မာတိကာသို့ ခုန်သွားရန်

ချန်ထွန်း (သခင်)

ဝီကီပီးဒီးယား မှ
(ချန်ထွန်း၊ သခင် မှ ပြန်ညွှန်းထားသည်)

ချန်ထွန်း
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၃၁ အောက်တိုဘာ ၁၉၇၄  ၃ ဇူလိုင် ၁၉၇၆
ခန့်အပ်သူဦးနေဝင်း
ယခင်လူဦးသိန်းမောင်
ဆက်ခံသူဦးမြင့်မောင်
ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၆ ဇန်နဝါရီ ၁၉၇၀  ၁၉၇၅
ခန့်အပ်သူဦးနေဝင်း
ယခင်လူJames Barrington
ဆက်ခံသူဦးကျော်ညွန့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1921-09-11)စက်တင်ဘာ ၁၁၊ ၁၉၂၁
ကျောက်ပန်းတောင်းမြို့နယ်မဲထီးရွာ
ကွယ်လွန်ဧပြီ ၁၆၊ ၂၀၂၀(2020-04-16) (အသက် ၉၈)
တာမွေမြို့ရန်ကုန်
လူမျိုးမြန်မာ
ကြင်ဖော်ဒေါ်အမာ
သားသမီးသားသမီး ၅ ဦး

သခင်ချန်ထွန်း (၁၁ စက်တင်ဘာ ၁၉၂၁ - ၁၆ ဧပြီ ၂၀၂၀) သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း နှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုတို့၌ ရှေ့ဆုံးမှရပ်တည်ခဲ့သည့် တို့ဗမာအစည်းအရုံးဝင် သခင် တစ်ဦး ဖြစ်သည်။၂၀၂၀ပြည့်နှစ် နောက်ပိုင်း သက်ရှိထင်ရှားနောက်ဆုံးလက်ကျန် သခင်ဟောင်းကြီး တစ်ဦးအဖြစ် မှတ်တမ်းတင်ခံခဲ့ရသူ၎င်းသည်[] တရုတ်နိုင်ငံ နှင့် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[]

၁၉၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် မဲထီးရွာ တောင်သူလယ်သမား မြေပိုင်ရှင် ဦးဖိုးဆင့် ၊ ဒေါ်မြကြီးတို့ မှ ဖွားမြင်သည်။၁၉၂၆ ခုနှစ်မှ ၁၉၃၂ ခုနှစ် မတ်လအထိ မဲထီးရွာဘုန်းကြီးကျောင်းနှင့် ဆရာဦးမှတ်ကျော်၊ ဆရာဦးအုပ်ကျော်တို့၏ မြန်မာမူလတန်းကျောင်းများ၌ လေးတန်းအောင်သည်အထိ နေခဲ့သည်။

ပညာရေး

[ပြင်ဆင်ရန်]

၁၉၃၂ ခုနှစ် ဇွန်လ မှ ၁၉၃၄ ခုနှစ် မတ်လအထိ တောင်တွင်းကြီး အစိုးရ အင်္ဂလိပ်- မြန်မာအထက်တန်း ကျောင်း၌ သုံးတန်းနှင့် လေးတန်းရောက်အောင်မြင်ခဲ့သည်။ ၁၉၃၄ ခုနှစ်၊ဇွန်လမှ ၁၉၁၀ ပြည့်နှစ် မတ်လအထိ မန္တလေးမြို့ ဗဟိုအမျိုးသားအထက်တန်းကျောင်း ၌ ငါးတန်းမှ ဆယ်တန်းအောင်သည် အထိ နေခဲ့သည်။ ဆယ်တန်းကို ပါဠိဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

၁၉၄၀ ပြည်နှစ် ဇွန်လမှ ၁၉၄၂ ခုနှစ် စစ်ကြီးဖြစ်၍ ကျောင်းပိတ်သည်အထိ မန္တလေးမြို့ ဥပစာကောလိပ်ကျောင်း၌ တက်ခဲ့သည်။ ၁၉၄၀- ၄၁ ခုနှစ်ထုတ် ဥပစာကောလိပ်ကျောင်းမဂ္ဂဇင်းကို မြန်မာစာတည်း(အယ်ဒီတာ)အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၄၃ ခုနှစ်တွင် ရန်ကုန်မြို့ ဗျိုင်းရေအိုးစဉ်လမ်း၌ ပြုလုပ်သော ဥပစာ အထက်တန်းကျောင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည်။၁၉၃၈ ခုနှစ်တွင် မန္တလေးမြို့လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သည်။

