မာတိကာသို့ ခုန်သွားရန်

ဂရစ်လျှပ်စစ်စနစ်

ဝီကီပီးဒီးယား မှ
လျှပ်စစ်ဓာတ်အားပေး ကွန်ယက်၏ ယေဘူယျ အခင်းအကျင်း။ ဗိုးတေ့နှင့် လျှပ်စစ်လိုင်းများ ပြပုံမှာ ဂျာမနီ နှင့် အခြား ဥရောပ နိုင်ငံများတွင် တွေ့ရသော ပုံမျိုး ဖြစ်သည်။

ဂရစ်လျှပ်စစ်စနစ်ဟုတွင်သော လျှပ်စစ်ဓာတ်ဖြန့်ချိရေး စနစ်မှာ လျှပ်စစ်ဓာတ်ကို လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခု တစ်ခုစီမှ မဖြန့်ချိဘဲ ဓာတ်အားပေးစက်ရုံအများ စုပေါင်း၍ လက်ကားသဘော ဖြန့်ချိပေးသောစနစ် ဖြစ်သည်။ ဤစနစ်ကို အင်္ဂလန်နိုင်ငံ၌ ၁၉၂၆ ခုတွင် 'ဗဟိုလျှပ်စစ်ဓာတ်ဘုတ်အဖွဲ့'က စတင် အသုံးပြုခဲ့သည်။ မူလက ဒေသ ၇ ခု တွင်သာ ဤ စနစ်ဖြင့် လျှပ်စစ်ဓာတ်ဖြန့်ချိရန် ကြံစည်ခဲ့သော်လည်း ၁၉၃၉ ခုမှစ၍ အင်္ဂလန် တစ်နိုင်ငံလုံးသို့ တိုးချဲ့၍ ဖြန့်ချိနိုင်ခဲ့လေသည်။ ဂရစ်လျှပ်စစ်စနစ်တွင် အင်္ဂလန်နိုင်ငံ အနှံ့အပြားရှိ တစ်ခုချင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဓာတ်တိုင်ဓာတ်ကြိုးများဖြင့် ရှုပ်ယှက်ခတ်မျှ ဆက်သွယ်စုပေါင်းထားသည်။ ဗဟိုအုပ်ချုပ်ရေး ဌာနသည် ထိုဓာတ်အားပေးစက်ရုံအားလုံးကို တစ်ခုတည်းသော အဖွဲ့အစည်းအနေဖြင့် စီမံခန့်ခွဲသည်။ ယင်းဌာနအောက်၌ ဒေသ အလိုက် အုပ်ချုပ်ရေးဌာနခွဲများ ရှိပြန်သည်။ ထိုဌာနခွဲများသည် မိမိတို့လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအနက်မှ ခုတ် မောင်းလိုသည့် အားပေးရုံကို ခုတ်မောင်းစေ၍ ရပ်ထားလိုသည့် အားပေးရုံကို ရပ်နားစေခြင်းဖြင့် သင့်လျော်သလို စီမံဆောင် ရွက်ပေးရသည်။ဤစနစ်ဖြင့် တစ်ပြည်လုံးသို့ ဖြန့်၍ ဆက်သွယ် ထားသောဓာတ်ကြိုးများသည် ဂရစ်အိုင်ရွန်ခေါ် မုန့်ကင်သံဆန် ခါနှင့် တူသည်။ ထို့ကြောင့် ဤစနစ်ကို ဂရစ်လျှပ်စစ်စနစ်ဟု ခေါ်တွင်ခြင်း ဖြစ်သည်။

