ဂါထာခြောက်ဆယ်ပျို့

ဝီကီပီးဒီးယား မှ

ဂါထာခြောက်ဆယ်ပျို့ ကို ရှင်အုန်းညို ရေးဖွဲ့ခဲ့သည်။ ကာဠုဒါယီမဟာထေရ်အရှင် လျှောက်တင်သော ဂါထာခြောက်ဆယ်ကို စီရင်ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ဂါထာခြောက်ဆယ်ပျို့[ပြင်ဆင်ရန်]

(၁) နေပြည်ဌာန သားဗုဒ္ဓကြွစေလိုကြောင်း မင်းသုဒ္ဓေါ် ပင့်စေခန်း[ပြင်ဆင်ရန်]

၁။ မဟာဗုဒ္ဓဟေ၊ ဦးထိပ်ဗွေဟု၊ မြုတေထွတ်ခေါင်၊ မြရိပ်ဆောင်သား၊ ရွှေညောင်ပင်မင်း၊ ဗောဓိရင်းနှိုက်၊ စင်လင်းမိုဃ်းလ၊ ပြည့်ဝန်းပသို့၊ ပုဏ္ဏမာသီ၊ ခါကောင်းပြီဟု၊ အညီကြိုက်ကုန်၊ ကဆုန်ဆန်းတက်။ ဆဲ့ငါးရက်ဝယ်၊ မွန်းချက်နေ့သွင်၊ ပေါက်လက်ကျင်သား၊ ပလ္လင်မြတ်စွာ၊ ရတနာထက်၊ သစ္စာညီးညီး၊ ပွင့်လတ်ပြီးသော်၊ ရောင်ကြီးခြောက်သွယ်၊ ဘဝဂ်ကယ်မျှ၊ ပြိုင်ဆွယ်မဲ့လျှင်း၊ တုလွတ်ကင်းသား၊ အောင်ခြင်းငါးပါး၊ သုံးလူ့ဖျားကား၊ ဘုရားအဖြစ်၊ တိုင်တုံလစ်က၊ ခုနစ်ဌာန၊ ဒေသဆန်းကြယ်၊ ထိုရပ်ဝယ်နှိုက်၊ လေးဆယ်ကိုးရက်၊ လွန်ခဲ့လျက်တည့်၊ မိန့်ပွက်မကြား၊ လူနတ်ဖျားကား၊ တရားထုံမွှန်း၊ နိဗ္ဗာန်ပန်းကို၊ စွန်းစွန်းမငှ၊ မုနိန္ဒလျှင်၊ ဓမ္မရသံ၊ သပ္ပါယ်စံရှင့်၊ သဟံပတိ၊ ဗြဟ္မာသိ၍၊ မဏိရတနာ၊ ထွန်းဝါလျံဖုံး၊ မြင့်မိုရ်လုံးရှိ၊ ရွှေကုံးပူဇော်၊ တောင်းပန်သော်မှ၊ ခြေတော်စက်တိ၊ ကြွလတ်ဘိ၍၊ ဣသိပတန၊ တောရပ်မဝယ်၊ မဉ္စဝဂ္ဂီ၊ ငါးယောက်ပြီတွင်၊ အညီညာတင်၊ ကောဏ္ဍည်းရှင်အား၊ မဂ္ဂင်ရှေးဖျား၊ ချွတ်ပေကြားသည်။ ။ တရားဟောဦး − အစတည်း


၂။ ဗာရာဏသီ၊ ခေါ်ညီတွင်ထ၊ ပြည်မအချာ၊ မိဂဒါဝယ်၊ ဓမ္မာရစက်၊ ဟောနှုတ်ပွက်က၊ ဘဝဂ်ကျော်သည်း၊ မြေကြီးကြည်းမျှ၊ ကောဏ္ဍည်းအစ၊ ဘဒ္ဓိယနှင့်၊ ဝပ္ပမကျန်၊ မဟာနာမ်က၊ တသွန်ကျွတ်ဘိ၊ အဿဇိတို့၊ ကြားသိကျေးဇူး၊ မြိုက်ရည်ဖြူးလျက်၊ လက်ဦးဆိုဝါ၊ ယင်းတွင်ကြာမှ၊ အခါထိန်းမှတ်၊ သံတူကျွတ်သော်၊ မြင်တတ်စက္ခု၊ သဗ္ဗညုကား၊ ဥရုဝေလ၊ တောသို့ကြွ၍၊ ကဿပမည်၊ ရသေ့ထေရ်ကို၊ ပြိုင်တည်မှားကြံ၊ ဂယာယံဝယ်၊ အရံတထောင်၊ ခြွေရွေဆောင်သား၊ ညီနောင်သုံးပါး၊ တပည့်များကို၊ တရားမြုတေ၊ ရကုန်စေမှ၊ ရင့်ထွေသမ္ဘာ၊ နောက်တော်ပါလျက်၊ ရှေးခါတွေ့ဘူး၊ တောထွက်ဦးနှိုက်၊ ညွတ်နူးကြည်စွာ၊ ဗိမ္ဗိသာ၏၊ ပတ္ထနာလျဉ်၊ အဘိညာဉ်ကြောင့်၊ အစဉ်ခရီး၊ တောရပ်မှီး၍၊ ပြည်ကြီးနဂိုရ်၊ ရာဇဂြိုဟ်သို့၊ ပုဂ္ဂိုမျာ့းမင်း၊ ကြွလေလျှင်းသည်။ ။ ဆောင်းတွင်းဟေမန − အစတည်း


၃။ ရာဇဂြိုဟ်ပြည်၊ ရောက်သည်မကြာ၊ ဗိမ္ဗိသာလျှင်၊ ရတနာတွေ၊ ရွှေငွေစုပုံ၊ စွန့်ကြဲပြု၍၊ ဝေဠုဝန်မည်၊ ဝါးတိစည်သား၊ နတ်ပြည်အဟန်၊ ဗိမာန်ထပ်တူ၊ ကျောင်းမြတ်လှူ၍၊ မြှေးထူဝိဇ္ဇာ၊ မောဟခွါ၍၊ သောတာပတ္တိ၊ တရားသိလျက်၊ သာရိပုတ္တရာ၊ မဟာကဿပ၊ တေဇပြင်းထန်၊ မောဂ္ဂလန်လည်း၊ တသွန်ငုံရင့်၊ နေခြည်လင့်သို့။ ကြာနှင့်မပြား၊ လူသုံးပါးဝယ်၊ ပွင့်ထွားဆွဆွ၊ သာဝကဟု၊ သံမြကောင်းခြီး၊ ချီးမြှောက်ပြီးမှ၊ အကြီးရာထား၊ ထေရ်မြတ်များကို၊ တရားသဘင်၊ ပွဲညာတင်၍၊ မွမ်းဖြင်ပရိသတ်၊ လူနတ်တို့အား၊ ချွတ်စိမ့်ထားသည်။ ။ ဘုရားသဗ္ဗ − ညုတတည်း


၄။ အခြားအခြား၊ နိုင်ငံခြားသား၊ တိုင်းကားပိုင်သ၊ သေဠသတွင်၊ သာလှပြောစည်၊ စိုးဆက်ရှည်သား၊ ထိုပြည်မင်းကောင်း၊ လူနှင့်ရှောင်းသည်၊ ရွှေကျောင်းဗိမာန်၊ ဝေဠုဝန်နှိုက်၊ ငါးမာရ်အောင်မြင်၊ သုံးလူ့သျှင်ကား၊ အကြင်လူနတ်၊ ပရိသတ်အား၊ ခြေချွတ်အပ်ရာ၊ ကရုဏာဖြင့်၊ ပညာစက္ခု၊ ရွေးချယ်ရှု၍၊ ကျွတ်ဆုကိုယ်စီ၊ ပေးနှံ့ညီရှင့်၊ ကပီလဝတ်၊ နေမှတ်လွှံ့ကျော်၊ ဘွားပြည်တော်က၊ သုဒ္ဓေါ်မည်ရင်း၊ မွေးဘမင်းလျှင်၊ သည်းတွင်ညွတ်ခွေ၊ လွမ်းရက်ရေသော်၊ ကြာထွေမြင့်လစ်၊ ခုနစ်နှစ်လျှင်၊ မျှလောက်စင်တည့်၊ အသျှင်ဘုရား၊ စောထွတ်ဖျားကို၊ စကားတင်းသံ၊ တို့ သံ သွတ်လှယ်၊ တုံ့ပယ်ကြောင်းစ၊ မသိရ၍၊ ကြင်ဆလွမ်းမှု၊ မြှော်ရှာရှု၏၊ ယခုပင်ကို၊ ရာဇဂြိုဟ်သို့၊ ပြာသိုလက၊ ရောက်လေစွဟု၊ ကြားကမဆည်၊ နေမတည်ခဲ့၊ ချစ်သည်လွန်ကျူး၊ ငါ့သာဦးကို၊ ကျွန်မှူးကိုးယောက်၊ ကိုးထောင်မြောက်လျှင်၊ ကိုးခေါက်မင်းစေ၊ ပင့်ရလေလည်း၊ ပရမေမှန်ကင်း၊ လူ့သနင်းလျှင်၊ သံညင်းမိန့်ခြေ၊ ဟောတုံပေက၊ ကျွတ်လေသည်သာ၊ မပြန်လှာတည့်၊ ထပ်ကာဆင့်ကဲ၊ မရောင့်ရဲသော်၊ သည်းထဲကဆွတ်ဆွတ်၊ ကြာနှယ်ညွှတ်သည်။ ။ မင်းမြတ်သုဒ္ဓေါ် − ဒနတည်း


၅။ အဘန်အဘန်၊ တမန်ကိုးခေါက်၊ ကိုးကြိမ်မြောက်လျှင်၊ တယောက်တထောင်၊ နောက်လိုက်ဆောင်လျက်၊ ယခေါင်ငါက၊ ပင့်လှာရလည်း၊ ငါ့ဘဘုရား၊ ငါ့ထွတ်ဖျားမှာ၊ မကြားခြင်းရာ၊ မြင့်မြဲကြာခဲ့၊ မြော်ရာမြောရှု၊ ငါ့ဘမှုကို၊ ကာဠုဒါယီ၊ အလျင်ချီ၍၊ အင်္ဂီရသော်၊ တုမဲ့ကျော်သား၊ ဗုဒ္ဓေါ်ဝီရ၊ သားချစ်ဘနှင့်၊ ဖူးရလွယ်အောင်၊ ရှေးရိုးဆောင်လျက်၊ တထောင်လည်းကောင်း၊ ခေါ်လေရှောင်းသော်၊ အကြောင်းမကျန်၊ လွမ်းခြင်းဝှန်ကို၊ မတ်မွန်ပညာ၊ လိမ္မာသောလျောက်၊ နားတော်လျှောက်လျက်၊ နှောင်းခေါက်ငါက၊ မထပ်ရအောင်၊ ဌာနတို့မြေ၊ ရောက်ပါစေလော့၊ သွားချေမတ်ရင်း၊ ဘွားဘက်ချင်းဟု၊ အခြင်းရောပြွမ်း၊ ကိုယ်နှင့်ကျွမ်း၏၊ စူးစမ်းဆင့်လှောက်၊ ဆယ်ထောင်မြောက်လျှင်၊ ဆယ်ခေါက်သံတော်၊ ပင့်ရခေါ်သည်။ ။ သုဒ္ဓေါ်သုံးလူ − မွေးဘတည်း


၆။ အကြိမ်အကြိမ်၊ လွန်စိုးရိမ်လျက်၊ ရွှေအိမ်နန်းဝ၊ သုရမ္မက၊ မွေးဘသုဒ္ဓေါ်၊ စေလိုက်သော်လျှင်၊ မမြော်နှိုင်းဘု၊ သဗ္ဗညုသို့၊ ကာဠုဒါယီ၊ တိုင်းရပ်မှီ၍၊ ချီလေပြောဟို၊ သင်းထောင်ဗိုလ်နှင့်၊ နှောင်းစိုထပ်ဘိ၊ ရောက်လတ်ပြီဟု၊ ဧဟိဘိက္ဓူး၊ သံခြေကျူးက၊ ကျေးဇူးအရဟံ၊ ထေရ်ပျံရှေးနည်း၊ ကျွတ်သည်ချည်းသော်၊ ခမည်းတော်ဝန်၊ စေမှုကျွန်ဟု၊ လျှောက်ပြန်ကြားသိ၊ ဥဒါယိလျှင်၊ တရိလောက၊ မုနိန္ဒကို၊ ပွက်ဟနာဘွယ်၊ နိဒါန်းသွယ်လျက်၊ ခြောက်ဆယ်ဂါထာ၊ ပျို့လင်္ကာဖြင့်၊ ဟေမာချမ်းဆောင်း၊ ကြွလှဲပြောင်းသား၊ တပေါင်းဆန်းတက်၊ ပြည့်သည့်ရက်နှိုက်၊ ရပ်လျက်ရှေးရှူ၊ ရိုညွတ်မူလျက်၊ တူရူထိပ်ပြင်၊ ရှိဦးတင်သည်။ ။ သဘင်ပုသ်နေ့ − ပွဲမတည်း


၇။ အခန်းအခန်း၊ သိမ်းပိုက်ဝန်းလျက်၊ နိဒါန်းနည်းသွယ်၊ ခြောက်ဆယ်ဂါထာ၊ ပျို့လင်္ကာဖြင့်၊ မဟာဝီရော်၊ သုံးလူ့ဘော်ကို၊ သုဒ္ဓေါ်မွေးဘ၊ ဖူးချင်လှ၍၊ ပင်ရလှာဘိ၊ ဥဒါယိလျှင်၊ ကြားသိပန်ထွာ၊ လျောက်ပတ်စွာသား၊ ပညာစက္ခု၊ ဤဝတ္ထုမူ၊ ကျမ်းပြုရှေးက၊ မာဂဓကို၊ မြန်မာ့ဘာသာ၊ အက္ခရာဖြင့်၊ သာသနာတော်၊ ပွားကြောင်းမြော်၍၊ ဓမ္မော်မွှန်ကြား၊ မျိုးလေးပါးအား၊ မှတ်သားပါစိမ့်၊ ကြံနှစ်သိမ့်လျက်၊ ပြန်ပိမ့်ခြင်းရာ၊ ပုံနည်းနာနှင့်၊ ဂါထာရင်းသည်၊ အရိုးတည်မှ၊ ဘွေနှည်ထုံးတီး၊ ဆိုရာမှီးလျက်၊ ဆိုသီးပျူငှါ၊ ထိုပညာမူ၊ သကာပျားရည်၊ နံ့ကြည်ပန်းရက်၊ ဖျော်ဘက်လက်ရွေး၊ ချိုမြက်ဧမျှ၊ ဩသဓဟု၊ သုဓရသာ၊ ကောင်းမြိန်စွာသား၊ ရောဂါဘယ၊ သောကပယ်ဖြတ်၊ ငြိမ်းစေတတ်သည်၊ ဆေးမြတ်အတူ၊ နှလုံးမူ၍၊ ဖြောင့်ယူပြတ်ပြတ်၊ သူတော်ထွတ်တို့၊ နူးညွတ်စေတနာ၊ ထက်ကုန်စွာလျက်၊ ကေသရာသီ၊ ချမ်းမြိုက်ဆီကို၊ သိင်္ဂီကောင်းနှစ်၊ ဇမ္ဗူရာဇ်ဟု၊ လှော်သစ်ရတနာ၊ ထွန်းဝါရောင်ချက်၊ နားရွှေခွက်နှိုက်၊ ပြည့်နှက်မြဲကိတ်၊ တည်သောစိတ်ဖြင့်၊ တိဟိတ်သန္ဓေ၊ နေသည်သူအား၊ တရားကုသိုလ်၊ ပွားစေလို၍၊ သံချိုဆင့်လောင်း၊ ညှိုရုံးပေါင်းသည်။ ။ အကြောင်းဤသို့ − ချီချတည်း

နေပြည်ဌာန သားဗုဒ္ဓ ကြွစေလိုကြောင်း မင်းသုဒ္ဓေါ်ပင့်စေခန်း ပြီး၏။

(၂) ဆောင်းကူးနွေစ တပေါင်းလသာယာပုံ လျှောက်တင်ခန်း[ပြင်ဆင်ရန်]

(၁) အင်္ဂါရိနော ဒါနိ ဒုမာ ဘဒန္တေ၊
ဖလေသိနော ဆဒနံ ဝိပ္ပဟာယ။
တေ အစ္စိမန္တောဝ ပဘာသယန္တိ၊
သမယော မဟာဝီရ ဘာဝီရသာနံ။

(၂) ဒုမာနိ ဖုလ္လာနိ မနောရမာနိ၊
သမန္တတော သဗ္ဗဒိသာ ပဝန္တိ။
ပတ္တံ ပဟာယ ဖလမာသသာနာ၊
ကာလော ဣတော ပက္ကမနာယ ဝီရ။

(၃) နေဝါတိသီတံ န ပနာတိဥဏှံ၊
သုခါ ဥတု အဒ္ဓနိယာ ဘဒန္တေ။
ပဿန္တု တံ သာကိယာ ကောဠိယာစ၊
ပစ္ဆာမခံ ရောဟိနိယံ တရန္တံ။


၈။ လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်ဩဇာဖြင့်၊ သတ္တဝါလူ၊ ခပ်သိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်နှိုက်၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲရဲ၊ ပွင့်ဆဲဆဲလျှင်၊ အံ့အဲမနိုင်၊ ဆွယ်ပြိုင်နှိုင်းဘော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ တို့သျှင်ချစ်....၊ အဖြစ်ကြောင်းလျာ၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ လျှောက်ကြားဆက်အံ့၊ ဘွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြတ်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကိုနောက်ဆင့်၊ ချီပင့်ရလှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလှဲပြောင်းသား၊ တပေါင်းနွေလ၊ ဂိမှနဟု၊ သာလှပျော်မှု၊ သည်ရတုနှိုက်၊ ညွန့်နုဆဲဆဲ၊ မီးလျှံခဲသို့၊ ရဲရဲပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏၊ ခမည်းတော်ကောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ ။ သွားခါကာလ − တန်ပြီတည်း


၉။ မျှော်ရှုမျှော်ရှု၊ မျိုးတစုတွင်၊ ရာဟုအမိ၊ တစိဘွားတော်၊ မြောက်သားတော်နှင့်၊ သုဒ္ဓေါ်မွေးဘ၊ ရူတတင်းမေး၊ မိထွေးဂေါတမီ၊ ကလျာဏီတို့၊ ညီကားမင်းနန်၊ မကျန်လုံးခြုံ၊ ဇာတိဘုံဝယ်၊ အပုံမျိုးပေါင်း၊ ဆွေရှစ်သောင်းတို့၊ လွမ်းဟောင်းမပြေ၊ လွမ်းထွေကဲဆင့်၊ ကွာသည်မြင့်ဟု၊ ယခင့်ရှေးသော်၊ ရွှေနန်းတော်နှိုက်၊ နှစ်ဘော်မောင်နှံ၊ ဗိုလ်ရှုခံလျက်၊ နတ်စံအလား၊ မိထွတ်ဖျားနှင့်၊ သိကြားသူဇာ၊ သက်ကျလှာသို့၊ မတ်ရာများဘောင်၊ လူ့တန်ဆောင်ကို၊ ယခေါင်ထက်တိုက်၊ ချစ်ဝမ်းပိုက်လျက်၊ ခေါ်စိုက်မေးစမ်း၊ ပြည်လုံးလွှမ်း၍၊ ဆိုတမ်းအသံ၊ နှုတ်မညံ့တည့်၊ ကျံကျံသီးသီး၊ ပူပန်ကြီးသော်၊ ညီးညီးဝင်းဝင်း၊ တရားမင်းကြောင့်၊ သတင်းကြားကာ၊ မနေသာခဲ့၊ သွားခါတန်စွ၊ ဤကာလက၊ ချမ်းမြမသန်၊ ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်ပျောင်းမချဉ်း၊ လေပြင်းမလာ၊ သည်းစွာထစ်ကြိုး၊ အုံ့မိုးဃ်းမစွေ၊ ရေလည်းမကြီး၊ ခရီးဓွန့်ရှည်၊ နှစ်သောင်းထေရ်နှင့်၊ ရောင်ခြည်ပြိုးပြက်၊ အောက်ထက်မညံ၊ ထွန်းရိပ်လျှံမျှ၊ မဆံတူရိုး၊ သကျမျိုးကို၊ မြတ်နိုးလွန်ကျူး၊ အံ့မိန်းမူးလျက်၊ နဖူးထိပ်ပြင်၊ ရှိပန်ဆင်လျက်၊ ထိုတွင်ပြသူ၊ ဆုယူဆုတောင်း၊ မျှော်လင့်ရှောင်းသည်။ ။ ချမ်းဆောင်းဟေမန် − လွန်ပြီတည်း


၁၀။ မြော်ဆုမြော်ဆု၊ တောင့်တပြုလျက်၊ မျှော်ရှုမပြတ်၊ သုံးလူ့ထွတ်ကို၊ ရိုညွတ်ပြင်းစွာ၊ ချစ်သဒ္ဓါ၍၊ တကာတော်ရင်း၊ မွေးဘမင်းကား၊ ကြောင်းခြင်းပြန်ခေါက်၊ ဆယ်ထောင်မြောက်လျှင်၊ ဆယ်ခေါက်မင်းစေ၊ ပင့်ရထွေကို၊ ပရမေထိပ်မိုး၊ ထွတ်ခေါင်စိုးသည်၊ နွယ်ရိုးမြတ်လှ၊ မုနိန္ဒလျှင်၊ ဒေသရပ်ဟောင်း၊ ဆွေရှစ်သောင်းသို့၊ ရက်ပေါင်းခြောက်ဆယ်၊ ဝေးဓွန့်ကျယ်လည်း၊ သွားဘွယ်ချိန်ထောက်၊ ထိုပြည်ရောက်က၊ အနောက်တူရူ၊ ရှုတော်မူလျက်၊ မပြုနိုင်ပြီ၊ ရွှေစက်ချီ၍၊ ရောဟိနီမြစ်၊ ကူးတုံလစ်က၊ သျှင်ချစ်ဌာန၊ ကပိလနှင့်၊ ကောဠိယတွင်၊ သာကဝင်တို့၊ ပျော်အင်နှစ်ခြိုက်၊ ရှိပန်းစိုက်အံ့၊ ကျွတ်ထိုက်ရာရာ၊ လူတကာကို၊ ချမ်းသာရပ်တင်၊ ပို့စေချင်သည်။ ။ မဂ္ဂင်အမြိုက် − တန်ပြီတည်း


၁၁။ ဘော်စုဘော်စု၊ ခေါ်သာဓုဖြင့်၊ လွမ်းမှုစည်းဝေး၊ ကြည်စိတ်ပြေးလျက်၊ ရေးရေးထင်လွန်း၊ ဆယ်ခိုင်ပန်းဖြင့်၊ ဦးစွန်းတူရူ၊ ပွင့်လူလူလျှင်၊ မည်သူမပြိုင်၊ ထွတ်ဖျားတိုင်သား၊ ဦးကိုင်ချက်မ၊ သုံးလူ့ဘကို၊ မြင်ရနိုးနိုး၊ ရှစ်သောင်းမျိုးတွင်၊ မင်းစိုးသုဒ္ဓေါ်၊ ခမည်းတော်က၊ ဖူးမြော်ချင်လှ၊ ခါနိစ္စဖြင့်၊ ပါဒနက်သန်၊ မြတ်ခြင်းလွန်သား၊ စက်မွန်နှစ်ဘော်၊ ဖဝါးတော်ကို၊ ကောက်ရော်ထိပ်ထက်၊ မြဲစွာရွက်၍၊ စုံမက်ပြင်းလှ၊ ဖူးချင်တလျက်၊ ဘယ်လဘယ်နေ့၊ ဘယ်နံတွေ့၍၊ စေ့စေ့ခြင်းတ၊ ပြန်တုံရအံ့၊ မြမြချိုစွာ၊ မြိုက်ရသာကို၊ တကာဆွေကောင်း၊ လူအပေါင်းနှင့်၊ ဆယ်ချောင်းဦးထိ၊ ကြားရဘိမူ၊ မြှေးငြိဝိဇ္ဇာ၊ ဘယာမောဟ၊ ရာဂမြစ်စည်၊ သံသာရှည်လည်း၊ ရွှေပြည်မဂ်ဖိုလ်၊ မခဲငြိုတည့်၊ ကျွန့်ကိုမှာထား၊ လျှောက်လိုက်ကြားသည်။ ။ တရားအရ − မှန်ပြီတည်း


၁၂။ ပျော်မှုပျော်မှု၊ မျှော်ကြည့်ရှု၍၊ ရတုကောင်းစွာ၊ ဤအခါကား၊ သာသည်ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီနှင်းမကုန်။ ပူဟုန်မသည်း၊ ပျံ့ပျံ့ဖြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင်ရိုက်ကြူး၊ မင်းလွင်မြူးသား၊ နွေဦးသရစ်၊ အခါဖြစ်၍၊ သျှင်ချစ်ဘုရား၊ သုံးလူ့ဖျားလျှင်၊ ဖဝါးစက်တော်၊ ချီတုံသော်လည်း၊ ထော်လော်စုန့်လုန့်၊ မြေမှုန့်မြေကြမ်း၊ ခရီလမ်းနှိုက်၊ သာချမ်းညံ့စေ၊ လွှဲဖယ်လေလျက်၊ ပရမေထွန်းပေါ်၊ မြတ်နုဘော်ဖြင့်၊ သျှင်တော်မှန်စင်၊ ငါ့သခင်ကို၊ စက်ရှင်မြုတေ၊ ကြွသာစေဟု၊ ဝေးမြေတပါး၊ ဖဲနှင့်ရှား၍၊ ပြန်သွားမငြီး၊ သဲမွေ့နှီးသည်။ ။ ခရီးသာစွ − မွန်ပြီတည်း


၁၃။ ပေါ်လှုပေါ်လှု၊ ညွန့်သစ်နုနှင့်၊ ရတုသာထွေ၊ နွေကားရောက်ပြီး၊ ဆောင်းအမြီးဟု၊ ခရီးလမ်းလျဉ်၊ ခက်ချင်းယှဉ်သား၊ ပင်စည်ဖြူးဖြူး၊ ရိပ်စက်ကူး၍၊ ငုံဖူးစီစို့၊ တချို့ကားပွင့်၊ ကင်းနှင့်မညံ၊ မီးလျှံသဘွယ်၊ ဝင်းဝင်းကယ်မျှ၊ မြိုင်လယ်ရဲရဲ၊ အခဲခဲတိ၊ တောထဲစုံကောင်း၊ ပန်းအပေါင်းနှင့်၊ ရွက်ဟောင်းပင်အောက်၊ ဖူးညောက်လူလူ၊ ထွက်စပြူလျက်၊ ပျံ့ကြဧဧ၊ လေညှင်းသွေးသော်၊ မွှေးမွှေးရဂုံ၊ သင်းနံ့ထုံသို့၊ ပြောစုံစခန့်ချုံး၊ ပွင့်ရောင်ဖုံးသည်။ ။ တောလုံးညွန့်သစ် − လှန်ပြီတည်း


၁၄။ ယော်နုယော်နု၊ ရွက်သစ်ပြုလျက်၊ ရတုအလိုက်၊ ခက်ချင်းဆိုက်၍၊ အကိုက်ငုံဖူး၊ ဖြူးရရူးလျှင်၊ တန်ခူးမပြောင်း၊ တပေါင်းမကုန်၊ ပူဟုန်မပြင်း၊ နှင်းလည်းစဲစ၊ ကာလသာထွေ၊ ဆောင်းနွေဆိုးဆမ်း၊ ပူချမ်းနှစ်ပါး၊ ဆွေတော်များကို၊ ဘုရားမြတ်စွာ၊ ဖူးအံ့ခါကား၊ သာယာသောတိ၊ ကြွဘွယ်ရှိစွ၊ ခရီးဆစ်ပိုင်း၊ လမ်းစဉ်တိုင်းတုံ၊ သစ်ကိုင်းညွန့်လန်း၊ ဂနိုင်ပန်းတိ၊ ထက်ဝန်းဖြင်မျှ၊ ပွင့်လတ်ကြသော်၊ ရွှင်ပျမြည်ရှုန်း၊ ပိတုန်းမည်းနက်၊ ဝတ်ရက်ယူယူ၊ ချစ်မူဘော်နှော၊ ရဂုံတောဝယ်၊ ဥဩကျေးငှက်၊ ယှဉ်ဘက်မကွာ၊ ဟင်္သာပဲထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ၊ ခုန်ပျံပြေးသွား၊ တပင်နားလျက်၊ ပင်ဖျားပင်ခြေ၊ မွမ်းမွမ်းထွေလျက်၊ စုံမြေရိပ်ကောင်း၊ ရွေများပေါင်းသည်။ ။ ဥဒေါင်းမောရ − တွန်ပြီတည်း

ဆောင်းကူးနွေစ တပေါင်းလသာယာပုံ လျှောက်တင်ခန်းပြီး၏။

(၃) လယ်ယာအတူ အလှူဖြစ်ကြောင်း လျှောက်တင်ခန်း[ပြင်ဆင်ရန်]

(၄) အာသာယ ကသတေ ခေတ္တံ
ဗီဇံ အာသာယ ဝပ္ပတိ။
အာသာယ ဝါဏိဇာ ယန္တိ၊
သမုဒ္ဒံ ဓနဟာရကာ။
ယာယ အာသာယ တိဋ္ဌာမိ၊
သာ မေ အာသာ သမိဇ္ဈတု။

