွဲ့ (ကေ-အက်စ်-အမ်) နှင့် ဘုရင့် တံဆိပ်တော်ရ ရာဇဝတ် ဝန်ထောက်မင်း ဦးသိုင်း ဖြစ်၍၊ အမိမှာ ဒေါ်မမကော ဖြစ်သည်။ (ဒေါ်ခ ဟုလည်း တွေ့ရသည်။ ကင်းဝန်မင်းကြီး၏ မြေးအရင်း ဖြစ်သည်ဟု ဆိုသည်) မွေးချင်း ၁၁ ဦးတွင် ဒုတိယမြောက် ဖြစ်သည်။


ဆရာကြီးသည် မုံရွာမြို့ ဝက်စလီယံ ကျောင်းတွင် စတင် ပညာသင်သည်။ ၁၂ နှစ်သားတွင် မုံရွာမြို့ ဇောင်ချမ်းပင် ကျောင်းတိုက် ဂိုဏ်းချုပ် ဆရာတော်၏ ကျောင်းတွင် ကိုရင်ဝတ်၍ တဝါဆိုကာ မြန်မာ သင်ပုန်းကြီး သင်ရိုးကို သင်ခဲ့သည်။ ထို့နောက် ရန်ကုန် ဟိုက်စကူးကျောင်းနှင့် ဟင်္သာတမြို့ သာသနာပြု ကျောင်းတို့တွင် ဆက်လက် ပညာသင်ရာ ၁၉၁၉ ခုနှစ်တွင် အင်္ဂလိပ် - မြန်မာ ဆယ်တန်း အောင်မြင်သည်။


ဆရာကြီးသည် အစိုးရ စာတိုက်နှင့် ကြေနန်း စာတိုက် ရုံးတွင် စတင် လုပ်ကိုင်သည်။ ထို့နောက် အလုပ်ထွက်၍ ဘုံဘေဘားမား ကုမ္ပဏီတွင် ၁၈ နှစ်မျှ အမှုထမ်းပြီးနောက် ၁၉၃၉ ခုနှစ်တွင် ရန်ကုန်သို့ ဆင်းလာပြီး စတိုက် သမဝါယမတွင် ဝင်ရောက် လုပ်ကိုင်ရင်း စာတိုက် မင်းကြီး ဦးအရိန်နှင့် တွဲဖက်ကာ မြန်မာ့ခြင်းလုံး ခတ်ကစားမှုကို မြှင့်တင်သည့် အနေနှင့် 'ခြင်းယိုင်ခတ် ပြဿနာ' စာအုပ်ကို ရေးသား ထုတ်ဝေသည်။ ရန်ကုန်မြို့ ဘီအေအေ ကစားကွင်းကြီးတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ခြင်းလုံးခတ် ပြိုင်ပွဲကြီးကို ၁၉၄ဝ ပြည့်နှစ်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။


ဆရာကြီး ဦးဂုဏ်ဘဏ်သည် ငယ်စဉ်ကပင် ကစားခုန်စားမှုနှင့် တူရိယာ ဂီတပညာကို ဝါသနာ ထုံသည့် အလျောက် ဂရုတစိုက် လေ့လာ ဆည်းပူးခဲ့သည်။ ဘောလုံး၊ ခြင်းလုံး၊ ဟော်ကီ၊ ခရစ်ကတ်၊ တင်းနစ်၊ ဗေ့စ်ဘောများကို ကစားနိုင်ခဲ့သည်။ အစိုးရက ဖွဲ့စည်းထားသော မုံရွာ ခရိုင် ကိုယ်လက် ကြံ့ခိုင်ရေး ကစားခုန်စား အသင်းကြီးတွင် စေတနာ့ဝန်ထမ်း အတွင်းရေးမှူး အဖြစ် ၆ နှစ်မျှ ဆောင်ရွက်၍၊ ကစားပွဲများတွင်လည်း ဒိုင်လူကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။


