ဂန္ဓမာ၊ ဆရာတော်၊ ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်

ဝီကီပီးဒီးယား မှ

ဂန္ဓမာ၊ ဆရာတော်၊ ဘဒ္ဒန္တ၊ အဂ္ဂမဟာပဏ္ဍိတ၊ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက် (မြန်မာ ၁၂၅၄ ) ။ ။ ဆရာတော် ဘဒ္ဒန္တဂန္ဓမာသည် စစ်ကိုင်းတိုင်း ငါးဇွန် မြို့နယ် သားကျင်ရွာ ခမည်းတော် ဦးထွန်းအေး မယ်တော်ဒေါ်မယ်စံတို့မှ သက္ကရာဇ် ၁၂၅၄ ခုနှစ်၊ တပေါင်းလဆန်း ၁၃ရက် တနင်္လာနေ့တွင် ဖွားမြင်သော သားရတနာဖြစ်လေသည်။ ဦးထွန်းအေး-ဒေါ်မယ်စံတို့၌ သားသုံးယောက်၊ သမီးနှစ်ယောက်ရှိရာ ဆရာတော် သည် ဒုတိယမြောက်ဖြစ်၍ အမည်အားဖြင့် မောင်ဖိုးကျူး ဟု ထင်ရှားခဲ့သည်။

၁၃ နှစ်အရွယ်သို့ ရောက်သောအခါ သားကျင်ရွာ ကျောင်းဆရာတော် အရှင်သုန္ဒရ မဟာထေရ်ထံတော်၌ ရှင်သာမဏေအဖြစ် ရောက်တော်မူခဲ့၍ ၁၂၇၄ ခုနှစ်တပေါင်းလဆန်း ၁၂ ရက်နေ့တွင်ပင်လယ်ရွာကျောက် မှော်တောရကျောင်း ခဏ္ဍသိမ်တော်၌ ဖက်ပင်အိုင်ဆရာတော်၊ ဆီမီးခုံမင်းကျောင်း ဆရာတော်၊ ပေါက်စိမ်း ဆရာတော်အစရှိသော ကမ္မဝါ ဆရာတော် များနှင့်အတူ ဝါကျမြောင်တောရ ဆရာတော် အရှင်သာဂရမဟာထေရ်ကို ဥပဇ္ဈာယ်ပြုလျက် မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်တော်မူခဲ့လေသည်။

ဆရာတော်ဘဒ္ဒန္တဂန္ဓမာသည် ငါးဇွန်မြို့နယ် သားကျင် ရွာကျောင်း ဥပဇ္ဈာယ် ဆရာတော် အရှင်သုန္ဒရ မဟာထေရ်မြတ်ထံ၌ ပရိယတ္တိ အခြေခံကျမ်းစာများကို ငယ်စဉ်ကပင် စတင်၍ သင်ကြားဆည်းပူးတော်မူခဲ့လေ သည်။ ထို့နောက် ၁၂၇၅ ခုနှစ် ရဟန်းသိက္ခာ တစ်ဝါအရတွင် ပခုက္ကူမြို့ မဟာဝိသုတာ ရာမတိုက် ကိုးဂိုဏ်းချုပ် ဒီဃဒဿီနိကာ ယဏ္ဏဝ ပါရဂူ ရေစကြို ဆရာတော်ဘုရားကြီး အရှင် ဂန္ထသာရထံမှောက်ရောက်ရှိ၍ ပညာသင်ကြားခွင့် ရရှိတော်မူခဲ့ပြီး အရှင်ပညာ (အဂ္ဂမဟာ ပဏ္ဍိတ) နှင့် နောင်အခါ ရန်ကုန်မြို့ ဘုရားကြီးတိုက်ဆရာတော်ဖြစ်တော် မူမည့် အရှင်ကောဏ္ဍည (အဂ္ဂမဟာပဏ္ဍိတ)တို့ အထံ၌လည်းကောင်း၊ မန္တလေးမြို့တောင် ပြင်အောင်မြေရွှေဘုံတိုက်၌ တစ်နှစ်သီတင်းသုံး နေတော်မူလျက် မန္တလေးမြို့ပေါ်ရှိ ထင်ရှားသော ဆရာတော်များ ထံ၌လည်းကောင်း ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းစာများကို ပါရဂူရောက် တတ်မြောက်လိမ္မာအောင် သင်ကြားဆည်းပူးတော်မူခဲ့လေသည်။