(၅) နာတိသီတံ နာတိဥဏှံ၊
နာတိ ဒုဗ္ဘိက္ခ ဆာတကံ။
သဒ္ဒလာ ဟရိတာ ဘူမိ၊
ဧသကာလော မဟာမုနိ။

(၆) ပုနပ္ပုနံ စေဝ ဝပန္တိ ဗီဇံ၊
ပုနပ္ပုနံ ဝဿတိ ဒေဝရာဇာ။
ပုနပ္ပုနံ ခေတ္တံ ကသန္တိ ကဿကာ၊
ပုနပ္ပုနံ ဓညမုပေတိ ရဋ္ဌံ။

(၇) ပုနပ္ပုနံ ယာစနကာ စရန္တိ၊
ပုနပ္ပုနံ ဒါနပတီ ဒဒန္တိ။
ပုနပ္ပုနံ ဒါနပတီ ဒဒိတွာ၊
ပုနပ္ပုနံ သဂ္ဂမုပေန္တိ ဌာနံ။


၁၅။ ခန့်ကျုံးသတ္တဝါ၊ ဗြဟ္မာလူနတ်၊ ပရိသတ်ကို၊ အကျွတ်သုံးတန်၊ မြိုက်ဆုံးမှန်မှ၊ နိဗ္ဗာန်ပြည်ကြီး၊ တိုင်စေပြီးသော်၊ မင်းမီးဓမ္မရာဇ်၊ ပွင့်သစ်စက်စက်၊ ကျော်ဝှန်တက်သား၊ တုဘက်မဲ့အောင်၊ တန်းခိုးဆောင်လျက်၊ ထွတ်ခေါင်ရတနာ၊ မြတ်လှစွာသည်၊ သကျာဝတ၊ သုံးလူ့ဘ ...၊ ပွက်ဟမကျန်၊ အဘန်ဘန်လျှင်၊ တောင်းပန်ပါရှောင်၊ ကျွန့်အကြောင်းကား၊ အရောင်းအရင်း၊ ငယ်ချင်းကြီးဘက်၊ တနေ့နက်ဖြင့်၊ ဘွားရက်မခြာ၊ ခုနှစ်ပါးတွင်၊ ဗောဓိပင်နှင့်၊ အသျှင်ဘုရား၊ မြောက်သားယသော်၊ မြင်းတော်ကားကဏ်၊ ညီတော်ဆန်နှင့်၊ အကျွန်ကာဠု၊ ကြီးထုရွှေအိုး၊ သုံးလူ့မျိုးနှိုက်၊ မြတ်နိုးတနာ၊ မေတ္တာမြဲမြံ၊ အသက်နှံ၍၊ ကောင်းကြံပြီစီး၊ ကောင်းရာမှီးလျက်၊ ကောင်းခြီးထိုက်စွာ၊ ကောင်းအပ်သည်။ ။ ရင်းချာနှီးကပ် မြတ်သတည်း


၁၆။ စရိုက်စရိုက်၊ သုံးဘုံတိုက်တွင်၊ ပြိုင်ထိုက်မဲ့ငြား၊ အထွတ်ထားသည်၊ ဘုရားမုနိ၊ စောဘုန်းယှိကို၊ မီတိတည်စွာ၊ မြတ်အာသာဖြင့်၊ ပညာမြင်ကျယ်၊ ချီးမွမ်းဘွယ်တုံ၊ နှစ်ဆယ်အပါး၊ ဂုဏ်အပြားတွင်၊ မူထားခြင်းရာ၊ သမ္ဘာရင့်နှစ်၊ ကျေးဇူးစစ်၍၊ သျှင်ချစ်လက်အောက်၊ ခုံကြီးမြောက်လျက်၊ ရှေ့နောက်မြောက်တောင်၊ ထမ်းရွက်ဆောင်က၊ ချမ်းအောင်စီးပွား၊ လူအများကို၊ သနားမျှော်ရှု၊ သားတူပြုလျက်၊ ကြီးမှုမကျယ်၊ ငယ်မှုပျောက်ပေ၊ သာကြည်ထွေဘိ၊ ကျင့်နေမဘောက်၊ မြဲလှစောက်လျက်၊ ကျွန်လျောက်ကုံစွာ၊ ကွယ်ကာရန်မြိတ်၊ ကောင်းသည်စိတ်ဖြင့်၊ အတိတ်နာဂတ်၊ ညီညွတ်တိုင်ပင်၊ ဆင်ခြင်တိုင်းရှည်၊ ကြံစည်လုံ့လ၊ နေ့ညမကင်း၊ စင်းလျင်းမကွာ၊ တရံခါနှိုက်၊ အရာရှိမူ၊ မည်သူမခန့်၊ အသက်စွန့်၍၊ ပွားပြန့်ရန်မာန်၊ အရှင့်ဝန်ကို၊ မလှန်နောက်ကြွင်း၊ ငြိမ်းစေလျှင်းဟု၊ တင်းတင်းမရှောင်၊ ကြိုးအားထောင်သည်။ ။ ရည်ဆောင်မှန်မ ချွတ်သတည်း


၁၇။ အလိုက်အထိုက်၊ သုစရိုက်လည်း၊ ကောင်းထိုက်လျှင်းအောင်၊ နောက်နောင်ရေးခွင့်၊ ကောင်းစွာကျင့်လျက်၊ ကောင်းနှင့်မနား၊ ကိုယ့်စီးပွားနှိုက်၊ တရားတည်လှ၊ မောဟဘယာ၊ ဆန္ဒာဒေါသ၊ စွန်းရမယှိ၊ သမာဓိနှင့်၊ ဂတိလေးအင်၊ ညီလျက်ပင်တည့်၊ မထင်ရမ္မက်၊ မကွက်လောဘ၊ မထမာန်စောင်၊ ချောပစ်ရှောင်၍၊ မင်းခေါင်မင်းဖျား၊ မင်းတရားဝယ်၊ ခစားတတ်ဘိ၊ မင်းရိပ်သိက၊ တရှိမွေးရက်၊ မတ်ဘွားဘက်ကို၊ နှစ်သက်ဝမ်းသာ၊ မေတ္တာဆပွား၊ သနားသဖြင့်၊ ကောင်းစွာကျင့်ဟု၊ ချီးပင့်ရာရာ၊ ကြိုးပေးပါ၏၊ ရှေးခါမတူ၊ ယခုမူကား၊ ချစ်သူကြင်ဘော်၊ မိယသော်နှင့်၊ နန်းတော်ရွှေထီး၊ ပြည်ကြီးကစ၊ စွန့်ခဲ့ကြွ၍၊ သဗ္ဗစက္ခု၊ လေးစုသစ္စာ၊ ပွင့်ကြောင်းရှာသော်၊ မြေချာရောက်ဘိ၊ ညောင်ဗောဓိတွင်၊ မုနိရတနာ၊ မဟာဓမ္မရာဇ်၊ ဘုရားဖြစ်၍၊ ထစ်ထစ်ထင်ထင်၊ မြင်ရလတ်ခြင်း၊ ချစ်သျှင်ရင်းကြောင့်၊ ချက်ခြင်းသူငါ၊ ကျွတ်ရသည်။ ။ ဗြဟ္မာလူနှင့် နတ်သတည်း


၁၈။ အမြိုက်အမြိုက်၊ မြတ်ရာကြိုက်၍၊ ကျွတ်ထိုက်လှစွာ၊ သုံးလူ့ချာဝယ်၊ မကွာမကင်း၊ ငယ်ကရင်း၍၊ သားချင်းနောင်ဆန်၊ မြင်းဖြူကဏ်နှင့်၊ မတ်မွန်ကာဠု၊ တစုဘွားဘက် ပါကောင်းလျက်တိ၊ တောထွက်လေရာ၊ ကျွန့်ကိုသာလျှင်၊ သွားခါမသိ၊ ချန်ခဲ့ဘိသော်၊ မချိလွမ်းဆွတ်၊ သည်းအူပြတ်မျှ၊ သိဒ္ဓတ်မည်ထင်၊ ငါ့ချစ်သျှင်ဝယ်၊ လူလျှင်လူလျောက်၊ မတ်ကြီးမြောက်၏၊ လှဲဘောက်ထင်ပေါ်၊ ရဟန်းသော်လည်း၊ သဗ္ဗော်သုခ၊ နိဗ္ဗာနဟု၊ ဘဝမပြန်၊ နှစ်ဘန်မရှိ၊ ဇာတိဇရာ၊ ကင်းစင်စွာသား၊ စကြာထံအောက်၊ ဘေးမှန်ပျောက်၏၊ ထွန်းတောက်ရှိန်ဇော်၊ ကျေးဇူးတော်ကား၊ ကျော်သည်နှင်နှင်၊ စီးပွားဖြင်၏၊ စောလျင်မျက်မှောက်၊ အကျိုးရောက်၏၊ ကြားလျှောက်နားတော်၊ အကြောင်းသော်မူ၊ သုဒ္ဓေါ်စိုးမင်း၊ ဖူးချင်ပြင်း၍၊ သနင်းအဖျား၊ တို့ဘုရားကို၊ အများမင်းစေ၊ သောင်းဗိုလ်ခြေတိ၊ ပင့်ပေလှာရ၊ ထိုကိစ္စကြောင့်၊ နေ့ညမကြာ၊ မနေသာခဲ့၊ ပုစ္ဆာထွေပြား၊ အပါးပါဖြင့်၊ ရွှေနားခန့်တန်၊ လျှောက်တောင်းပန်အံ့၊ စိတ်သန်ကြည်စွာ၊ ဘ − တကာသို့၊ မကြာမတင်၊ ကြွစေချင်သည်။ ။ ချစ်သျှင်သုံးလူ ထွတ်သတည်း


၁၉။ အမိုက်အမိုက်၊ လူ့စရိုက်နှင့်၊ နှုန်းထိုက်တုံစွာ၊ ပုံနည်းနာကား၊ လယ်ယာကုန်စယ်၊ ရောင်းဝယ်သွားလာ၊ ကြည်းအားရေကျွမ်း၊ အကြမ်းအနု၊ ပြုသားအိမ်ထောင်၊ ကုန်အောင်ကြွယ်ချင်၊ စီးပွားမြင်က၊ အကြင်သသူ၊ ချမ်းပူမစစ်၊ လုပ်ဆစ်ကြံခင်း၊ လယ်ကျင်းယာထွင်၊ တွင်းတွင်စေ့ပျိုး၊ မျိုး၏အလျောက်၊ ပင်ပေါက်မြစ်တွန့်၊ အညွန့်အရွက်၊ အခက်အခွံ၊ လျှော်ဆံအပွင့်၊ မှန့်ရင့်ရွမ်းပြင်း၊ သီးကင်းရည်ယူ၊ ဟူဟူရာရာ၊ ကြိုးပမ်းစွာလျက်၊ အာသာယှိနှိုင်း၊ လိုသောတိုင်းလျှင်၊ အပိုင်းအခြား၊ နေနားမကျန်၊ အပြန်ပြန်တည့်၊ ဘန်တလဲလဲ၊ စေ့ပျိုးမြဲသို့၊ မကွဲပမာ၊ တောင်းပန်ထွာသည်။ ။ သဒ္ဓါလှုလှု ညွတ်သတည်း


၂၀။ အထိုက်အထိုက်၊ ထုံးပုံပိုက်၍၊ အလိုက်သင့်ရာ၊ ရိုညွတ်စွာလျှင်၊ ပမာချိန်ထောက်၊ နားတော်လျောက်အံ့၊ ကျင့်စောက်စမြို၊ ဘဝဘို့ဝယ်၊ ဘူတို့အရေး၊ အသက်မွေးသား၊ အဝေးအနီး၊ ကုန်ကြီးကုန်ငယ်၊ ပင်လယ်သမုဒြာ၊ ဂင်္ဂါကူးကူး၊ ရှာထူးရှာဘွေ၊ မနေမနား၊ ရင်းပွားရင်းသန်၊ မြတ်သတ်ကျန်က၊ ထားပြန်ယူတုံ၊ တလုံလဲလဲ၊ တိုက်ထဲကျီကြ၊ ပည်းမျှထွက်ဝင်၊ ပစ္စည်းရှင်ဟု၊ အုတ်အင်ကုံကယ်၊ များစွာကြွယ်လည်း၊ သွတ်လှယ်မညံ၊ လုပ်ကြံရှာမှီး၊ ကုန်သည်ကြီးသို့၊ ကောင်းခြီးအပုံ၊ လျှောက်တုံတုံလျှင်၊ ကြေးမုံရတနာ၊ သုံးလူ့ချာကို၊ တကာဘ − အား၊ တောင်းပန်ကြားသည်။ ။ တရားနာစိမ့် မှတ်သတည်း


၂၁။ အကြိုက်အကြိုက်၊ အခါလိုက်၍၊ တိမ်တိုက်မိုးပြင်၊ ထက်ကောင်းကင်မှ၊ ရောင်ထင်ပြိုးပြက်၊ ချိုးချိုးချက်လျှင်၊ ပျံတက်ကြွားကြွား၊ ယုဂန်ဖျားက၊ နတ်သားပဇ္ဇျန်၊ ကခုန်မြူးထူး၊ လတန်းခူးကား၊ ဆောင်းဦးတိုင်အောင်၊ ရေချမ်းဆောင်လျက်၊ နောက်နောင်သောခါ၊ မရွာတုံဘဲ၊ စဲသည်မိုဃ်းဟန်၊ နှစ်လည်ပြန်က၊ ရွာဘန်ကြိမ်များ၊ မိုဃ်းနတ်သားတို့၊ ဘုရားသခင်၊ ငါ့ချစ်သျှင်ကို၊ သို့ပင်တောင်းပန်၊ ကျွန်ုပ်ဝန်ကြောင့်၊ မဆန်ညွတ်နူး၊ ကြွပါဦးလော၊ နဖူးထိပ်မှာ၊ ရွှေစကြာကို၊ တကာမျိုးဆွေ၊ ရွက်ကုန်စေအံ့၊ သံခြေချီးမြှောက်၊ နားတော်လျှောက်သည်။ ။ ဝမ်းမြောက်ကြည်စိတ် ပြတ်သတည်း


၂၁။ တသိုက်တသိုက်၊ ပမာဆိုက်၍၊ ဦးနှိုက်ကြာပွင့်၊ ရှိပန်ဆင့်လျက်၊ လျှောက်တင့်အောင်အောင်၊ ထုံးပုံဆောင်အံ့၊ ထွတ်ခေါင်မွတ်နိ၊ ရွှေနားချိလော၊ သတိသမ္မာ၊ ကောင်းစွာဆောက်တည်၊ အလှူသည်ထုံ၊ စိတ်ကြည်ဖြောင့်လှ၊ ခါနိစ္စလျှင်၊ ဒါနပတိ၊ အများသိလျက်၊ ကြားဘိတုံပေ၊ သုန္ဓရေကို၊ သက်သေထားထား၊ တိုင်မှတ်သားလျက်၊ လေးပါးပစ္စည်း၊ ဖြင်ပည်းပုံစု၊ လှူဝတ္ထုကို၊ ယခုယခု၊ ပေးမှုမကျန်၊ ပေးပြန်တုံတုံ၊ ပေးများကုန်သော်၊ ထက်ဘုံမြင့်စွာ၊ နတ်တို့ရွာနှိုက်၊ ပျော်ရာစည်းစိမ်၊ အကြိမ်ကြိမ်လျှင်၊ ချမ်းငြိမ်သုခ၊ လွန်ရွှင်ပသား၊ စံရအမြဲ၊ မချွတ်လွဲတည့်၊ မကွဲပုံတူ၊ တောင်းပန်သူလည်း၊ အယူအာသာ၊ ကြိုက်ရာရဖြင့်၊ ကြောင်းချာဝမ်းဝယ်၊ ဆိုဘွယ်ဘွယ်ကို၊ ဘုန်းကြွယ်မြတ်တွင်၊ လျှောက်ရကျင်မှ၊ အကြင်သတ္တဝါ၊ ဆွေတကာနှင့်၊ ဗြဟ္မာသိကြား၊ နတ်များသူငါ၊ ချမ်းသာသုံးပါး၊ ပြန့်စီးပွားသည်။ ။ တရားမွန်လှ တတ်သတည်း


လယ်ယာအတူ အလှူဖြစ်ကြောင်း လျှောက်တင်ခန်း ပြီး၏။

(၄) ဘ, မိ နှစ်ဦး ကျေးဇူးကြီးပုံ လျှောက်တင်ခန်း[ပြင်ဆင်ရန်]

(၈) ဝီရော ဟဝေ သတ္တယုဂံ ပုနေတိ၊
ယသ္ဓိံ ကုလေ ဇာယတိ ဘူရိပညော၊
မညာမဟံ သက္ကတိ ဒေဝဒေဝေါ၊
တယာ ဟိ ဇာတော မုနိ သစ္စနာမော။

(၉) သုဒ္ဓေါဒနော နာမ ပိတာ မဟေသိနော၊
ဗုဒ္ဓဿ မာတာ ပန မာယနာမာ။
ယာ ဗောဓိသတ္တံ ပရိဟရိယ ကုစ္ဆိနာ၊
ကာယဿ ဘေဒါ တိဒိဝမှိ မောဒတိ။

(၁၀) သာ ဂေါတမီ ကာလကတာ ဣတော စုတာ၊
ဒိဗ္ဗေဟိ ကာမေဟိ သမင်္ဂိဘူတာ။
သာ မောဒတိ ကာမဂုဏေဟိ ပဉ္စဟိ၊
ပရိဝါရိတာ ဒေတဂဏေဟိ တေဟိ။

(၁၁) ဗုဒ္ဓသ ပုတ္တောမှီ အသယှသာဟိနော၊
အင်္ဂီရသဿပ္ပဋိမဿ တာဒိနော။
ပိတုပိတာ မယှံ တုဝံသိ သက္က၊
ဓမ္မေန မေ ဂေါတမ အယျကောသိတိ။


၂၃။ မဟေသိနော်၊ ဘဝဂ်ကျော်၍၊ ဂုဏ်တော်ကိုးပါး၊ အံ့ဘွယ်များလျက်၊ ဘုရားရတနာ၊ မြတ်လှစွာသား၊ သစ္စာလေးမည်၊ ရောင်ခြည်ထွန်းလျှံ၊ ကိုယ်ဟန်ပလင်း၊ ပြောင်ပြောင်ဝင်းမျှ၊ သတင်းအပေါင်း၊ ကျေးဇူးကောင်းတိ၊ တသောင်းလောကဓာတ်၊ လူနတ်ဗြဟ္မာ၊ သတ္တဝါကို၊ ပြည်သာနိဗ္ဗာန်၊ ခရီးညွှန်လျက်၊ သုံးတန်ဘုံကြီး၊ ရှေ့ကဆီးလည်း၊ လမ်းသီးထုတ်ချင်း၊ စိုးပိုင်နင်း၍၊ သေမင်းမျှော်ကာ၊ မဖြစ်သာသား၊ ခေမာသုခ၊ အမတသို့၊ ရောက်ရကုန်စေ၊ ပို့တတ်ပေသည်၊ မြုတေတမွတ်၊ သုံးလူ့နတ် ...၊ ရိုညွတ်နိမန်၊ လျှောက်တောင်းပန်အံ့၊ လျှံဝှန်ကျက်သရေ၊ ထွန်းတက်နေသို့၊ ပရမေဘုန်းပေါင်း၊ ရွှေနားညောင်းလော့၊ အကြောင်းတည်ထွင်၊ ရှိဦးတင်အံ့၊ မျက်မြင်ဘဝ၊ ဤလောကနှိုက်၊ ဖြစ်ကြထူးခြား၊ လူအများတွင်၊ တပါးအယူ၊ အကြင်သူကား၊ ပေးလှူကြမ္မာ၊ သံသရာက၊ ပါပါသောလျောက်၊ ခုမျက်မှောက်တွင်၊ လောက်သည်ပစ္စည်း၊ ဖြင်ပည်းပုံယင်၊ အုတ်အင်ခမ်းနား၊ သက်ဆက်စားလည်း၊ များသည်အတိုင်၊ ဉစ္စာစိုင်ကို၊ ကုန်နိုင်မစိုး၊ ကြွယ်လှနိုးလျက်၊ ကောင်းကျိုးမရှာ၊ ဆွေတကာနှင့်၊ ဆရာမိဘ၊ မျိုးထိုမျှကို၊ ဝေငှကုသိုလ်၊ သင်္ဂြုဟ်သဖြင့်၊ ထောက်ပင့်မရှိ၊ ဒိဋ္ဌိအယူ၊ မည်သူမကြင်၊ ထွက်ဝင်မပြဲ့၊ မြားမြောင်ခဲ့ဟု၊ ရှိမဲ့တိုရှည်၊ မှီသည်ရေးရာ၊ ပျူငှါရောပြွမ်း၊ သာချမ်းနုတ်ထွက်၊ လေးနက်ပညာ၊ ကောင်းရာမဆံ၊ ပေါ့ကြံတွန့်တို၊ ကိုယ်ဘို့ပိုင်ကာ၊ ပြိတ္တာအနှိုင်း၊ ပန်းတိုင်းအတူ၊ တောကြက်ဆူလျှင်၊ လူလူအပွင့်၊ ဆိုင်းဆိုင်းတင့်လည်း၊ မှည့်ရင့်သီးခြောက်၊ သူမကောက်သာ၊ ပင့်အောက်ကြွေကာ၊ ထိုပမာသို့၊ အရာမသိ၊ မြှေးဘိမောဟ၊ ကုံငပါသည်၊ မမည်ခဲ့လျှင်း၊ နောင်ကြွင်းသားမြေး၊ ချီးမွမ်းဝေး၏၊ မပေးအလှူ၊ ကျင့်စိတ်တူသည်။ ။ ထိုသူအကျိုး နည်းစွာတည်း


၂၄။ မပြတ်မပြတ်၊ ဖြည့်သည်ဝတ်ဖြင့်၊ လျောက်ပတ်ခြင်းရာ၊ ဗိုလ်တကာတို့၊ မှီရာမှန်လှ၊ ချိုဩဇာတိ၊ တက်မစွဲကိုင်၊ မျှော်ရှုနိုင်သား၊ စွမ်းခိုင်ခွန်အား၊ ပဲ့သမားသို့၊ ခမ်းနားအုတ်အင်၊ လောက်ငံ့ဖြင်သား၊ မျိုးတွင်ထွန်းငြား၊ လူသိကြားမူ၊ အများကြီးကျယ်၊ ကောင်းကြွယ်ကုံင၊ မြောက်မြားကလျှင်၊ နိမ့်ကျမျိုးဆွေ၊ ရှိလေရာရာ၊ စီးပွားရှာ၍၊ ဆရာဦးထား၊ ဘိုးဘွားသက်ကြီး၊ ဦးရီးဘထွေး၊ ချစ်ရေးကြည်ညို၊ အစ်ကိုနှမ၊ မိဘအလျဉ်၊ သားစဉ်မြေးဆက်၊ နွယ်ရှက်မတော်၊ သူစိမ်းသော်လည်း၊ ပေါင်းဘော်ရရ၊ အာမိသဖြင့်၊ ဝေငှပစ္စည်း၊ သိမ်းဆည်းကြည့်ရှု၊ သင်္ဂြိုဟ်ပြုလျက်၊ အမှုကြီးငယ်၊ ချမ်းအောင်ကယ်၍၊ ကိုးကွယ်ချီချ၊ ရိပ်ခိုရလျက်၊ ဧမြပျံ့ဝှန်၊ သရက်ခန်လျှင်၊ လေသွန်ညင်းညင်း၊ ထိလေလျှင်းက၊ ပင်ချင်းလှိုင်ပေ၊ ကြိုင်နံ့ဝေသို့၊ မိဘဆွေမျိုး၊ အရိုးမပျက်၊ ခုနှစ်ဆက်ကို၊ ပွားတက်စေကြောင်း၊ တယောက်ကောင်းသော်၊ သိန်းသောင်းကုဋေ၊ ငြိမ်းကုန်လေသည်။ ။ ကျင့်ထွေသူမြတ် လိမ္မာတည်း


၂၅။ တလတ်တလတ်၊ ဘာသာချွတ်၍၊ စိတ်မြတ်မဖြူ၊ ကျင့်လျစ်လျူလျက်၊ အယူထွေပြား၊ သူတပါးတုံ၊ သိကြားလိမ္မာ၊ ပေစာကျမ်းဂန်၊ တတ်ပွန်အထူး၊ ကျေးဇူးအနှက်၊ နှုတ်လက်အညီ၊ အစီအလျဉ်၊ အစဉ်အတိုင်း၊ ထုံးပိုင်မချန်၊ မြန်သန်သေတိ၊ မိမဂုဏ်အင်၊ ယှိပါကျင်လည်း၊ မသင်မကြား၊ အမျိုးသားကို၊ စီးပွားမရှာ၊ လူတကာအား၊ ပညာမငှ၊ ဆုံးမမဆို၊ ဝန်တိုကိတ်နှက်၊ ပိုက်ထားဝှက်မူ၊ ခက်လက်မဖြာ၊ မြင်ဆန်းသာလျှင်၊ ပမာနှိုင်းဆ၊ ရိပ်မျှမကွယ်၊ အုန်းထန်းနှယ်လျှင်၊ မကျယ်သူအား၊ အယူမှားလျက်၊ တရားမဖြည့်၊ တတ်ပါလှည့်လည်း၊ ဟုတ်တည့်မထင်၊ ကျိုးမြင်၍၊ ဂုဏ်အင်မပေါ်၊ များမကျော်သည်။ ။ နောင်သော်မပွား ပညာတည်း


၂၆။ အတတ်အတတ်၊ တုမဲ့လွတ်၍၊ ကျင့်မြတ်သည်ကို၊ ဝိနည်းဓိုရ်ဖြင့်၊ မဂ်ဖိုလ်လမ်းကြောင်း၊ ထွင်ပေရှောင်သား၊ ရှစ်သောင်းလေးထောင်၊ နှံ့အောင်ရှာမှီး၊ ပညာကြီးနှင့်၊ ထုံးတီးနီးနာ၊ ခဲရာရာတွင်၊ ဆရာမြောက်လှ၊ အာသဘဟု၊ ဂုဏကျယ်လှိုင်း၊ သိမြင်တိုင်းကို၊ ထုံးပိုင်းမချန်၊ အားလုံးသွန်လျက်၊ တတ်ပွန်စေချင်၊ ပညာရှင်မူ၊ ဝမ်းတွင်မထား၊ တပည့်သားကို၊ သင်ကြားစာပေ၊ အငှဝေ၍၊ ဆိုထွေနည်းနာ၊ အဖြာဖြာကို၊ ဘာသာခြေငံ၊ အလာခံလျက်၊ ထုံးစံဓိပ္ပါယ်၊ အလွယ်အခက်၊ လျှို့ဝှက်မယှိ၊ ဓီတိတည်စွာ၊ လူတကာကို၊ ခိုရာရိပ်ထီး၊ ပညောင်ကြီးလျှင်၊ ခရီးလမ်းစ၊ အချက်မနှိုက်၊ မွမ်းမျှခက်လက်၊ သီးရွက်ပြည့်စုံ၊ ငြိမ်လှတုံသော်၊ အပုံသတ္တဝါ၊ မှီတင်းရာသို့၊ မေတ္တာစိတ်ကြည်၊ ပညာသည်လည်း၊ ကြံစည်မရွေး၊ ငှဝေပေးက၊ လွန်ရှေးနောင်ဆက်၊ စဉ်မပျက်တည့်၊ ပွားတက်အောင်အောင်၊ ဥဒါန်းဆောင်သည်။ ။ ထွတ်ခေါင်စီးပွား ချမ်းသာတည်း


၂၇။ အမှတ်အမှတ်၊ လောကဝတ်နှိုက်၊ ယုတ်မြတ်ကျိုးကြောင်း၊ ကောင်းမကောင်းဟု၊ အပေါင်းကျေးဇူး၊ ထူးကြဂုဏ်အင်၊ လူတို့တွင်နှိုက်၊ ပြစ်တင်ချီမွမ်း၊ နုကြမ်းနှစ်ပါး၊ ထွေပြားပြစ်တိ၊ ဤသို့ယှိရှင့်၊ မုနိရတနာ၊ ပညာအထွတ်၊ တုမဲ့လွတ်သား၊ လူနတ်ဆရာ၊ သုံးလူ့ချာလျှင်၊ ဩက္ကာမုခ၊ စသည်နွယ်ရိုး၊ ဆက်ကာစိုးလျက်၊ မင်းရိုးမင်းကျော်၊ ဘသုဒ္ဓေါ်နှင့်၊ မယ်တော်ဘုန်းယှိ၊ နန်းဆောင်ရိပ်ကျယ်၊ ရွှေဘုံလယ်တွင်၊ မပြယ်ကြင်သက်၊ မြတ်စုံမက်ရှင့်၊ ဝိပါက်ကြမ္မာ၊ ဖြစ်မြဲရာကြောင့်၊ အချာပရမေ၊ စောသန္ဓေကို၊ မြုတေမျက်နှာ၊ မြင်ခဲ့ကာလျှင်၊ ခန္ဓာဇာတိ၊ လှဲကြွဘိ၍၊ စံလေပျော်သည်။ ။ ခြောက်ဘော်မိုးထိပ် နတ်ရွာတည်း


၂၈။ အမြတ်အမြတ်၊ မိုးထက်နတ်သို့၊ နေမှတ်မွမ်းဖြင်၊ သာကိဝင်တို့၊ စည်ပင်ဌာန၊ ကပိလတွင်၊ မွေးဘမင်းကျော်၊ စောသုဒ္ဓေါ်နှင့်၊ မယ်တော်မျိုးရှက်၊ ဆွေစဉ်ဆက်ကို၊ မပျက်စေချင်၊ မဂ်ရေရှင်ဖြင့်၊ သုဓ်သင်ညစ်ကြေး၊ စင်ကြယ်ဆေးလျက်၊ သေဘေးလွတ်ရာ၊ မြိုက်ချမ်းသာကို၊ ကယ်ပါပို့မိ၊ ဆွတ်ပါဘိလော၊ ဇာတိရပ်သာ၊ ထိုပြည်မှာလျှင်၊ တကာဆွေများ၊ လူအပြားကို၊ တရားထွတ်ခေါင်၊ မြိုက်လက်ဆောင်ဖြင့်၊ ငအောင်အမျှ၊ တေတုံမှတည့်၊ အားရလှုလှု၊ သဗ္ဗညုကို၊ ကာဠုဒါယီ၊ ဆောင်ခဲ့ပြီဟု၊ ဦးချီစွင့်စွင့်၊ ကြာနှယ်ပွင့်လိမ့်၊ တို့သျင့်အကြောင်း၊ သိချင်ရှောင်းသည်။ ။ ရှစ်သောင်းမင်းဖျား တကာတည်း


၂၉။ အထွတ်အထွတ်၊ မြတ်ထက်မြတ်သား၊ လူ, နတ်ကြေးမုံ၊ ခပ်သိမ်းစုံကို၊ ဖုံဖုံမကြွင်း၊ မြင်တော်ခြင်းသည်၊ သနင်းသုံးလူ့၊ သဗ္ဗညုကား၊ စက္ခုဉာဏ၊ သမန္တဟု၊ ဆုံးစတိုင်တိုင်၊ သိနှံ့နိုင်သား၊ ပည်းလှိုင်ဂုဏ်အင်၊ ကျေးဇူးရှင်ကား၊ အကြင်မျိုးဆွေ၊ လူဗိုလ်ခြေနှင့်၊ သဗ္ဗေသတ္တာ၊ သတ္တဝါတို့၊ မိစ္ဆာဒိဋ္ဌိ၊ ယူမှားယှိလျက်၊ မှောင်တိဖုံးလွှမ်း၊ မောဟပြွမ်း၍၊ အကြမ်းခက်ထန်၊ မာန်လည်းမကျိုး၊ ကျင့်ရိုးမညီ၊ မမှီကောင်းရာ၊ မသဒ္ဓါသား၊ ပညာနည်းလှ၊ ထိုလူမျှကို၊ ဆုံးမတတ်နေ၊ ကောင်းယဉ်စေလျက်၊ မြုတေအကျော်၊ ဆယ်ပါးသော်ကား၊ ဂုဏ်တော်အလျောက်၊ သေဘေးပျောက်၍၊ အရောက်နိဗ္ဗာန်၊ ခရီးညွှန်လျက်၊ ကဲလွန်ဆပွား၊ လူလေးပါးထက်၊ ထိပ်ဖျားဦးစွန်း၊ တုမဲ့ကျွန်းသား၊ ရောင်ထွန်းသစ္စာ၊ သမ္ဘိဒါဟု၊ ပညာမျက်စိ၊ မြင်တတ်ဘိသည်၊ မုနိသကျ၊ ဂေါတမလျှင်၊ ကြွလော့ပြည်ဟောင်း၊ ပန်ထွာတောင်းသည်။ ။ အပေါင်းလူနတ် ဆရာတည်း


ဘ, မိ နှစ်ဦးကျေးဇူးကြီးပုံ လျှောက်တင်ခန်း ပြီး၏။

(၅) တောလမ်းခရီး သစ်သီးမျိုးစုံသီးကြပုံ လျှောက်တင်ခန်း[ပြင်ဆင်ရန်]

(၁၂) အမ္ဗာ ပနသာ ကပိဋ္ဌာစ၊
ပုပ္ပပလ္လဝလင်္ကတာ။
ဓုဝပ္ဖလာနိ သဝန္တိ၊
ခုဒ္ဒါမဓုက ကူပမာ။
သေဝမာနော ဥဘော ပဿေ၊
ဂန္တုကာလော မဟာယသ။

(၁၃) ဇမ္ဗူ သုမဓုရာ နီပါ၊
မဓုဂဏ္ဍိ ဒိဝပ္ဖလာ။
တာ ဥဘောသု ပဇ္ဇောတန္တိ၊
ဂန္တုကာလော မဟာယသ။

(၁၄) တိဏ္ဍိုကာနိ ဝိယာလာနိ၊
သောဏ္ဏ ဝဏ္ဏာ မနောရမာ။
ခုဒ္ဒကပ္ပဖလာ နိစ္စံ၊
ဂန္တု ကာလော မဟာယသ။

(၁၅) ကဒလီ ပဉ္စမောစ္စိစ၊
သုပက္က ဖလဘူသိတာ။
ဥဘော ပဿေသု လမ္ဗန္တိ၊
ဂန္တုကာလော မဟာယသ။

(၁၆) မဓုပ္ဖလဓရာ နိစ္စံ၊
မောရရုက္ခာ မနောရမာ။
ခုဒ္ဒကပ္ပ ဖလာ နိစ္စံ၊
ဂန္တုကာလော မဟာယသ။

(၁၇) ဟိန္တာလ တာလပန္တီစ၊
ရဇတက္ခန္ဓောဝ ဇောတရေ။
သုပက္ကဖလ သဉ္ဆန္နာ၊
ခုဒ္ဒကပ္ပါ မဓုဿဝါ။
ဖဘာနိတာနိ ခါဒန္တေ၊
ဂန္တုကာလော မဟာယသ။

(၁၈) ဥဒမ္ဗရာ ရုဏာ ဝဏ္ဏာ၊
သဒါ သု မဓုရပ္ဖလာ။
ဥဘော ပဿေသု လမ္ဗန္တိ၊
ဂန္တု ကာလော မဟာယသ။

(၁၉) ဣတ္ထမ္ဘူတာ အနေကာ တေ၊
နာနာဖလဓရာ ဒုမာ။
ဥဘော ပဿေသု လမ္ဗန္တိ၊
ဂန္တု ကာလော မဟာယသ။


၃၀။ မဟာယသ၊ မြတ်လှခြံရံ၊ သပ္ပါယ်စံ၍၊ မဆံပြိုင်တု၊ ကြေးမုံပြုလျက်၊ ဗဟုဒေဝါ၊ ဗြဟ္မာသိကြား၊ နတ်အများနှင့်၊ တရားအမြိုက်၊ ကျွတ်ထိုက်သသူ၊ လူလည်းကုန်အောင်၊ ပွဲကြီးဘောင်နှိုက်၊ ရွှေတောင်ဂီဝါ၊ ရတနာလျှင်၊ ဆည်းဆာနေ့ကျူး၊ ချုပ်မူးမူးဝယ်၊ တိမ်ဦးမိုးရှောက်၊ ဝင်းဝင်းတောက်က၊ ပျောက်လေမှောင်တိ၊ ထွန်းလျှံညိသို့၊ မယှိပြိုင်ဆွယ်၊ လွန်တင့်တယ်လျက်၊ သုံးဆယ်နှစ်ထွေ၊ မြုတေဆင်းဝါ၊ လက္ခဏာနှင့်၊ ဆယ်ဖြာပါရမီ၊ ပြည့်ညီဖြိုးဖြိုး၊ ထွတ်ခေါင်စိုးသည်၊ နွယ်မျိုးမြတ်လှ၊ မုနိန္ဒ ...၊ ကြွလောပြည်တော်၊ ပျော်သာလှမှု၊ မျှော်ကြည့်ရှုသော်၊ ရတုခြောက်ပါး၊ ထိုအပြားတွင်၊ မှတ်သားစကြ၊ ဝသန္တဟု၊ ကာလသရစ်၊ ရောက်သည်ဖြစ်၍၊ ညွန့်သစ်ရွှေရွှေ၊ ရွက်လဲကြွေမူ၊ ပင်ခြွေမွမ်းမျှ၊ ယော်ရွက်ကျလျက်၊ မြမြလန်းစင်၊ ပန်းသစ်ပင်တိ၊ သီးချင်ရဲရဲ၊ ပွင့်မစဲသား၊ နုရွဲရင်ကမ်း၊ စင်ပြွမ်းသစ်ရာ၊ ကြောင်လျှာသပြက်၊ တိမ်းညက်ချေအင်၊ ပြည့်စင်ခံသီး၊ လုံးကြီးရင်ခတ်၊ သတွတ်ဖအောင်း၊ သင်ပေါင်းဖက်အုပ်၊ လက်ခုပ်မအူ၊ မှန်ကူပိတ်ချင်း၊ အင်ကြင်းဆင်းဝါ၊ မာလကာသစ်တက်၊ စုံကွမ်းရွက်နှင့်၊ ပျားယက်မတူ၊ ကြံဖြူအတိ၊ ပေါက်ဘိပေါယယ်၊ ဆန်းကြယ်သစ်ဆိမ့်၊ ချမ်းငြိမ့်မြေစို၊ ဧချိုမြမြ၊ ပည်းဖြင်မျှလျှင်၊ ယူကြညွတ်ချိုး၊ ကနစိုးလည်း၊ ခက်ရိုးသွယ်သွယ်၊ ချစ်ဘွယ်မပြတ်၊ ပင်လုံးကျွတ်လျှင်၊ ရိုညွတ်ကြည်စွာ၊ သုံးလူ့ချာကို၊ သဒ္ဓါဖြစ်ခြင်း၊ သီးကုန်လျှင်းသည်။ ။ ခိုင်ချင်းဖြီကာ ဖြီကာတည်း


၃၁။ အစိုင်အစိုင်၊ သီးထုပြိုင်၍၊ ဦးကိုင်ဗဟို၊ ချမ်းရိပ်ခိုသား၊ ပုဂ္ဂိုလ်များထွတ်၊ သုံးလူ့နတ်ရှင်၊ နေမှတ်ပြည်ဟောင်း၊ ဆွေရှစ်သောင်းသို့၊ စုံပေါင်းဖူးမည်၊ ကြွအံ့သည်ဟု၊ အရည်ပျားထက်၊ ချိုဧမြက်သား၊ သရက်ရွှေခဲ၊ သီး၍ဆွဲသို့၊ ပိန္နဲငှက်ပျော၊ ကလောနွယ်ချို၊ သစ်တိုရှမ်းဆီး၊ တည်သီးပင်က၊ ပရမသဖန်း၊ လင်လွန်းသပြေ၊ ခြေသည်တလည်၊ မန်ကျည်းထောက်ရှာ၊ ကမ္ပလာနှင့်၊ မဲပြာမှန်တော့၊ ကစော့မှက်ခတ်၊ သပွတ်လင်းရှော၊ မင်းပေါသစ်နီ၊ သကာမတန်၊ ကြို့နှင့်လွန်လည်း၊ တသွန်ခါနှင့်၊ အကြိုက်သင့်လျက်၊ မှည့်ရင့်ရွမ်းပြင်း၊ သီးထွေကင်းသည်။ ။ ခြင်းခြင်းနီကာ နီကာတည်း


၃၂။ အပြိုင်အပြိုင်၊ ခက်ချင်းဆိုင်၍၊ ဆွတ်ကိုင်ယူကာ၊ အဖြာဖြာလျှင်၊ ရှုသာမငြီး၊ အစဉ်မှီးလျက်၊ ခရီးအကြား၊ နှစ်ဘက်နားနှိုက်၊ ထွားထွားညွန့်ရွက်၊ သီးချင်းရှက်သား၊ ပင်ထက်မစဲ၊ အခဲခဲတိ၊ ဥနှရေမြှုပ်၊ မျောက်လုပ်စောင်းလျား၊ သဖန်းခါးနှင့်၊ သျှိသျှားကြစေ့၊ အိပ်မွေ့ကြစု၊ ကက္ကုသစ်အူ၊ လျှော်ဖြူမှန်လျှင်၊ ကံပြင်းကျွေးရှောက်၊ ခပေါက်ရဲယို၊ ကနစိုခရမ်း၊ စင်ပြွမ်းလဲလော်၊ သစ်တော်ကျွဲကော၊ မင်းဘောရွက်တုံ၊ ကင်းပုံကျီးအာ၊ သမ္ဘရာနှင့်၊ နွေခါသရစ်၊ ဥသျှစ်သခွါး၊ စားလည်းမငြီး၊ ထိုသစ်သီးကို၊ ဘုန်းကြီးသုံးလူ့၊ သဗ္ဗညုလျှင်၊ သွားမှုပျော်ကြောင်း၊ ထေရ်နှစ်သောင်းနှင့်၊ လူကောင်းသမ္မာ၊ နောက်တော်ပါသား၊ များစွာဗိုလ်ခြေ၊ သုံးစွဲစေဟု၊ ဆိုထွေသော့လား၊ တောပြားစုံမြေ၊ ညှာရင့်ကြွေလျက်၊ ဖြည်းလေညင်းညင်း၊ သစ်ခပင်းတို့၊ ဖျားရင်းမလွတ်၊ ပင်တိုင်းညွတ်သည်။ ။ လှမ်းဆွတ်မီကာ မီကာတည်း


၃၃။ အဆိုင်အဆိုင်၊ ရိုးတိုင်ခက်ဆင့်၊ နိမ့်မြင့်ကြီးငယ်၊ အံ့ဘွယ်ဘွယ်လျှင်၊ တောလယ်နှံ့အောင်၊ သိန်းသန်းဆောင်သည့်၊ ရွှေရောင်ပျားရည်၊ သစ်မည်စည်သို့၊ ရေကြည်ခပေါင်း၊ စားကောင်းသည်ချည်း၊ တောင်တလည်းနှင့်၊ စရည်းအမ်ဆီး၊ ကြိမ်သီးပယ်လင့်၊ ဆူးချင့်သင်းတွဲ၊ ရေနဲစရို၊ ဇာတိပ္ဖိုလ်ခံစပ်၊ သနပ်ဂုံခါး၊ သစ်ကြားသစ်အယ်၊ ပေါယယ်ဖြင်ညီး၊ ပင်တိုင်းသီး၍၊ မြိုင်ကြီးတောခွင်၊ ယှိတိုင်းပင်လျှင်၊ အကြင်ကျေးငှက်၊ တက်သက်ပျံနား။ စားလည်းမဝံ့၊ လွန်ကြောက်ရွံ့လျက်၊ အလွှံ့တန်းခိုး၊ သုံးလူ့မျိုးကို၊ မြတ်နိုးကော်ရော်၊ ပူဇော်ကောင်းခြီး၊ ရည်၍သီးဟု၊ ခရီးအကြား၊ လမ်းစဉ်ပါးနှိုက်၊ အပြားပည်းလှိုင်၊ ဆွတ်မနိုင်သည်။ ။ ပင်ခိုင်မှီကာ မှီကာတည်း


၃၄။ အခိုင်အခိုင်၊ သီးထုလှိုင်၍၊ ဆွတ်ကိုင်လှမ်းမီ၊ အရွှေသီသို့၊ တစီစလျဉ်၊ တစဉ်တမ၊ ဖြစ်ပေါမျှလျက်၊ ကာလမမှတ်၊ ပင်လုံးကျွတ်တိ၊ ခိုင်ပြွတ်ရွှမ်းမှည့်၊ ခက်ချင်းပြည့်မျှ၊ ရှုကြည်အံ့မူး၊ ဖြူးမရူးသား၊ ပင်လူတုံတုံ၊ ဝါးရုံဝါးဖျား၊ သားရရားလျှင်၊ ညွန့်ဖျားကျိုင်းကျိုင်း၊ ဆိုင်းရရိုင်းသား၊ အင်တိုင်းအင်ပြင်၊ သစ်စေးပင်တိ၊ ကညင်သလူ၊ ဝေဖြူဓနုန်း၊ ကွမ်းထန်းအုန်းလည်း ခက်ဆုံးတညီ၊ ငွေပွင့်စီသို့၊ ရှေ့ဆီတူရူ၊ သွားတော်မူသော်၊ မပြုနေရောင်၊ သာငြိမ်းအောင်တည့်၊ မြူမှောင်မချဉ်း၊ ရှင်းရရင်းတိ၊ လေညင်းဖြည့်ချောက်၊ ရွက်ကြားလျှောက်သည်။ ။ ဝင်ရောက်ညီကာ ညီကာတည်း


၃၅။ အလှိုင်အလှိုင်၊ ဖျားရင်းတိုင်၍၊ သီးခိုင်ရွက်ထဲ၊ ရိုးရိုးရဲတိ၊ ရွှေခဲအဆင်း၊ တဝင်းဝင်းလျှင်၊ တောတွင်းဂနိုင်၊ ပြိုင်၏ ရတု၊ ပျော်မှုသဘင်၊ အင်တိုင်းပြင်နှင့်၊ မြိုင်ခွင်တလျှောက်၊ စခန်းထောက်က၊ ဝမ်းမြောက်ကြည်စွာ၊ နောက်တော်ပါသား၊ သင်္ဃာအပြား၊ လူအများတို့၊ နေနားချမြဲ၊ ပန်းစိမ့်တဲဖြင့်၊ သလဲဖြူရောင်၊ လမ်းမဘောင်နှိုက်၊ အခေါင်ဘုန်းကြွယ်၊ သွားစမ္ပယ်က၊ ခြောက်သွယ်ညီးညီး၊ အလျှံစီးမျှ၊ ခရီးမြေပြင်၊ ရွှေရည်ကျင်သို့၊ လူတွင်မြတ်ခြင်း၊ တရားမင်းဟု၊ သည်းတွင်းဆွတ်ဆွတ်၊ ပီတိညွတ်လျက်၊ လူ, နတ်စိတ်ဇော၊ သဒ္ဓါပြောသည်။ ။ ဖြင်ပေါသီကာ သီကာတည်း


၃၆။ အတိုင်အတိုင်၊ ချမ်းရိပ်မြိုင်ထက်၊ ရွာပြိုင်စပ်ကာ၊ ယူဇနာတိ၊ သင်္ချာခြောက်ဆယ်၊ ဝေးဓွန့်ကျယ်သား၊ သွားဘွယ်မပန်း၊ လူထိပ်စွန်းကို၊ ကြငှန်းမွေးဘ၊ ဆွမ်းတော်သလျက်၊ ချီစမှန်၍၊ ထွက်သည့်နေ့နှိုက်၊ အလေ့ဘိတ်ခံ၊ ကျွန်ုပ်ပျံ၍။ ကျိုးနွံလုပ်ကျွေး၊ ဘုဉ်းပေးတင့်ခေါင်၊ သပ္ပါယ်အောင်လျှင်၊ ပြောင်ပြောင်တောက်ပ၊ ရပ်ဌာနသို့၊ ကြွလောဘုရား၊ တပည့်သားနှင့်၊ အများချမ်းသာ၊ စီးပွားရှာလိမ့်၊ သကျာဝတ၊ မျိုးထိုမျှ၏၊ ပွဲမရှေ့နှိုက်၊ တိမ်ဖျားဆိုက်သား၊ ယမိုက်မြတ်စွာ၊ ပြာဋိဟာကို၊ အံ့အာထူးကဲ၊ ရောင်ရှိန်ခဲဖြင့်၊ ရဲရဲသွားခံ၊ မိုးစင်္ကြံဝယ်၊ ထွန်းလျှံမီးဟန်၊ ဆွေမျိုးမာန်အား၊ ပြင်းထန်ဘုန်းဆိပ်၊ ပယ်နွံနှိပ်လျက်၊ ချမ်းရိပ်ငှဝေ၊ ချွတ်ရစေဟု၊ ပရမေဘုန်းတူ၊ ဆန့်တော်မူက၊ တယူဇနာ၊ တခါချက်ရောက်၊ ဆန့်တော်မူက၊ တယူဇနာ၊ တခါချက်ရောက်၊ တမိုးသောက်သည်။ ။ ကွန်းထောက်ချီကာ ချီကာတည်း


တောလမ်းခရီး သစ်သီးမျိုးစုံ သီးကြပုံ လျှောက်တင်ခန်း ပြီး၏။

(၆) တောလုံးအနှံ့ ပန်းရနံ့ သင်းပျံ့နေပုံ လျှောက်တင်ခန်း[ပြင်ဆင်ရန်]

(၂၀) စမ္ပကာ သလဠာ နာဂါ၊
သုဂန္ဓာ မာလုတေရိတာ။
သုပုပ္ဖိတဂ္ဂါ ဇောတန္တိ၊
သုဂန္ဓေနာ ဘိပူဇယုံ။
သာဒရာ ဝိနတာ နေဝ၊
ဂန္တုကာလော မဟာယသ။

(၂၁) ပုန္နာဂါ ဂိရိပုန္နာဂါ
ပုပ္ဖိတာ ဓရဏီရုဟာ။
သုပုပ္ဖိတဂ္ဂါ ဇောတန္တိ၊
သုဂန္ဓေနာ ဘိပူဇယုံ။
သာဒရာ ဝိနတုဂ္ဂဂ္ဂါ၊
ဂန္တုကာလော မဟာယသ။

(၂၂) အသောကာ ကောဝိဠာရာစ၊
သောမနဿကရာ ဝရာ၊
သုဒန္ဓာ ကဏ္ဏိကာ ဗန္ဓာ၊
ရတ္တဝဏ္ဏေဟိ ဘူသိတာ။
သာဒရာ ဝိနတုဂ္ဂဂ္ဂါ၊
သမယော တေ မဟာယသ။

(၂၃) ကဏ္ဏိကာရာ ဖုလ္လိတာ နိစ္စံ၊
သောဝဏ္ဏရံသိ ဇောတကာ။
ဒိဗ္ဗဂန္ဓာ ပဝါယန္တိ၊
ဒိသာ သဗ္ဗာနိ သောဘယံ။
သာဒရာ ဝိနတာနေဝ၊
သမယော တေ မဟာယသ။

(၂၄) သုပတ္တာ ဂန္ဓသမ္ပန္နာ၊
ကေတကီ ဓနုကေတကီ။
သုဂန္ဓာ သမ္ပဝါယန္တိ၊
ဒိသာ သဗ္ဗာဘိ ဂန္ဓိနော။
သာဒရာ ပူဇယန္တာဝ၊
သာမယော တေ မဟာယသ။

(၂၅) မလ္လိကာ ဇာတိသုမနာ၊
သုဂန္ဓာ ခုဒ္ဒမလ္လိကာ။
ဒိသာ သဗ္ဗာ ပဝါယန္တိ၊
ဥဘော မဂ္ဂေ ပသောဘယံ။
သာဒရာ တေ ပလမ္ဗန္တိ၊
သမယော တေ မဟာယသ။

(၂၆) သိန္ဓုဝါရာ သီတဂန္ဓာ၊
သုဂန္ဓာ မာလုတေရိတာ။
ဒိသာ သဗ္ဗာဘိပူဇေန္တာ၊
ဥဘော မဂ္ဂေ ပသောဘယံ။
သာဒရာ ဝိနတုဂ္ဂဂ္ဂါ၊
သမယော တေ မဟာယသ။


၃၇။ ရောက်ရာဗုဒ္ဓဟေ၊ ဦးထိပ်ဗွေနှိုက်၊ လွန်လေရှေးက၊ သုံးလူ့ဘတို့၊ သဗ္ဗစက္ခု၊ လေးခုသစ္စာ၊ သမ္ဘိဒါဟု၊ ပညာဉာဏ်ရှင်၊ ဗောဓိပင်နှိုက်၊ ပလ္လင်ရတနာ၊ ပေါက်မြဲရာတွင်၊ ပညာဓိက၊ အားထုတ်လှ၍၊ ဖြည့်ရတွက်ရေ၊ သင်္ချေလေးခါ၊ ကမ္ဘာဆယ်သောင်း၊ ပွင့်ဆုတောင်းမှ၊ ခါကောင်းကြံလစ်၊ ဘုရားဖြစ်၍၊ မာရ်စစ်အောင်မြင်၊ ဘော်သုံးခွင်ဝယ်၊ ရောင်ထင်ပဝင်း၊ သိနှံ့ချင်သား၊ ဆွယ်ကင်းတုလွတ်၊ ဘုန်းတော်မြတ်သည့်၊ လူ, နတ်မျက်ရှ၊ သဗ္ဗညု ...၊ ယခုကာလ၊ ဝသန္တနှိုက်၊ ဌာနမိုးမြေ၊ ရှစ်သောင်းဆွေသို့၊ ပရမေတွင်၊ ဧမြပျံ့ပျံ့၊ ပန်းအနံ့တိ၊ အလွံ့မခန်း၊ တောထက်ဝန်းတုံ၊ ငုံသွန်းရွှေသား၊ စကားထင်ရူး၊ ဆိပ်ဖလူးနှင့်၊ ကွမ်းဖူးကံ့ကော်၊ စွယ်တော်ပရဝါ၊ ရင်းမာဖက်ဆွတ်၊ ရင်ခတ်သရဖီ၊ ကတ္တရီမြစ်ကိုင်း၊ ရွှေနှိုင်းပိတောက်၊ လဲနှင့်ပေါက်လည်း၊ တောက်သည်မီးရောင်၊ ပြောင်ပြောင်ညီးညီး၊ ပန်းတောင်ကြီးသို့၊ ခရီးတောဝယ်၊ မြိုင်အလယ်နှိုက်၊ အံ့ဘွယ်သရဲ၊ မဖြစ်မြဲတည့်၊ လွန်ကဲဆထက်၊ စောကြံတက်ကို၊ အသက်ယှိဟန်၊ ခါမတန်နှင့်၊ ခါတန်မွှေးကြူ၊ အတူတူလျှင်၊ လူလူဆိုင်းဆိုင်း၊ အားလုံးဝိုင်း၍၊ ပင်တိုင်းကင်းငုံ၊ ကြိုင်နံ့ထုံသည်။ ။ ပင်စုံအပွင့် အပွင့်တည်း


၃၈။ တစဉ်တစဉ်၊ ပင်ချင်းယှဉ်၍၊ ကူးလျဉ်ခက်စိပ်၊ မွမ်းမွမ်းသိပ်သား၊ မြိုင်ရိပ်ရွက်ကြား၊ ထားရရားလျှင်၊ ချယားမုလေး၊ ကြိုင်ဧပုန်းညက်၊ ကြက်တက်ပန်းသုန်း၊ ဂမုန်းကြံစာ၊ မဟာလှေကား၊ ဆပ်သွားအင်ကြင်း၊ လေးညှင်းစံယ်၊ ဆင်းဝယ်မိုးစွေ၊ သင်းခွေအိမ်ဒန်း၊ နွယ်ပန်းကြောင်လျှာ၊ ခတ္တာကြက်ရုံ:၊ သီ၍ကုံးသို့၊ တောလုံးအလွံ့၊ ပန်းအနံ့တိ၊ ပျံ့ပျံ့ကြိုင်ကြိုင်၊ မွှေးမွှေးလှိုင်သည်။ ။ ဂနိုင်ပင်နိမ့် ပင်မြင့်တည်း


၃၉။ တရှဉ်တရှဉ်၊ နတ်ဥယျာဉ်ကို၊ လမ်းစဉ်အနီး၊ ပန်းသစ်သီးတိ၊ ခရီးသွားပျော်၊ သုံးလူ့ဘော်ကို၊ ကော်ရော်ရိုသေ၊ နံ့ချင်းဝေလျက်၊ နီရွှေကြက်မောက်၊ တောရှောက်ခေါင်ရန်း၊ ရွှေပြည်ပန်းနှင့်၊ အနန်းစလတ္ထာ၊ ဇီသဝါစလပ်၊ ပွင့်ချပ်ရိုးရဲ၊ ခဝဲခင်ပုပ်၊ လက်ထုပ်ပန်းတိုင်း၊ ထားဝယ်မှိုင်းလည်း၊ ဆိုင်းဆိုင်းဝန်းကျင်၊ ဘုရားသျှင်ကို၊ အကြင်လူ, နတ်၊ ပရိသတ်တို့၊ ရိုညွတ်နုမော်၊ သာဓုခေါ်လျက်၊ ပူဇော်ကြထွေ၊ ဆွတ်သာစေဟု၊ ပင်ခြေမကြွင်း၊ ညွတ်ကုန်လျှင်းသည်။ ။ ခက်ချင်းအမြင့် အမြင့်တည်း