မုံရွာတွင် နေစဉ်က ဆရာမြှင်ကြီးထံတွင် ဂီတပညာကို လေ့လာ ဆည်းပူးခဲ့သည်။ တယော၊ ဘင်ဂျို၊ မယ်ဒလင်၊ ပတ္တလား စသည်တို့ကို ကျွမ်းကျင်စွာ တီးခတ်နိုင်သည်။ အမျိုးသားကျောင်း၊ ဗုဒ္ဓဘာသာ အထက်တန်း ကျောင်းများ၏ ရန်ပုံငွေ ရှာဖွေရေး ကျောင်းကပွဲများ၊ အစိုးရ အရာရှိကြီးငယ်များ စုပေါင်း ကပြသော မဟာဘုံကထိန် အလှူပွဲများတွင် ဇာတ်ဆရာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဇာတ်၊ ရုပ်သေးပွဲများကို ဝါသနာ ပါသည့် အလျောက် စင်ပေါ်၊ စင်အောင် မကျန် စေ့ငစွာ လေ့လာခဲ့သည်။ မြေဝိုင်း မင်းသားကြီး ဆရာမွှန်း၊ ရုပ်သေး ဆရာကြီး ဦးစပယ်လှိုင်၊ ရောကြီး ဒီးဒုတ် ဦးဘချိုတို့ ထံမှ ပညာယူခဲ့သည်။


ဒုတိယ ကမ္ဘာစစ် အတွင်း မျက်စိ တဖြည်းဖြည်း မှုန်ဝါးလာပြီး မျက်စိ ကွယ်သွားသဖြင့် အားကစား ဝါသနာကို စွန့်ပြီး တူရိယာ ဂီတပညာကိုသာ စူးစိုက် လေ့လာခဲ့သည်။ လွတ်လပ်ရေး ခေတ်တွင် မြန်မာညွန့် ဦးချစ်မောင်နှင့် ဒေါ်အောင်ကြည်တို့ထံ၌ ဂီတ သဘောတရားများကို လေ့လာ ဆည်းပူးခဲ့သည်။


ဆရာကြီးသည် ဇာတ်သဘင် အကြောင်းကို မြန်မာ့အသံမှ အသံလွှင့်သည်။ မဂ္ဂဇင်းများတွင်လည်း ဆောင်းပါးများ ရေးသားသည်။ အမည်ရင်း ဦးဂုဏ်ဘဏ် အပြင် ဦးစ ဟူသော ကလောင် အမည်ဖြင့်လည်း ရေးသားသည်။


စာပေဗိမာန် လေဟာပြင်၌ ဟောပြောခဲ့သော ဆရာကြီး၏ ဟောပြောချက်များကို 'မြန်မာ့ ဆိုင်းဝိုင်းနှင့် မြန်မာ့ဇာတ်ပွဲ အရသာ'၊ 'ဂီတ စာပေနှင့် အခြားသော ဟောပြောချက်များ' စသည်ဖြင့် စာအုပ်များ ထုတ်ဝေထားသည်။ ထို့ပြင် ဆရာကြီးသည် 'ဂီတသံစဉ် နည်းလမ်းယဉ်'၊ 'မြန်မာ့ဇာတ်သဘင်'၊ 'ထံတျတေ ပြဿနာ'၊ 'မြန်မာဂီတ အရသာ' ဟူသော စာအုပ်များကိုလည်း ပြုစုခဲ့သည်။ ဆရာ ဦးအောင်သိန်းနှင့် တွဲဖက်၍ 'အခြေခံ ကြိုးသီချင်း တဆယ့်သုံးပုဒ် အဖွင့်'၊ 'မြန်မာသီချင်းကြီး တဆယ့်ငါးပုဒ် အဖွင့်' တို့ကို ရေးသား ပြုစုခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဆရာကြီးသည် ယဉ်ကျေးမှု ကောင်စီဝင် အဖြစ် လည်းကောင်း၊ ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၃၄၂ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၂ ရက် (၁၉၈၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်) နေ့တွင် ကွယ်လွန် အနိစ္စရောက်သည်။[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဥ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်
  1. ဦးဂုဏ်ဘဏ်။ မြန်မာ့ ဆိုင်းဝိုင်းနှင့် မြန်မာ့ဇာတ်ပွဲ အရသာ။ စာ (က) - (ခ)။
  2. ဦးဂုဏ်ဘဏ်။ မြန်မာ ဇတ်သဘင်။ စာ (ဈ) - (ဍ)။
  3. မလိခ။ မြန်မာစာပေ အဘိဓာန် ၁။ စာ ၂၄၉ - ၂၅၁။
  4. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ်၊ ၁၉၈၂ ။ စာ ၁၆၅ - ၁၆၆။