ဂရစ်ဓာတ်ကြိုးအားလုံးသည် မိုင် ၅ဝဝဝ ကျော်ရှည်၍ ဝေလနယ်နှင့် စကော့တလန်ပြည်မြောက်ပိုင်းရှိ နေရာတစ်စိတ် တဒေသမှအပ ဗြိတိန်တစ်နိုင်ငံလုံးသို့ ပျံ့နှံ့လျက်ရှိသည်။ ထို ဓာတ်ကြိုးများအနက် မိုင် ၄ဝဝဝ နီးပါးရှည်သော ဓာတ်ကြိုး များတွင်ရှိသည့် ဗို့အားမှာ ၁၃၂ဝဝဝ ဖြစ်သည်။ ဓာတ်တိုင်ကြီး များကို မျှော်စင်ပမာ ဆောက်လုပ်ထားကြသည်။ အမြင့်ဆုံး ဓာတ်တိုင်များသည် ဒက်နမ်အရပ်၌ တင်းမြစ်ကို ဓာတ်ကြိုးများ ကျော်ဖြတ်နိုင်အောင် ဆောက်လုပ်ထားသော ဓာတ်တိုင်များ ဖြစ်ကြသည်။ အမြင့် ၄၈၇ ပေမျှရှိသည်။ ဓာတ်ကြိုးများကို မိုးကြိုးမခနိုင်အောင် ဓာတ်တိုင်ထိပ်များပေါ်၌ မိုးကြိုးလွှဲနန်း ကြိုးဖြင့် သွယ်တန်း ကာကွယ်ထားသည်။ ဓာတ်ကြိုးများသည် ဂရစ်ဌာနခွဲများ၌ ပေါင်းဆုံကြ၏။ ဌာနခွဲအချို့မှာ လျှပ်စစ် ဓာတ်ကို ဆက်လိုက ဆက်ပေးနိုင်အောင်၊ သို့တည်းမဟုတ် အဆက်ဖြတ်လိုကဖြတ်ပေးနိုင်အောင် ထရန်စဖော်မာစက်များ တပ်ဆင်ထားသည့် ဌာနများဖြစ်ကြသည်။ လန်ဒန်မြို့ တစ်ဝိုက် တွင် ဗို့အား ၆၆ဝဝဝ ဖြင့် ဆက်သွယ်ထားသော မြေအောက် ဓာတ်ကြိုးများလည် ရှုပ်ယှက်ခတ်မျှရှိသည်။

ဂရစ်လျှပ်စစ်စနစ်သည် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ရုံ တည်းမှနေ၍ ဓာတ်အားပေးစနစ်ထက် အကျိုးကျေးဇူးများသည်။ ပထမအကျိုးကျေးဇူးမှာ လျှပ်စစ်ဓာတ်ကို အဆက်မပြတ် ရရှိ ခြင်းပင် ဖြစ်သည်။ ပမာအားဖြင့် ဒေသတစ်ခုတွင် လျှပ်စစ် ဓာတ်ကို အားပေးသော စက်ရုံတစ်ခုတည်းမှ ရယူနေသည် ဆိုပါစို့။ အကယ်၍ အကြောင်းတစ်ခုခုကြောင့် အဆိုပါဓာတ် အားပေးစက်ရုံကို ရပ်စဲထားရပါက အားပေးစက်ရုံရှိ စက်များ ပြန်မလည်မခြင်း လျှပ်စစ်ဓာတ်ကို ရတော့မည် မဟုတ်ချေ။ အားပေးစက်ရုံမှ ပေးနိုင်သည်ထက်ပို၍လည်း လျှပ်စစ်ဓာတ်ကို ရနိုင်စရာ အကြောင်းမရှိပေ။ သို့သော် ဂရစ်ဓာတ်ကြိုးမှ လျှပ်စစ် ဓာတ်ကို ရရှိသည့်ဒေသများမှာ ဤဒုက္ခ အခက်အခဲမျိုးမှ ကင်းလွတ်ကြပေသည်။