၄၀။ တပျဉ်တပျဉ်၊ ထပ်လျက်ယှဉ်သား၊ ရိပ်စဉ်ငြိမ်းငြိမ်း၊ ပျောင်းညွတ်တိမ်းမျှ၊ ခပ်သိမ်းပန်းမျိုး၊ ဗိတာန်မိုးသို့၊ ထမ်းပိုးဆယ်ပြန်၊ တိုင်းထက်လွန်၍၊ အားသွန်သဖြင့်၊ အညီပွင့်သား၊ ခါသင့်ဧကြူ၊ ပျဉ်းပန်းဖြူတိ၊ ဇမ္ဗူနရီ၊ မဲဇလီပုဏ္ဍရိတ်၊ ရောင်ဘိတ်ငုရွှေ၊ လိပ်သရွေဘိန်းနွဲ့၊ ပြာလဲ့ကြောင်ပန်း၊ နီမြန်းကသစ်၊ ဆူးရစ်မလ္လာ၊ မိကျော်းလျှာနှင့်၊ တောင်ကြာကြက်တင်း၊ တန်ဆင်းမအူ၊ ဖွေးဖွေးဖြူမျှ၊ နံ့ကြူပျပျ၊ အသောကလည်း၊ လမ်းစနှိုက်ဝယ်၊ ပန်ချင်ဘွယ်တိ၊ ဘုန်းကြွယ်ထွတ်ခေါင်၊ ငါးမာရ်အောင်ကို၊ ပွဲဘောင်အပြည့်၊ ပူဇော်၏ဟု၊ ဆိုလှည့်သောနှယ်၊ အငယ်အကြီး၊ မှီကာနီးလျက်၊ ခရီးစဉ်သင့်၊ ရောက်ကုန်လင့်လျက်၊ ရွက်ရင့်မတင်၊ ကြွေလှဲစင်သော်၊ ညွန့်ရှင်စက်စက်၊ ဖူးခေါင်ထွတ်၍၊ အခက်ဖြာရုံး၊ သီ၍ကုံးသို့၊ ပင်လုံးအခိုင်၊ ပွင့်ညှာပြိုင်သည်။ ။ ချပ်ဆိုင်အဆင့် အဆင့်တည်း


၄၁။ တလျဉ်တလျဉ်၊ ချိုချဉ်စားကောင်း၊ လမ်းမကြောင်းတွင်၊ အပေါင်းပန်းမျိုး၊ ရွာသည့်မိုဃ်းသို့၊ မုရိုးဆူးပန်း၊ ရွက်ချွန်းကွမ်းလင်၊ ကညင်သစ်ကြီး၊ ပွင့်ထီးထင်ရှား၊ နတ်များသဒ္ဓါ၊ ပူဇော်ရာသည်၊ ဖြင်ကာပြိုင်းပြိုင်း၊ သွားလေတိုင်းလျှင်၊ လမ်းပိုင်းချထောက်၊ မရောက်မခြင်း၊ ငွေပြားခင်းသို့၊ ရှင်းရှင်းပင်ခြေ၊ ရဂုံမြေနှိုက်၊ ဖြည်းလေဖြူးဖြူး၊ ပျော်မွေ့မူးမျှ၊ ကျေးဇူးအပုံ၊ ကောင်းကျိုးတုံသား၊ မျက်စုံမကိုဋ်၊ မှတ်သမိုက်လျက်၊ ဦးနှိုက်ဆင်ရာ၊ ရတနာဟု၊ ကြည်စွာပြတ်ပြတ်၊ သုံးလူ့ထွတ်ကို၊ ညွတ်သည်နှင်နှင်၊ တောသစ်ပင်တို့၊ ရှုချင်အံ့ဘွယ်၊ လွန်တင့်တယ်သည်။ ။ ကြီးငယ်ပွင့်နှင့် ပွင့်နှင့်တည်း


၄၂။ အပျဉ်အပျဉ်၊ ချိုချဉ်ချီးခြယ်၊ စားဘွယ်မရှား၊ မြိင်ဖျားချောက်ကမ်း၊ မှည့်ရွမ်းမပြတ်၊ လှမ်းဆွတ်မကုန်၊ အဟုန်ပည်းလှိုင်၊ ဂနိုင်ခရီး၊ သွားမငြီးတည့်၊ သစ်သီးပန်းမာလ်၊ ဆိမ့်ဖန်စပ်ခါး၊ ထွေပြားရသာ၊ မြိန်ရာရာကို၊ တကာအငှ၊ စားကုန်ကြလျက်၊ ရွှင်ပျသဲသဲ၊ ပူဇော်ကြဲလျက်၊ လက်ဝဲလက်ျာ၊ ရှေ့မှာနောက်တော်၊ သုံးလူ့ဘော်ကို၊ မမြော်စတောင်း၊ ထေရ်နှစ်သောင်းနှင့်၊ လမ်းကြောင်းညီးညီး၊ ရွှေတောင်ကြီးသို့၊ ခရီးတူရူ၊ ဆန့်တော်မူက၊ နတ်လူထိပ်တွင်နဖူးပြင်ထက်၊ စက်ရှင်နင်းထိ၊ ကြွစေဘိဟု၊ ပီတိပြောစွာ၊ လွန်သဒ္ဓါလျက်၊ နံ့သာအမျိုး၊ ထုံခိုးလူလူ၊ ပျံ့ကြူလှောင်းလှောင်း၊ ဗိုလ်အပေါင်းတို့၊ ဆယ်ချောင်းထပ်ပြီ၊ ဖူးလှာညီသည်။ ။ ကိုယ်စီပန်းနှင့် ပန်းနှင့်တည်း


၄၃။ တပျဉ်တပျဉ်၊ နမိတ်ယှဉ်၍၊ စီလျဉ်ကောင်းခြီး၊ သံချိုမှီလျက်၊ ဆိုသီးချီချ၊ သုံးလူ့ဘဟု၊ ဩဇချီးမွမ်း၊ လင်္ကာပြွမ်း၍၊ ဆန်လှမ်းပျူငှါ၊ ဖွဲ့ကဗျာတိ၊ နာသာဘွယ်ဘွယ်၊ အသွယ်သွယ်လျှင်၊ လူဝယ်လူလျောက်၊ ပြိုင်ကြထောက်၏၊ နတ်လျောက်နတ်မှာ၊ နာဘာသာဖြင့်၊ ကြဲလှာပန်းမျိုး၊ မြေနံ့နိုးမျှ၊ ပုထိုးရွှေတောင်၊ ထွန်းသောရောင်သို့၊ ပြောင်ပြောင်ဝင်းဝင်း၊ တရားမင်းကို၊ အခြင်းသိသိ၊ ဦးရှိကော်ရော်၊ ပူဇော်ဝမ်းမြောက်၊ ကိုယ်ထင်ရောက်၍၊ ပေါက်ပေါက်ရေွှခဲ၊ ပုလဲသန္တာ၊ နီလာပတ္တမြား၊ မျက်ကိုးပါးလည်း၊ ဘုရားမြတ်မွန်၊ လာမည်မှန်ဟု၊ စိတ်သန်သဒ္ဓါ၊ ကိုယ်ကြပ်ပါ၍၊ သမ္မာဓိတိ၊ တည်ကုန်လိလျက်၊ ခရီးအကြား၊ လူနတ်များနှင့်၊ သိကြားဗြဟ္မာ၊ ဖူးမြင်လှာအံ့၊ မကြာခဏ၊ ကပိလသို့၊ ကြွလောနက်ဖြန်၊ လျှောက်တောင်းပန်သည်။ ။ ခါတန်အသင့် အသင့်တည်း


တောလုံးအနှံ့ ပန်းရနံသင်းပျံ့နေပုံ လျှောက်တင်ခန်း ပြီး၏။

(၇) သားမျိုးစုံစုဝေး၍ ဟစ်ကြွေးနေပုံ လျှောက်တင်ခန်း[ပြင်ဆင်ရန်]

(၂၇) သီဟာ ကေသရသီဟာစ၊
စဆုပ္ပဒနိသေဝိတာ။
အစ္ဆမ္ဘီတာ သုရာပါနေ၊
မိဂရာဇာ ပတာပိနော။

(၂၈) သီဟနာဒေန ပူဇေန္တိ၊
သာဒရာ တေ မိဂါဘိဘူ။
မဂ္ဂမှိ ဥဘတော ဝူဠာ၊
သမယော တေ မဟာယသ။

(၂၉) ဗျဂ္ဃါ သိန္ဓဝါ နကုလာ၊
သာဓုရူပါ သယာနကာ။
အာကာသေ သမ္ပတန္တာဝ၊
နိဗ္ဘီတာ ယေန ကေနစိ။
တေဟိ တေ သာဒရာ နတာ၊
သာမယော တေ မဟာယသ။

(၃၀) တိဓာ ပဘိန္နာ ဆဒ္ဒန္တာ၊
သုရူပါ သုဿရာ သုဘာ။
သတ္တပ္ပတိဋ္ဌိတင်္ဂါ တေ၊
ဥဘော မဂ္ဂေသု ကုဇိနော။
သာဒရာ ဟာသမာနာဝ၊
သမယော တေ မဟာယသ။

(၃၁) မိဂါ ဝရာဟာ ပသဒါ၊
စိတြာသာ ဝယဝါ သုဘာ။
အာရောဟ ပရိဏာဟေန၊
သုရူပါ အင်္ဂသံယုတာ။
ဥဘော မဂ္ဂေ ဂါယမာနာဝ၊
သမယော တေ မဟာယသ။

(၃၂) ဂေါကဏ္ဏာ သရဘာ ရုရူ၊
အာရောဟ ပရိဏာဟိနော။
သုရူပါ အင်္ဂသမ္ပန္နာ၊
သေဝမာနာဝ အစ္ဆရုံ။
သေဝမာနာ တေဟိ တဒါ၊
သမယော တေ မဟာယသ။

(၃၃) ဒီပီ အစ္ဆာ တရစ္ဆာစ၊
တုဒရာ ဝရုဏာ သဒါ။
တေ ဒါနိ သိက္ခိတာ သဗ္ဗေ၊
မေတ္တာယ တဝ တာဒိနော။
တေ ပစ္စသေဝကာ အဒ္ဓါ၊
သမယော တေ မဟာယသ။

(၃၄) သသာ သိင်္ဂါလာ နကုလာ၊
ကလန္ဒကာဠကာ ဗဟူ။
ကသ္တုရာ သုရာ ဂန္ဓာ တေ၊
ကေဝလာ ဂါယမာနာဝ။
သမယော တေ မဟာယသ။


၄၄။ ပါရမီမြတ်၊ ဆယ်ပါးဝတ်ကို၊ ဖြည့်တက်ကုန်နိုင်၊ အပြီးတိုင်မှ၊ ကြီးခိုင်ချမ်းသာ၊ တုသိတာဝယ်၊ များစွာခြံရံ၊ စည်းစိမ်ခံလျက်၊ သူဇသိကြား၊ နတ်သားအပေါင်း၊ ပန်ထွာတောင်းမှ၊ မင်းကောင်းသုဒ္ဓေါ်၊ ကျွမ်းချစ်ပျော်သား၊ နှစ်ဘော်စုံဘိ၊ မာယာမိတွင်၊ ပဋိသန္ဓေ၊ စွဲလှာပေ၍၊ မြုတေရုပ်သွင်၊ မျက်နှာမြင်သော်၊ ပုံပြင်သရစ်၊ တုမဲ့ဖြစ်၍၊ ခုနစ်ပြည့်ညီ၊ ရေွှစက်ချီလျက်၊ နှိုင်းပြီမထင်၊ ဘော်သုံးခွင်ဝယ်၊ ငါလျှင်အထွတ်၊ မြတ်ထက်မြတ်ဟု၊ နှုတ်လွတ်သံချို၊ ကြိမ်းပဆိုလျက်၊ မြင့်မိုရ်တူရူ၊ လှမ်းတော်မူက၊ မျိုးဟူသမျှ၊ မွေးချစ်ဘတို့၊ အားရသည်ချည်း၊ ကျွတ်ဆုရည်း၍၊ ကောဏ္ဍည်းအညာ၊ လူသောခါတုံ၊ လက္ခဏာကြန်၊ တက်ပွန်အများ၊ ဤမင်းသားလျှင်၊ ဘုရားစင်စစ်၊ အမှန်ဖြစ်ဟု၊ တံတစ်ပုံသေ၊ ဘတ်လေသောတိုင်း၊ ပြည့်လှိုင်းသီရိ၊ ဘွားဇာတိက၊ ဝီစိဘဝဂ်၊ အောက်ထက်မလွတ်၊ လောကဓာတ်ပေါင်း၊ တသောင်းစကြဝဠာ၊ အာဏာနှံ့ခြင်း၊ ဘုန်းရှိန်ပြင်းသည်၊ သနင်းမုနိန်၊ မာရဇိန် ...၊ ကြချိန်တန်ပြီ၊ ခါကောင်းညီသား၊ ရာသီနွေဦး၊ ဆန်းသစ်ကျူးမူ၊ ရိုက်ထူးမြည်ရှင်၊ မှိုင်းမင်းလွင်နှင့်၊ ကောင်းကင်မိုဃ်းပေါက်၊ ကျသေးပြောက်က၊ ထက်အောက်ပတ်လုံး၊ သင်းမြေနံ့တိ၊ ပျံ့ပျံ့လေပြည်၊ ဖြည်းလတ်သည်နှင့်၊ ရောင်ခြည်ညီးညီး၊ တန်းခိုးကြီးသား၊ ဘုန်းမီးလျှံဝင်း၊ လူ့သနင်းကို၊ ဘမင်းသုဒ္ဓေါ်၊ တကာတော်က၊ ဘိတ်ခေါ်ရိုသေ၊ ပင့်ရလေသား၊ မင်းစေတသောင်း၊ တမန်ကောင်းတိ၊ ဆင့်လောင်းဆယ်ဘန်၊ ရောက်ချိန်တန်ဟု၊ စိတ်သန်ကြည်ထွေ၊ သိနှင့်လေ၍။ အခြေလေးချောင်း၊ ရဂုံအောင်းသား၊ အပေါင်းသတ္တဝါ၊ သားတကာတို့၊ ဖူးလှာရည်စောင်၊ စောထွတ်ခေါင်ကြောင့်၊ ထောင်ထောင်ထားထား၊ ခါတပါးထက်၊ ခွန်အားတုတ်လှ၊ လွန်ရွှင်ပသား၊ သီဟရာဇာ၊ ကေသရာနှင့်၊ ဝလာဟက၊ သိန္ဓောစသား၊ နာ၍ဆဒ္ဒန်၊ တသွန်သစ်ကျား၊ ကျွဲနွားသမင်၊ ကြံဆင်စိုင်ပေါက်၊ နွားနောက် ကုလားအုပ်၊ ခွေးပုပ်တောဝက်၊ ဝံနက်ပြောင်ထီး၊ စပါးကြီးလည်း၊ ခရီးပါးမှာ၊ ဝေးကလာ၍၊ မဟာမုနိ၊ စေသိဒ္ဓိဝယ်၊ ညွတ်ဘိမြေနှိုက်၊ ဦးခေါင်းဆိုက်လျက်၊ အလိုက်ချစ်ကြင်၊ သာဝမ်းသွင်သို့၊ ရွှင်ရွှင်မြူးမြူး၊ မြည်သံကျူးသည်။ ။ ပျံ့ပျူးသာယောင့် သာယာတည်း


၄၅။ တရွေတရွေ၊ ညီကြလေ၍၊ တဆွေတပေါင်း၊ အခေါင်းတကား၊ စဉ်ခြားမိုးမြေ၊ နေသည်နှံ့အောင်၊ သုံးထောင်တောပြား၊ ဟေဝန်သားလည်း၊ တရားအယူ၊ သိပါမူဟု၊ ခြူးသူယှဉ်ပူး၊ အထူးထူးသား၊ ဇွေ့ရှူးလင်းဝက်၊ ရှဉ့်ကြွက်သင်ဘား၊ ကိုးပါးကုဋေ၊ ကြည်းနေမကျန်၊ အားသွန်ကော်ရော်၊ ပူဇော်ညွတ်ခြင်း၊ သစ်ဆင်းခက်လျောက်၊ တောမျောက်တောယုန်၊ မြူးခုန်ဒရယ်၊ ဦးကျယ်ပွေးဖွတ်၊ တွင်းပတတ်နှင့်၊ ချေဆတ်မည်းပြောက်၊ ချိုဆင့်ရောက်သား၊ ဆီးဆောက်မင်ဘား၊ သမင်းကျားလည်း၊ ဘုရားဟူသည်၊ ဤလူ့ပြည်တွင်၊ ရောင်ခြည်အထောင်၊ ပြောင်ပြောင်ထွန်းပ၊ နေလမတူ၊ မြတ်စွဟူ၏၊ အယူမှားကို၊ တို့တကာလည်း၊ မိစ္ဆာဇီဝ၊ ရှေးကကျင့်မှား၊ ပါယ်လေးပါးဘုံ၊ ဖြစ်ရတုံရှင့်၊ လုံးခြုံစုနှင်း၊ တရားမင်းဝယ်၊ သီတင်းမြတ်ငွေ့၊ နည်းများတွေ့မူ၊ စုတေ့စုန်ဆန်၊ ကောင်းပါပြန်အံ့၊ စိတ်သန်ကြည်ဘိ၊ ကိုယ်ရမ်းသိ၍၊ မိမိဘာသာ၊ အောက်မေ့ပါလျက်၊ သဒ္ဓါညွတ်နူး၊ မြည်ကြဖူးသည်။ ။ အံ့မူးနာသောင့် နာသာတည်း


၄၆။ အထွေအထွေ၊ ဖျားစုံခြေဝယ်၊ ဘော်ရွှေဖိုမ၊ သာမြူးကြွလျက်၊ ပွပွချစ်ဘွယ်၊ မြီးသွယ်မင်ဆံ၊ ရွှေရည်ကျံသို့၊ ကောင်းကြံကျင့်မှတ်၊ သက်ထက်မြတ်ဟု၊ မပြတ်စေရ၊ လွန်ယုယသား၊ မွေးလှစာမရီ၊ ဧဏီကတိုး၊ သိုးနှင့်သားအောင်း၊ ငေါင်းလည်းမကျန်၊ ခုန်သန်ရှုးပျံ၊ တောဖျံကြောင်ဘား၊ တိုး, ကျား, မြွေပါ၊ သွားရှာမြေခွေး၊ စည်းဝေးအတူ၊ ရဂုံသူလည်း၊ အယူပြတ်ပြတ်၊ ဘုရားမြတ်နှိုက်၊ ရိုညွတ်တုံလှာ၊ ဘော်တကာနှင့်၊ သဒ္ဓါကြည်ဘိ၊ လူ့ဇာတိသို့၊ သိမနောင်တ၊ ရှေးဘဝတွင်၊ ပဉ္စသီတင်း၊ စောင့်ခြင်းမသုံး၊ နှလုံးမယဉ်၊ မယှဉ်ကောင်းရာ၊ မလိမ္မာသား၊ မညာမယှိ၊ ကြမ်းကြုတ်မိ၍၊ တိဂစ္ဆာန၊ ဘုံဝယ်ကျရှင့်၊ လားကြလတ်သေး၊ တစုဝေးလျက်၊ ဤဘေးဖြစ်လှဲ၊ ဤဆင်းရဲမှ၊ လွတ်ချင်စွဟု၊ တောင့်တကိုယ်ဘို့၊ ရှာမှီးမြို့သည်။ ။ ချင်းတို့ဘာသောင့် ဘာသာတည်း


၄၇။ တဆွေတဆွေ၊ ပေါင်း၍နေလျက်၊ ပရမေလူ့ထိပ်၊ ရောင်လျှံချိပ်သား၊ ဘုန်းရိပ်ထွန်းထင်၊ ဘုရားသျှင်ကို၊ မမြင်စဘူး၊ ပြော့ပြော့မူးမျှ၊ နဖူးမြေဆိုက်၊ နောက်တော်လိုက်၍၊ စရိုက်ဘာသာ၊ သားတကာတို့၊ လှုရှာမသီး၊ အဖြီးဖြီးလျှင်၊ မြေကြီးကော်ရော်၊ ပူဇော်မစဲ၊ ရွက်ကာကြဲလျက်၊ ရဲရဲတံ့တံ့၊ ဝံ့ဝံ့စားစား၊ ရှေ့တော်ပါးဝယ်၊ ဦးနားစွင့်စွင့်၊ ငွါးငွါးမြင့်၍၊ ဆင့်ဆင့်တကဲ၊ မှီယှဉ်တွဲလျက်၊ မလွဲရန်ပင်၊ အစာမြင်လည်း၊ ကြည်လင်နှလုံး၊ သီတင်းသုံးဟု၊ ကောင်းထုံးဝင်ဝင်၊ ဖြစ်ပါချင်သား၊ သမင်နှင့်ကျား၊ ဘားနှင့်ကားမြွေ၊ ဝံရွှေနှင့်ကြို့၊ ရန်ဘို့မဝေး၊ ခွေးနှင့်ကားယုန်၊ ငြိုးဟုန်မပျက်၊ ကြောင်နှင့်ကြွက်တို့၊ ရန်ဘက်ခြင်္သေ့၊ ဆင်ကိုတွေ့လည်း၊ တမြေ့ညီလွန်း၊ မိတ်ခင်ပွန်းသို့၊ ထိပ်ပန်းရတနာ၊ သုံးလူ့ချာ၏၊ ကရုဏာလွမ်းဖိတ်၊ မေတ္တာစိတ်ကြောင့်၊ ဆိတ်ဆိတ်မလှုပ်၊ လောဘချုပ်၍၊ တအုပ်တထွေ၊ စည်းဝေးနေသည်။ ။ ချစ်ထွေညှာတောင့် ညှာတာတည်း


၄၈။ တမြေတမြေ၊ ခြား၍နေသား၊ ဘော်ရွေသိန်းသောင်း၊ သားအပေါင်းလျှင်၊ ကောင်းကောင်းယဉ်ယဉ်၊ စားဘွယ်ကြဉ်လျက်၊ သဗ္ဗညုမှောက်၊ ရှေ့တော်ရောက်က၊ လျောက်လျောက်ပတ်ပတ်၊ ရိုညွတ်ကြည်လှ၊ စောင့်သီလဖြင့်၊ ဝေငှသီတင်း၊ သုံးဘော်ချင်းဟု၊ တောမင်းတကာ၊ မြတ်သမ္မာတည့်၊ ပညာကြပ်တည်း၊ လွန်စောင့်စည်းလျက်၊ ခမည်းလူ့ဘ၊ မုနိန္ဒကို၊ ငြားစွဤနှိုက်၊ ခရီးကြိုက်၍၊ ဦးတိုက်ဝပ်တွား၊ ကျောင်းတော်ပါးဝယ်၊ မျက်ဝါးဝဝ၊ မြင်ပါရမူ၊ တွေ့ရခဲစွာ၊ ရွှေကျောင်းမှာကား၊ အရာမဟုတ်၊ ထိုအစုတ်ကို၊ နှင်ထုတ်ပစ်လင့်၊ လိုက်ဖြိုလွှင့်အံ့၊ ဖူးခွင့်မသာ၊ ဖြစ်တုံရာခဲ့၊ သုံးလူ့ဘော်မှောက်၊ ထပ်လှောက်လူများ၊ တို့အသားကို၊ စားလှာဘိမူ၊ အလှူသန့်သန့်၊ တို့သက်စွန့်အံ့၊ အဝှန့်သတ္တဝါ၊ သားတကာတို့၊ သဒ္ဓါတရား၊ တည်ကုန်ငြားသည်။ ။ စီးပွားရှာပေါင့် ရှာပါတည်း


၄၉။ တနေတနေ၊ တပါးတွေ၍၊ မြိုင်ခြေတောဖျား၊ အခြားခြားလျှင်၊ စုံပြားနှံ့အောင်၊ သွေးကြဉ်ဆောင်၍၊ ဘုန်းရောင်တောက်ပ၊ တုမရသည့်၊ လောကဝိဒူ၊ သဗ္ဗညုကို၊ ယခုလက်ငင်း၊ တွေ့ရခြင်းကား၊ ဘော်ချင်းငါတို့၊ တသက်ဘို့ဝယ်၊ ကောင်းမြို့တော်စွ၊ ငြားကုန်လှ၏၊ ဤမှတကွဲ၊ ဤဖြစ်လှဲမူ၊ ဆင်းရဲကြီးစွာ၊ အပါယ်မှာလျှင်၊ သင်္ချာသင်္ချေ၊ ပြောင်းကြွလေလည်း၊ မြုတေတမ်းခွန်၊ ခရီးညွှန်းသား၊ နိဗ္ဗာန်ပေးတတ်၊ ဘုရားမြတ်နှင့်၊ မျက်မှတ်တပ်တပ်၊ ကိုယ်ကြပ်သည်နှယ်၊ ဖူးရဘွယ်လျှင်၊ တို့ဝယ်မယှိ၊ ဝေးစွာဘိရှင့်၊ ဇာတိအယုတ်၊ အဟိတ်ဟုတ်၍၊ သတ်ပုတ်စရာ၊ လူစားငှါဟု၊ ဖီလာအကြံ၊ ထားလှံလေးမြား၊ ဘေးထက်သွားသား၊ ငုံ့တွားမြေနှိုက်၊ နှုတ်သီးဆိုက်လျက်၊ အမိုက်ပီပီ၊ ကောင်ပုပ်ညှီကို၊ မြိုက်သီဒါရည်၊ ချမ်းရေကြည်ဖြင့်၊ အရှည်စင်မှု၊ တို့တစုလျှင်၊ ယခုပွဲပြည့်၊ ဖွပ်လျှော်လှည့်၊ နှိုင်းရှည့်စူးစမ်း၊ မြတ်ရာလှမ်းသည်။ ။ ကိုယ်ရမ်းစာနောင့် စာနာတည်း


၅၀။ တထွေတထွေ၊ ခွဲစိတ်ဝေ၍၊ သံခြေဦးတင်၊ ဤသို့လျှင်ဟု၊ သဘင်ပွဲချိ၊ ဆယ်စုံရှိဖြင့်၊ ဥဒါယိမည်၊ မဟာထေရ်ကား၊ စိတ်ကြည်ရွှင်းရွှင်း၊ သုံးလူ့မင်းကို၊ ကြောင်းခြင်းပြန်ခေါက်၊ နားတော်လျှောက်က၊ ဝမ်းမြောက်ဝမ်းသာ၊ သတ္တဝါတို့၊ ဘွဲ့ရာသမိုင်း၊ ဖြစ်သောတိုင်းလျှင်၊ အလှိုင်းဖြင်ညီး၊ သစ်သီးပန်းမာလ်၊ မကျန်တောဝယ်၊ စားဘွယ်ဘွယ်တိ၊ သပ္ပါယ်သွားပျော်၊ မြတ်သျှင်တော်ကို၊ သုဒ္ဓေါ်ဒန၊ မွေးဘတောင်းပန်၊ စေလိုက်ဝန်ကြောင့်၊ ဘန်တလဲလဲ၊ လွန်ဆကဲလျက်၊ ရဲရဲဝံ့ဝံ့၊ တံ့တံ့မရွံ၊ အာမခံ၍၊ ကျော်လျှံပညာ၊ ဆန်းပျူငှါဖြင့်၊ လင်္ကာပြောကျယ်၊ နိဒါန်းသွယ်သည်။ ။ ခြောက်ဆယ်ဂါထောင့် ဂါထာတည်း


သာမျိုးစုံ စုဝေး၍ ဟစ်ကြွေးနေပုံ လျှောက်တင်ခန်း ပြီး၏။

(၈) ငှက်ပေါင်းဆင့်ဆင့် ကျူးရင့်နေပုံ လျှောက်တင်ခန်း[ပြင်ဆင်ရန်]

(၃၅) မယူရာ နီလဝီဝါ တေ၊
သုသိခါ သုဘပက္ခိကာ။
သုပိဉ္ဆာတေ သုနာဒါစ၊
ဝေဠုရိယ မဧိသန္နိဘာ။
နာဒံ ကရောန္တာ ပူဇေန္တိ၊
ကာလော တေ ပိတုဒဿနေ။

(၃၆) သုဝဏ္ဏစိတြဟံသာဟ၊
ဇဝဟံသာ ဝိဟာစရာ၊
တေ သဗ္ဗေ အာသယာ ဆုဒ္ဓါ၊
ဇိန ဒဿန ဗျာဝဋာ။
မဓုရဿရေန ကုဇန္တိ၊
ကာလော တေ ပိတုဒဿနေ။

(၃၇) ဟံသာ ကောဉ္စာ သုနဒါ တေ၊
စက္ကဝါကာ နဒီစရာ။
ဗကာ ဗလာကာ ရုစိရာ၊
ဇလကာကာ သရကုက္ကဋာ။
သာဒရာ ဘိနာဒိနော ဧတေ၊
ကာလော တေ ပိတုဒဿနေ။

(၃၈) စိတြာ သုရူပါ သုဿရာ၊
သာဠိကာ သုဝတဏ္ဍိကာ။
ရုက္ခဂ္ဂါ သမ္ပတန္တာ တေ၊
ဥဘော မဂ္ဂေသု ကူဇိနော။
တေသု တေသု နိကူဇန္တိ၊
ကာလော တေ ပိတုဒဿနေ။

(၃၉) ကောကိလာ သကလာ စိတြာ၊
သဒါ မဉ္ဇုဿရာ ဝရာ။
ဝိမှာ ပိတာ တေ ဇနတံ၊
သဒ္ဓိမိတ္တာဒိကေ သုရာ။
သရေဟိ ပူဇယန္တာဝ၊
ကာလော တေ ပိတုဒဿနေ။

(၄၀) ဘိင်္ကာ ကုရရာ သာရာ၊
ပူရိတာ ကာနနေ သဒါ။
နိန္နာဒယန္တာ ပဝနံ၊
အညမည သမင်္ဂိနော။
ဂါယမာနာ သရေနေဝ၊
ကာလော တေ ပိတုဒဿနေ။

(၄၁) တိတ္တိရာ သုသရာ သာရာ၊
သုသရာ ဝနကုက္ကုဋာ။
မဉ္ဇုဿရာ ရာမဏေယျာ၊
ကာလော တေ ပိတုဒဿနေ။


