ချေးသီးပင်
Semecarpus anacardium | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Sapindales |
မျိုးရင်း: | Anacardiaceae |
မျိုးရင်းသေး: | Anacardioideae |
မျိုးစု: | Semecarpus |
မျိုးစိတ်: | S. anacardium
|
ဒွိနာမ | |
Semecarpus anacardium |
ချေးသီးပင် (Marking Nut Tree) သည် ရွက်ကြွေအပင်ကြီးမျိုးဖြစ်၍ အမြင့်ပေ ၈၀ ထိမြင့်၏။ လုံးပတ် ၉ ပေခန့်ထိ ရှိ၏။ အခေါက် ၁ လက်မခန့်ထူ၍ အညိုရောင်ရှိ၏။ ကိုင်းဖြာသည်။ အကိုင်းနု ထိပ်ပိုင်းတွင် အစိမ်းရောင်ပေါ်၌ အဖြူရောင် အလျားလိုက် အစင်းလေးများ ရှိ၏။ ရခိုင်လို သစ်စိမ်းသီးဟု ခေါ်သည်။ [၁] ဒွိနာမအဖြစ် (Semecarpus anacardium) ဟု ခေါ်ပြီး မူလဇာတိမှာ အိန္ဒိယနိုင်ငံ ဖြစ်ကာ ဟိမဝန္တာ တောင်တန်းဒေသမှ အိန္ဒိယနိုင်ငံ၏ အရှေ့တောင်ဘက် ကော်ရိုမန်ဒယ် ကမ်းရိုးတန်းဒေသအထိ ပေါက်ရောက်သည်။ ဟင်ဒီလို မာရာသီးဟု ခေါ်ပြီး နီပေါလို အစ္စမီးဟု ခေါ်ကာ တိဗက်လို ဆန်စ်ကရစ်ဟု ဒေသအလိုက် ခေါ်ဝေါ်ကြသည်။ မြန်မာနိုင်ငံ တွင် ချေးသီးကို အမြဲစိမ်းသစ်တောများ၌ သဘာဝအလျောက် ပေါက်ရောက်သည်။
အရွက်မှာ အလွန်ကြီး၍ ၁ ပေခန့်ထိရှည်သည်။ ရွက်ထိပ်ပိုင်းဝိုင်း၍ ရွက်ရင်းသို့ သေးသွယ် ကျဉ်းမြောင်း သွားသည်။ ရွက်ကြောထင်ရှားသည်။ ရွက်ပြား သားရေ ကဲ့သို့ပြောင်ချောပြီး အနည်းငယ်ထူ၍ မာသည်။ ရွက်နားလှိုင်းတွန့် ရှိသည်။
အပွင့်မှာ အဝါဖျော့ရောင်ရှိသည်။ သရက်ပွင့်ကဲ့သို့ အခိုင်လိုက်ပွင့်သည်။ တပေါင်း၊ တန်ခူးလတွင်ပွင့်သည်။
အသီးသည် ပြား၍ ဝိုင်းသောပုံသဏ္ဌာန် ရှိသည်။ ပြောင်ချော၍ တောက်ပသည်။ အညှာတံ တုတ်၏။ မှည့်သောအခါ အဝါရောင်သမ်း၏။ အစေ့အညို ရောင်ဖြစ်၍ မှည့်သောအခါ အသီးမှအရည်သည် အစေ့ထဲသို့ဝင်သွားပြီး အပေါ်၌ရှိသော အသီးသည် ဦးထုပ်ကဲ့သို့ အစေ့ကို တစ်ဝက်ခန့်ပြန်ဖုံး၍ ခြောက်သွားကာ အစေ့တွင်ကပ်နေ၏။ လူ၏ အသားအရေကို လောင်စေတတ်၏။ တန်ဆောင်မုန်းမှ တပို့တွဲလ အတွင်းသီး သည်။
အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ
[ပြင်ဆင်ရန်]အာနိသင်မှာ မြန်မာဆေးကျမ်းများအလိုအရ ချို၊ ဖန်သော အရသာ ရှိ၏။ ပူ၏။ ဝမ်းမီးကိုတောက်စေ၏။ အစာကိုကြေစေ၏။ သလိပ်ကိုကြေစေ၍ လေကိုနိုင်၏။ အနာပေါက်၊ ဝမ်းကိုက် ၊ နူနာ၊မြင်းသရိုက်၊ ဝမ်းဖောဝမ်းရောင် ၊ အဖျားရောဂါတို့ကို ပျောက်ကင်းစေနိုင်၏။ ချေးသီးကို ထုံးနှင့်ရောကြိတ်၍ အနာပေါ်၌ အုံပေးခြင်းဖြင့် အနာ ပျောက်ကင်း စေ၏။ ချေးသီးကို မီးပေါ်၌ တင်၍ ထွက်လာသောအဆီများမှ အဆီ ၃ စက်ခန့်ကို နွားနို့နှင့်ရောသောက်သော် ချောင်းဆိုး ရောဂါ ပျောက်၏။ ချေးသီးအဆီ အစက် ၂ စက်မျှ ည နံနက် တိုက်ပေး သော် ကလေးများ သလိပ်ကျပ်ခဲခြင်း၊ချောင်းဆိုးခြင်း ပျောက်၏။ ချေးသီးကိုကြိတ်၍ လိမ်းအုံပေးသော် အဆစ်ရောင်ရောဂါပျောက်၏။ ချေးသီးကို အင်တွဲနှင့်ရော၍ နှမ်းဆီဖြင့်ချက်ပြီး ယားနာ၊ခြေကွဲနာတို့ ကိုလိမ်းပေးရ၏။ ချေးသီးကို နှမ်းဆီဖြင့်သွေး၍ လိမ်းပေးပါက ပွေးနာများ ပျောက်ကင်း၏။ ချေးသီးကို သွက်ချာပါဒ ရောဂါနှင့် အဆစ်ရောင်နာပျောက်ဆေးအဖြစ် လည်း ဖော်စပ် အသုံးပြု၏။ (ချေးသီးသည် အဆိပ်မျိုးတွင် ပါဝင်သော ကြောင့် စနစ်တကျ သုတ်သင်ပြီးမှသာ သုံးစွဲသင့်သည်။)[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။
- ↑ http://arogyamonline.com/commodity/materials/?raw=102[လင့်ခ်သေ]