ချိုင့်ဝှမ်းမြစ်ဝှမ်းများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ချိုင့်ဝှမ်းမြစ်ဝှမ်းများ[ပြင်ဆင်ရန်]

ချိုင့်ဝှမ်းများသည် သာမန်အားဖြင့် မြေအောက်လှုပ်ရှားမှု ကြောင့် ဖြစ်ပေါ်လာတတ်သည်။ မြေအောက်လှုပ်ရှားမှုကြောင့် မြေမျက်နှာပြင်ထက်၌ မြေကြီးသည် စုန့်တက်လာပြီးလျှင် တောင်တန်းများ ဖြစ်ပေါ်လာတတ်၍ အပေါ်ယံမြေလွှာတွင် တွန့်ခေါက်ကြောင်းများ သို့မဟုတ် မြေလွှာပြတ်လွဲကြောင်း များ ဖြစ်ပေါ်လာတတ်လေသည်။ ယင်းသို့ဖြင့် ပေါ်ပေါက် လာသော ချိုင့်ဝှမ်းများအပြင် မြေဆီလွှာနှင့် ကျောက်မာတို့ တိုက်စားခြင်းခံရသဖြင့် ပေါ်ပေါက်လာသော ချိုင့်ဝှမ်းများလည်း ရှိသေးသည်။ ချိုင့်ဝှမ်း အားလုံးလိုလိုပင် တောင်တန်းများ အကြားတွင် ရှိတတ်သည်။ အချို့မှာ တောင်တန်းများနှင့် ယှဉ်ပြိုင်တည်ရှိကာ၊ အချို့မှာ တောင်တန်းများကို ကန့်လန့် ဖြတ်၍ တည်ရှိ၏။ ထိုသို့ ကန့်လန့်ဖြတ်တည်ရှိသော ချိုင့်ဝှမ်း များမှာ အများအားဖြင့် တောင်တန်းအပြတ် တစ်နေရာကို တိုက်စားစီးဆင်းသွားသော မြစ်ချောင်းတို့ကြောင့် ဖြစ်ပေါ် လာတတ်သည်။ ယင်းတို့မှာ ကျဉ်းမြောင်း နက်ရှိုင်းပြီးလျှင် ယင်းတို့တစ်လျှောက် မြစ်ချောင်းများ စီးဆင်းတတ်သည်။ ချိုင့်ဝှမ်းအောက်ခြေမှာလည်း ထိုမြစ်ချောင်း အောက်ခင်းပြင် ထက်ပင် မကျယ်တတ်ပေ။


ထိုကန့်လန့်ဖြတ် ချိုင့်ဝှမ်းမျိုးသည် တောင်တန်းအမြင့်ပိုင်း တွင် တည်ရှိသောအခါ ယင်းတို့တစ်လျှောက် တောင်ကြားလမ်း များကို တွေ့ရတတ်၏။ တောင်ကြားလမ်းများမှာ စစ်တပ်များ၊ ကုန်သည်များ စသည်တို့ ချီတက်ကူးသန်းသွားလာရာ လမ်းမ ကြီးများအဖြစ် အလွန်အရေးပါလေသည်။ ထင်ရှားသော တောင်ကြားလမ်းကြီး တစ်ခုမှာ အာဖဂနိစတန်နိုင်ငံ ကာဗူမြို့ အနီးရှိ ခိုင်ဗာတောင်ကြားလမ်း ဖြစ်ပေသည်။