၅၁။ မဟာဝီရ၊ ကြီးလုံ့လဖြင့်၊ ဓမ္မရာဇာ၊ သကျာမုနိ၊ တုမယှိသား၊ သီရိမဟာ၊ မာယာမျိုးဘော်၊ သုဒ္ဓေါ်ဒန၊ မင်းလှမျိုးဆက်၊ စဉ်မပျက်သား၊ နန်းတက်မျိုးစင်၊ သာကိဝင်တို့၊ ချစ်ကြင်ကြည်ညွတ်၊ ပွားစေတတ်၍၊ ပြတ်သားဟောနှုတ်၊ ချမ်းမြိုက်ဟုတ်သည်၊ လောကုတ္တရာ၊ ရတနာဖြင့်၊ ကယ်ပါပေလျှင်၊ ယမမင်းဝယ်၊ လက်ငင်းရှေးလျှင်၊ ထွတ်ဖျားတင်၍၊ မဂ္ဂင်စည်းစိမ်၊ ငြိမ်ဆိမ်ပျော်ကြောင်း၊ ဆွေရှစ်သောင်းနှင့်၊ အပေါင်းလူနတ်၊ ပရိသတ်ကို၊ ချေချွတ်စေချင်၊ လျှောက်ဦးတင်သည်၊ ချစ်သျှင်ဘုရား၊ သုံးလူ့ဖျား၊ တရားရဘွယ်၊ ဤခါဝယ်လျှင်၊ သပ္ပါယ်တင့်မော၊ မြတ်သျှင်စောကို၊ ပြောပြောရှုမူး၊ မွေးသားဦးဟု၊ ပျံ့ပျူးဝမ်းတွင်၊ ပြတ်မျှကြင်၍၊ ဖူးချင်ကြည့်မျှော်၊ ဘသုဒ္ဓေါ်က၊ နားတော်လျှောက်ထွေ၊ ပင့်ရလေသား၊ မင်းစေဘန်များ၊ ထပ်မနားလျှင်၊ ဆယ်ပါးအပေါင်း၊ ဆယ်ထောင်လောင်းသား၊ တသောင်းရောက်ညီ၊ လာတန်ပြီဟု၊ ကိုယ်စီကိုယ်င၊ ညီကုန်ကြ၍၊ ဖိုမမကွာ၊ ငှက်တကာတုံ၊ ဟင်္သာယ, ဝမ်းပဲ၊ တွန်သဲတောကြက်၊ စက္ကဝက်တို့၊ ကျီးနက်, ခိုပြာ၊ ငုံး ခါ မြစ် တွေး၊ ပဲထွေး ဗီလုံး၊ ပျံတုံ့သာမြူး။ သံကျူးရင့်ချီ၊ ငှက်နီ ဝရပ၊ သုဝကျေးသား၊ ကုလားတမာ၊ လူ့ပျူငှာသို့၊ ရွှေဝါကြက်တော၊ ဘော်နှောတီးတုတ်၊ ဥပုသ် ငါးဟစ်၊ ယစ်နှင့် ပိန်ညင်း၊ ခေါက်မြင်း ပျားဖွတ်၊ တုံဆွတ်ဥဗျိုင်း၊ တရိုင်းရိုင်းလျှင်၊ လမ်းတိုင်းဝန်းကျင်၊ မွမ်းမွမ်းဖြင်မျှ၊ သစ်ပင်နားတုံ၊ မြေနားတုံတည့်၊ ပျံတုံပျံနား၊ ပျံလွှားနိမ့်မြင့်၊ မျှော်လင့်အညီ၊ ပန်းပွင့်ချီ၍၊ တူပြီတပေါင်း၊ မြိုင်သာအောင်းလျက်၊ ဥဒေါင်းတွန်ရော်၊ ဖို မ ခေါ်သည်။ ။ သံကျော်ကျူးရင့် ပြီတကား


၅၂။ တဝေးတဝေး၊ အဘော်သွေး၍၊ ရေကျေး ရေကြက်၊ ရေဝန်လက်နှင့်၊ လင်းဘက် စင်ရော်၊ ငှက်တော် တင်ကျီး၊ နွားမြီးဆွဲလျောက်၊ နွေပေါက်ငှက်ခါး၊ ပျံလွှားတောလျှိုး၊ ဥချိုး ဝံလို၊ မောက်ညိုမဲပြာ၊ မိုးစာ ဆက်ရက်၊ လင်းတက်တသုန်၊ လင်းထုံမကျန်၊ သိန်းစွန်မလွတ်၊ တီတီတွတ်နှင့်၊ တတ်သည်ဘာသာ၊ သာလိကာလည်း၊ သဒ္ဓါမြတ်နိုး၊ သုံးလူ့မျိုးကို၊ ရှိခိုးအင်တက်၊ တောင်နှစ်ဘက်ဖြင့်၊ ရှက်ကာပျံဝဲ၊ မြင်ရခဲဟု၊ ရဲရဲရောင်ရောင်၊ လူတို့ဘောင်တွင်၊ မရှောင်မလန့်၊ အသက်စွန့်၍၊ ကြည်သန့်ဆွဆွ၊ လာကုန်ကြလျက်၊ ဖို မ သွေးခေါ်၊ ရှိပူဇော်သည်။ ။ ရွှင်ပျော်မြူးလင့် ပြီတကား


၅၃။ ကျသေးကျသေး၊ ဆီးတိမြှေး၍၊ ချမ်းဧပြင်းထန်၊ ဟေမဝန်မှာ၊ ဂန္ဓမာနှင့်၊ ကေလာသဘ၊ စိတြဟု၊ သုဒဿန၊ ကာဠတောင်မြတ်၊ နဝတတ်ကို၊ ရံပတ်ငါးပါး၊ တခြားထိုမှ၊ သုဝဏ္ဏကား၊ သိင်္ဂသတိ၊ ရဲရဲညိသား၊ မဏိမယာ၊ စန္ဒာသူရိယ၊ ဥဒကဟု၊ မည်ရထင်စွာ၊ မဟာကဠ၊ စူဠကမူ၊ ဌာနအစွန်၊ ခုနစ်တန်လျှင်၊ ယုဂန်သဘွယ်၊ ကြီးငယ်နိမ့်မြင့်၊ ဆင့်ရရင့်တိ၊ လှတင့်ဆွယ်ပြိုင်၊ ဆဒ္ဒန်အိုင်တို့၊ ရိပ်မြိုင်ထက်ဝန်း၊ ပင်စည်ထွန်းလျက်၊ နတ်ပန်းသစ်သီး၊ ဖြင်ညီးရောက်ရာ၊ ပဒေသာသို့၊ ယူဇနာသုံးထောင်၊ သင်္ချာဆောင်သား၊ ထိုတောင်ထိုတော၊ ကျယ်ပြောမိုးမြေ၊ နေသည်ခန့်ကျုံး၊ ငှက်အလုံးကို၊ ရုံးဘိသောနှယ်၊ ဤခါဝယ်လျှင်၊ သုံးဆယ်နှစ်ဝါ၊ ဆန်းပြားရှစ်ဆယ်၊ ခြောက်သွယ်လျှံပတ်၊ အတုလွတ်၍၊ လူနတ်ဗြဟ္မာ၊ မနှိုင်းသာသား၊ ဥက္ကာကရာဇ်၊ မင်းကောင်းမြစ်ကို၊ ရိုချစ်မြတ်လေး၊ ကြည်စိတ်ပြေးလျက်၊ ရေးရေးတပ်တပ်၊ ဖူးထိုက်အပ်ဟု၊ အကြပ်ကိုယ်စီ၊ မဉ္ဇူချီ၍၊ ကိန္နရီ၊ ကိန္နရာ၊ ကြိုးကြာ သောင်တင်း၊ အောက်ချင်း ကရဝိက်၊ ချစ်စိတ်အဟုန်၊ ဂဠုန် ငှက်ဆင်၊ လွမ်းကြင်ပတီး၊ တုံးကြီးယင်ပေါင်၊ ဝါယောင်မဲအိုး၊ ဇီဝဇိုဝ်းလည်း၊ ဖြိုးဖြိုးမျှော်ရ၊ ပျူငှါမှုဖြင့်၊ သာဓုသာဓု၊ သဗ္ဗညုဟု၊ တစုတရော၊ ဘော်ချင်းနှောလျက်၊ ဥဩ ငှက်တော်၊ မြည်သံကြော်သည်။ ။ ဇင်ရော်ထူးဆင့် ပြီတကား


၅၄။ တပြေးတပြေး၊ ခြင်းရာမေး၍၊ မြည်ကြွေးသဲသဲ၊ ပျံ့ကြဝဲလျက်၊ ရဲရဲရင့်ရင့်၊ ကောင်းကျင့်မူယူ၊ ငူလည်းသောင်းသောင်း၊ စာပေါင်းပတီး၊ ဝေးခရီးက၊ ပန်းကြီးခုံမင်၊ အလျင်ဖူးလှာ၊ သဒ္ဓါသဖြင့်၊ မျှော်လင့်ပျံတက်၊ လက်ျာငှက်လည်း၊ စိတ်ထက်ပူဇော်၊ လက်ဝဲတော်က၊ ရှုမြော်မြင်စေ၊ တက်လှာလေ၏၊ အောက်မြေသက်သက်၊ လက်ဝဲငှက်မူ၊ တုဘက်လွတ်ကင်း၊ တရားမင်းကို၊ မြတ်ခြင်းမင်္ဂလာ၊ ချီးမြှောက်ရာဟု၊ သံဝါရင့်ကြော်၊ လက်ျာတော်မှ၊ နုမော်သာဓု၊ ကောင်းခြီးပြု၍၊ တစုမျိုးဆွေ၊ ညီကြလေ၏၊ ကြည်ထွေအာရုံ၊ တောရဂုံဝယ်၊ တိတ္ထုံနိမိတ်၊ လူတို့စိတ်သို့၊ အဟိတ်တိရစ္ဆာ၊ ဖြစ်များစွာလည်း၊ ဝါသနာငွေ့၊ ပါပါရွေ့လျှင်၊ ကျင့်လေအမိုက်၊ ထိုခါနှိုက်တွင်၊ အလိုက်သိသိ၊ နှလုံးရှိ၍၊ ပိတိရှင်းရှင်း၊ ဆောက်တည် ခြင်းဖြင့်၊ သီတင်းသုံးဘော်၊ ငှက်သူတော်တို့၊ သွေးခေါ်ဆောင်ကြည်း၊ မြတ်ရာချဉ်းလျက်၊ ကောင်းစဉ်းသိမျှော်၊ ညွတ်ကော်ရော်သည်။ ။ ရှေ့တော်ဖူးလင့် ပြီတကား


၅၅။ အရေးအရေး၊ ကွေးရရွေးလျှင်၊ လည်မွေးညိုဝါ၊ လဲ့လဲ့ပြာ၍၊ နီလာမျက်လုံး၊ လှဆုံးပါးရန်း၊ ရွှေရည်သွန်းသို့၊ ဦးစွန်းမြတံ၊ ခါးဆံမြရှက်၊ ချက်ချက်စိမ်းရောင်၊ မြီးတောင်ပြာနု၊ ချစ်ဘွယ်မှုတိ၊ ဘော်စုသောင်းသောင်း၊ ရွေများပေါင်းလျက်၊ ဥဒေါင်းတွန်ကြော်၊ ကျူးရင့်ရော်၍၊ ရှေ့တော်ချဉ်းကပ်၊ ဖူးလှာအပ်ဟု၊ ညွတ်ပျပ်ကြည်စွာ၊ ထီးလိုင်ကာနှင့်၊ ခေါင်ရှာ, ခင်ထိတ်၊ ကောင်းစိတ်အညီ၊ သပိတ်ချီလည်း၊ အဆီလမ်းခွင်၊ မြတ်ချစ်သျှင်ကို၊ မြင်လျှင်ဝမ်းမြောက်၊ နှုတ်သီးဆောက်၍၊ ကြံအောက်မေ့တွန်၊ တို့ဖြစ်ဟန်ကား၊ အလွန်များစွာ၊ ရှေးသံသာဝယ်၊ ပါဏာတိပါတ်၊ သက်သတ်မရှောင်၊ ကြူးအောင်သေစာ၊ အိပ်ရာပြစ်မှား၊ မုသားဒိန္နာ၊ သုံးစွဲရှာ၍၊ ပဉ္စာသီလ၊ ဓမ္မတည်မှတ်၊ သီတင်းမြတ်မူ၊ ယွင်းချွတ်ခဲ့မိ၊ ထိုပြစ်တိကြောင့်၊ ဝီစိထဲမှာ၊ ကျချေပါပြီ၊ မီးဝါကျိုက်ဆူ၊ သံရဲပူနှိုက်၊ မပြုစသား၊ နှစ်များကြာလျက်၊ သင်္ချာသင်္ချေ၊ မြင့်မြဲလေမူ၊ ခြောက်ထွေရောင်ဝင်း၊ တရားမင်းဟု၊ တင်းမျှမကြား၊ နားမျှမသံ့၊ ဘယ်နံ့မပေါ်၊ ခက်လှော်ပါယ်ရွာ၊ ခံရရှာချိမ့်၊ ခုခါတမူ၊ တို့အတူလျှင်၊ ကြိုက်သူနည်းလှ၊ ရှေးကကားလွန်၊ နှောင်းမှကျန်လိမ့်၊ တိရစ္ဆာန်မှာ၊ ဖြစ်ယုတ်စွာလည်း၊ ငြားပါသင့်စွ၊ မုနိန္ဒကို၊ ဖူးရကြိုက်စွာ၊ ဘော်တကာဘို့၊ သဒ္ဓါအဟုန်၊ လာလှည့်ကုန်ဟု၊ မြူးခုန်မြူးရွှင်၊ လမ်းတိုင်းဖြင်လျက်၊ ရောက်လျှင်ရှေ့တော်၊ ညွတ်နုမော်သည်။ ။ ပူဇော်ဦးဖြင့် ပြီတကား


၅၆။ မနှေးမနှေး၊ ပျံသင်ရေးဖြင့်၊ မဝေးလေခင်၊ စွန်းစွန်းလျင်မှ၊ ကောင်းကင်နတ်နေ၊ မြေကလူများ၊ တိုးမအားလျှင်၊ ဘုရားသျှင်တော်၊ ဖူးရသော်လည်း၊ သုဒ္ဓေါ်ဒန၊ မွေးဘမင်းကောင်း၊ ရှစ်သောင်းမျိုးညီ၊ မရောက်မီလျှင်၊ ကပီလဝတ်၊ ပြည်မြတ်သို့စင်၊ မတိုင်ခင်ဝယ်၊ အလျင်ခဏ၊ တွေ့လိုက်မှတည့်၊ ကြည်လှဖြောင့်ဖြောင့်၊ များမမှောင့်လျှင်၊ ရောင့်ရောင့်ရဲရဲ၊ သဒ္ဓါကဲအံ့၊ အမြဲမှတ်တည့်၊ လာကုန်လှည့်ဟု၊ ဖြည့်ဖြည့်တင်းတင်း၊ ငှက်ဘော်ချင်းကို၊ ကြောင်းခြင်းမစစ်၊ အစာဖြစ်လည်း၊ အချစ်ခင်ပွန်း၊ အဆွေမှန်းလျက်၊ အပန်းတကြီး၊ ကျီးနှင့် ခင်ပုပ်၊ ကြက်အုပ် စွန်ရဲ၊ မလွှဲမသုန်၊ ဂဠုန် နဂါး၊ မုန်းကားမယှိ၊ ဆောင်ချေညှိုလျက်၊ တရိလောက၊ အစိုးရသည်၊ အလှဆန်းကြယ်၊ လွန်သပ္ပါယ်သား၊ ခြောက်သွယ်ရောင်ထင်၊ တို့ချစ်သျှင်ကို၊ ရှုချင်ပင့်ဆော်၊ သွေးကြဉ်းခေါ်သည်။ ။ နုမော်နူးခွင့် ပြီတကား


၅၇။ တမွေးတမွေး၊ တစုဝေး၍၊ ရွှေကျေးရုပ်ရည်၊ ထူးတလည်လျှင်၊ ကိုးမည်မျက်တိ၊ စီခြယ်ဘိသို့၊ မြင်မိအံ့ဘွယ်၊ ဆန်းတကြယ်လည်း၊ သံကျယ်ရင့်ကြွေး၊ စွေးရရွေးသား၊ လည်ရေးမျက်၇န်း၊ ပါးသန်းတောင်ပံ၊ ခါးဆံမြဝါ၊ သန္တာခြောဖျား၊ ပြယားလိုလို၊ စိမ်းညိုလှမော၊ ဘော်ချင်းနှောလျက်၊ ကြက်တော ကုလား၊ ဖောင်းခါး တမာ၊ လူ့ပျူငှါသို့၊ သဒ္ဓါစိတ်ပြေး၊ ဟေဝန်ကျေးလည်း၊ ပျံ့မွှေးကိုယ်စီ၊ ပန်းခက်ချီ၍၊ တူပြီမကွာ၊ ကိန္နရာတုံ၊ သာစွာဧဧ၊ အောင်းကလေးနှင့်၊ ချေးချေးသံချို၊ အချင်းဆိုလျက်၊ အဖိုကတီး၊ မဇံသီးမူ၊ ညီးညီးပြောင်ပြောင်၊ မျက်မှောင်သေးသေး၊ ရေးသည်အတူ၊ နတ်ဟူမယွင်း၊ ရောင်ဆင်းတင့်လွန်း၊ ရွှေရည်သွန်းသို့၊ လူရွှန်းရုပ်သွင်၊ ရှေ့တော်ပြင်ဝယ်၊ မျှော်လျှင်ရှုအီ၊ ကလျက်သီ၏၊ ဖူးမီခန့်လှာ၊ ရောက်ခဲစွာသား၊ မကွာချစ်စိတ်၊ ကရဝိက်လည်း၊ ထိတ်ထိတ်ညောင်းညောင်း၊ မိမိစောင်းသို့၊ ကောင်းကောင်းကြိမ်းဝါး၊ ခါတပါးထက်၊ ဘုရားထွတ်ခေါင်၊ ကြားတည့်အောင်ဟု၊ ရည်စောင်သံရှင်၊ ညင်းညင်းပင်တိ၊ ကြောခြင်စိမ့်မျှ၊ ငြိမ့်ငြိမ့်မြသား၊ ဖို မ မြည်သီ၊ သာလှညီ၏၊ တစီတလျဉ်၊ ပေါင်းယှဉ်မျိုးဆွေ၊ ကြည်းတွင်နေသား၊ ကုဋေကိုးပါး၊ အခြားခြားလျှင်၊ တောသားတောငှက်၊ မြတ်စုံမက်၍၊ လမ်းဆက်တဘော်၊ ရှုလင့်မျှော်သည်။ ။ ပြည်တော်ကူးတင့် ပြီတကား


ငှက်ပေါင်းဆင့်ဆင့် ကျူးရင့်နေပုံ လျှောက်တင်ခန်း ပြီး၏။

(၉) ရေကန်သာလှ အေးမြနေပုံ လျှောက်တင်ခန်း[ပြင်ဆင်ရန်]

(၄၂) သေတဝါလုကသဉ္ဆန္နာ၊
သုပတိတ္ထာ မနောရမာ။
မဓုရောဒကသမ္ပုဏ္ဏာ၊
သရာ ဇောတန္တိ တေ သဒါ။
တတ္ထ နှတွာ ပိဝိတွာစ၊
သမယော တေ ဉာတိဒဿနေ။

(၄၃) ကုမ္ဘီရာ မကရာ ကိဏ္ဏာ၊
ဝလယာ မုဉ္ဇရောဟိတာ။
မစ္ဆကစ္ဆပဗျာဝိဒ္ဓါ၊
သရာ သီတောဒကာ သုဘာ။
တတ္ထ နှတွာ ပိဝိတွာစ၊
သမယော တေ ဉာတိဒဿနေ။

(၄၄) နီလုပ္ပလသမာကိဏ္ဏာ၊
တထာ ရတ္တုပ္ပလေဟိစ။
ကုမုဒုပ္ပလ သံကိဏ္ဏာ၊
သရာ သောဘန္တိ နေကဓာ။
တတ္ထ သီတလကာ တောယာ၊
သမယော တေ ဉာတိဒဿနေ။

(၄၅) ပုဏ္ဍရီကေဟိ သဉ္ဆန္နာ၊
ပဒုမေဟိ သမောဟတာ။
ဥဘော မဂ္ဂေသု သောဘန္တိ၊
ပေါက္ခရညော တဟိံ တဟိံ။
တတ္ထောဒကာနိ နှာယန္တိ၊
သမယော တေ ဉာတိဒဿနေ။

(၄၆) သေတပုလိန သံကိဏ္ဏာ၊
သုပတိတ္ထာ မနောရမာ။
သီတောဒက မဟောဃေဟိ၊
သမ္ပုဏ္ဏာ တာ နဒီ သုဘာ။
ဥဘော မဂ္ဂေဟိ သန္ဒန္တိ၊
သမယော တေ ပိတုဒဿနေ။


၅၈။ ဘဂဝန္တံ၊ ဘုန်းမီးလျှံ၍၊ အရဟံဗုဒ္ဓေါ်၊ တုမဲ့ကျော်သား၊ မမြော်နှိုင်ကင်း၊ ပုဂ္ဂိုလ်ချင်းတွင်၊ မြတ်ခြင်းလွန်ကျူး၊ ဘော်သုံးဦး၏၊ နဖူးထိပ်ပန်း၊ မကိုဋ်မှန်းလျက်၊ ရောင်ထွန်းရတနာ၊ ဆောင်းတန်ဆာဟု၊ အချာလူနှိုက်၊ မှတ်သမိုက်သည်၊ ပြိုင်ထိုက်မဲ့လျှင်း၊ တရားမင်း …၊ သတင်းရှိန်စော်၊ ကျေးဇူးတော်ကြောင့်၊ အနေတ္တ၊ ကုဏာလတို့၊ ကဏ္ဏမုဏ္ဍ၊ ရထကဟု၊ သီဟပပါ၊ မန္ဒာကိနီ၊ မည်ယှိဆဒ္ဒန်၊ တသွန်ကြီးခိုင်၊ ခုနစ်အိုင်တွင်၊ ရိပ်မြိုင်သာမြတ်၊ နဝတတ်မူ၊ သုံးပတ်လက်ျာ၊ စီးဖြာဓလေ့၊ ခြင်္သေ့ ဆင် မြင်း၊ နွားခံတွင်းမှ၊ ထွက်ခြင်းလဟာ၊ လေးမျက်နှာဝယ်၊ ဂေါနာမုခ၊ ပြွန်နှုတ်ဝလျှင်၊ တောင်မှစူးစူး၊ ရေဦးရှင်ရှင်၊ ပြေးလတ်ကျင်၍၊ တိယင်္ဂဠ၊ ကန်မည်ရသား၊ ကဏ္ဏမည်သာ၊ ထက်မှာသွန်ကျ၊ အာကာသတုံ၊ ငုပ်ထမြေတွင်၊ ဥမင်ဂင်္ဂါ၊ သင်္ချာချင့်ညီ၊ ခြောက်ဆယ်စီတိ၊ နဒီထဲက၊ တိုးကျဖောက်ထွင်း၊ အဝှန်ကျင်းသား၊ ယဉ်ပြင်းသည်စွာ၊ တိယင်္ဂါဟု၊ ကျောက်ဖျာခံမိ၊ ငါးပါးယှိသော်၊ ချမ်းဘိကြည်စွာ၊ ယမုနာနှင့်၊ ဂင်္ဂါ အစီရဝတီ၊ မဟီ သရဘူ၊ ဟူသားငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ထိမှကွာသော်၊ မဟာသမုဒ်၊ ကျယ်ဝုတ်လေးစင်း၊ အဆင်းမြဟန်၊ သတ္တဘန်တွင်၊ သဏ္ဌာန်ဝန်းရစ်၊ သီဒါမြစ်လည်း၊ မဖြစ်စတောင်း၊ လှိုက်ခနောင်းတိ၊ လမ်းကြောင်းတူရူ၊ တံပိုးဖြူမျှ၊ သုံးလူဆရာ၊ အချာပရမေ၊ လူ နတ်ဆွေကို၊ သောက်ရေသုံးတော်၊ ခေါ်စိမ့်တပါး၊ ဘုရားချိုးတန်၊ ဆိပ်သာမွန်လည်း၊ သမန္တလ၊ ညီညွတ်လှလျက်၊ ဆွဆွဖြူစွာ၊ ပြင်ထွန်းကာလျှင်၊ ပမာမယွင်း၊ ငွေပြားခင်းသို့၊ သန့်ရှင်းကြံ့ကြံ့၊ အပြီးနှံ့၍။ ။ သဲးညံ့ဖုံးလှာ ကုန်၏တည်း


၅၉။ ညံ့ညံ့နူးနူး၊ ငွေ့မှုန့်ဖြူးသို့၊ ကျေးဇူးလွန်ပြင်း၊ မြစ်ခပင်းတို့၊ အိုင်, အင်း, ဆည်, ကန်၊ တသွန်ချောင်းမြောင်း၊ အပေါင်းရေနေ၊ ကြည်ထွေးကြည်းကြည်း၊ အံ့ဘွယ်ချည်းလျှင်၊ ညွန့်နည်းမြူနည်၊ နောက်သည်မယှိ၊ ငြိမ်းလှဘိလျက်၊ ခရီးအဆီ၊ ပြည်ကပီနှင့်၊ အပြီဖျဖျ၊ လာကြလူဗိုလ်၊ ရာဇဂြိုဟ်ကြား၊ ခြောက်သွယ်သွားကို၊ ဘုရားချစ်သျှင်၊ ရွှေစက်ရှင်ဖြင့်၊ မြေတွင်နင်းချ၊ ဆန့်လတ်ကြွဟု၊ မြစ်မငါးသွယ်၊ မြစ်ငယ်ငါးရာ၊ သီဒါမကြွင်း၊ အိုင်, အင်း, ဆန်းကြယ်၊ နတ်ကျယ်ရေထု၊ ခုနစ်ခုလျှင်၊ ကောင်းမှုစိတ်သန်၊ လူ့အဟန်သို့၊ စီးဝှန်ပြည့်ကျမ်း၊ ရင်ပြင်လွှမ်းလျက်၊ လျှမ်းသားကမ်းထိပ်၊ သာသည့်ဆိပ်တည့်၊ ချမ်းရိပ်ငြိမ်းငြိမ်း၊ လူခပ်သိမ်းကို၊ ချိုးလိမ်းစိမ့်ငှါ၊ ကောင်းရာရာတိ၊ သဲးသာဖြူးချိ၊ ညီစွာညှိ၍။ ။ အိုင်တိထုံးလှာ ကုန်၏တည်း


၆၀။ ကြံ့ကြံ့နူးနူး၊ ပျော်မွေ့မူးမျှ၊ ကျေးဇူးလွန်ကဲ၊ မြစ်ခပဲးနှင့်၊ နက်ထဲးယဉ်ထွေ၊ ရေတွင်နေသား၊ ကုဋေဆယ်ပါး၊ များသားမကျန်၊ တိရစ္ဆာန်တို့၊ အလွန်တရာ၊ ဝမ်းသာလန်းလန်း၊ ဖူးချင်ပန်းတိ၊ မကာရ်း, ငါးဆင်၊ ယဉ်ရှင်ဘော်ရိုင်၊ လပိုင်, လိပ်, ငါး၊ နဂါးရေလျှိုး၊ တရိုးရေသူ၊ ကြည်စိတ်ဖြူလျက်၊ သုံးလူတမ်းခွန်၊ ရွှေမှန်ထွတ်ဖူး၊ သဗ္ဗညုကို၊ ရှုစပါလှာ၊ မြော်ခဲစွာဟု၊ တကာမျိုးဆွေ၊ ဆယ်ကဋေတိ၊ ညှိထွေရုံးစု၊ သဒ္ဓါမှုဖြင့်၊ သံသုမာရ၊ တွင်ထမည်ကောင်း၊ ရွေများပေါင်းလျက်၊ မိကျောင်းရေမင်း၊ ကြည်းမှာကျင်း၍။ ။ သီတင်းသုံးလှာ့ ကုန်၏တည်း


၆၁။ ရွံ့ရွံ့ယူးယူး၊ ကြည်စိတ်နူးလျက်၊ ကျေးဇူးအလှိုင်း၊ အံ့မနှိုင်းလည်း၊ အတိုင်းမသိ၊ ထွတ်ခေါင်ထိသား၊ မုနိဟူသည်၊ နားရိပ်ချည်မျှ၊ ကြားမည်ခဲးလှ၊ စာရိတ္တဖြင့်၊ ဘဝယုတ်မာ၊ လူစာစင်စစ်၊ ငါတို့ဖြစ်ခဲ့၊ ကျင့်ညစ်ကြမ်းစွာ၊ သံသရာဝယ်၊ ပညာကျေးဇူး၊ အထူးလျောက်ပတ်၊ သူတော်မြတ်နှင့်၊ ပူးပွတ်ကျိုးနွံ၊ ဆုံးမခံလျက်၊ ကောင်းကြံသီတင်း၊ စောင်းခြင်းမယှိ၊ မှားချေမိ၍၊ ဒိဋ္ဌီအယူ၊ မည်သူမသင်၊ ပဲ့ပြင်ဆို၊ အလိုလိုလျှင်၊ ကိုယ်ကိုတတ်တည့်၊ မှတ်ရှာလှည့်လျက်၊ အပြည့်မိစ္ဆာ၊ ကျိုးမဲ့ပါသည်၊ ခန္ဓာဖောက်လှဲး၊ ရေယဉ်ထဲဝယ်၊ မြင့်မြဲကာလ၊ လောကန္တသို့၊ ဖြစ်ရဘိချင်း၊ ရှေးကယွင်း၍၊ ဖြစ်ခြင်းလိပ်, ငါး၊ များသားရေနေ၊ ဆယ်ကုဋေတိ၊ စိတ်စေတနာ၊ သုံးလူ့ချာကို၊ သဒ္ဓါချက်ချက်၊ မြတ်စုံမက်၍။ ။ ရွှေစက်အုံးလှာ ကုန်၏တည်း


