ဂရိအနုပညာ

ဝီကီပီးဒီးယား မှ

ဂရိအနုပညာ[ပြင်ဆင်ရန်]

လက်ရာမြောက်သည့် ရှေးဟောင်းဂရိအနုပညာ ခေတ်အမျိုးမျိုး ကုန်လွန်ကြစေကာမူ ပြောင်မြောက်လှသည့် ရှေးဟောင်းဂရိတို့၏ အနုပညာကား မှေးမှိန်တိမ်ကောလိမ့် မည် မဟုတ်ပေ။ ဂရိအနုပညာ၏ မဏ္ဍိုင်ဖြစ်သော အဆင့်အတန်း မြင့်လှသည့် ရုပ်လုံးထုနှင့် ပန်းချီဆေးရေး အတတ်ပညာများကို နှောင်းလူတို့သည် အမြဲလိုပင် နည်းနိဿယခံယူကြရသည်။


ဂရိလူမျိုးတို့၏ အနုပညာရပ်များဖြစ်သော ဗိသုကာ၊ ရုပ်လုံး ထုနှင့် ပန်းချီဆေးရေး အတတ်များသည် အခြားနိုင်ငံများ၏ အနုပညာရပ်များထက် စနစ်တကျရှိ၍ ဂရိတို့၏ရုပ်တု၊ ရုပ်လုံး၊ အဆောက်အအုံများမှာ အချိုးအစား ကျနလှပသည်ဟု ထင်ရှား သည်။ ထိုကဲ့သို့ ထင်ရှားခဲ့သော အနုပညာရပ်များသည် ဘီစီ ၈ဝဝ မှ ဘီစီ ၅ဝဝ ခုနှစ်အတွင်း၌ ဖွံ့ဖြိုးခဲ့သည်။ ပထမတွင် ဂရိတို့မှာ သိုးထိန်း၊ ဆိတ်ထိန်းများသာ ဖြစ်ချေသည်။ ထို့ နောက် နယ်လှည့်ကုန်သည်များဖြစ်သော ဖီနီရှန် လူမျိုးများ ထံမှ သင်္ချာအတတ်နှင့် အက္ခရာစာလုံးတို့ကို ရရှိကြ၏။ ဂရိ တို့မှာ ဉာဏ်ထက်မြက်သူများ ဖြစ်ကြသဖြင့် ဖီနီရှန်တို့ထံမှ ရသော သင်္ချာနှင်အက္ခရာရေးနည်း အတတ်များကို ဖွံ့ဖြိုးအောင် ပြုစုနိုင်ခဲ့ကြပေသည်။ ဘီစီ ၉ဝဝ မှ ဘီစီ ၇ဝဝ ခုနှစ် ခန့်အထိ ကာလအပိုင်းအခြားကို ဂျီဩမေတြီထွန်းကားသော ခေတ်ဟု အသိအမှတ်ပြုခဲ့ကြ၏။


ဂရိတို့သည် နတ်ကိုးကွယ်ကြသည်။ သူတို့ ကိုးကွယ်ကြသည့် နတ်များမှာ သာမန်လူတို့ထက် တန်ခိုးဣဒ္ဓိပါ၌ ကြီးမားသည် ဟု ယုံကြည်ရသော မီး၊ ရေ၊ နေ၊ လေ စသည်တို့တည်း။ ထို့ အပြင်လည်း လူတို့၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည်တို့ကို စိုးပိုင်သော နတ်အသီးသီးရှိသည်ဟု ယုံကြည်ကြ ၏။ ထိုသို့ ယုံကြည်သည့်အတိုင်းလည်း သူတို့၏ စိတ်ကူး၌ ထင်မြင်လာသော နတ်ရုပ်များ၏ ပုံများကို ထုလုပ်ကိုးကွယ်ကြ သည်။


