ဂိုမူလကား ဝလဒီစလော

ဝီကီပီးဒီးယား မှ
ဂိုမူလကား ဝလဒီစလော

မစ္စတာဝလဒီစလော ဂိုမူလကားသည် ပိုလန်နိုင်ငံအား ဖက်ဆစ်နာဇီတို့ လက်အောက်မှ လွတ်မြောက်ရန် တော်လှန် တိုက်ပွဲရာတွင်လည်းကောင်း၊ နိုင်ငံပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်းကောင်း ပါဝင်ခဲ့သည့် ခေါင်းဆောင်များအနက် ထင်ရှား ကျော်ကြားသော ခေါင်းဆောင်တဦးဖြစ်သည်။

ဂိုမူကလားကို ပိုလန်တောင်ပိုင်း ကရတ်စနစ်မြို့၌ ၁၉ဝ၅ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တောင်သူလယ်သမား မိဘနှစ်ပါးမှ မွေးဖွားသည်။၁၄ နှစ်အရွယ်တွင် မတ်လီနင်စာပေများကို လေ့လာ၍ ပိုလန်ကွန်မြူနစ်ပါတီသို့ ဝင်ရောက်သည်။ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူးအဖြစ် ၁၉၂၇ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ထိုအချိန်က အာဏာရနေသော ဆာနုတ်ယာအစိုးရ၏ ဖက်ဆစ်ဆန်သော အပြုအမူများကို ဆန့်ကျင်ဟောပြောသဖြင့် နှစ်ကြိမ်တိုင် ထောင်ကျခံခဲ့ရသည်။ ၁၉၄၁ ခုနှစ်တွင် မော်စကိုမြို့၌ ဖွဲ့စည်းတည်ထောင်သော ကွန်မြူနစ်ပြန်ကြားရေး ဦးဆောင်အဖွဲ့ (ကိုမင်ဖောင်း)အစီအစဉ် ဖြင့် ပိုလန်ကွန်မြူနစ်ပါတီကို ၁၉၄၂ ခုနှစ်တွင် ပိုလန် အလုပ်သမားပါတီဟု အပြောင်းအလဲဖွဲ့စည်းသည်။ ၁၉၄၃ ခုနှစ်တွင် ဂိုမူလကားသည် ပါတီအထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ဂိုမူလကားဦးဆောင်သော ပါတီ၏ ပြည်သူ့တပ်သည် တောင်ကုန်းထူထပ်သော ကာပေသီယံခရိုင်တွင် အခြေစိုင်၍ နာဇီများကို တော်လှန် တိုက်ခိုက်ခဲ့သည်။

၁၉၄၇ ခုနှစ် ဇန္နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲကြီးတွင် ဂိုမူလကားတို့ အုပ်စုမှ အမတ်နေရာ ၄၄၄ နေရာအနက် ၃၈၂ နေရာ အနိုင်ရသဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။ ဂိုမူလကားသည် ဗဟိုချုပ်ကိုင်သော စီးပွားရေးစီမံကိန်း စနစ်ကို လက်မခံသောကြောင့် ဆိုဗီယက် ကွန်မြူနစ်ပါတီနှင့် သဘောတရား ရေးရာတွင် ကွဲလွဲခဲ့သည်။ ဂိုမူလကား၏ အယူ အဆသည် အမျိုးသား ကွန်မြူနစ်ပါတီဖြစ်သည်ဟု ဆိုဗီယက်က ဝေဖန်သည်။ နောက်ဆုံးတွင် ဂိုမူလကားသည် ပိုလန်အလုပ်သမား ပါတီမှ တာဝန်ဝန်းများကို ရုပ်သိမ်းခြင်း ခံရပြီးနောက် ၁၉၅၁ ခုနှစ်မှ ၁၉၅၄ ခုနှစ် ဒီဇင်ဘာလအထိ အစိုးရသစ်၏ ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ရာထူးဖယ်ရှားခြင်း ခံရပြီး ရှစ်နှစ်မျှကြာသောအခါ ပိုလန်နိုင်ငံတွင် စီးပွားရေး အကျပ်အတည်းဒဏ်ကြောင့် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ ထိုဆန္ဒပြ ကန့်ကွက်မှုများကြောင့် ဂိုမူလကား ပါတီတာဝန်များ ပြန်လည်ပေးအပ်ပြီး ခေါင်းဆောင်စေသည်။

မစ္စတာဂိုမူလကားသည် အိုဒရာနိုင်ဆာမြစ် နယ်နိမိတ်အထိ တိုးချဲ့ပိုင်ဆိုင်မှုကို တရားဝင်အောင် ပြုလုပ်နိုင်ခဲ့သော်လည်း နိုင်ငံ၏ စားနပ်ရိက္ခာနှင့် စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းမပေးနိုင်ခဲ့ချေ။

ပိုလန်နိုင်ငံ၏ စီးပွားရေး အကျပ်ဆိုက်မှုနှင့် ဈေးနှုန်း ကြီးမြင့်မှုများကြောင့် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုများ တပြည်လုံးသို့ ပျံ့နှံလာရာ အဓိကရုဏ်ကြီးများအဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့အတွက် ၁၉၇ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ပါတီခေါင်းဆောင် ဂိုမူလကား၊ သမ္မတမာရီယန် စပိုင်ချားစကီးနှင့် တာဝန်ရှိ အခြားခေါင်းဆောင်သုံးဦးတို့ ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

မစ္စတာဂိုမူလကားသည် ၁၉၇၁ ခုနှစ်မှစ၍ နိုင်ငံရေး ပင်စင်ဖြင့် အေးချမ်းစွာ နေထိုင်ခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်တွင် ပါတီနှင့် အစိုးရပိုင်းမှ ဂိုမူလကား၏ နိုင်ငံရေးဆောင်ရွက်မှု များကို အသတ်အမှတ်ပြုပြီး နိုင်ငံရေးသိက္ခာ ပြန်လည်တင်ပေး ခဲ့သည်။

ဂိုမူလကားသည် ၁၉၈၂ ခုနှစ် စက်တင်ဘာလ ၁ ရက် နေ့တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဇနီးဖြစ်သူ ဂျူးလူမျိုး ဇိုဖီကျန်ရစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)