ဂက်ဆိုဟောလောင်စာ
ဂက်ဆိုဟောလောင်စာသည် အီသနောခေါ် အီသိုင်း အယ်လကိုဟော(အရက်ပြန်) နှင့် ဓာတ်ဆီကို ရောစပ်ထားသော လောင်စာတစ်မျိုးဖြစ်သည်။ ရောစပ်သည့် အချိုးအစားသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြပေ။ အမေရိကန်ပြည်ထောင်စုတွင် အရက်ပြန်တစ်ဂါလန်လျှင် ဓာတ်ဆီ ကိုးဂါလန်နှုန်းဖြင့် လည်းကောင်း၊ ဘရာဇီးနိုင်ငံတွင် အရက်ပြန် တစ်ဂါလန်လျှင် ဓာတ်ဆီ လေးဂါလံနှုန်းဖြင့်လည်းကောင်း၊ အသီး အသီး ရောစပ်အသုံးပြုကြသည်။ ဓာတ်ဆီနှင့် ရောစပ်သည့် အယ်လ်ကိုဟောကို အဓိကအားဖြင့် သီးနှံနှင့် အပင်များမှ ချက်လုပ်သည်။ အထူးသဖြင့် ပြောင်းဖူးနှင့် ကြံမှ ဖြစ်လေသည်။
ဂက်ဆိုဟောလောင်စာ ထုတ်ယူသုံးစွဲမှုတွင် တောင်အမေရိကတိုက်မှ ဘရာဇီးနိုင်ငံသည် အထူးထင်ရှားသည်။ ဘရာဇီးနိုင်ငံသည် ပြည်တွင်းသုံးစွဲရန် လိုအပ်သောရေနံ၏ ၁၅ ရာခိုင် နှုန်းသာ ထုတ်လုပ်နိုင်သဖြင့် ၈၅ ရာခိုင်နှုန်း (တစ်နေ့လျှင် စည်တစ်သန်းခန့်)ကို ပြည်ပမှ ဝယ်ယူသုံးစွဲနေရသည်။ ရေနံဈေးနှုန်း မြင့်တက်ပြီး စွမ်းအင်အကျပ်အတည်းပြဿနာကို ၁၉၇၃ ခုနှစ်ကတည်းက ခံစားခဲ့ရသဖြင့် ပြည်တွင်း၌ အမြောက်အမြား ထုတ်လုပ်နိုင်သော ကြံမှ အယ်လ်ကိုဟောထုတ်ကာ ဂက်ဆိုဟောလောင်စာကို တီထွင်သုံးစွဲခဲ့ခြင်း ဖြစ်လေသည်။
ဘရာဇီးနိုင်ငံတွင် ဂက်ဆိုဟောလောင်စာ အစီအစဉ်ကို ၁၉၇၅ ခုတွင် စတင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံလုံးဆိုင်ရာ ဂက်ဆိုဟောလောင်စာ စီမံကိန်းတစ်ရပ်ကို ဒေါ်လာကုဋေ ၅၀၀ အကုန်အကျခံ၍ ဆောင်ရွက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ဂက်ဆိုဟော ထုတ်လုပ်မှုသည် ဂါလန်တစ်သန်းအထိ တိုးလာခဲ့သည်။၁၉၇၉ ခု မတ်လကစ၍ မော်တော်ယာဉ်များ၊ မီးရထား များနှင့် စက်ရုံများတွင် ဂက်ဆိုဟောလောင်စာကို စတင်သုံးစွဲဲခဲ့သည်။ ၁၉၈၀ ပြည့်နှစ်ကုန်တွင် ဘရာဇီးနိုင်ငံမှ မော်တော်ကားအားလုံးကို ဂက်ဆိုဟောဖြင့် မောင်းနှင်ရန် စီစဉ်ခဲ့လေသည်။