ပထမတွင် ဂရိတို့သည် ပုံကြမ်းပုံရိုင်းများကိုသာ ထွင်းထု ရေးဆွဲနိုင်ခဲ့ကြ၏။ သူတို့၏ကျန်းမာရေးကို အလေးဂရုပြုသော လူမျိုးများဖြစ်သည့်အတိုင်း ကိုယ်လက်အင်္ဂါအချိုးအစား ကျနမှု ကို အထူးလိုလားကြသည်။ ဤသို့ကိုယ်လက်အင်္ဂါတောင့်တင်း လှပခြင်းကို သူတို့၏နတ်များက နှစ်သက်သည်ဟု ယုံကြည်ကြ ၏။ ဉာဏ်ကောင်းသောဂရိတို့သည် ရုပ်တု ရုပ်လုံးများကိုသာ မက အဆောက်အအုံများကိုလည်း အချိုးအစားကျန လှပစေရန် တစ်စတစ်စ ဂရုစိုက်၍လာခဲ့ကြသည်။ အထက်၌ ဖော်ပြခဲ့သော ဂျီဩမေတြီခေတ်ပိုင်းတွင် ဂရိတို့သည် အဆောက်အအုံများကို ဂျီဩမေတြီစနစ်အရ တိုင်းထွာ ဆောက်လုပ်ခဲ့ကြ၏။ သို့ရာ တွင် ဂရိအနုပညာရပ်များသည် တိုးတက်မှုများစွာ မရရှိသေး ချေ။ ဘီစီ ၄၈ဝ ခန့်အထိ ဂရိလက်ရာများမှာ ရှေးရိုးကျ၍ ပြောပလောက်အောင် လှပတင့်တယ်ခြင်း မရှိသေးချေ။ ဂရိ နိုင်ငံသို့ ထိပါးစော်ကားလာသော အာရှတိုက်မှ ပါးရှင်းလူမျိုး များကို ဘီစီ ၄၇၉ ခုနှစ်၌ တွန်းလှန်နိုင်ကြသည်တွင် ဂရိတို့ ၏ စိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ထိုအခါတွင် ရုပ်တု ရုပ်လုံးများပြုလုပ်၍၎င်း၊ တေးချင်းကဗျာများစပ်ဆို၍၎င်း သူရဲ ကောင်း အာဇာနည်များကို ချီးကျူးဂုဏ်ပြုသည်။ ယင်းအချိန် မှစ၍ ဂရိတို့၏ အနုပညာလက်ရာများသည်လည်း သိသိသာ သာ တိုးတက် ကြီးပွားလာလေသည်။

ဂရိအနုပညာသမိုင်းကို ခေတ်ကြီး ၄ ခေတ်ပိုင်းခြား၍ လေ့ လာနိုင်ပေသည်။ ပထမခေတ်ဟု ခေါ်တွင်ရမည်ဖြစ်သော ဘီစီ ၈ဝဝ ခုနှစ် ခန့်မှ ပါးရှင်းတို့ဝင်ရောက်တိုက်ခိုက်သည့် ဘီစီ ၄၈ဝ ခုနှစ်ခန့် အတောအတွင်း၌ ဂရိတို့၏ရှေးရိုးလက်ရာကြမ်းများကို တွေ့မြင် နိုင်သည်။ အဆောက်အအုံများ၊ ရုပ်လုံးများ၊ ပန်းချီကားများ သည် စနစ်တကျရှိလာပြီဖြစ်သော်လည်း နှောင်းခေတ်လက်ရာ များကို မမီသေးချေ။ ဒုတိယခေတ်ဖြစ်သော ဘီစီ ၄၈ဝ မှ ဘီစီ ၄ဝဝ ခုနှစ်အထိ တွင် ဂရိတို့၏စိတ်ဓာတ်ရင့်သန်မှုကို အမှီပြုကာအနု ပညာရပ် များသည်လည်း တစ်ဟုန်တည်း တိုးတက်လာခဲ့သည်။ ထိုခေတ် လက်ရာများမှာ အဆစ်အချိုး ကျနလှပလာလေပြီ။ ပါးရှင်း လူမျိုးတို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးပြိုကွဲသော အဆောက်အအုံများ၊ အထိမ်းအမှတ်ရုပ်လုံးများနှင့် ပန်းချီကား များကို အားတိုက်အင်တိုက် မွမ်းမံပြင်ဆင်ကြသည်။ ကဗျာ စာဆိုနှင့် ဂီတစာဆိုတို့ကလည်း ဂရိလူစွမ်းကောင်း များ၏ အကြောင်းကို စိတ်ဓာတ်တက်ကြွဖွယ် တေးသီချင်းများ ဖွဲ့ဆို သီကုံးကြသည်။