၆၂။ ပျံ့ပျံ့ပျူးပျူး၊ လှိုင်နံ့မြူးလျက်၊ သုံးဦးလူဗိုလ်၊ ချမ်းရိပ်ခိုသား၊ ပုဂ္ဂိုလ်များမင်း၊ မြတ်သျှင်ရင်းကို၊ အချင်းသိလျောက်၊ ရေတွင်ပေါက်သား၊ ရေရောက်ရေပန်း၊ လန်းရရန်းတိ၊ ပျံ့မွှန်းနံ့သာ၊ ငါးမည်ကြာတုံ၊ ငုံအာစွင့်စွင့်၊ ရေထက်မြင့်၍၊ လှတင့်ပွပွ၊ ကုမုဒဟု၊ လွလွဘိတ်ဘိတ်၊ ပုဏ္ဍရိတ်နှင့်၊ ကောင်းစိတ်ရွှင်စွာ၊ ပဒုမာတို့၊ သန္တာနှင်းပန်း၊ စွေးစွေးစွန်းသား၊ ရောင်ထွန်ရွှေဝါ၊ နီသည့်ကြာမူ၊ များစွာချပ်ဆင့်၊ လှိုင်ထွေပွင့်၏၊ မြနှင့်ရိုးဆို၊ ပန်းကြာညိုလည်း၊ နေကိုမငံ့၊ ပွင့်လင်းအံ့ဟု၊ ပျံ့ပျံ့နံ့မျိုး၊ ရေပေါ်မိုး၍၊ ဖြိုးဖြိုးဝတ်ဆံ၊ ကြွေ့ကြွေ့ရံလျက်၊ ရိုးတံသွယ်သွယ်၊ သီးကုံးချယ်သို့၊ ချစ်ဖွယ်ဖွံ့ဖွံ့၊ အိုင်တိုင်းနှံ့၍။ ။ ကြိုင်နံ့ရုံးလှာ ကုန်၏တည်း


၆၃။ နံ့နံ့နူနူး၊ လှိုင်နံ့မြူးလျက်၊ ကျေးဇူးအံ့ဘွယ်၊ ဘဝဂ်ကယ်မျှ၊ ခြောက်သွယ်ပြောင်ပြောင်၊ ကိုယ်တော်ရောင်တိ၊ မိုးခေါင်ပထွတ်၊ ရဲးမှူးတက်သည်၊ မွန်းချက်နေဟန်၊ တန်းခိုးထန်သား၊ နိဗ္ဗာန်ပေးပိုင်၊ စောဘုန်းခိုင်ကို၊ ကြိုင်ကြိုင်ခန်း၊ အပြာကန်တောက်၊ ကြက်မောက်, ခေါင်ရန်း၊ မှော်ရွက်ဝန်းနှင့်၊ ကန်စွန်းမြညို၊ ရေကိုဖုံးလွှမ်း၊ ဟင်းရမ်းရွှေရည်၊ တော်ပြည်, ကညို့၊ ထွားထွားပျို့မျှ၊ လတို့သခင်၊ ဘုရားသျှင်ဟု၊ ကြည်လင်သဒ္ဒါ၊ ရေမျက်နှာထက်၊ နံ့သာလှောင်းလှောင်း၊ ပျံ့လေကြောင်းဖြင့်၊ အပေါင်းချပ်စီ၊ ပွင့်ချင်းပြီ၍။ ။ အညီကုံးလှာ ကုန်၏တည်း


၆၄။ အံ့အံ့မူးမူး၊ ဆက်လွန်ကျူး၍၊ မြင်ဘူးမဲ့တောင်း၊ ကြိုင်နံ့လှောင်းသား၊ ရေကြောင်းတသွန်၊ နတ်အဟန်သို့၊ ဗိမာန်ပြောစည်၊ နဂါးပြည်နှိုက်၊ ယှိသည်များစွာ၊ မာလာဂန္ဓ၊ ပန်းထိုမျှလည်း၊ လူ့ဘထွတ်ခေါင်၊ စောမာရ်အောင်ကို၊ ရည်စောင်ပွင့်ငြား၊ နေနတ်သားလျှင်၊ နှစ်ပါးညီညှိ၊ သွေကြဉ်းဘိလျက်၊ နံ့ထုံသင်းဖြင့်၊ ညင်းညင်းဖြည်းဖြည်း၊ ငြိမ့်ကာတည်းလျှင်၊ မသည်းစေရ၊ ဝတ်ဆံမ၍၊ ဖြည်းချလေနတ်၊ ညှာကြွေဆွတ်မှ၊ လတ်လတ်စီမံ၊ ရှေ့တော်ဆီဝယ်၊ တညီရွှေခဲ၊ ပွင့်ဝတ်လဲးလျက်၊ ဖဲးလေနွမ်းယောင်း၊ တပါးပြောင်း၍။ ။ ပန်းဟောင်းကျုံးလှာ ကုန်၏တည်း


[ သဗ္ဗညု မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ သစ္စာလေးပါးတရားကို သိတော်မူ၍ မာရ်ငါးပါးကို အောင်တော်မူပြီးလျှင် ဝါဆိုလဆန်း ၁၄ ရက်မှသည် ဝါဆိုလပြည့်တိုင်ရုံ ကြွတော်မူခဲ့မှ မိဂဒါဝုန်သို့ သွားတော်မူ၏။ ကောဏ္ဍည အစရှိသော မဟာထေရ်ငါးပါးတို့ကို ဓမ္မစကြာတရားဟောတော်မူ၍ ကျွတ်စေကာ လက်ဦးဝါဆိုတော်မူခဲ့ပြီးမှ ဥရုဝေဠတောသို့ ကြွတော်မူ၏။ ဥရုဝေဠကဿပသျှင်ညီနောင်သုံ:ပါးနှင့်တကွ တပည့်သားတစ်ထောင်တို့ကို ရဟန္တာချည်းဖြစ်လျှင် နောက်ပါစေလျက် ရာဇဂြိုဟ်ပြည်သို့ သွားတော်မူ၍ ဗိမ္ဗိသာရမင်းကြီးအား ဖူးမြင်စေလျက် ဝေဠုဝန်ကျောင်းတော်တွင် နေတော်မူသောအခါ သာရိပုတ္တရာ၊ မောဂ္ဂလာန်၊ မဟာကဿပဟူသော သူမြတ်သုံးပါးတို့လည်း ရဟန္တာချည်းဖြစ်နှင့်ပြီးမှ ခမည်းတော် သုဒ္ဓေါဒနမင်းက ထပ်မနားပင့်လှာရသော် ဆယ်ကြိမ်မြောက် တသောင်းမျှလောက်သော မင်းစေတွင် နှောင်းဆုံးပင့်လာသော ကာဠုဒါယီအမတ်က တပေါင်းလဆန်း သီတင်းနေ့ရောက်၍ ရဟန္တာချည်းဖြစ်လျှင် ရက်လည်ကြာရုံမှ ဥပုသ်အပြည့်နေ့၌ ရှေ့တော်ပြင်ဝယ်ရပ်၍ လက်အုပ်ချီလျက် ဤဂါထာခြောက်ဆယ်ဖြင့် ဘုရားသျှင်ကို ချီးမွမ်းလျက် တောင်းပန်၍ လဆုတ်တစ်ရက်နေ့၌ ခမည်းတော်မင်းကြီးအား ဖူးမြင်တော်မူအံ့သောငှါ ရာဇဂြိုဟ်ပြည်ကသည် ကပိလဝတ်ပြည်သို့ ကြွတော်မူသော အခါ၌ ဇမ္ဗူဒိပ်ကျွန်းတွင်ရှိသော ရေအပေါင်းတို့သည်၎င်း၊ ဆယ်ကုဋေမျှလောက်သော တိရစ္ဆာန်အပေါင်းတို့သည်၎င်း၊ ရေတွင်နေသော ရေပန်းအပေါင်းတို့သည်၎င်း၊ ရတနာသုံးပါးကို ကြည်ညိုရိုညွတ်စွာသော သူမြတ်စိတ်ကဲ့သို့ဖြစ်၍ ပူဇော်လင့်ကုန်သော အခန်းဖြစ်သည်။ ]


ရေကန်သာယာလှ အေးမြနေပုံလျှောက်တင်ခန်း ပြီး၏။

(၁၀) အများလူဗိုလ် ကြည်ညိုကြပုံ လျှောက်တင်ခန်း[ပြင်ဆင်ရန်]

(၄၇) မဂ္ဂဿ ဥဘတော ပဿေ၊
ဂါမ, နိဂမ, သမာကုလာ။
သဒ္ဓါ ပသန္နာ ဇနတာ၊
ရတနတ္တမာမကာ။
တေသံ သမ္ပုဏ္ဏသင်္ရပ္ပေါ၊
သမယော တေ ဉာတိဒဿနေ။


၆၅။ သာဓုသမ္မေတေ၊ ပရမေကိတ္တိ၊ ကြီးဘိလျော်သောင်း၊ သူတော်ပေါင်းတို့၊ ကောင်း၏ဟူသည်၊ နှုတ်ရည်ဩဇာ၊ ရတနာဖြင့်၊ မင်္ဂလာဝှဲခြီး၊ ပူဇော်ပြီးသော်၊ ဘုန်းမီးလျှံဝင်း၊ တို့သျှင်ရင်ကား၊ လူမင်းသောခါ၊ ရာဟုလာကို၊ မျက်နှာမြင်၍၊ ဘွားသည်နေ့နှိုက်၊ ပျော်မွေ့ရွှင်ပါး၊ ဥယျာဉ်သွားရှင့်၊ လေးပါးမှတ်ထင်၊ နိမိတ်မြင်မှ၊ ရွှေစင်ရောင်ထွန်း၊ ဗိမာန်နန်းသို့၊ ညခန်းချမ်းသာ၊ ပြန်လတ်ရာဝယ်၊ ကိသာတွင်ညီ၊ ဂေါတမီလျှင်၊ ပွက်ချီစတောင်း၊ စနည်းကောင်းတိ၊ အပေါင်းလူ, နတ်၊ ယောက်ျားမြတ်၏၊ ရုတ်ဓာတ်ဆင်းဝါ၊ လက္ခဏာကား၊ အင်္ဂါခပ်သိမ်း၊ ရှုရာငြိမ်းဟု၊ ညွတ်တိမ်းကြည်စွာ၊ နိဗ္ဗူတာဖြင့်၊ ပျူငှါရွှင်ဝမ်း၊ ဖွဲ့ချီးမွမ်းလျက်၊ ပြည်တမ်းထိုက်မြဲ၊ ဖိုးရခဲသား၊ ပုလဲရတနာ၊ အချာပြောက်ဆန်း၊ တုမဲ့ကျွန်း၍၊ လျှံထွန်းသရစ်၊ မုတ်စိနစ်သား၊ သွယ်ပြစ်ဆုတော်၊ ပေးသရော်လည်း၊ နှိုင်းလျော်မတန်၊ ကဲးဆလွန်လျက်၊ ပြည့်ဝှန်ကျက်သရေ၊ မြုတေသတိ၊ လှမောဘိသည်၊ သီရိမဟာ၊ မာယာချစ်သား၊ ရွှေဘုရား …၊ ပေါ်ငြားဆန်းထူး၊ ကမ္ဘာဦးက၊ ငုံ့ဖူးရဲးရဲး၊ ပွင့်ချပ်ထဲးဝယ်၊ ဖြစ်ခဲးတုံစွာ၊ ငါးဆူပါက၊ ဗြဟ္မာသိုထား၊ လူ့စီးပွားဟူ၊ ဘုရားရှေ့နှိုက်၊ စဉ်တစိုက်လျှင်၊ ကပ်လိုက်သည်ချည်း၊ တို့သျှင်နည်းနှင့်၊ မိတည်းအရန်၊ နှစ်ဘို့ကျန်သော်၊ ယမန်တခါ၊ ပြည်ကိုခွာ၍၊ မဟာမုနိ၊ တောထွက်ပြီးလျှင်၊ ဃဋိကာရ၊ သက်လှာကျ၍၊ မြစ်စစဲးခြေ၊ ကပ်နှင့်ပေသား၊ နီရွှေခေါင်ရန်း၊ ကြာသင်္ကန်နှင့်၊ နေဝန်းစက်ရောင်၊ ခြည်အထောင်သို့၊ ပြောင်ပြောင်ညိညိ၊ တင့်လွန်းဘိသား၊ မျက်စိအသရေ၊ လှမြုတေကို၊ ကျွတ်ပါလေကောင်း၊ မင်းရှစ်သောင်းနှင့်၊ စောလောင်းသုဒ္ဓေါ်၊ ယသောဓရာ၊ ပဇာပတိ၊ ကလျာဏီ့တို့၊ နန်းညီသားချင်း၊ မောင်မင်းရာဟု၊ မျိုးတစုကို၊ မျှော်ရှုစေချင်၊ ဆယ်စုံတင်လျက်၊ သဘင်ပွဲးဟို၊ တောင်းပန်ဆိုရှင့်၊ ရာဇာဂြိုဟ်ပြည်၊ ရောက်သည်အစ၊ ကြားကလလျှင်၊ တောင့်တလျက်ပင်၊ သာကီဝင်တို့၊ တိုင်းခွင်လွန်ကျူး၊ မြေခြားကူး၍၊ ရှိဦးပူဇော်၊ သုံးလူ့ဘော်ကို၊ ဆွေတော်သီးသီး၊ ဖူးပန်းကြီးသည်။ ။ ခရီးကြိုညီ ကြိုကြတည်း


၆၆။ တပေါင်းတပေါင်း၊ ဆွေတော်ကောင်းတွင်၊ အကြောင်းတင်မေး၊ လွမ်းတာဝေးသား၊ မိထွေးအရင်း၊ မယ်တော်မင်း၏၊ သားချင်းညီမ၊ မွေးဘတူပြီ၊ ဂေါတမီတုံ၊ ပွက်ချီဩဇ၊ မြင်ချင်ကတိ၊ အစ်မဘုန်းယှိ၊ သီရိမဟာ၊ ဘွားခဲ့ကာလျှင်၊ နတ်ရွာကြွလေ၊ စောသန္ဓေမူ၊ မကြွေရွှေချက်၊ ခုနှစ်ရက်ကို၊ စုံမက်မြတ်နိုး၊ ပန်းနှယ်ပျိုး၍၊ ချီပိုးမအပ်၊ ကိုယ်တိုင်ကြပ်လျက်၊ ဆယ်ထပ်စောင့်ဘန်၊ သက်ထက်လွန်မျှ၊ မင်းနန်အထွေး၊ ငါ့ရင်သွေးကို၊ လုပ်ကျွေးတပါး၊ ထိန်းယထား၍၊ သီးခြားအထူး၊ ဝိုက်လွှဲကျူးရှင့်၊ ကျေးဇူးအဟို၊ ခံပါလို၍၊ ပုဂ္ဂိုလ်မျာ့းခေါင်၊ ကြီးပြင်းအောင်လျှင်၊ မစောင်ရင်နို့၊ ငါသာစို့၍၊ မွေးတို့ရကျိုး၊ ပြည့်အင်ဖြိုးမျှ၊ ထမ်းပိုးကြင်ဆ၊ သားချစ်ဘကို၊ လောကသုံးပါး၊ အထွတ်ထားသား၊ ဘုရားဖြစ်ပြီး၊ မြော်ချင်ဘိခဲ့၊ အရှိမြင့်မိုရ်၊ ချမ်းရိပ်ခိုသား၊ ခဲအိုယှဉ်ဘော်၊ သုဒ္ဓေါ်ဘမင်း၊ ဆွေသည်းရင်းနှင့်၊ ချက်ချင်းယခု၊ သဗ္ဗညုတွင်၊ တစုတူပင်၊ ကျွတ်ကြချင်ဟု၊ ရည်ထင်သံမြ၊ မှာလိုက်လှ၏၊ ထိုမှတပါး၊ ဆွေတော်များလည်း၊ တရားမဂ်ဖိုလ်၊ ရပါလို၍၊ ကုသိုလ်ဆယ်ပါး၊ ရည်၍ထားသည်။ ။ မင်းများကိုယ်စီ ကိုယ်ငှတည်း


၆၇။ အကြောင်းအကြောင်း၊ ပြန်လိုက်ရှောင်းသည်၊ ချစ်ဟောင်းပွက်ချီ၊ ဆိုးသွေးသီသော်၊ ဒေဝီယသော်၊ မိသူတော်တုံ၊ မပျော်နှလုံး၊ ဓိဋ္ဌာန်သုံးလျက်၊ ပုံထုံးနည်းဆောင်၊ လူတို့ဘောင်ဝယ်၊ အိမ်ထောင်မယား၊ သူတပါးကား၊ မြောက်သားမတော်၊ မျိုးဘော်မထပ်၊ ကြမ္မာစာလည်း၊ ချစ်အပ်၍သာ၊ မေတ္တာမတင့်၊ ကွာသည်မြင့်ဟု၊ လွမ်းခွင့်ဖြေတိမ်၊ ဆည်းတားငြိမ်၍၊ စိုးရိမ်ဗျာပါ၊ ဖြေတတ်ရာ၏၊ ဥက္ကာမုခ၊ မင်းလှဖြစ်ခြင်း၊ မခြားလျှင်းတိ၊ သနင်းကြင်ဖက်၊ ငါ့ထိပ်ထက်ဝယ်၊ ဘွားဘက်တရှိ၊ တဇာတိဖြင့်၊ သီရိမဟာ၊ မာယာသားချင်း၊ မွေးဘမင်းတူ၊ တအူတကြိုး၊ နွယ်ရိုးမယွင်း၊ မယ်မင်းမောင်ကြီး၊ ဦးရီးမင်းကျော်၊ သုဒ္ဓေါ်ရင်နှစ်၊ ဓမ္မရာဇ်လျှင်၊ အဖြစ်ထူးဆန်း၊ ရွှေသင်္ကန်းနှင့်၊ ဦးစွန်းဖြတ်ဖြတ်၊ ဆွမ်းဝတ်ခံခံ၊ သူ့နိုင်ငံတွင်၊ မကြံစတင့်၊ မကျင့်စတောင်း၊ ရှေးမင်းဟောင်းနှင့်၊ အကြောင်းယူမူ၊ မတူလေဘဲ၊ မှတ်ထွေကွဲး၍၊ ဆင်းရဲးတရေး၊ တို့ ဘိုး ဘေးလည်း၊ ရပ်ဝေးတပါး၊ ခြေကျင်သွားဟု၊ မကြားစဖူး၊ အံ့ကာမူးခဲ့၊ ကျေးဇူးများရှင်၊ ငါ့သခင်ကို၊ မောင်ပင်သူမြတ်၊ ကာဠုမတ်လျှင်၊ ညွတ်ပြတ်ရိုသေ၊ ပြန်ပါလေဟု၊ သံချေမှာသီး၊ ခြင်းရာမှီးသည်။ ။ ပန်းကြီးဆိုချီ ဆိုချတည်း


၆၈။ မပြောင်းမပြောင်း၊ ရှေးဖြစ်ဟောင်းက၊ စုံပေါင်းမကွာ၊ ဆက်ရှည်စွာတုံ၊ ယွင်းရာမဲ့ဘဲး၊ ဘဝလှဲးလည်း၊ မကွဲးတူနေ၊ ကြာနှင့်ရေသို့၊ သင်္ချေလေးတန်၊ သောင်းဆယ်ပြန်တိ၊ အားသွန်လုံ့လ၊ ဂုဏ်ဉာဏကို၊ ထောင်စစဉ်ဝေး၊ သံသာရှေးနှိုက်၊ ကံကျွေးဒါန၊ ရင်းချာလှ၏၊ ထပ်ဆကာကာ၊ ဝါသနာကြောင့်၊ မဟာဒေဝီ၊ ကြုံလှီညှိုးငယ်၊ သနားဘွယ်တိ၊ နှိုင်းဆွယ်မမြော်၊ မြောက်သားတော်လျှင်၊ ရွှင်ပျော်ခိုင်ဆုန်း၊ ရွယ်စံတုန်းက၊ ရှေးဘုန်းပညာ၊ သမ္ဘိဒါဖြင့်၊ သစ္စာမုံကြီး၊ ရင့်လှပြီးသော်၊ မြင်းထီးဖြူကဏ်၊ နောင်ဆန်နှင့်သာ၊ ညဉ့်ခြင်းခွါ၍၊ ကေသာဆံရှင်၊ ကောင်းကင်လွှတ်လွှတ်၊ ပစ္စူချွတ်လျက်၊ မိုးထွတ်ဗြဟ္မာ၊ မြစ်နော်မာတွင်၊ ကပ်လှာသင်္ကန်း၊ ရဟန်းဖြစ်ပြီး၊ ကျင့်ကြီးဒုက္ကရစရိယာ၊ အစာဆင်ခြင်၊ ခြောက်နှစ်စင်ဟု၊ သို့ပင်ခေါင်းပါး၊ မေးတင်းကြားမူ၊ ဆီးတားမတံ့၊ စိုးလွင့်ပျံ့လျက်၊ ဆယ်ရံ့ရံ့ခါ၊ ရာဟုလာကို၊ ဖျော်ရာမျက်ရှု၊ ကြေးမုံပြုလည်း၊ အတုနှိုင်းလွတ်၊ ဦးထိပ်မှတ်သား၊ သိဒ္ဓတ်ကုမာ၊ ရက်လှစွာ၍၊ ချစ်မပါငဲ့၊ တောထွက်ခဲ့က၊ ချဲ့ချဲ့ဆွတ်ဆွတ်၊ သည်းအူပြတ်မျှ၊ တိမ်းညွတ်ကြင်သက်၊ မျှော်လှည့်လျက်လျှင်၊ ဘွားဘက်တော်သည်၊ ကွာမြင့်ရှည်သော်၊ ရွှေပြည်ဝှန်ဝှမ်း၊ တ များလွမ်းသည်။ ။ ပြိုက်ရွှမ်းယိုပြီ ယိုကျတည်း


၆၉။ တချောင်းတချောင်း၊ သက်ထက်ပေါင်း၍၊ ပွင့်ညောင်းသစ္စာ၊ ရှေးသံသာက၊ မေတ္တာမြဲးကိတ်၊ ချစ်သည်စိတ်ကြောင့်၊ ဆွေမိတ်ချစ်ခြင်း၊ မိစိုးမင်းလျှင်၊ သီတင်းရှစ်မည်၊ တရားတည်လျက်၊ ဆံချည်ဆယ်ခြမ်း၊ ရွှင်သည့်ဝမ်းဖြင့်၊ ပြောက်သမ်းမထင်၊ သို့စင်တောင်တာ၊ ရှည်မြင့်ကြာလည်း၊ ကြင်နာကဲးဆ၊ ကျွတ်ထိုက်လှ၏၊ ဒီပကျွန်းတွင်၊ ပြည်ထောင်ချင်းကို၊ သံညင်းမိန့်ချေ၊ သုဝဏ်ပေနှင့်၊ ရွှေ, ငွေလက်ဆောင်၊ သိန်း, သန်းအောင်တိ၊ မြားမြောင်စုကျင်း၊ ကိုယ်လုံးနင်း၍၊ ထံရင်းလူရိပ်၊ ပွက်လှာရိပ်က၊ တံဆိပ်ပုံတူ၊ ထိုမျှလူအား၊ စိတ်ဖြူမတန်း၊ မတပ်စွန်းတည့်၊ ထူးဆန်းကျင့်နေ၊ မြတ်ထွတ်ပေ၍၊ မြုတေဂုဏ၊ ကျွတ်ထိုက်လှ၏၊ သီလမယွင်း၊ စောင့်စည်းပြင်းလျက်၊ ပြိန်းဖျင်းမြန်လူ၊ မျိုးခြားသူနှယ်၊ မယူမစပ်၊ နှိုင်းရာလပ်၍၊ လူ့ရပ်ဝယ်သား၊ ခြောက်ပါးနတ်ပြည်၊ ရှာဖွေနှည်လည်း၊ တူသည်မယှိ၊ ရာဟုမိကား၊ တရှိဘွားဘက်၊ ဖြစ်ခေါက် ရက်လျှင်၊ ရွှေစက်အထံ၊ အသက်နှံ၍၊ ကောင်းကြံရည်မျှော်၊ ချီးမွမ်းတော်ကို၊ သုံးဘော်ပွဲးတွင်၊ ဦးထိပ်ပြင်ထက်၊ ကြည်လင်ရိုသေ၊ ရွက်ရစေဟု၊ ညီပေထဲမှ၊ မှတ်ထိုက်လှ၏၊ ဤမျှပျော်ခင်း၊ သခင်မင်းနှင့်၊ ဝင်းဝင်းရိပ်ငြိမ်၊ နန်းရွှေအိမ်ထက်၊ စည်းစိမ်တူကွ၊ မစံရလည်း၊ သုခသမ္မော်၊ ပြည်မြတ်ကျော်မှ၊ နောက်တော်မကွာ၊ လိုက်ချင်စွာဟု၊ ဗြဟ္မာစိုရ၊ ဖြူဆွစိတ်ကြည်၊ ဖြောင့်ကြံစည်လျက်၊ ဖန်ရည်ဝတ်မှန်း၊ ထုံးကျစ်စွန်းတိ၊ ပြည့်ဝန်းသော်တာ၊ စန္ဒရာသို့၊ ကလျာငါးထွေ၊ ထွားညက်ချေလျှင်၊ မပြေထုံးပိုင်း၊ ချုပ်ရီမှိုင်းက၊ နေ့တိုင်းပူဇော်၊ လွမ်းစိုက်ခေါ်သည်။ ။ ရိပ်ထော်ခိုမှီ ခိုကြတည်း


၇၀။ တခေါင်းတခေါင်း၊ ညှိစည်းပေါင်း၍၊ ကျင့်ကောင်းသမား၊ လူတကာတုံ၊ လှုပ်ခါပွဲးပြီး၊ မှည့်ရွှမ်းသီးသား၊ ကောက်ကြီး ကောက်လျင်၊ ကျီ, ကြဝင်လျက်၊ အကြင်အကြင်၊ ထက်ဝန်းကျင်မှ၊ ဖူးချင်သည်ချည်း၊ တောတောင်ကြည်းမျှ၊ နရည်းခရာ၊ သံသာခွက်ခွင်း၊ ခရုသင်းတိ၊ ဒုံမင်းသံလေး၊ ဗြူဟေးကုန်ရ၊ သီ, က, မှုတ်, တီး၊ စည်ကြီးသံထင် ပဉ္စင်တူရိယာ၊ မဟာဒါန၊ ဝေငှအလှူ၊ ပစ္စူစုလျား၊ ပိတ်ပါးကျည်းဖြစ်၊ ဦးရစ်ဗောင်းဖျင်၊ ဒုယင်ဆေးစွန်း၊ သင်္ကန်းသပိတ်၊ ပရိက္ခရာ၊ စုံစွာရှစ်ပါး၊ ကရား, ပဲခွပ်၊ ဘိနပ်, တောင်ဝေး၊ ကံကျွေးအသစ်၊ ရေစစ်ကရိုဏ်၊ ဖိထိုင်သလွန်၊ ဗိတာန်ကောင်းယဉ်၊ အင်ပျဉ်ညောင်စောင်း၊ ကိန်းအောင်းမွေ့ရာ၊ ကမ္ဗလာလည်း၊ သဒ္ဓါလှူဘို့၊ ပါကုန်မြို့လျက်၊ ထိုသို့တပါး၊ သူတို့အားကား၊ ဆေးဝါးစုဖက်၊ အညက်ထော်လီ၊ နယ်ဆီစုရ၊ ဧမြငြိမ်စွာ၊ သမကာဖြင့်၊ မြူတာရေချမ်း၊ ကျောင်းတော်လမ်းသို့၊ သယ်ကမ်းရွက်ပို့၊ အချို့သသူ၊ အကြင်လူမူ၊ ထီးဖြူရွှေချက်၊ ညောင်ရွက်ရေစင်၊ သံရှင်ရွှေချူ၊ လူလူပန်းပွား၊ ဖွဲ့လျားကမ်းခွန်၊ ဗိတာန်ကာမိုး၊ ပုဆိုးငွေစောင်၊ သောင်းထောင်ရောင်ဝန်း၊ ကာဖြန့်သန်း၍၊ ဆွမ်းပန်းရသာ၊ သုဒ္ဓါဘုတ်ကောင်း၊ နံ့ပေါင်းကျစ်ကြော်၊ ဆီပေါ်ကင်ဖုတ်၊ သားပြုတ်စမဲး၊ တင်လဲးသကာ၊ ဃနာပျားရည်၊ ပွတ်ကျည်ထောပတ်၊ နှမ်းချွတ်နို့ဓမ်း၊ စားဆွမ်းကြိုင်မွှေး၊ ဘုန်းပေးလောက်အောင်၊ လူ့ထွတ်ခေါင်ကို၊ ရည်စောင်ဗိုလ်ပါ၊ အုပ်အာသီးသီး၊ နိဗ္ဗာန်မှီးသည်။ ။ ဆုကြီးလိုညီ လိုလှတည်း