နိုင်ငံရေးလှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

ဗြိတိသျှအစိုးရ ဆန့်ကျင်ရေးတရားများကို မုံရွေး၊ ကြေးမုံ၊ မုံရွာ၊ ဆားလင်းကြီး၊ စဉ့်ကူး ၊ တံတားဦးမြို့နယ်များနှင့် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီး၌ ကျင်းပသောတရားပွဲများတွင် ဟောပြောသဖြင့် ၁၉၃၉ ခုနှစ်၊ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ထောင်ဒဏ်တစ်နှစ် အပြစ်ပေးခံရသည်။

ထောင်ထဲတွင် (၆)လနေခဲ့ရသည်။ ၁၉၃၉ ခုနှစ်တွင် ကျင်းပသော (၁၀)တန်းစာမေးပွဲကို ထောင်ကျနေ၍ မဖြေဆိုခဲ့ရပေ။

၁၉၄၁ ခုနှစ်တွင် မန္တလေးမြို့ဆိုင်ရာ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။၁၉၄၁ခုနှစ် ၊ နိုဝင်ဘာလတွင် အင်္ဂလိပ်နယ်ချဲ့များကို တော်လှန်ရန် မန္တလေးမြို့၌ စတင်ဖွဲ့စည်းသော မြေအောက်တော်လှန်ရေးအဖွဲ့၌ ပါဝင်ခဲ့သည်။

တော်လှန်ရေးလှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

အထက်မြန်မာပြည် တော်လှန်ရေးအဖွဲ့ချုပ်ခေါင်းဆောင် ဦးသိန်းဖေ (မြင့်) ၏ တာဝန်ပေးချက်အရ ဗန်းမော် ၊ ကသာတို့သို့ သွားရောက်ရသည်။၁၉၄၂ ခုနှစ် ၊ မေလတွင် အမရပူရမြို့၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လင်းယုန်၏ ဘီအိုင်အေတပ်သို့ဝင်ပြီး ဗိုလ်သင်တန်းတက်သည်။ ဇူလိုင်လတွင် အမရပူရမှ မန္တလေးဆပ်ကျောင်းသို့ ပြောင်းသောအခါ ဝမ်းလျှောပြီး တိုင်ဖွိုက်ဖြစ်၍ ဘီအိုင်အေတပ်မှ ထွက်ခဲ့ရသည်။

၁၉၄၃ ခုနှစ် ၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့၌ ဝန်ထမ်းတပ်သင်တန်းဖွင့်၍ တက်ရောက်သည်။ သင်တန်းဆင်းသောအခါ အမရပူရမြို့နယ် ဝန်ထမ်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ရသည်။၁၉၄၃ ခုနှစ် ၊မန္တလေးမြို့သို့ ပျဉ်းမနား သခင်မြ ရဲဝန်ထောက်တာဝန်ဖြင့် ရောက်လာသောအခါ အင်္ဂလိပ်တော်လှန်ရာတွင် ပါဝင်ခဲ့သော ရဲဘော်များကို စုစည်းပြီး ဂျပန်ကိုတော်လှန်ရန် စတင်စည်းရုံးသည်။ လစဉ်ကြေးများ လှူဒါန်းရသည်။

၁၉၄၅ ခုနှစ် ၊ မတ်လ (၁၈)ရက်နေ့တွင် အင်းဝကျီးပင်ဘုန်းကြီးကျောင်းမှ ဂျပန်ဆန့်ကျင်ရေးအတွက် စည်းရုံးထားသော ဦးပဉ္စင်း ကိုလှဖေကို လူဝတ်လဲစေပြီး အပါခေါ်ကာ လက်ဆောင်ဖြူရွာ ဘောင်းနို့ဆီ ဦးဘသန်းအိမ် ၌ စခန်းချနေသော အင်္ဂလိပ် (၁၄)တပ်မတော်စစ်ကြောင်းမှ အင်္ဂလိပ်တပ်နှင့် တွေ့ဆုံပြီး ကျီးပင်ရွာအရှေ့ဘက် ၌ ရောက်နေသော ဂျပန်တပ်များအနေအထားကို သတင်းပေးတင်ပြခဲ့သည်။ အင်္ဂလိပ်စစ်တပ်က အတူလိုက်လာပြီး တိုက်ခိုက်သည်။ အင်္ဂလိပ်စစ်သားတစ်ဦး ဒဏ်ရာရသည်။ ဇွန်လတွင် မန္တလေးမြို့သို့ပြောင်းရွှေ့နေထိုင်ပြီး မန္တလေးမြို့အနောက်နယ် လူငယ်အစည်းအရုံး၌ တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။[]