အနုပညာရပ်များအနက် ပန်းချီဆေးရေးအတတ်သည် ရှေးဦး စွာ ဖွံ့ဖြိုးလာခဲ့ဟန်တူသည်။ အေသင်မြို့နှင့် ဒဲလဖိုင်မြို့ရှိ အဆောက်အအုံ မျက်နှာစာအဆောင်ကြီးများမှ နံရံများတွင် တန်ဆာဆင်ခဲ့ကြသော ပန်းချီဆရာကြီး ပေါ်လစ်ဂနိုးတပ်၊ မိုက်ကွန်နှင့် ပါနီနပ်တို့၏ လက်ရာများမှာ များစွာ ချီးမွမ်း ဖွယ်ကောင်းသည်။ အချို့ပန်းချီကားများတွင် မူရင်းဆေးရောင် များ မရှိတော့သော်လည်း ရေးဆွဲပုံ အချိုးအစား အထားအသို တို့မှာ နည်းစနစ်ကျနမှန်ကန်လှသဖြင့် ယခုခေတ် အနုပညာ ရှင်များ၏ ချီးကျူးအံ့ဩမှုကိုပင် ခံရလေသည်။ ထိုခေတ်အတွင်းမှာပင် အေသင်မြို့၊ အကရော့ပလစ်တောင် ကုန်းပေါ်ရှိ ပါးသီနွန်အဆောက်အအုံကြီး၊ အိုလင်းပီးယားမြို့ရှိ ဇုနတ်မင်း၏နန်းတော်ကြီးအပြင် အခြားမြို့ရွာများရှိ အဆောက် အအုံများကို လှပဆန်းကြယ်စွာ ပြန်လည်တည်ဆောက်ကြပြီး လျှင် ထိုအဆောက်အအုံများကို ကျောက်ရုပ်တုများ၊ ကြေးရုပ် တုများ၊ ပန်းချီကားများ အစရှိသည်တို့ဖြင့် အလှအပ တန်ဆာ ဆင်ကြလေသည်။

ဂရိရုပ်လုံးထုဆရာတို့သည် ကိုယ်လက်အင်္ဂါ အချိုးအစား လှပပြေပြစ်မှုကို အဓိကထားကာ ထုလုပ်လေ့ရှိကြရာ ကျန်းမာ သန်စွမ်းသော အားကစားသမား၏ ရုပ်လုံးများကို ထုလုပ်ကြ သည်။ ထိုခေတ်က ထင်ရှားကျော်စောခဲ့သော ရုပ်လုံးထု ဆရာ ကြီးများမှာ မိုင်ရွန်၊ ပေါ်လီကလိုင်တပ်နှင့် ဖီးဒီးယက်တို့ပင် ဖြစ်သည်။


လေးပစ်သမား၊ လှံကိုင်သမား၊သံဝိုင်းပစ်သမားနှင့် အခြားအားကစားသမားရုပ်လုံးများမှာ အလွန်အချိုးအစား ကျန၍ လှပသောဟန်အမူအရာ ရှိသည်။ မိန်းမရုပ်များကို ထုလုပ်လျှင်လည်း မိန်းမတို့၌ ပြည့်စုံရမည့် စံပြကိုယ် အင်္ဂါအဆစ်အချိုးများကိုယူကာ ထွင်းထုကြပေသည်။ ဗီးနပ်အမည်ရှိ အချစ်နတ်သမီး၏ ရုပ်တုကိုကြည့်လျှင် ဂရိ တို့၏ အမြင်၌ လှပခြင်းသည် မည်ကဲ့သို့ ရှိလေသည်ကို မှန်းဆသိရှိနိုင်ကြပေလိမ့် မည်။

ဘီစီ ၄ဝဝ မှ ၃ဝဝ ခုနှစ်အထိ ကာလအပိုင်းအခြားကို တတိယခေတ်ဟု မှတ်သားခေါ်ဆိုရပေမည်။ အဘယ်ကြောင့်ဆို သော် ထိုခေတ်တွင် ဂရိတို့၏လက်ရာများသည် အပြောင်းအလဲ ရှိလာသောကြောင့်ပင် ဖြစ်သည်။ အထူးသဖြင့် ရုပ်တု ရုပ်လုံး ဖော်နည်းတွင် ပြုပြင်ပြောင်းလဲမှုများ ရှိလာသည်ကိုတွေ့ရသည်။ ဒုတိယခေတ်က ရုပ်လုံးများမှာ အချိုးအစား ကျနလှပသော် လည်း စံပြရုပ်လုံးများသာလျှင် ဖြစ်သည်။ တတိယခေတ်တွင် ရုပ်တုရုပ်လုံးများသည်လည်း ဒုတိယခေတ်ကဲ့သို့ အချိုးအစား ကျနလှပ၍ လက်ရာပြောင်မြောက်ကြပေသည်။ တတိယခေတ် ၏ ထူးခြားချက်မှာကား စံပြရုပ်လုံးများဖြစ်သောအား ကစား သမားနှင့် အချစ်နတ်သမီး၏ ပုံများသာမက လူသာမန်တို့၏ လှုပ်ရှားမှုများကိုပါ ပုံတူယူ၍ ဖန်တီးနိုင်ခြင်းပင် ဖြစ်သည်။ လူ့လောကသဘာဝနှင့် ပိုမိုနီးစပ်လာပြီဟု ဆိုနိုင်သည်။ လူတို့ ၏သဏ္ဌာန်၌ ဖြစ်ပေါ်တတ်သောအမူအရာ အသွင်အပြင်များကို သရုပ်ဖော်နိုင်ကြလေပြီ။ ထို့ကြောင့်လက်ရှိလူတို့ တွေ့ထိခံစားရ သည့် စိတ်စေတနာတို့မှ ဖြစ်ပေါ်လာသော အမူအရာတို့သည် ရုပ်တုရုပ်လုံးများပေါ်တွင် ကွက်ကွက်ကွင်းကွင်း ပေါ်နေပေ တော့သည်။ ထိုခေတ်အတွင်းက ပရက်ဇစ်တလီ၊ စကိုးပတ်၊ တင်းမသီးယပ် အစရှိသော အနုပညာသည်ကြီးများသည် အံ့ဩ ဖွယ်ရာ စူးရှသောအမြင်နှင့် ကျွမ်းကျင်မှု ရှိလှသောကြောင့် ထင်ရှားကျော်စောခဲ့သည်။