ချိုင့်ဝှမ်းများကို ပုံပန်းသဏ္ဌာန်အလိုက် သက်နု သက်ရင့် နှင့် သက်ကြီးဟူ၍ ၃ မျိုး ၃ စား ခွဲခြားနိုင်သည်။ သက်နု ချိုင့်ဝှမ်းသည် နက်စောက်၍ ကျဉ်းမြောင်းသည်။ ချိုင့်ဝှမ်း အလယ်တွင် မကြာမတင်ကမှ ဖြစ်ပေါ်လာသည့် ရေစီးသန် သော ချောင်းတစ်ခုရှိတတ်သည်။ သက်ရင့်ချိုင့်ဝှမ်းသည် နက်ရှိုင်း၍ ကျယ်သည်။ ချိုင့်ဝှမ်းကမ်းပါးများသည် ပြေပြေ ပြစ်ပြစ် မြင့်တက်သွားတတ်သည်။ သက်ကြီးချိုင့်ဝှမ်းသည် နက်ရှိုင်း၍ ကျယ်သည်။ ချိုင့်ဝှမ်းကမ်းပါးများသည် ပြေပြေ ပြစ်ပြစ် မြင့်တက်သွားတတ်သည်။ သက်ကြီးချိုင့်ဝှမ်းကား အလွန်ကျယ်၍ အောက်ခြေပြန့်သည်။ ကမ်းပါးများသည် အလွန်အမင်း နိမ့်လျှောနေတတ်သည်။ မြေပျော့ပေါ်၌ စီးဆင်း နေသော မြစ်ချောင်းတို့သည် ကျောက်မာကို ကန့်လန့်ဖြတ် စီးဆင်းနေသော မြစ်ချောင်းထက်ပို၍ လျင်မြန်စွာ သက်ကြီး မြစ်ဝှမ်းမျိုးကို ဖြစ်ထွန်းစေနိုင်သည်။ထို့ကြောင့်ပင် တစ်နေရာ၌ သက်နုချိုင့်ဝှမ်း ဖြစ်ထွန်းတတ်၍ အခြားတစ်နေရာ၌ သက်ကြီး ချိုင့်ဝှမ်းများ ဖြစ်ထွန်းနေတတ်သည်။


မြစ်ချောင်းများသည် မြစ်အောက်ခင်းပြင်ကို တဖြည်းဖြည်း နက်သည်ထက် နက်အောင် ပြုပြင်လျက်ရှိစဉ်၊ လေမိုးနှင့် ဆီးနှင်း စသည်တို့က ချိုင့်ဝှမ်းကမ်းပါးယံများကို တိုက်စား လျက် ရှိလေသည်။ အစတွင် မြစ်အောက်ခင်းပြင်ကို နက်အောင် ပြုသောလုပ်ငန်းမှာ ပို၍မြန်သည်။ သို့သော် မြစ် ချောင်းတို့၏ မျက်နှာပြင်သည် ယင်းတို့စီးဝင်ရာ ရေထု မျက်နှာပြင်နှင့် တစ်ပြေးတည်းဖြစ်သော အခါ၌ကား တဖြည်း ဖြည်း ရေစီးနှေးသွားသဖြင့် မြစ်အောက်ခင်းပြင်ကို မနက်စေ တော့ပေ။


သို့ရာတွင် မြစ်သည် ယင်း၏ရေစီးကြောင်း၌ အတား အဆီး တစ်ခုခုနှင့်တွေ့လျှင် ရေစီးကြောင်း ပြောင်းလွဲသွား တတ်ရာ မြစ်မှာ ကျယ်သည်ထက် ကျယ်လာတတ်သည်။ သို့ဖြစ်၍ မြေဆီလွှာကိုတိုက်စား၍ ဖြစ်ပေါ်လာသော ချိုင့်ဝှမ်း တို့သည် မြစ်ဖျားခံရာတွင် ကျဉ်းမြောင်းနက်ရှိုင်း၍ မြစ်ဝတွင် ကျယ်ပြန့်သည်။ ထို့ပြင် မြစ်ဝတွင် အောက်ခြေမှာ ကျယ်ပြန့် ညီညာပြီးလျှင် မြေဩဇာ ကောင်းမွန်တတ်၏။ ကျတ်တီးပြင် ဒေသများ၌ကား ချိုင့်ဝှမ်းကမ်းပါးယံများကို တိုက်စားသည့် လုပ်ငန်းထက် မြစ်အောက်ခင်းပြင်ကို နက်အောင် ပြုလုပ် သည့် လုပ်ငန်းက ပို၍မြန်သောကြောင့် နက်ရှိုင်းသောလျှိုကြီး များ ဖြစ်ပေါ်တတ်သည်။ ထိုကဲ့သို့သော ချောက်ကြီးများတွင် အမေရိကန်ပြည်ထောင်စု အယ်ရီဇိုးနားပြည်နယ်ရှိ ဂရင်းကင် ညွန်ချောက်သည် အထင်ရှားဆုံး ဖြစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)