ထိုနှစ်အတွင်းမှာပင် ဘရာဇီးနိုင်ငံမှ မော်တော်ကား ထုတ်လုပ်သော စက်ရုံများသည် ဂက်ဆိုဟောလောင်စာသုံးသော ကားအစင်းပေါင်း ၂၅၀၀၀၀ ထုတ်လုပ်ခဲ့သည်။ ၁၉၈၅ ခု တွင် ဂက်ဆိုဟော လောင်စာသုံးသော ကားအစင်းပေါင်း နှစ်သန်းခန့်အထိ ဘရာဇီးနိုင်ငံတွင် အသုံးပြုနိုင်မည်ဟု ခန့်မှန်း ထားပေသည်။
လောင်စာစွမ်းအင် အများဆုံး အသုံးပြုသော စက်မှု အရင်းရှင်နိုင်ငံကြီးတစ်နိုင်ငံဖြစ်သည့် အမေရိကန် ပြည်ထောင်စုသည်လည်း ဂက်ဆိုဟော လောင်စာကို ထုတ်လုပ်သုံးစွဲလျက် ရှိသည်။ ပြောင်းသီးနှံ အမြောက်အမြား စိုက်ပျိုးထုတ်လုပ်သည့် အမေရိကန်နိုင်ငံတွင် ပြောင်းဖူးမှ အယ်လကိုဟော ထုတ်ယူပြီး ဓာတ်ဆီနှင့် ရောကာ ဂက်ဆိုဟောအဖြစ် အသုံးပြုသည်။ ပြောင်းဖူးအများဆုံးစိုက်သည့် အနောက်ပိုင်း ပြည်နယ်များတွင်သာမက အခြားပြည်နယ်များတွင်ပါ ဂက်ဆိုဟောများ ထုတ်လုပ် သုံးစွဲနေရာ တစ်နိုင်ငံလုံး၌ ဂက်ဆိုဟော လောင်စာဆီရောင်း သည့် ဆိုင်ပေါင်း တစ်ထောင်ကျော် ရှိနေပေပြီ ဖြစ်သည်။ အမေရိကန်နိုင်ငံမှ ဂက်ဆိုဟော လောင်စာသည် ဓာတ်ဆီ ၉၀ ရာခိုင်နှုန်းနှင့် ရေမပါသော အီသနော (အယ်လ်ကိုဟော) ဆယ်ရာခိုင်နှုန်း ရောစပ်ထားခြင်း ဖြစ်ပေသည်။ ထိုဂက်ဆိုဟော လောင်စာဆီသည် မော်တော်ကားတွင် အသုံးပြုမောင်းနှင်ရာ၌ ရိုးရိုးဓာတ်ဆီတစ်ဂါလန်ထက် မောင်းနှင်နိုင်သည့် မိုင်ပေါင်းသည် အနည်းငယ်နိမ့်ကျသည်။ သို့သော် ကားကို အရှိန်မြင့် မောင်းရာတွင် ပို၍ကောင်းမွန်လေသည်။ ထို့ကြောင့် မော်တော်ကားများတွင် ဂက်ဆိုဟောအသုံးပြုခြင်းသည် တဖြည်းဖြည်း တိုးတက်လာလေသည်။
ဂက်ဆိုဟော အသုံးများလာသဖြင့် အမေရိကန် ရေနံကုမ္ပဏီများက ပိုမိုထုတ်လုပ်ရန် စီစဉ်ခဲ့ရာ တက်စကိုကုမ္ပဏီက ဂက်ဆိုဟော လောင်စာဆီဆိုင်များကို လက်ရှိ ၆၀၀ မှ ၁၀၀၀ အထိ တိုးချဲ့နေပြီး တစ်နှစ်လျှင် ဂါလန်သန်း ၆၀ ထုတ်လုပ် နိုင်မည့် အီသနောစက်ရုံ တည်ထောင်ရေးကို စီစဉ်လျက် ရှိသည်။ ထို့ပြင် အီသနောကို နှံစားပြောင်းနှင့် ဆိုဂမ်ပြောင်း များမှ ထုတ်ရန်ကိုလည်း သုတေသနပြုလျက် ရှိသည်။ အမေရိကန် စီးပွားရေးပညာရှင်များ၏ တွက်ချက်မှုအရ ပြောင်းဖူးမှ ဂက်ဆိုဟော ထုတ်လုပ်မှုသည် တစ်ဂါလန်လျှင် ၁ ဒသမ ၂၆ ဒေါ်လာ ကုန်ကျသည်။ ၁၉၈၁ ခုနှစ်တွင် ဂက်ဆို ဟော ဂါလန်သန်း ၅၀၀ ထုတ်မည်ဖြစ်ပြီး ၁၉၈၂ ခုတွင် ဂက်ဆိုဟောဂါလန်သန်း ၉၀၀ အထိ တိုးတက်ထုတ်လုပ်မည် ဖြစ်ကြောင်း အမေရိကန် လယ်ယာစိုက်ပျိုးရေးဌာန အတွင်းဝန်က ထုတ်ဖော်ပြောကြားခဲ့လေသည်။ အမေရိကန်အစိုးရသည် ဂက်ဆိုဟော ထုတ်လုပ်မှုနှင့် သုံးစွဲမှုကို ဆက်လက်မြှင့်တင်ရန် ရည်မှန်းထားပြီး အကောက်ခွန် ကင်းလွတ်မှု အပါအဝင် အခြား ထောက်ပံ့ကူညီမှုများကိုလည်း ပေးခဲ့သည်။
အနောက်ဥရောပဒေသရှိ စက်မှုနိုင်ငံများသည် ဂက်ဆိုဟော လောင်စာဆီ ထုတ်လုပ်သုံးစွဲရေးတွင် နောက်ကျခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် အနောက်ဂျာမနီ ဗောက်စဝက်ဂွန် မော်တော်ကား ကုမ္ပဏီသည် ရိုးရိုးဓာတ်ဆီ ၈၅ ရာခိုင်နှုန်းနှင့် မီသိုင်း အယ်လ်ကိုဟော ၁၅ ရာခိုင်နှုန်းကို ရောစပ်ထားသော အမ် ၁၅ လောင်စာကို မော်တော်ကား ၄၅ စီးတွင် စမ်းသပ်အသုံးပြုခဲ့သည်။ ယခုအခါ မော်တော်ကားအစင်း ၆၀၀ ဖြင့် လေးနှစ်ကြာ စမ်းသပ်ရန် တိုးချဲ့စီစဉ်လျက် ရှိပေသည်။
အာရှတိုက်မှ စက်မှုနိုင်ငံ တစ်နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသည် ဂက်ဆိုဟောလောင်စာကို တိုးချဲ့သုံးစွဲရန် စီစဉ်လျက် ရှိသည်။ ၁၉၈၅ ခုနှစ်တွင် နိုင်ငံစွမ်းအင်လိုအပ်ချက်၏ ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၁၉၉၀ ပြည့်တွင် ၄ ရာခိုင်နှုန်းအထိ ဂက်ဆိုဟောလောင်စာကို အစားထိုး သုံးစွဲသွားမည် ဖြစ်ပေသည်။
ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသည်လည်း ဂက်ဆိုဟောလောင်စာကို ထုတ်လုပ်သုံးစွဲရန် ကြိုးပမ်းလျက် ရှိကြသည်။ ဩစတြေးလျနိုင်ငံသည် နောက်ငါးနှစ်အတွင်း မော်တော်ယာဉ်သုံး ဓာတ်ဆီလိုအပ်မှု၏ ၁၅ မှ ၂၀ ရာခိုင်နှုန်း အထိကို ပြည်တွင်းထွက်ဂျုံများမှ အရက်ပြန်ချက်ကာ ဂက်ဆိုဟော ထုတ်လုပ်သုံးစွဲမည် ဖြစ်သည်။ နယူးဇီလန်နိုင်ငံသည် မုန်လာဥချို၊ မုန်လာဥကြမ်းများမှ အရက်ပြန်ချက်လုပ်သုံးစွဲ၍ သက္ကရာဇ် ၂၀၀၀ တွင် သယ်ယူပို့ဆောင်ရေးယာဉ် အားလုံးအတွက် ဂက်ဆိုဟောလောင်စာဆီ ဖူလုံစေရန် မုန်လာဥမျိုးစုံ နှင့် ပြောင်းဧက ၁ ဒသမ ၇ သိန်းမှ ၃ ဒသမ ၂ သိန်းအထိ တိုးချဲ့စိုက်ပျိုးရမည် ဖြစ်လေသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သည့် ဇင်ဘာဘွေ၊ တောင်အာဖရိက၊ ကင်ညာ၊ ဆူဒန်နှင့် ထိုင်းနိုင်ငံတို့သည် ဂက်ဆိုဟောလောင်စာကို ထုတ်လုပ်သုံးစွဲရန် ဆောင်ရွက်လျက် ရှိသည်။ ဇင်ဗာဗွေ နိုင်ငံတွင် မော်တော်ကား အရေအတွက်၏ ၁၅ ရာခိုင်နှုန်းကို ဂက်ဆိုဟောလောင်စာဖြင့် မောင်းနှင်လျက်ရှိသည်။ တောင်အာဖရိကနိုင်ငံသည် ဓာတ်ဆီနှင့် အရက်ပြန်ရောထားသော ဂက်ဆိုဟောလောင်စာတစ်မျိုးကို ၁၉၈၀ ပြည့်နှစ် စက်တင်ဘာလတွင် စတင်သုံးစွဲခဲ့သည်။ ကင်ညာနှင့် ဆူဒန်နိုင်ငံတို့ တွင်လည်း ကြံတင်လဲရည်မှ အရက်ပြန်လောင်စာထုတ်၍ သုံးစွဲပြီး အင်ဒိုနီးရှားနိုင်ငံသည် ပီလောပီနံမှ လောင်စာချက်ရန် စီစဉ်၍ ပီလောပီနံများ တိုးချဲ့စိုက်ပျိုးရန် ကြိုးပမ်းလျက် ရှိလေသည်။
ထိုင်းနိုင်ငံ ချနာဘူရီနယ်တွင် နှံစားပြောင်းကို ရှေ့ပြေး စမ်းသပ်စိုက်ပျိုးခဲ့ရာ အထွက်နှုန်းသည် ကြံနှင့်အတူတူ ဖြစ်သည်။ သို့သော် ကြံစိုက်ပျိုးမှုထက် အချိန်သက်သာသည်။ မော်တော်ကားများအတွက် သီးနှံမှ လောင်စာထုတ်လုပ်သည့် စက်ရုံကို ဆိုင်ယမ်အယ်လကာနောကုမ္ပဏီက ထိုင်းဘတ်ငွေ သန်းပေါင်း ၁၈၀၀၀ အကုန်အကျခံ၍ တည်ဆောက်မည် ဖြစ်သည်။ ထိုစက်ရုံတရုံသည် အကြီးစားစက်ရုံတရုံ ဖြစ်ပြီး၊ အဓိကကုန်ကြမ်းအဖြစ် ကြံနှင့် ဂျုံတို့ကို သုံးစွဲမည်ဖြစ်လေသည်။
သီးနှံများမှ အရက်ပြန်ထုတ်၍ ဂက်ဆိုဟောလောင်စာ ထုတ်လုပ်သုံးစွဲရာတွင် သီးနှံမြောက်မြားစွာ သုံးစွဲမှသာ ထုတ်ယူရရှိနိုင်မည် ဖြစ်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများတွင် လူတစ်ဦး တနှစ်အတွင်း ကားမောင်းရန် လိုအပ်သော လောင်စာရရှိရေး အတွက် သီးနှံအလေးချိန် စုစုပေါင်း ပေါင် ၃၀၀၀ ခန့် သုံးစွဲ ရသည်။ လက်ရှိအခြေအနေတွင် ဂက်ဆိုဟောလောင်စာဆီ ထုတ်လုပ်မှုသည် တစ်နှစ်ထက် တစ်နှစ် တိုးချဲ့လျက်ရှိရာ ဗရာဇီးတစ်နိုင်ငံတည်း၌ပင် ၁၉၈၅ ခုနှစ်သို့ ရောက်သောအခါ အယ်လ်ကိုဟော ချက်လုပ်သည့်စက်ရုံငယ် ထောင်ပေါင်းများစွာ ရှိလာမည် ဖြစ်လေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)