နိုင်ငံရေးရာထူးများနှင့်အခြားရာထူးများ

[ပြင်ဆင်ရန်]

၁၉၄၆ ခုနှစ်၊ ဇွန်လ မှ ၁၉၄၉ ခုနှစ်အထိ မန္တလေးခရိုင် ဆိုရှယ်ပါတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်သည်။၁၉၅၀ ပြည့်နှစ်၊ မတ်လမှ ၁၉၅၁ ခုနှစ် နိုဝင်ဘာလအထိ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ခင်မောင်လေး၏ အတွင်းရေးအတွင်းဝန်တာဝန်ကို ထမ်းဆောင်သည်။

၁၉၅၂ ခုနှစ်၊ ဧပြီလမှစ၍ မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး (ဗတလစ) ဌာနချုပ်၊ အလုပ်အမှုဆောင်အဖြစ် လည်းကောင်း၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အထိ တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ် ဇွန်လအထိ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ဖဆပလအဖွဲ့ချုပ် ကွဲသောအခါ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အထိ သန့်ရှင်းဖဆပလအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်နှင့် တောင်သူလယ်သ မားဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၅၆ ခုနှစ်၊ ဇွန်လအထိ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး၊ ဝန်ကြီးဌာနပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ရသည်။၁၉၅၅ ခုနှစ်တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု(ဥက္ကဋ္ဌ) ၊ တရားလွှတ်တော် တရားဝန်ကြီးချုပ် ဦးချန်ထွန်းအောင်(ဒုတိယဥက္ကဋ္ဌ) အဖြစ် ဆောင်ရွက်သော ဘုတ်ကော်ပိုရေးရှင်းများကို စုံစမ်းသော ကော်မရှင်တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

၁၉၅၆ ခုနှစ်၊ ဇွန်လမှ ၁၉၅၈ ခုနှစ်၊ ဇွန်လအထိ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးဝန်ကြီးဌာနပါလီမန်အတွင်းဝန်အဖြစ် လည်းကောင်း၊ ၁၉၅၈ ဇွန်လမှ အောက်တိုဘာ(၂၈) ရက်နေ့အထိ ကုန်သွယ်ရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

၁၉၅၂ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ နှင့် ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်၊ မတ်လ(၂) ရက်နေ့အထိ နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၆ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ မြေယာကျေးလက် ကြီးပွားရေးကော်ပိုရေးရှင်း (ARDC) ဒါရိုက်တာအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလမှ ၁၉၆၂ ခုနှစ်၊ မတ်လ(၂) ရက်နေ့အထိ မန္တလေးတက္ကသိုလ် ကောင်စီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၃ ခုနှစ်၊ စက်တင်ဘာလ မှ ၁၉၆၉ ခုနှစ်၊ ဧပြီလအထိ အထူးအရာရှိအဖြစ် လည်းကောင်းဆောင်ရွက်ခဲ့သည်။

၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလမှ ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ပြည်သူ့အိုးအိမ်အဖွဲ့အဖွဲ့ဝင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အထိ ပြည်သူ့ပစ္စည်းကုန်သွယ်ရေး၊ ကော်ပိုရေးရှင်း( ပပက) ကုန်သွယ်ရေး(၁၄) (လျှပ်/ဆောက်) ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၆၄ ခုနှစ်၊ မတ်လ(၁) ရက်နေ့မှ ၁၉၆၅ ခုနှစ် ၊ ဇန်နဝါရီလအထိ ဘားမားကော်ပိုရေးရှင်း(၁၉၅၁) လီမိတက်၊ (ဖက်စပ်ကော်ပိုရေးရှင်း) ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည်။

၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလတွင် ဘားမားကော်ပိုရေးရှင်း (၁၉၅၁) လီမိတက်ကို ပြည်သူပိုင်ပြုလုပ်ပြီး ပြည်သူ့ဘော်တွင်းလုပ်ငန်း ဟု အမည်ပြောင်းကာ ပြည်သူ့ဘော်တွင်းလုပ်ငန်းအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းသောအခါ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ရသည်။ ၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလအထိ ထမ်းဆောင်ခဲ့သည်။

၁၉၆၅ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ်သောင်းဒန် အမှူးပြုသော ၁၉၆၄ ခုနှစ် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို စောင့်ရှောက်သော အက်ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

ပြည်ပခရီးစဥ်များ

[ပြင်ဆင်ရန်]

၁၉၅၂ ခုနှစ်၊ ဧပြီလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ စေလွှတ်သော ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဦးထွန်းဖေ ခေါင်းဆောင်သည့် ယဉ်ကျေးမှုကိုယ်စား လှယ်အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

၁၉၅၃ ခုနှစ်တွင် ထိုင်း၊ စင်ကာပူ၊ ဟောင်ကောင်၊ ဂျပန်နိုင်ငံများသို့ ဘဏ္ဍာတော်မင်းကြီး ဦးအောင်စိုး ခေါင်းဆောင်သည့် သွားရောက် လေ့လာသော သစ်ရောင်းဝယ်ရေး၊ လေ့လာရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံသို့ ဆည်မြောင်းလုပ်ငန်း အင်ဂျင်နီယာများ ရွေးချယ်ခန့်ထားရန် ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ပြီး သွားရောက်ရသည်။

၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာလတွင် သစ်လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ စည်သူဦးမှန်နှင့်အတူ အိန္ဒိယနိုင်ငံသို့ သစ်ရောင်းရန်ကိစ္စဖြင့် သွားရောက်ရသည်။

၁၉၆၀ ပြည့်နှစ်၊ မေလနှင့် ဇွန်လတွင် အနောက် ဂျာမနီနိုင်ငံ အနောက်ဘာလင်မြို့၌ ပြုလုပ်သော လယ်ယာစိုက်ပျိုးရေး သမဝါယမ ဆွေးနွေးပွဲသို့ မြေ/ ကျေးရှင်အမှုဆောင်အရာရှိ ဦးထွန်းတင် (မန်းတင်)၊ သမဝါယမဝန် ဦးအေးချိုတို့နှင့်အတူ တက်ရောက်ခဲ့သည်။

၁၉၆၄ ခုနှစ်၊ မေလ(၁) ရက်နေ့တွင် ဆိုဗီယက်ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်သည့် အလုပ်သမား မေဒေးနေ့အခမ်းအနား တက်ရောက်ရန် မြန်မာအလုပ်သမား ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ပြီး သွားရောက်ခဲ့သည်။

၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာလ(၂၀) ရက်မှ ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ ပြုလုပ်သော (၂၅)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်သည့် ဝန်ကြီး ဗိုလ်ချုပ်စိန်ဝင်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။

အမတ်တာဝန်များ

[ပြင်ဆင်ရန်]

၁၉၅၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ပါလီမန်ရွေးကောက်ပွဲတွင်တံတားဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ပါလီမန်အမတ်အဖြစ် ပြိုင်ဘက်မရှိ အရွေးခံရသည်။

၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော်ပါလီမန်ရွေးကောက်ပွဲနှင့် ၁၉၆၀ ပြည့်နှစ် ပြည်သူ့လွှတ်တော်ပါလီမန်ရွေးကောက်ပွဲတို့တွင် တံတားဦး မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ပါလီမန်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

သတင်းစာဆရာဘဝ

[ပြင်ဆင်ရန်]

၁၉၅၆ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားအစည်းအရုံး (ဗတစလ) ဌာနချုပ်မှ ထုတ်ဝေသော အနော်ရထာစာစောင် (လစဉ်ထုတ်မဂ္ဂဇင်း) တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

သံအမတ်ကြီးဘဝ

[ပြင်ဆင်ရန်]

၁၉၆၉ ခုနှစ်၊ နိုဝင်ဘာလတွင် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။၁၉၇၀ ပြည့်နှစ်၊ ဇန္နဝါရီလမှ ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလအထိ ကနေဒါဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၄ ခုနှစ်၊ အောက်တိုဘာလမှ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလအထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆောင်ရွက်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆောင်ရွက်စဉ် မွန်ဂိုလီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လည်းကောင်း၊ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လည်းကောင်း ပူးတွဲထမ်းဆောင်ခဲ့သည်။[]