ထိုခေတ်အတွင်းမှာကပင် ရောမလူမျိုးတို့သည် ဂရိနိုင်ငံသို့ ဝင်ရောက်လာကာ ဂရိလက်ရာအများအပြားကို ရောမနိုင်ငံသို့ ယူဆောင်သွားကြ၏။ ထို့ကြောင့် ဂရိဟန်ရှိသော အနုပညာ လက်ရာများကို ဂရိနိုင်ငံ၌၎င်း၊ ရောမနိုင်ငံ၌၎င်း၊ တွေ့မြင် ရပေသည်။


ဘီစီ ၃၈ဝ ပြည့်နှစ်အလွန်တွင် ဂရိအနုပညာသည် အသွင်တစ်မျိုး ပြောင်းခဲ့ပြန်သည်။ ဤအကြိမ်တွင်မူကား တိုးတက်မှုမရှိဘဲ တဖြည်းဖြည်းသာ ဆုတ်ယုတ်မှေးမှိန် ခဲ့လေသည်။ ထိုခေတ်ကို စတုတ္ထခေတ်ဟု ခေါ်ရပေမည်။ ထိုခေတ်သို့ရောက်သောအခါ ပန်းချီဆေးရေးအတတ်သည် သာသနာရေးဆိုင်ရာ အဆောက်အအုံများနှင့်သာ သက်ဆိုင်သော အတတ်ပညာ မဟုတ်တော့ဘဲ လူနေအဆောက်အအုံနှင့်လည်း သက်ဆိုင်သော အနုပညာ ဖြစ်လာသည်။ သို့ရာတွင် ထိုခေတ် အခါက ထွန်းကားခဲ့သော ဂရိပန်းချီ၊ ရုပ်တု၊ ဗိသုကာဆရာ တို့၏ အမည်များသည် အနုပညာသမိုင်းတွင် များစွာ မထင် ရှားခဲ့ဘဲ လက်ရာကောင်းများလည်း မှတ်သားလောက်ဖွယ် မကျန်ရစ်ခဲ့ချေ။

ဂရိနိုင်ငံ၌အနုပညာ တဖြည်းဖြည်း ဆုတ်ယုတ် မှေးမှိန် လာခိုက်တွင် နိုင်ငံငယ်ကလေးများ အစိတ်စိတ်ကွဲ၍ ပြည်ထဲရေး မသာမယာဖြစ်ခဲ့သောကြောင့် အနုပညာရပ်သည် ပြန်လည် ဖွံ့ဖြိုးလာရန် မဖြစ်နိုင်ခဲ့တော့ချေ။ စတုတ္ထခေတ်သည် ဂရိအနုပညာ မှေးမှိန်ကွယ်ပျောက်သောခေတ်ဖြစ်သော်လည်း ဂရိပန်းချီဆေးရေးအတတ်သည် ရောမခေတ်တွင် ဆက်လက် ဖွံ့ဖြိုးခဲ့ဟန်တူပေသည်။ သို့ရာတွင် ထိုလက်ရာများကား ရောမ လက်ရာများသာဖြစ်၍ ဂရိနိုင်ငံအနုအပညာအဖြစ် စဉ်းစားရန် မသင့်ချေ။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)