၇၁။ အသောင်းအသောင်း၊ စည်ပင်ဟောင်းတိ၊ မပြောင်းအိမ်ခြေ၊ ရွာနေနဂိုရ်၊ ထိုထိုနိုင်ငံ၊ လုပ်ကြံဖွဲ့ခြီး၊ သူကြီးသူလတ်၊ မှူးမတ်, သေဋ္ဌေး၊ ပုဏ္ဏေး, ပုဏ္ဏား၊ လေးပါးမျိုးနွယ်၊ ကုန်သွယ်လယ်ထွန်၊ ရောင်းဝယ်ဖောက်စား၊ ရပ်တိုင်းကားလည်း၊ ခွန်အားကိစ္စ၊ လွန်ကုံင၏၊ ဂေါစရဂံ၊ ဆွမ်းတော်ခံ၍၊ ကျိုးနွံရှောင်းရှောင်း၊ စလောင်းရောင်ထင်၊ ရွှေစင်ယောက်ခွက်၊ ပွတ်ချောလျက်တည့်၊ နံ့သက်မွှေးမွှေး၊ သလေးသီတာ၊ သုဒ္ဓါလှိုင်ကြူ၊ လျင်ဆောလှူလျက်၊ ဗိုလ်လူထိတ်ထိတ်၊ ကြည်သည့်စိတ်တိ၊ သပိတ်လက်ဝယ်၊ အလှယ်လှယ်လျှင်၊ သပ္ပါယ်ဖြိုးဖြိုး၊ အကျိုးငါးစု၊ အာယု, ဝဏ္ဏ၊ သုခ, ဗလော်၊ ပညာကျော်သား၊ မျက်မြော်, သံသာ၊ ပွားတတ်စွဟု၊ မြေမှဆိုက်ဆိုက်၊ နဖူးတိုက်၍၊ အမှိုက်ပုပ္ပေါင်း၊ ဆူးယောင်းတံရှယ်၊ ပစ်ယ်သစ်ငုတ်၊ ခလုတ်ကန်သင်း၊ ကုန်းကျင်းညီစိမ့်၊ အနိမ့်ဖို့ဆင့်၊ အမြင့်ပေါက်နိမ့်၊ မွေ့သိမ်ထွားထွား၊ ရွှေဖဝါးဖြင့်၊ တရားရာဇာ၊ မဟာမုနိ၊ ကြွပါဘိလော၊ ပီတိပြောစွာ၊ လျှောက်ပန်ထွာလျက်၊ သဒ္ဓါနှလုံး၊ လူခန့်ကျုံးကို၊ ပခုံးခေါင်းထက်၊ သွယ်ရွက်ခုတ်ထွင်၊ သုဓ်သင်ရှင်းရှင်း၊ ခရီးခင်းကို၊ တူးရွင်း, အိမ်ထား၊ သံပြားစိတ်ဖြာ၊ တူးငှါထမ်းဆောင်၊ သွားသာအောင်လျင်၊ ဖောင်ဖောင်ထွင်လှ၊ နတ်လမ်းမသို့၊ ပုညခေတ္တံ၊ ထေရ်ပျံနှစ်သောင်း၊ သျှင်အပေါင်းနှင့်၊ လူကောင်းသမ္မာ၊ နောက်တော်ပါသား၊ မြတ်စွာအထွတ်၊ နတ်ထက်နတ်၏၊ စက်မြတ်မြုတေ၊ နင်းထိုက်စေဟု၊ ဖုတ်ငွေချောမျှ၊ ညှိညွတ်ကြသည်။ ။ တူးဆွဖြိုညီ ဖြိုစွတည်း


၇၂။ မနှောင်းမနှောင်း၊ သူတော်ကောင်းကား၊ လျင်ကြောင်းလားနှင့်၊ ဖူးချိန်သင့်၍၊ ရွှေဖြင့်တန်ဆောင်၊ ပြောင်ပြောင်ရွှန်းရွှန်း၊ ညီးလင်းထွန်းလျက်၊ မီးပန်းချယား၊ စကားငုံဖူး၊ ဆိတ်ဖလူးနှင့်၊ မီးရှူးရဟတ်၊ သရက်ပြွတ်၏၊ ရုပ်ဓာတ်အလျှံ၊ မီးပျံစိန်ပွင့်၊ ငြမ်းဆင့်မြင့်မိုရ်၊ မီးညို, မီးဖြူ၊ ကြည့်သူမငြီး၊ မီးသင်ကျီးနှင့်၊ တသီးဆန်းလျက်၊ မီးကြွက်ကျည်းပါ၊ ထွေလာမီးဖား၊ အပြားပြားတိ၊ ထွန်းငြားဝါခြင်း၊ ဝိုးဝိုးဝင်းမျှ၊ လင်းလင်းရှိန်ပြေး၊ မှောင်ရိပ်ဝေး၏၊ တင်မေးတင်နာ၊ ရောက်ကုန်လှာသား၊ ပျူငှါပြေပြစ်၊ လူကျစ်လျစ်မူ၊ ပန်းစစ်အကျော်၊ ရွှေလှော်လေးချိန်၊ ဖုံးမသိန်, ကတိုး၊ ထုံရိုးစုံစွာ၊ စမ္ပါ, ကရမက်၊ ပန်းလျက်, အန်ဖတ်၊ ဖျော်နှင့် ခတ်၍၊ လွှံ့ပတ်အနံ့၊ ပျံ့ပျံ့ဒါရူ၊ မွှေးကြူရည်ပျောင်း၊ ကြိုင်နံ့ကောင်းသား၊ ဖော်ပေါင်းသင်ပုတ်၊ နံ့ပရုတ်လည်း၊ ရွှေကြုတ်ရွှေအိုး၊ နံ့သာမျိုးတိ၊ ဖြိုးဖြိုးကြဲးဖျန်း၊ လမ်းတိုင်းသွန်း၍၊ မတန်းမြူမြှေး၊ ကြိုင်နံ့ဧ၏၊ မွှေးမွှေးကြူကြူ၊ တချို့သူကား၊ ပန်းဖြူ, ပန်းနီ၊ ချယ်စီပန်းထီး၊ ပန်းကြီးအမြှောင်၊ ပန်းထောင်လှဆုံး၊ ပန်းကုံးဗိတာန်၊ တမ်းခွန်ပြောက်ကျား၊ မုလေးပွားနှင့်၊ ယမားနေတာ၊ လှုလို့ပါလျက်၊ သဒ္ဓါစိတ်ဧ၊ ကြည်စိတ်ပြေး၏၊ စဉ်ရှေးသံသာ၊ ယာဉ်စကြာဝယ်၊ ခန္ဓာငါးပါး၊ လွှဲးဖေါက်များ၏၊ တရားရုပ်နာမ်၊ တလှုပ်လှုပ်လျှင်၊ မချုပ်လေတတ်၊ ဒုက္ခဝဋ်မှ၊ အထွတ်ချမ်းသာ၊ အရိယာတို့၊ ငြိမ်းရာစတေ၊ နိဗ္ဗာန်မြေသို့၊ မသေမအို၊ ဖြစ်တုံလိုဟု၊ ကုသိုလ်များမြတ်၊ ဖြင်ညီးခတ်မျှ၊ လူ, နတ်ခန့်ချုံး၊ ဖူးလှာရုံးသည်။ ။ အားလုံးဟိုညီ ဟိုကြတည်း


၇၃။ အကောင်းအကောင်း၊ ညှိကြပေါင်း၍၊ ဆယ်ချောင်းစုံလျက်၊ ဦးထိပ်ထက်လျှင်၊ တုဘက်လွတ်ကင်း၊ တရားမင်းဝယ်၊ ဟောခြင်းမဂ်ဖိုလ်၊ ကျွတ်ပါလို၏၊ ကုသိုလ်အရာ၊ ရတနာတိ၊ ပါဘိအများ၊ ပတ္တမြားနှင့်၊ ဥဿဘယား၊ ပြယားနီလာ၊ သန္တာစိန်ကြောင်၊ ဖြူရောင်ပုလဲး၊ မြခဲးဂေါ်မိတ်၊ လျှံဖိတ်ရည်ရှင်၊ ပူဇော်ရင်လျက်၊ သဘင်ကျင်းကျင်း၊ ပွဲးကြီးခင်း၍၊ မင်းလည်းခန့်ချုံး၊ အားလုံးမကျန်၊ ဖူးလှာပန်ရှင့်၊ နက်ဖြန်ညဉ့်က၊ ရွှေစက်ကြွေလော့၊ လောကဗန္ဓု၊ သဗ္ဗညုလျှင်၊ ဥဇုမဂ္ဂံ၊ သျှင်များရံလျက်၊ ထွန်းလျှံညီးညီး၊ ရွှေရည်စီးသို့၊ မင်းကြီးသုဒ္ဓေါ်၊ နေတော်ဌာန၊ ကပိလနှင့်၊ ရာဇဂြိုဟ်မည်၊ ဤပြည်အခြား၊ ခရီးကြားဝယ်၊ အများပရိသတ်၊ ရိုညွတ်စည်းပေါင်း၊ ကြံကုန်ရှောင်း၍၊ တဲးကျောင်းသာစွာ၊ ပြုနှင့်လာသည်၊ သင်္ချာချင့်တွက်၊ ခြောက်ဆယ်ရက်ကို၊ ပန်းသက်မယူ၊ မည်သူမကျန်၊ အချိန်တန်ဖြင့်၊ မလွန်မစောင်း၊ ထေရ်နှစ်သောင်းတိ၊ လူကောင်းသမာ၊ နောက်ပါတော်သား၊ အခါခပ်သိမ်း၊ သာချမ်းငြိမ်းလျက်၊ ပန်းစိမ်းမိုးကာ၊ ရိပ်သာဆိုင်းဆိုင်း၊ ပြိုင်းရရိုင်းလျှင်၊ ကွန့်တိုင်းစက်တော်၊ ချထောက်ရော်၍၊ သွားပျော်မငြီး၊ စီရင်ပြီးသည်။ ။ ဝေးနီးဗိုလ်မှီ ဗိုလ်မျှတည်း


၇၄။ တခြားတခြား၊ ရပ်ရှစ်ပါးမှ၊ တိုင်းကားနိုင်ငံ၊ ဂရုဓံဖြင့်၊ ကောင်းကြံဖြောင့်ဖြောင့်၊ တရားစောင့်သား၊ ရှစ်သောင့်လေးထောင်၊ မင်းကုန်အောင်လည်း၊ လက်ဆောင်များစွာ၊ ပဏ္ဏာကာရ၊ လှူဘွယ်စသား၊ ဒါနဝတ္ထု၊ ပြုအံ့ပန်းကြီး၊ အဖြီးဖြီးလျှင်၊ ခရီးကြိုလင့်၊ ရေကြောင်းသင့်မူ၊ ရေဖြင့်စံသွား၊ မင်းတို့အားကား၊ လှော်ကားအိမ်ဆောင်၊ ရွှေဘောင်ရွှေလောင်း၊ ပဲ့ပေါင်းပြောက်မွမ်း၊ လှေကြီးလှေလျင်၊ မြစ်ခွင်စုန်ဆန်၊ သံဝှန့်ကျိုက်ကျိုက်၊ ဦးစီဆိုက်၏၊ ကြည်းနှိုက်အုပ်ထွေ၊ တောင်ခြေအခင်း၊ အကြင်မင်းတုံ၊ ဆင်, မြင်းရထား၊ လေးပါးစစ်အင်၊ ကျင်းလျက်ပင်တည့်၊ မွမ်းဖြင်ပရိသတ်၊ ရံမှူးမတ်နှင့်၊ ဆွတ်ဆွတ်သဒ္ဓါ၊ စေတနာကြောင့်၊ လျင်စွာစိုက်စိုက်၊ ဖူးနှင့်လိုက်၍၊ အမြိုက်ဝေငှ၊ မုနိန္ဒလျှင်၊ ပွင့်စဆဲးဆဲး၊ ကျော်ဆင့်ကဲးလျက်၊ ရဲးရဲးသစ္စာ၊ ဗြဟ္မာသန္တာန်၊ မဋ္ဌာန်ရွရွ၊ မဂဓဖြင့်၊ လျင်လှပြွတ်ပြွတ်၊ မုက္ခပါဌ်တိ၊ တွတ်တွတ်ညင်းညင်း၊ သာခြင်းချေးချေး၊ ပျံ့မွှေးအကျော်၊ တရားတော်ကို၊ ကြားသော်သဒ္ဓါ၊ ဘာသာစရိုက်၊ လူဗိုလ်လိုက်ဖြင့်၊ နားနှိုက်ဝင်နေ၊ သိကုန်လေသော်၊ စိတ်စေတနာ၊ ကုမုဒါဟု၊ တရာအထပ်၊ ကြိုင်နှံ့စပ်မျှ၊ သုံရပ်နတ်လူ၊ ပိတုန်းဟူသား၊ အူအူသောင်းသောင်း၊ ပျားအပေါင်းတို့၊ ပျံ့လှောင်းဧမြက်၊ ရွှေကြာရက်ကို၊ စုံမက်ဝမ်းတွင်၊ သောက်ကြချင်သော်၊ အရှင်သူကြီး၊ ယိုရာမှီး၍၊ ခရီးသွားဆက်၊ မျှော်လင့်လျက်သည်။ ။ ဦးထက်ကြာငုံ ကြာငုံတည်း


၇၅။ တရားတပါး၊ အမျိုးပြားသား၊ ပုဏ္ဏားမြန်မာ၊ ဗျာပါးစင်းကြန်၊ ကြန်တန်ပျော့ဂျွမ်း၊ ကမ်းယံပြူမြုံ၊ သထုံတလိုင်း၊ စဉ်တိုင်းသက်သား၊ ကုလားပန်းသေး၊ ရပ်ဝေးကျည်းလို၊ သိန်းဃိုဠ်ဗာလိ၊ ဗောဓိပင်ကာ၊ ဘာသာသင်းတွဲး၊ ရပ်လှဲတထူး၊ ကန်တူးနားဘက်၊ တရာသူလှီ၊ စာလီအဘက်၊ အိပ်ပက်စဏ္ဍား၊ ယိုးဒယားနှင့်၊ တခြားသင့်ထောင်၊ ပလောင်လဝ၊ သုဗ္ဘထူးဆန်း၊ ရှမ်းယွန်းဦးပြည်း၊ မျက်နှာမည်းနှင့်၊ ကသည်းကရင်၊ စုံအင်ချင်း, လင်း၊ တနင်္သာရီ၊ ဇော်ဂီသိပ္ပ၊ ကုလာနဟု၊ တရာ့တပါး၊ ပြားသားအထွေ၊ ဇမ္ဗူမြေတွင်၊ နေသားခန့်ချုံး၊ လူ့အလုံးလည်း၊ ရွှေကုံးရတနာ၊ ကြည်စွာပြတ်ပြတ်၊ ပီတိညွတ်လျက်၊ မျက်မှတ်ကြေးမုံ၊ ရှုတုံတုံလျှင်၊ စုံစုံမက်မက်၊ ကြားခက်လျက်သည်။ ။ ကျူးရက်ချာရုံ ချာရုံတည်း


၇၆။ အများအများ၊ ထပ်လတ်ပွား၍၊ မအားခြေချ၊ တိုးကြဦးစီ၊ ကိုယ်ချင်းမှီလျက်၊ ပည်းသီ ထက်ဝန်း၊ သိန်း သန်းသင်္ချာ၊ ရောက်လှာပြောထူ၊ အကြင်လူတို့၊ အယူဝမ်းတွင်၊ ကိုယ်စီပင်လျှင်၊ ဖူးချင်ထပ်ယှိ၊ ကြည့်ဘိစတုံ၊ ဖြစ်ပုံပရိသတ်၊ ရိုညွတ်ဝမ်းမြောက်၊ မျှစင်လောက်ဝယ်၊ တယောက်ငါ့မှာ၊ ငါ့ဘို့သာတည့်၊ မဟာဇိနော်၊ သုံးလူ့ဘော်ကား၊ သံတော်မြရည်၊ ဟောပေသည်ဟု၊ ဆောက်တည်ကြကုန်၊ ပြင်းဟုန်သဒ္ဓါ၊ ဥပမာမူ၊ သော်တာစန္ဒ၊ ကောင်းကင်ဝဝယ်၊ ဆွဆွငြိမ်ဝါ၊ လူတကာတို့၊ မျက်နှာအဆီ၊ ထွန်းပြီတည့်တည့်၊ ပဘာလှည့်သို့၊ လပြည့်သဖွယ်၊ ဆန်းတကြယ်လျှင်၊ ခြောက်သွယ်ရောင်ထု၊ သဗ္ဗညုတုံ၊ အတုမယှိ၊ ပြောင်ပြောင်ညိမျှ၊ သတိပဋ္ဌာန်၊ ကျေးဇူးမွန်တိ၊ ကျွတ်တန်သသူ၊ ကျွတ်စိမ့်ဟူ၍၊ ဇမ္ဗူဒီပါ၊ ကျွန်းမျက်နှာထက်၊ သစ္စာလေးပါး၊ ပွင့်လတ်ငြားက၊ တရားဓမ္မံ၊ ဘဝဂ်ညလျံမျှ၊ ကျော်သံမဆုံး၊ ပန်းနှယ်ကုံး၍၊ အားလုံးအားထား၊ တွေ့ငြားပြီးမြောက်၊ ပြည်ရွာရောက်လည်း၊ တခေါက်ထင်ထင်၊ မြင်ချင်ရှုပြန်၊ အဘန်ဘန်လျှင်၊ မလွန်ခဲးရက်၊ မြတ်စုံမက်သည်။ ။ ဖူးလျက်လာတုံ လာတုံ့တည်း


အများလူဗိုလ် ကြည်ညိုကြပုံ လျှောက်တင်ခန်း ပြီး၏။

(၁၁) မျာစွာနတ်လူ ပူဇော်ကြပုံ[ပြင်ဆင်ရန်]

(၄၈) တေသု တေသု ပဒေသေသု၊
ဒေဝါမာနုသကာ ဥဘော။
ဂန္ဓမာလာဘိ ပူဇေန္တိ၊
သမယော တေ ဉာတိဒဿနေ။


၇၇။ ဗုဒ္ဓသေဋ္ဌော်၊ ကြီးနုဘော်ဖြင့်၊ မမြော်စဘူး၊ ကျေးဇူးဆန်းကြယ်၊ ပျိုနုရွယ်က၊ အံ့ဘွယ်များလှ၊ ဒေဝီလလျှင်၊ ဘွားစဖူးလှာ၊ လက္ခဏာကို၊ ရှုပါလှည့်ချေ၊ ညွတ်ရိုသေဟု၊ ကပ်ခြေလှည့်မှား၊ ဦးစွန်းဖျားထက်၊ ဖဝါးရွှေစက်၊ နင်းလျက်အရောင်၊ ပြောင်ပြောင်ဝင်းဝါ၊ မြင်သောခါလျှင်၊ သစ္စာလေးမည်၊ ပွင့်အံ့သည်ဟု၊ ရွှေပြည်အုပ်စိုး၊ ဘ ရှိခိုး၏၊ ကျော်ဟိုးပြင်းထန်၊ ထိုပြီးလွန်တုံ၊ လယ်ထွန်မင်္ဂလာ၊ ပြုသောခါနှိုက်၊ နေဝါကွယ်စိပ်၊ သပြေရိပ်တွင်၊ စက်အိပ်ပျော်ကြောင်း၊ ထိန်းကယောင်းနှင့်၊ မတ်ပေါင်းရုံခြုံ၊ ရံစေတုံရှင့်၊ ပူရုံညံ့စဲ၊ မွန်းတည့်လွဲလျက်၊ ငြိမ်းမြဲကာဆီး၊ အုပ်သည့်ထီးသို့၊ ပင်ကြီးဇမ္ဗူ၊ ချစ်သူဆပွား၊ ခြည်ရှိန်တားကတ၊ ထိပ်ဖျားဆယ်စုံ၊ ရွက်ပြန်တုံ၍၊ ကြေးမုံအတု၊ သက်မှတ်ရှုလျက်၊ ကျွတ်ဆုထင်ရည်း၊ အငယ်တည်းက၊ ခမည်းမင်းကျော်၊ သုဒ္ဓေါ်ဒန၊ ကဲဆမြတ်ကြင်၊ နှစ်ကြိမ်စင်တည့်၊ ဦးတင်ကော်ရော်၊ ရှိပူဇော်သည်၊ လူ့ဘော်တမွတ်၊ ဘုရားမြတ် ၊ ဘုံထွတ်မြတ်စွာ၊ ဆကာမာနှိုက်၊ သဒ္ဓါကြည်ယုံ၊ နတ်တို့ဘုံလည်း၊ အဟုံဖြင်ညီး၊ လမ်းစဉ်မှီး၍၊ ခရီးထက်ခွင်၊ ပွဲသဘင်ဖြင့်၊ မိုးပြင်ပိတ်မျှ၊ လာကုန်ကြသား၊ ဘုမ္မမြေစိုး၊၊ ရုက္ခစိုးတတိ၊ တန်းခိုးကြီးစွာ၊ ဂန္ဓဗ္ဗာတို့၊ ညီညာပေါင်းညှိ၊ သန္တုဿိတ၊ သုယာမ်စသား၊ ပဉ္စမာလီ၊ အညီဣန္ဒ၊ အင်္ကုရနှင့်၊ ဟေမဝတာ၊ ဘာသာတာဂီရိ၊ မာတလိဟု၊ မည်ယှိထင်ရှား၊ နတ်များမင်းလည်း၊ ဘုရားမြတ်ကို၊ ဖူးလင့်ဆိုလျက်၊ မဂ်ဖိုလ်ကုန်စယ်၊ ရကောင်းဘွယ်လျင်၊ လှယ်ပယ်ရင်းထုတ်၊ ကြိုးကုတ်လုံ့လ၊ စေ့ပျိုးမှတည့်၊ လေဘမြှေးရိ၊ ဝိဇ္ဇာငြိသား၊ ဒိဋ္ဌိဝါဒ၊ မိုက်မောဟကြောင့်၊ ဩဃမြစ်ယဉ်၊ သံယောဇဉ်ကို၊ ဖဲကြဉ်လွတ်နိုင်၊ ကူးခတ်ပိုင်၍၊ မပြိုင်ရန်သူ၊ သေမင်းဟူလည်း၊ မပြုလှာလျှင်း၊ ဘေးမှကင်းသား၊ သားချင်းပြည်မွန်၊ မြိုက်နိဗ္ဗာန်သို့၊ မကျန်သွေးဆောင်၊ ရောင်လျှင်းအောင်ဟု၊ တိမ်တောင်မြင့်ဖျား၊တိမ်ကြားရပ်မှ၊ ကိုယ်ထင်ပြ၍၊ နေ လနတ်သား၊ နတ်အများနှင့်၊ သိကြားရှေ့တည်၊ ရှိဦးရည်လျက်၊ ခြောက်ပြည်ရပ်ထင်၊ ဖူးလှာကျင်သည်။ ။ ကောင်းကင်အနှံ့ အစပ်တည်း


၇၈။ အသီးအသီး၊ ကုသိုလ်ကြီး၍၊ ထိုပြီးတရပ်၊ နေမှတ်အပ်သား၊ အကွပ်စိုးမှူး၊ ဘီလူးကုမ္ဘဏ်၊ ယုဂန်ထိပ်ဖျား၊ နတ်လေးပါးနှင့်၊ သိကြားယုံကျုံ့၊ ဝိသကြုံလည်း၊ ပဇ္ဇုန်ဖျန်းဆွတ်၊ သူရဿတေ၊ မဟေသရ၊ ဇဝနဟု၊ သောမ မာယာ၊ မဟာဂီရိ၊ မဏိမေခလာ၊ ဂင်္ဂါရေစိုး၊ နတ်မျိုးဖုတ်ပြိတ်၊ မရမိတ်သွာ၊ ကဝါလမိုင်း၊ နေ့တိုင်းမချာ၊ ရောက်နှင့်လှာလျက်၊ သဒ္ဓါရွှင်းရွှင်း၊ တရားမင်းဝယ်၊ သီတင်းအားထုတ်၊ ဥပုသ်ရှစ်မည်၊ ဆောက်တည်ချင်လွန်း၊ ပီတိမွန်းလျက်၊ နတ်ပန်းဖျော်ဖျော်ဖျော်၊ ပူဇော်အားရမ်း၊ မလ္လာပန်းဖြင့်၊ ရွှင်ဝမ်းမြောက်မြောက်၊ ကျူးသံထောက်လျက်၊ တယောက်မလွတ်၊ ရိုညွတ်ကိုယ်စီ၊ လက်အုပ်ချီ၍၊ ပန်းသီပန်းကုံး၊ လှဆုံးပန်းခိုင်၊ စွဲလျက်ကိုင်၍၊ ပည်းလှိုင်ဂုဏ၊ သုံးလူ့ဘကို၊ မျှော်ကြပြောပြော၊ ရှုမိန်းမောလျက်၊ စိတ်ဇောကြည်လင်၊ ဦးထိပ်တင်သည်။ ။ သောင်းခွင်အလှုံ့ အထပ်တည်း


၇၉။ အဖြီးအဖြီး၊ ရှုမငြီးသား၊ ခရီးဦးကြို၊ ဖူးလင့်ဆိုလျက်၊ မြင့်မိုရ်အထိပ်၊ သားချင်းရိပ်ဖြင့်၊ သုံးကျိပ်သုံးပါး၊ ကစားပျော်ဌာန်၊ နန္ဒဝန်သို့၊ တသွန်စပ်ကြ၊ မွေ့လျော်လှသား၊ စိတ္တလတာ၊ ဥယျာဉ်သာဝယ်၊ ကလျာမဉ္စူ၊ ဇမ္ဗူနဒီ၊ ဆွတ်ခဲ့သီ၍၊ တူညီလေးမည်၊ မျိုးဆွေသည်နှင့်၊ ချစ်ကြည်စံပ၊ မေတ္တာငှ၍၊ မာဃလုလင်၊ စီရင်တတ်ပွန်၊ ဧရာဝဏ်ထက်၊ ဝေဘန်မျှော်ရှု၊ အမှူးပြု၍၊ ကောင်းမှုဆောက်တည်၊ ရွှေပြည်သိကြား၊ ရှေးဦးသွားမူ၊ အများခြွေရွေ၊ သုံးကုဋေနှင့်၊ မြတ်ထွေခြောက်သန်း၊ ရံပတ်ဝန်းလျက်၊ ပျံ့မွှန်းကြိုင်စွာ၊ မြိန်သုဓါတိ၊ နန္ဒာကန်ရေ၊ ယူခပ်လေ၍၊ မြုတေဖဝါး၊ ခြေတော်ဖျားကို၊ ညွတ်တွားသပ်ဖျန်း၊ ချမ်းရေသွန်းလျက်၊ နတ်ပန်းပွင့်ထီး၊ သီကုံးကြီးဖြင့်၊ ခရီးလမ်းခွင်၊ ပူဇော်ကျင်သည်။ ။ ကြောင်းလျှင်မဆံ့ မလပ်တည်း


၈၀။ အဆီးအဆီး၊ လမ်းခရီးနှိုက်၊ ဖြင်ကြိးခပ်မျှ၊ စိုးကုန်ကြသား၊ ရုက္ခသစ်ပင်၊ မြေပြင်ကုန်းကျင်း၊ အိုင်အင်းခြောက်မြောင်၊ တောတောင်လယ်ယာ၊ အိမ်မှာမှောင့်ရောင့်၊ စောင့်သည့်ရွာပြည်၊ နေသည်မကျန်၊ ထိုမှလွန်သား၊ ယုဂန္ဓရ၊ ဣသိန္ဓဟု၊ ကရဝိက၊ နေမိန္ဒနှင့်၊ သုဒဿန၊ ဝိနတက၊ အဿကဏ္ဏာ၊ ဂင်္ဂါပေါ်ရန်း၊ ခြားဆီမှန်းလျက်၊ နေဝန်းစက်ရောင်၊ သုံးကျွန်းဆောင်၍၊ ညဉ့်မှောင်ထက်ဝန်း၊ ပတ်လည်ထွန်းလျက်၊ ရံသန်းဌာန၊ မြင့်ဖြူးလှသား၊ စကြဝဠာ၊ သင်္ချာကျယ်မြတ်၊ တံတိုင်းထွတ်ထက်၊ နေမှတ်တသွန်၊ ဘုံဗိမာန်တွင်၊ နတ်မွန်အပေါင်း၊ နတ်သူကောင်းလည်း၊ လမ်းကြောင်းအဆီ၊ လက်အုပ်ချီ၍၊ အင်္ဂီရသ၊ ဗုဒ္ဓဝီရော်၊ ဘက်မဲ့ကျော်သား၊ သုဒ္ဓေါ်ဒန၊ မင်းလှချစ်သား၊ မြတ်ဘုရား၏၊ တရားမြတ်လွန်း၊ နိဗ္ဗာန်ပန်းကို၊ ဝန်းဝန်းကုံးပြီး၊ ယဂင်ကြီးဖြင့်၊ ညီးညီးရောင်ထင်၊ ဦးနှိုက်ဆင်လျက်၊ အကြင်နတ်လူ၊ အတူတူလျှင်၊ စင်ဖြူညစ်ကြေး၊ ဇာတိဝေးလျက်၊ သေဘေးမထိ၊ မယှိဇရာ၊ ရောဂါဘယ၊ သောကယ်နိုင်၊ ထွတ်ဖျားတိုင်သား၊ လွန်ကြိုးစားလျက်၊ တရားနာချင်၊ ရောက်လိုသောအား၊ လွန်ကြိုးစားလျက်၊ တရားနာချင်၊ လာကုန်ကျင်သည်။ ။ ဆောလျင်မငံ့ မရပ်တည်း


