ချိုးဖြူခင်

ဝီကီပီးဒီးယား မှ
ချိုးဖြူခင် (၁၉၃၉-၂၀၁၁)

ကလောင်အမည် ချိုးဖြူခင် အမည်ခံ ဒေါက်တာမြင့်မြင့်သိန်းကို ဦးမြသိန်း၊ ဒေါ်အေးကြည်တို့က ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် ညောင်ဦးမြို့၌ မွေးဖွားသည်။ မွေးချင်းမောင်နှမ ကိုးဦးအနက်အကြီးဆုံးဖြစ်သည်။


ညောင်ဦးမြို့ အထက် တန်းကျောင်းမှ အထက် တန်းအောင်မြင်ခဲ့ပြီး ၁၉၆၄ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ၁၉၇၂ ခုနှစ်တွင် ဆိုဗီယက် ပြည်ထောင်စုမှ မူလတန်းကြိုပညာရေး ကလေးစိတ် ပညာဘာသာရပ်ဆိုင်ရာပညာရေး ပါရဂူဘွဲ့ရရှိသည်။ ဒိုက်ဦးမြို့နယ်တွင် အလယ်တန်းပြဆရာမ အဖြစ် စတင်အမှုထမ်းခဲ့သည်။ ထို့နောက် အထက်တန်း ပြဆရာမအဖြစ် ရာထူးတိုးမြှင့်တာဝန်ပေးအပ်ခြင်းခံရသည်။ ထိုမှတစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ ကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့သည်။ လူမှုဝန်ထမ်း ဦးစီးဌာနတွင် ဒုတိယကျောင်းအုပ်၊ ကျောင်းအုပ်၊ အုပ်ချုပ်ရေးမှူး၊ ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြား ရေးမှူးတာဝန်များ အဆင့်ဆင့်ထမ်းဆောင်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် မူလတန်းကြိုသင်တန်း ကျောင်းများတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒိုက်ဦးမြို့ အထက်တန်းကျောင်း ၏ အာစရိယပူဇော်ပွဲတွင် ကန်တော့ခံ ဆရာမကြီး ဖြစ်သည်။


အင်္ဂလိပ်ဘာသာနှင့် ရုရှားဘာသာတို့မှ ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပြဇာတ်၊ ပုံပြင်များကို ဘာသာပြန်ရေးသားခြင်းနှင့် ပင်ကိုရေးဝတ္ထုတို၊ ဝတ္ထု ရှည်၊ ဆောင်းပါးများရေးသားခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် "စိန်ဖြင့်ပြုလုပ်သော နှလုံးသားနှင့်အခြားဝတ္ထုတို များ"စာမူဖြင့် ဝတ္ထုတိုပေါင်းချုပ်ဘာသာရပ်၌ စာပေ ဗိမာန်စာမူဆု ဒုတိယဆုရရှိခဲ့သည်။ စာပေလောကနှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေများ ရေးသားခြင်းနှင့် သင်တန်းပို့ချခြင်းကို ကွယ်လွန်ချိန် အထိ ဆောင်ရွက်ခဲ့သည်။ ချိုးဖြူခင် ၏ ကလောင်ခွဲ များမှာ ဒေါက်တာမြင့်မြင့်သိန်းနှင့် မမကြီးဖြစ်သည်။ ချိုးဖြူခင်သည် ၂၀၁၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)