ဆရာတော် ဘဒ္ဒန္တဂန္ဓမာသည် ပခုက္ကူမြို့ သံဃာတော် ၇ဝဝ ခန့်ရှိသော မဟာဝိသုတာရာမတိုက်ကြီး ၌ ရဟန်းသိက္ခာကိုးဝါအရတွင် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် အရှင်ပညာမထေရ်မြတ်ကြီးက ဂဏဝါစကစာချအဖြစ် ချီးမြှောက်တော်မူသဖြင့်ပါဠိ၊ အဋ္ဌကထာ၊ ဋီကာကျမ်းများစွာတို့ကို ချပို့ပေးတော်မူခဲ့သည်။ ညောင်ဦးမြို့ မဟာဝိသုတာရာမတိုက်သစ်၌လည်း နှစ်နှစ်ခန့် သီတင်းသုံး၍ စာပေပို့ချမှု တာဝန်ကို အားသွန်ဆောင်ရွက်တော်မူခဲ့သည်။ ထို့နောက် ၁၃၁၉ ခုနှစ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် အရှင်သုန္ဒရ မဟာထေရ်မြတ်၏ လွှဲအပ်တော်မူချက် အရ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ကြီး၌ တိုက်အုပ်ဆရာတော် အဖြစ်တာဝန် ယူအုပ်ချုပ်တော်မူ၍ ၁၃၃၄ ခုနှစ် ဒုတိယ ဝါဆိုလပြည့်နေ့ည အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော်အရှင်သုန္ဒရမဟာထေရ်မြတ် ဘဝနတ်ထံပျံလွန်တော်မူသောအခါဆရာတော်ကြီး၏ အရိုက်အရာ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်ကြီး၏ အဓိပတိမဟာနာယကတာဝန်ကို တိုးတက်ထမ်းဆောင်တော်မူယင်း မြန်မာပြည်အတွင်းရှိ စာချကျောင်းတိုက်ပေါင်း ၁ဝဝ ကျော်၊ ကျောင်းခွဲပေါင်း ၁၅ဝဝ ကျော်ရှိ မဟာဝိသုတာရာမ ဂဏဝါစကနိ ကာယ(ပခုက္ကူဂိုဏ်း) ကြီး၏ ဂဏဘာရနိတ္ထာရက (ဂိုဏ်းဝန်ဆောင် ဆရာတော်) အဖြစ်ကိုပါ တာဝန်ယူလျက် စာပေကျမ်းဂန်များပို့ချခြင်း၊ တရားဓမ္မဟောပြောခြင်း၊ သံဃာ့ ပရိသတ်ကို ဩဝါဒပေးခြင်းစသည်ဖြင့် သာသနာ့တာဝန်တို့ကို အဆက်မပြတ် အားသွန်ဆောင်ရွက်တော် မူခဲ့လေသည်။

ဆရာတော်သည် မဟာဝိသုတာရာမတိုက်နှင့် ပခုက္ကူ ဂိုဏ်းကြီးကို တာဝန်ယူအုပ်ချုပ်တော်မူ၍တပည့် သံဃာတော်များကို စာပေပို့ချခြင်း၊ တရားဓမ္မ ဟောပြောခြင်း စသောသာသနာ့ တာဝန်တို့ကို အားသွန်ဆောင် ရွက်တော်မူစဉ် ၁။ ရဟန်းလောင်းဆုံးမစာ၊ ၂။ သိမ်အောင်စာနှင့် ၃။ တိပိဋက ပါဠိ-မြန်မာအဘိဓာန်ကျမ်းကြီး၊ ၄။ တိပိဋက ပါဠိ-မြန်မာအဘိဓာန်အကျဉ်း၊ ၅။ ပါဠိပဒပိဋကကျမ်းညွှန်းတို့ကို ကြီးမှူးပြုစုရေးသား တော်မူလေသည်။ ဤသို့လျှင် သာသနာ့ကျိုးကို သည်ပိုးဆောင်ရွက်တော် မူခဲ့သည့် ပိဋကတ္တယဆေက၊ ဂန္ထဓုရာဝဟ၊ မဟာထေရ၊ပရိယတ္တိ ဝိသာရဒ၊ လဇ္ဇီပေသလ၊ သိက္ခာကာမဂုဏ် တို့နှင့် ကုံလုံပြည့်ဝတော်မူသော ဆရာတော် ဘဒ္ဒန္တဂန္ဓမာသည် ၁၃၄ဝ ပြည့်နှစ်တွင် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်မြတ်ကို အလှူခံရရှိတော် မူလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)