ဒုတိယ အကျိုးကျေးဇူးမှာ မြို့နယ်ရှိ လျှပ်စစ်ရုံနှင့် ဂရစ် လျှပ်စစ်ဓာတ်ကြိုးတို့ လျှပ်စစ်ဓာတ်အားဖလှယ်နိုင်မှုပင် ဖြစ် သည်။ ပမာအားဖြင့် မြို့နယ်တစ်ခုသည် ယင်း၏ လျှပ်စစ် ဓာတ်အားပေးစက်ရုံက ထုတ်ပေးနိုင်သော ဓာတ်အားထက်ပို၍ လျှပ်စစ်ဓာတ်ကို အသုံးပြုသည်ဆိုပါစို့။ ထိုအခါမျိုးတွင် ဂရစ် ဓာတ်ကြိုးနှင့် ဆက်သွယ်ထားခြင်းရှိလျှင် ထိုလျှပ်စစ်ရုံသည် လိုသော ဓာတ်အားကို ဂရစ်ဓာတ်ကြိုးမှ ရရှိနိုင်ပေသည်။ တစ်ဖန် မြို့နယ်တစ်ခုရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ထိုမြို့နယ်က အသုံးပြုနိုင်သည်ထက်ပို၍ လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်သည် ဆိုပါစို့။ ထိုအခါမျိုးတွင်လည်း ဂရစ်ဓာတ် ကြိုးနှင့် ဆက်သွယ်ထားခြင်းရှိလျှင် လျှပ်စစ်ရုံမှ ပိုသော လျှပ်စစ်ဓာတ်အားကို ဂရစ်ကြိုးထဲသို့ ထည့်သွင်းပေးနိုင်ပေ သည်။

တတိယအကျိုးကျေးဇူးကား စရိတ်သက်သာမှုပင်ဖြစ်၍ အရေးအကြီးဆုံး ဖြစ်၏။ ဓာတ်အားကို ဓာတ်အားပေးစက်ရုံ တစ်ရုံတည်းမှနေ၍ပေးခြင်းသည် ဒေသကိုလိုက်၍ ကုန်ကျစရိတ် အမျိုးမျိုးရှိသည်။ ထိုဓာတ်အားပေးစက်ရုံများ၌ လျှပ်စစ်ဓာတ်ကို အသုံးပြုသည်မှာ များသည့်အခါများ၍ နည်းသည့်အခါ နည်း သည်။ နေ့အသုံးနှင့် ညအသုံးပင် မတူချေ။ တစ်ခုချင်း ဓာတ် အားပေးရုံတွင် အသုံးပိုလာသည့်အခါဖြစ်စေ၊ နည်းသွားသည့် အခါဖြစ်စေ စက်ကိုရပ်ထား၍မရဘဲ ခါတိုင်းကဲ့သို့ပင် ခုတ် မောင်းနေရသဖြင့် စရိတ်သက်သာသင့်လျက် မသက်သာဘဲ ဖြစ်နေပေသည်။ ဂရစ်စနစ်တွင်မူ လျှပ်စစ်ဓာတ် အသုံးလိုမှု အနည်းအများကိုလိုက်၍ လျှပ်စစ်ဓာတ်အားကို အသုံးမလိုသည့် နေရာမှ အသုံးလိုသည့် နေရာသို့ လွှဲပြောင်းပို့ဆောင်ပေးနိုင် သည်။ အသုံးမလိုသည့်အခါ အားနည်းသော ဓာတ်အားပေး စက်ရုံအချို့ကို ရပ်နားထားခြင်းဖြင့် အလိုရှိသမျှ လျှပ်စစ်ဓာတ် ကိုသာ ရအောင် ပြုလုပ်ပေးနိုင်သည်။ ဆိုလိုသည်မှာ အလိုရှိ သမျှ လျှပ်စစ်ဓာတ်ကို စရိတ်အနည်းဆုံးနှင့် ဖန်တီးပေးနိုင် ခြင်းပင် ဖြစ်သည်။ လျှပ်စစ်ဓာတ်ကို တစ်ပြည်လုံးသို့ အပိုအလိုမရှိစေဘဲ ညီညွတ်မျှတစွာ ဖြန့်ချိပေးနိုင်ခြင်းမှာ ဂရစ်လျှပ်စစ်စနစ်မှ ရရှိသော အကျိုးကျေးဇူးတစ်ရပ်ပင် ဖြစ်ပေသည်။

[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)