၈၁။ အကြီးအကြီး၊ ခုံမြောက်ပြီးမှ၊ အသီးစိုးပိုင်၊ ကွပ်ညှပ်နိုင်သား၊ လက်ခိုင်ယက္ခ၊ ပုဏ္ဏကနှင့်၊ ဝဿဝရော၊ တာနောယက္ခ၊ အဿမုခီ၊ ဒဿရီတို့၊ စန္ဒီကျော်ရှိန်၊ သုရိန်တကွ၊ အဠဝက၊ ကုသမင်းစိုး၊ ဗိဿနိုးနှင့်၊ တန်းခိုးပြင်းထန်၊ ဝေဿဝဏ်လည်း၊ စိတ်သန်ကြည်လင်၊ မြတ်ချင်သျှင်ကို၊ ဦးတင်ညွတ်တိမ်း၊ သဒ္ဓါရှိမ်းလျက်၊ နတ်စိမ်းမိစ္ဆာ၊ ဖဲလေခွါဟု၊ သံဝါမွှန်းမွှန်း၊ နှင်လိုက်တွန်း၍၊ ဆန်းသားကျေးဇူး၊ ဘော်သုံးဦး၏၊ မီးရှူးတန်ဆောင်၊ စောဘုန်းခေါင်ကို၊ လွှဲရှောင်နှင့်ထွေ၊ ပုန်းကွယ်လေဟု၊ ဆိုပေဖြန်းဖြန်း၊ ခြိမ်းလျက်မန်းက၊ ရွံ့လွန်းခန်းငြား၊ ကျွန်းတပါးသို့၊ ပြေးသွားရှောင်ခါ၊ နတ်မိစ္ဆာတို့၊ သံသာရှေးဖြစ်၊ ကျင့်ခြင်းညစ်၍၊ သျှင်ချစ်ဘုရား၊ သုံးလူ့ဖျား၏၊ တရားရသာ၊ မကြားပါသော်၊ မိစ္ဆာအလို၊ နောင်တဆိုလျက်၊ ထိုထိုရပ်မှ၊ ဖဲလေရ၍၊ အားကျမာန်နွံ၊ လွန်ကြောက်ရွံသည်။ ။ စိမ်းဆွံမဝံ့ မကပ်တည်း


၈၂။ အပြီအပြီ၊ ထုံးသွေးသီ၍၊ ညီညီညွတ်ညွတ်၊ သမာနတ်တို့၊ သိတတ်ကိုယ်ရမ်း၊ ရှာစူးစမ်းသော်၊ ပေါ်လွမ်းစကာ၊ နတ်တို့ရွာမူ၊ သာသာပျော်ပျော်၊ မွေ့လျော်စလို၊ ကုသိုလ်မပွား၊ တရားမရ၊ အနိစ္စနှင့်၊ ဒုက္ခဘန်များ၊ အနတ္တားဟု၊ စက်သွားအသွင်၊ စောင့်လျက်ပင်ကို၊ မထင်မေ့ကျန်၊ ဘုံဗိမာန်နှိုက်၊ လွန်သည်နေ့ရက်၊ နတ်တည်သက်ဖြင့်၊ ချင့်တွက်သွေးသုန်၊ ကြမ္မာကုန်က၊ မျောစုန်သောယောင်၊ သင်းဘောဘောင်လျင်၊ ခနောင်ဝဲစပ်၊ တံပိုးကပ်၍၊ ကူးခပ်မသာ၊ ပါယ်လေးရွာနှိုက်၊ တဏှာနှောင်ချည်၊ မြစ်ရင်းစည်ခဲ့၊ လူ့ပြည်တမူ၊ ဇမ္ဗူဒီပါ၊ ကျွန်းမြတ်စွာထက်၊ ဥက္ကာမုခ၊ မင်းလှမျိုးစစ်၊ ဘုရားဖြစ်၍၊ ကျော်လှစ်အဝှန့်၊ ပွားပြန့်ခြင်းရာ၊ ထိုနတ်မှာထက်၊ သစ်ထူးတက်အံ့၊ ရမ္မက်ဒေါသာ၊ ထောင့်ငါးရာနှင့်၊ ဇရာ သောက၊ ဗျာဓိစသား၊ ချစ်ကြကွာခြင်း၊ ဘေးတိကင်းလျက်၊ သေမင်းယမက၊ လက်ခြေချသား၊ ပြည်မရွှေမြို့၊ ချမ်းရိပ်သို့လျှင်၊ လူတို့နိဗ္ဗာန်၊ ရကုန်မှန်လိမ့်၊ ဆော်ဖန်ညီညွတ်၊ ဖူးလှာလတ်ဟု၊ မည်မှတ်စကား၊ ဆိုကြငြားသည်။ ။ နတ်များဦးတိုင် ပဲ့လှည့်ထည်း


၈၃။ တညီတညီ၊ ကုံး၍စီမှ၊ သီသီကက၊ နတ်မိန်းမတို့၊ ရှေ့ကစံသွား၊ နတ်ယောက်ျားမူ၊ ပန်းပွားလှပ်လှပ်၊ ဖြည်းလေယပ်လျက်၊ ကျူးရပ်တသီး၊ ဗြဟ္မာကြီးလည်း၊ ရွှေထီးနေတား၊ နတ်သိကြားကား၊ ငါးပါးဝန္ဒနာ၊ ကြည်စွာရွှင်းရွှင်း၊ ခရုသင်းကို၊ မှုတ်ခြင်းမြမြ၊ ဂန္ဓဗ္ဗကား၊ ဇော်တအအုံ၊ လွှမ်းခြုံပြယား၊ ထွတ်ဖျားသန္တာ၊ နီလာအငေါက်၊ လက်ထောက်ချစ်ဘွယ်၊ အနွယ်ပတ္တမြား၊ ညှို့များမြချည်၊ သာသည်ညင်းညင်း၊ မြည်ခြင်းလေးထွေ၊ လက်သံခြေဖြင့်၊ မြုတေဂုဏ်တော်၊ ပတ်လွှံကျော်သည်၊ သုဒ္ဓေါ်စောလောင်း၊ မင်းကောင်းချစ်သား၊ ဘုရားငါ့သျှင်၊ နာစေချင်ဟု၊ ညှို့ခွင်မလျှော့၊ မလျော့မတင်း၊ အခြင်းခြားနား၊ သုံးလူ့ဖျား၏၊ ထံပါးနှိုက်တွင်၊ စောင့်လှာကျင်လျက်၊ နတ်ရှင်သိကြား၊ ပျော်ပါးစိမ့်မည်၊ နာသည်မငြီး၊ သာစွာတီး၍၊ ခရီးစဉ်စိုက်၊ နောက်တော်လိုက်လျက်၊ ရထိုက်ရာရာ၊ သကဒါနှင့်၊ သောတာပန္န၊ နာဂါမ်စသား၊ ရဟတ္တမဂ်ဖိုလ်၊ နဂိုရ်ရွှေအိမ်၊ မြိုက်စည်းစိမ်ကို၊ ပျော်ငြိမ်ရကြောင်း၊ ဆုတောင်းနတ်များ၊ သဒ္ဓါပွားသည်။ ။ တတ်အားမူးမှိုင် မဲ့၏တည်း


၈၄။ ဤသို့ဝန်းဝိုက်၊ ဂါထာပိုဒ်ဖြင့်၊ မကိုဋ် သရဖူ၊ သုံးပါးလူ၏၊ မှန်ကူတန်ဆာ၊ လောကနာကို၊ ဥဒါယိထေရ်၊ မွတ်ကြံစည်တိ၊ နှုတ်ရည်ကောင်းမွန်၊ အားလုံးသွန်လျက်၊ လျောက်ပြန်အကြောင်း၊ ပန်ထွာတောင်းသား၊ တပေါင်းပုသ်ထွက်၊ ခါသင့်ရိုက်နှိုက်၊ နံနက်ညဉ့်က၊ ကပိလသို့၊ ပါဒနက်သန်၊ ဝေဠုဝန်မှ၊ နက်ဖြန်ကြွေပြောင်း၊ ရံနှစ်သောင်းနှင့်၊ လမ်းကြောင်းရှေ့ရှူ၊ ချီတော်မူက၊ ဟူသည်အတိုင်း၊ ထုံးပိုင်းမချန်၊ မြင်သန်မယွင်း၊ ပြည့်စုံလျှင်းသည်။ ။ မှန်ကင်းစိုက်သည့် သဘွယ်တည်း


များစွာနတ်လူ ပူဇော်ကြပုံ လျှောက်တင်ခန်း ပြီး၏။

(၁၂) နိဂုံးလင်္ကာ[ပြင်ဆင်ရန်]

(က) မှတ်လော့နောင်လာ၊ သိစိမ့်ငှါဟု၊ ပညာပဋိဘာန်၊ ကျေးဇူးမွန်သား၊ နိဗ္ဗာန်ပစ္စယော၊ သမ္ဗောသုခမ်း၊ နိဋ္ဌိတမ်းဖြင့်၊ ချီးမွမ်းသာရ၊ ဗုဒ္ဓဂုဏေ၊ ဘုရားဆွေကို၊ ရှာဖွေနည်းနာ၊ ကြိုးပမ်းစွာ၍၊ ဤစာမဉ္ဇူ၊ ပွင့်သည်မူကား၊ ဇမ္ဗူလက်ျာ၊ ကျွန်းမျက်နှာထက်၊ တရာထီးစင်း၊ ဤမျှမင်းတွင်၊ နှိုင်းကင်းသန်လျက်၊ အောင်ချက်ကျွန်းစည်၊ ဝရွှေပြည်ကို။ အရှည်စံရိုး၊ လူ့ထိပ်မိုးသား၊ သတိုးထွတ်ဖျား၊ စောတရား၏၊ မခြားမြေးမြစ်၊ ဧကရာဇ်တိ၊ ဖြစ်သည့်မပျက်၊ ခြောက်ဆက်ဘုန်းယှိ၊ မြောက်လပြီ့တွင်၊ သီရိသုဓမ္မရာဇာ၊ အချာအထွတ်၊ သားတော်လတ်လျှင်၊ တမွတ်ရွှေတောင်၊ အုပ်စိုးဆောင်က၊ အခေါင်မြုတေ၊ ကောင်းကင်နေသို့၊ သန္ဓေသီရိ၊ ရဲရဲညိမျှ၊ နရပတိရာဇာ၊ မဟာခတ္တိယ၊ ပေါ်စထွန်းလစ်၊ ဓမ္မရာဇ်ဟု၊ စင်စစ်မင်းကောင်း၊ ဗောဓိညောင်းလျှင်၊ ဘေးလောင်းမည်စံ၊ မုနောခံက၊ နိုင်ငံတိုင်းကား၊ ဝန်းလျားကျယ်စွာ၊ လူတကာကို၊ မေတ္တာဖျန်းဆွတ်၊ ချမ်းစေတတ်သား၊ မင်းမြတ်လက်ထက်၊ သုံ:ပုံနက်ဝယ်၊ သိခက်ခဲလှ၊ မာဂဓကို၊ မြန်မာ့ဘာသာ၊ ပျို့လင်္ကာဖြင့်၊ ဆိုပါစတုံ၊ လျောက်ပတ်ရုံလျှင်၊ မွမ်းထုံဓမ္မာ၊ ဒေသနာသည်။ ။ ဂါထာခြောက်ဆယ် ပြီး၏တည်း

ပဌမကမ္ပည်း[ပြင်ဆင်ရန်]

(၁) ဖူးရားမြတ်စွာ၊ ကုသိနာနှိုက်၊ ချမ်းသာမြိုက်မွန်၊ နိဗ္ဗာန်ဝင်စ၊ ထိုကာလနှင့်၊ ပြီးထဤစွာ၊ သာသနာမှ၊ ကြာသည်မြင့်လစ်၊ နှစ်ထောင်နှစ်ဖြင့်၊ ပွားသစ်ခြောက်ဆယ်၊ တနှစ်ဝယ်လျှင်၊ အကျယ်သက္ကရာဇ်၊ ရှစ်နှင့်သတ္တ၊ ကာလကိန်းခန်း၊ အစွန်းကိုးခု၊ ဥတုသရစ်၊ နှစ်ကားဇေယ၊ ကဆုနလလျှင်၊ ပြည့်ဝပုဏ္ဏာ၊ သောကြာဆန်းတက်၊ ဆဲ့ငါးရက်ဝယ်၊ လဂ်ကားကရကဋ်၊ ကြုံလတ်တစု၊ ဂြိုဟ်ရာဟုနှင့်၊ ဂုရုအတူ၊ စန်းမူသိဟ်မှာ၊ အင်္ဂါမေထုန်၊ တသုန်နေဘိ၊ ရဝိဗုဒ္ဓ၊ မိဿအခွင်၊ မိန်တွင်သောကြာ၊ သောရာဓနု၊ ဤသို့စု၍၊ ကျမ်းပြုဆရာ၊ ချီးမွမ်းစွာလျက်၊ ဓာတ်မှာဆန်းစ၊ အမြိတ္တနှိုက်၊ လုံ့လရှာမှီး၊ ဤစာပြီး၏၊ ကောင်းခြီးနုမော်၊ သာဓုခေါ်လျက်၊ ဂုဏ်တော်တရား၊ နှုတ်ဝယ်ထားက၊ လေးပါးပယ်ရွာ၊ လွန်နိုင်စွာ၍၊ ချမ်းသာသုံးတန်၊ စံစားလွန်မှ၊ ပြည့်တန်ဆုကြီး၊ နိဗ္ဗာန်နီး၏၊ မျိုးသီးလေးခြား၊ သူတော်များတို့၊ တရားဆီမီး၊ အောင်စည်ကြီးကို၊ ညီးညီးပြောင်ပြောင်၊ ခါငါးထောင်နှိုက်၊ ရွက်ဆောင်လေ့က၊ ဓါရဏဖြင့်၊ မုဓဩဇာ၊ အရသာဟု၊ ပညာစိတ်ပြား၊ နိဗ္ဗာန်ကြားသည်။ ။ ကျိုးများရှိရာ ဖွေသတည်း


(၂) ဦးထားညွတ်စွာ၊ မုဒိတာနှိုက်၊ ကြည်သာဝမ်းမြောက်၊ သဒ္ဓါပေါက်၍၊ ချိန်ထောက်ကုသိုလ်၊ ပွားစေလို၍၊ မဂ်ဖိုလ်အညွန့်၊ ကြဲးဖြန့်ပညာ၊ ဤသည့်စာမူ၊ နောင်လာမှတ်ညီ၊ ဘုရားမှီသား၊ လောကီဈာန်မြတ်၊ သမာပတ်ဖြင့်၊ ပျံတတ်ဘုန်းယှိ၊ သုရုစိလျှင်၊ ကဝိပျူငှါ၊ လေးဂါထာဖြင့်၊ ထွေသာဂုဏ၊ သုံးလူ့ဘကို၊ သံမြပျံ့ပျူး၊ ချီးမွမ်းဘူးသော်၊ ကျေးဇူးပင်ကို၊ မြင့်မိုရ်သမုဒြာ၊ သင်္ချာမြေထု၊ ဉာဏ်အစုနှင့်၊ ပြိုင်မှုအတူ၊ ကြီးသောဟူရှင့်၊ ဖြောင့်ယူမြတ်စွာ၊ ထိုပမာလျှင်၊ ပညာပွားလို၊ ငါတို့ကိုယ်တုံ၊ မဂ်ဖိုလ်အကြောင်း၊ ရှေးသူဟောင်းတို့၊ ဆုတောင်းတန္တီ၊ ပါရမီကို၊ ပွက်ချီဩဇာ၊ ဂေါတမကို၊ တောင့်တလှည့်ကာ၊ မတွေ့သာလည်း၊ ဂါထာခြောက်ဆယ်၊ နိဒါန်းကျယ်ဖြင့်၊ ဆိုဘွယ်ချီးမွမ်း၊ သုံးပုံကျမ်းကို၊ စူးစမ်းရှာမူး၊ အသင့်ခူး၍၊ ကျေးဇူးရှေ့ခါ၊ ဝါသနာကြောင့်၊ စိတ်ဖြာကြောင်းလျား၊ အိတ်သွန်ကြားသည်။ ။ ယိုးယားချိပါ ပေသတည်း


(၃) စူးစားမြတ်စွာ၊ ပြုရာပြီးနှိုက်၊ ပညာထိုးထွင်း၊ သဒ္ဓါခြင်းဖြင့်၊ ပြီးလျှင်းအောင်အောင်၊ လုံ့လဆောင်လျက်၊ ငါးမြှောင်ဘယက်၊ လည်ဝယ်ပက်လျှင်၊ သုံးခက်မဉ္စူ၊ ပန်းတမူကား၊ ရှေ့ရှူထိပ်ပြင်၊ ဦးနှိုက်ဆင်မှ၊ သဘင်သည်နှိုက်၊ ပမာခိုင်း၍၊ နေ့တိုင်းကြည်ညို၊ ပွားကုသိုလ်တိ၊ ကိုယ်ကိုနှိုးဆော်၊ အာရုံတော်လျက်၊ ရှေးသော်ကာလ၊ သုံးလူ့ဘဝယ်၊ စိတ္တသူကြွယ်၊ လူဆန်းကြယ်ကို၊ ဝမ်းဝယ်မြတ်နိုး၊ ပုံစံခိုး၍၊ ကောင်းကျိုးငှစေ၊ ကြံရှာဖွေလျက်၊ မြတ်စေတနာ၊ သတ္တဝါအား၊ ချမ်းသာသုံးပါး၊ ဤမှာကားဟု၊ တရားတမ်းခွန်၊ ဟောဝေညွှန့်၍၊ နိဗ္ဗာန်ရှေ့ရှူ၊ ကူးမှတ်မူသား၊ ဇမ္ဗူဒီပါ၊ ဆိပ်သာအခငါး၊ ဗောဓိရင်းနှိုက်၊ လေးစင်းဦးတိုက်၊ သင်းဘောဆိုက်လည်း၊ ဘုန်းမြိုက်မြတ်မွန်၊ လွင့်ခဲ့ဟန်ဖြင့်၊ တတန်နောင်လာ၊ ရတနာလျှင်၊ အံ့ပါများလှ၊ အနန္တတိ၊ ဘဝလှေလောင်း၊ ဘော်သုံးကြောင်းနှိုက်၊ ခနောင်းဝဲးလယ်၊ တင်ပေကယ်ပိမ့်၊ ပေါကယ်ကုံင၊ မေတ္တယျတွင်၊ ခဏသူငါ၊ နှီးရင်းရှာလျက်၊ ဥစ္စာအပြား၊ ခုနစ်ပါးကို၊ သိုထားမြဲအောင်၊ ကံကျွေးဆောင်လျက်၊ တတ်ခေါင်ကြံစည်၊ ဖူးအံ့ရည်သား၊ ရွှေပြည်သွားဘော်၊ ဂုဏ်ဖြင့်ဆော်၍၊ သူတော်တို့အား၊ စိတ်သန်ပွားသည်။ ။ ကြိုးကြားညှိပါ ပေသတည်း


(၄) ထူးခြားတတ်ပါ၊ ခုဤခါနှိုက်၊ ချမ်းသာအရ၊ မေတ္တာငှလျက်၊ ဘဝသုံးထပ်၊ လူတို့ရင်ကား၊ နေဝပ်မကျ၊ တကြွကြွလျှင်၊ သုခမမြဲ၊ ရောရာလှဲလျက်၊ ဆင်းရဲချမ်းသာ၊ ပြောင်းပြန်ကာလျှင်၊ ကြမ္မာရှေ့ရည်၊ ဉာဏ်ခြောက်စည်ဖြင့်၊ ရှစ်မည်ကြိုးစင်း၊ ထောင်ညွှတ်ကွင်းကို၊ ရှင်းရှင်းပယ်ချွတ်၊ မဂ်ဖြင့်သတ်၍၊ ချေချွတ်ပါကြောင်း၊ ဆုမွန်တောင်းလျက်၊ ဖြစ်ဟောင်းလွန်က၊ သံဝေရ၍၊ လောဘနိုင်ငံ၊ မျာမဆံတည့်၊ ပုံစံတူလျော်၊ ငါသို့သော်မူ၊ မဟော်သဓာ၊ ပညာနှိုင်းဆ၊ ဝိဓုရသို့၊ ဖြူဆွနှလုံး၊ စင်ကြယ်သုံးလျက်၊ ကျင်ထုံးမှတ်ပိုက်၊ ချမ်းသာမြိုက်ကို၊ စိုက်စိုက်ရှေ့ရှူ၊ အရချူ၍၊ ဖြောင့်ယူသဒ္ဓါ၊ သံသရာလည်း၊ မြတ်ရာရကြောင်း၊ ကုသိုလ်လောင်းလျက်၊ လှူပေါင်းပစ္စည်း၊ တဖြည်းဖြည်းလျှင်၊ မိတည်းသျှင်ကျော်၊ ပွင့်လတ်တော်မူ၊ ရှေးသော်အခါ၊ သုမေဓာလျှင်၊ အင်္ဂါရှစ်ပါး၊ ဈာန်တရားနှင့်၊ ဘုရားဖြစ်၍၊ ကြိမ်လတ်တွေ့သို့၊ အောက်မေ့ခိုလျက်၊ နှုတ်မပွက်တည့်၊ ရေစက်သွန်းပေ၊ သုန္ဓရေကို၊ သက်သေမှတ်လျက်၊ ဘဝဂ်ဝီစိ၊ နှံ့သိတိုင်ကြား၊ ဓိဠာန်ထားသည်။ ။ မိုးဖျားထိပါ စေသတည်း


(၅) ထူးခြားနတ်ရွာ၊ တုသိတာနှိုက်၊ သစ္စာရင့်ညောင်း၊ မိတည်းလောင်းလျှင်၊ တသောင်းမြေထက်၊ လူ့ပြည်သက်၍၊ ရေစက်သွန်းရာ၊ ကြိမ်များစွာလျှင်၊ ဆယ်ဖြာပါရမီ၊ ဖြည့်တိုင်းညီ၍၊ ဘော်မှီရိုင်းပင်း၊ ခုက ရင်းမူ၊ ပင်မင်းကံ့ကော်၊ ပွင့်လတ်သော်လျှင်၊ သူတော်တို့အား၊ အင်ရှစ်ပါးနှင့်၊ ဘုရားမြတ်နှိုက်၊ ဖူးရန်ကြိုက်က၊ ရထိုက်ဆက်ဆက်၊ ဗျာဒိတ်စက်နှင့်၊ စုံမက်ရည်ငံ၊ တည့်မတ်သံရှင့်၊ ပုဂံ မြင်စိုင်း၊ စစ်ကိုင်း ပင်းယ၊ အင်းဝဟူသည်၊ ဘုံနန်းတည်က၊ ရဲစည်အမျိုး၊ တို့ဘေး ဘိုးကား၊ မတ်ရိုးမင်းစည်၊ ကောင်းဆက်ရှည်၏၊ ဤသည်ပညာ၊ ဝါသနာကြောင့်၊ ဆိုသည်မူ၊ အကြင်သူအား၊ ကြည်ဖြူကုသို်လ်၊ ပွားစေလို၍၊ ထိုထိုမျှကျမ်း၊ မသင်ကျွမ်းလည်း၊ စူးစမ်းရှေ့နောက်၊ သဘောထောက်လျက်၊ လျောက်လျောက်ပတ်ပတ်၊ လောကဝတ်တွင်၊ အတတ်သင့်ရုံ၊ ပိုက်အာဂုံတိ၊ ညွှန်းတုံတရား၊ နိဗ္ဗာန်ကြားသည်။ ။ ဝိုးဝါးသိပါ စေသတည်း


ရတုပိုဒ်စုံ[ပြင်ဆင်ရန်]

(၁) အပ္ပမာဏော်၊ အဟော်ဗုဒ္ဓိ၊ တုမယှိသား၊ ဣတိပိသော၊ နယ်ကျက်ပြောလျက်၊ သျှင်စေလူ့ထွတ်၊ ဂုဏ်တော်မြတ်နှင့်၊ မချွတ်မပြား၊ ဤတရားကို၊ မျိုးခြားလေးတန်၊ သူတော်မွန်တို့၊ မဋ္ဌာန်ကရိုဏ်း၊ ဆိုသောတိုင်းလျှင်၊ အားလှိုင်းလုံ့လ၊ ဓာရဏဖြင့်၊ မုခတန်ဆာ၊ ရတနာဟု၊ ဣရိယာပိုထ်၊ လေးပါးကြိုက်လျက်။ ကိုယ်နှိုက်မကွာ၊ ဆောင်ရွက်ပါမူ၊ ရောဂါဒုက္ခ၊ သောကမြူမြှေး၊ ကင်းစင်ဝေးလျက်၊ ဘေးအန္တရာယ်၊ လွှဲဖယ်ကြဉ်ဖဲ၊ စည်းစိမ်မြဲလျက်၊ ကြုံခဲတုံစွာ၊ သာသနာတွင်၊ ခန္ဓာတည်လျက်၊ စီးပွားတက်၍၊ အသက်ရှည်စေ၊ ကုန်သတည်း


(၂) နရနာထော်၊ သုံးလူ့ဘော်တို့၊ ပူဇော်ခံထိုက်၊ ဦးထိပ်နှိုက်လျှင်။ မကိုဋ်သရဖူ၊ ဆောင်းမှတ်မူလျက်။ မဉ္ဇူသီရိ၊ ပျံ့ညှိကြိုင်ကြိုင်၊ ဘဝဂ်တိုင်းသား၊ ကြီးခိုင်နုဘော်၊ သမ္ဗုဒ္ဓေါ်၏၊ ထွေငေါ်ဖြစ်လား၊ ဂုဏ်တော်များကို၊ တတ်အားသမျှ၊ ကုသိုလ်ငှ၍၊ ထက်မှကာမာ၊ ခြောက်ထပ်ရွာနှင့်၊ ဗြဟ္မာနှစ်ဆယ်၊ အပါယ်လေးပါး၊ တခြားလူ့ပြည်၊ ကျင်လည်ကြစွာ၊ သတ္တဝါတို့၊ ချမ်းသာသုံးသီး၊ စံစားပြီးမှ၊ မြို့ကြီးသုခ၊ နိဗ္ဗာနသို့၊ ရောက်ရသောတိ၊ ဖြစ်ကုန်ဘိလျက်၊ မယှိမို့သမ်း၊ ပျော်ငြိမ်းချမ်း၍၊ သုတ်ချမ်းမွေးတွင်း၊ ကြောင့်ကြကင်းလျက်။ အခြင်းမွေ့သိမ်၊ ဗျာပါငြိမ်၍။ ။ စည်းစိမ်တည်စေ ကုန်သတည်း


(၃) ဝယခါကျော်၊ ကြိမ်ငြားတော်တိ၊ လော်ကဗန္ဓု၊ သဗ္ဗညုကို၊ မျက်ရှဦးတိုက်။ မမီလိုက်လည်း၊ မကြိုက်ပါသည်၊ တမည်ဘို့သာ၊ သာသနာနှင့်၊ သင်္ဃာဓမ္မ၊ မွေတော်စသား၊ ဒါနလှူရေး၊ စေ့ပျိုးပေးမှ၊ လိုရုံရ၏၊ ကဲဆသီးလေ၊ မြုတေနက်ကို၊ ကျိုးများယှိ၏၊ နှောင်းပြီးသော်လည်း၊ မြတ်သည်ချည်းလျှင်၊ မိတည်းသျှင်တော်။ ပွင့်လတ်သော်တုံ၊ ဖူးမြော်စေချင်၊ အကြင်သူ့အား၊ စီးပွားလိုလှ၊ ချမ်းသာငှလျက်၊ ဓမ္မဒါနံ၊ ကျော်သံမွှန်ကြား၊ ဤတရားကို၊ ဘုရားဟောတူ၊ နာမှတ်မူဖြင့်၊ ဖြောင့်ယူသဒ္ဓါ၊ သူတော်စွာတို့၊ မိစ္ဆာဝန်တို၊ ဦးလျှိုငြိတွယ်၊ ပစ်ယ်ရန်မြိတ်၊ ဖျောက်တိမ်ပိတ်၍။ ။ ကောင်းစိတ်ကြည်စေ ကုန်သတည်း။


ဂါထာခြောက်ဆယ်ပျို့ ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. ဂါထာခြောက်ဆယ်ပျို့ (ဒုတိယအကြိမ် ed.)။ အမှတ် ၅၃၊ နတ်မောက်သွယ်လမ်း၊ ရန်ကုန်မြို့: ဟံသာဝတီပုံနှိပ်တိုက်။ နိုဝင်ဘာလ၊ ၁၉၆၅။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)