ခြေဂဏာမငြိမ်ရောဂါ
ခြေဂဏာမငြိမ်ရောဂါသည် နာတာရှည်စိတ်ရောဂါတမျိုးဖြစ်ပြီး ခြေထောက်အား လှုပ်ရှားလိုစိတ် ပြင်းထန်တတ်သည်။ ခြေထောက်၌ မရိုးမရွခံစားရကာ လှုပ်လိုစိတ်ပေါ်ခြင်းတည်း။ ယားခြင်း၊ ဆစ်ခနဲဖြစ်ခြင်း၊ ကျိခြင်း စသော ခံစားမှုမျိုး ရတတ်သည်။ နားနေသောအချိန်ဖြစ်တတ်သဖြင့် အိပ်ခြင်းကို အနှောင့်အယှက်ပေးတော့သည်။ အိပ်နေစဉ်တွင် ခြေထောက်အား လှုပ်လိုသည်။ ခြေထောက်လှုပ်သည့်အတွက် အိပ်မပျော်။ သံသရာလည်သည်။ ထို့ကြောင့် ခြေဂဏာမငြိမ်ရောဂါသည်တို့မှာ အိပ်ရေးမဝခြင်း၊ အားနည်းခြင်း၊ မအီမသာဖြစ်ခြင်းနှင့် စိတ်ဓာတ်ကျသကဲ့သို့ ခံစားရခြင်းမျိုး အမြဲရှိနေတတ်သည်။ အချို့သူတို့၌ အိပ်သွားစဉ်ပင် ဘယ်ညာမကြာခဏလှည့်နေခြင်းမျိုး ရှိနိုင်သေးသည်။
ဆိုးကျိုးအနေဖြင့် သံဓာတ်အားနည်းခြင်း၊ ကျောက်ကပ်ပျက်ခြင်း၊ သူငယ်ပြန်ခြင်း၊ သွေးတိုးခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ အာရုံကြောအားနည်းခြင်းတို့ ဖြစ်စေနိုင်သည်။ စိတ်ကျပျောက်ဆေး၊ စိတ်ငြိမ်ဆေး၊ အဖျားပျောက်ဆေး၊ ဆေးကျဆေးတို့ သောက်နေပါက ဆေးကြောင့်ဖြစ်နိုင်သည်လည်း ရှိသည်။
အမျိုးအားဖြင့် ၂ မျိုးပြားသည်။ တမျိုးမှာ အသက် ၄၅ နှစ်မတိုင်မီက ပေါ်ခြင်းဖြစ်ပြီး ကြာလေတိုးလေ ဖြစ်တတ်သည်။ ကျန်တမျိုးမှာ အသက် ၄၅ နောက်ပိုင်းမှ ရုတ်တရက်ဖြစ်လာခြင်းမျိုးတည်း။ ဤတမျိုးကာ ရောဂါတိုးသည်ဟူ၍ မရှိ။ ကုသနည်းမှာ ရောဂါလက္ခဏာပေါ်လိုက်၍ လူနာတဦးနှင့်တဦး မတူသောနည်းကို ပေးရသည်။
ဖြစ်ရသောအကြောင်းကို ဖော်နိုင်လျှင် ရောဂါပျောက်နိုင်သည်။ အနေအထိုင်အစားအသောက် ပြောင်းလိုက်ခြင်း၊ တရားထိုင်ခြင်းဖြင့် ကုသည်လည်း ရှိသည်။ အနေအထိုင်အစားသောက်ပြောင်းသည်ဆိုသည်မှာ အရက်ဆေးလိပ်သောက်ခြင်း၊ အိပ်ဆေးသောက်ခြင်းတို့ ရပ်သည်ကို ဆိုလိုသည်။ ဆေးအဖြစ် လီဗိုတိုပါကိုဖြစ်စေ၊ ဒိုပါမင်ထွက်စေသော ပရာမီပက်ဆိုးသို့ဆေးကို ပေးသည်။ အမေရိကန်လူဦးရေ၏ ၂.၅-၁၅% မှာ ဤရောဂါရှိကြောင်း စစ်တမ်းအရ သိရသည်။ အမျိုးသမီးများ အဖြစ်များပြီး အသက်ရလာက ဖြစ်တတ်သည်မှာ ပုံမှန်လိုလိုပင်။