အငြိမ်းစားယူခြင်း

[ပြင်ဆင်ရန်]

၁၉၇၆ ခုနှစ်၊ နိုဝင်ဘာလမှစ၍ သံအမတ်ကြီး အဖြစ်မှ အငြိမ်းစားယူခဲ့သည်။

အငြိမ်းစားဘဝတွင် ဆောင်ရွက်ခဲ့သောတာဝန်များ-

  1. ရန်ကင်းမြို့နယ် မိုးကောင်းလမ်း မဟာဗောဓိပရိယတ္တိသာသနာပြုအသင်း ဥက္ကဋ္ဌ။
  2. ဗဟန်းနန္ဒဝန်လမ်း မဟာဝိသုဒ္ဓါရုံ (ပါဠိတက္ကသိုလ်) ရွှေကျင်ကျောင်းတိုက် ဝေယျာဝစ္စအဖွဲ့နာယက။
  3. ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွာရေးအဖွဲ့ ဦးဆောင်နာယက။
  4. စစ်ကိုင်းတောင်ရိုး ဝါးချက်ဇီဝိတဒါနသံဃာ့ဆေးရုံ အောက်မြန်မာပြည် ကြီးကြပ်ထောက်ပံ့ရေးအဖွဲ့နာယက။
  5. ကျောက်ပန်းတောင်း မြို့နယ်အသင်း (ရန်ကုန်) ဦးဆောင်နာယက။
  6. မန္တလေးအသင်း( ရန်ကုန်) နာယက စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။

ပုဂ္ဂိုလ်ရေးဘဝ

[ပြင်ဆင်ရန်]


သခင်ချန်ထွန်းသည် ၁၉၄၄ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့တွင် မန္တလေးတိုင်း တံတားဦးမြို့နယ်၊အင်းဝမြို့ကျီးပင်ရွာ ပွဲစား ဦးဒေဝ၊ ဒေါ်ဒေါ်ညွန့်တို့၏ သမီး ဒေါ်အမာနှင့် လက်ထပ်ခဲ့သည်။ သမီး လေးဦး၊ သားတစ်ဦး ထွန်းကားခဲ့သည်။ ယင်းတို့မှာ-

  1. ပါမောက္ခ ဒေါက်တာဒေါ်ခင်မာထွန်း+ ပါမောက္ခ ဦးညွန့်ဝင်း (ငြိမ်း)
  2. ဒေါက်တာခင်မြတ်ထွန်း (ညွှန်ကြားရေးမှူး၊ ဆေးသုတေသန) ပါမောက္ခဌာနမှူး ဒေါက်တာခင်မောင်ဟန် (မြောက်ဥက္ကလာဆေးရုံ၊ အရိုး)
  3. ဦးထွန်းဝေ (ကုန်သည်)
  4. ဒေါက်တာခင်စောထွန်း( M.B.B.S)
  5. ဒေါက်တာခင်ရင်ရင်ထွန်း( B.D.S)
  6. ဒေါက်တာချစ်ခင်ဝေ (B.D.S) (USA)တို့ဖြစ်သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၁၆)ရက် အသက်(၉၉)နှစ်အရွယ်တွင် ရန်ကုန်၊တာမွေမြို့နယ်၌ ကွယ်လွန်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. စစ်တပ်နဲ့ဝိုင်းဖမ်းခံရတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းကွယ်လွန် BBC (၁၆ ဧပြီ ၂၀၂၀)။ ၃ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  2. ပြည်သူတစ်ရပ်လုံးကြည်ညိုတဲ့ တပ်မတော်ဖြစ်အောင် ဆောင်ရွက်ဖို့ သခင်ချန်ထွန်းတိုက်တွန်း RFA (၁၁ စက်တင်ဘာ ၂၀၁၂)။ ၃ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ RFA (၁၈ ဧပြီ ၂၀၁၂)။ ၃ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. တရုတ် မြန်မာ နှစ် ၆၀ သံတမန် ဆက်ဆံရေး BBC (၃၁ မေ ၂၀၁၀)။ ၃ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း ကွယ်လွန် VOA (၁၆ ဧပြီ ၂၀၂၀)။ ၃ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။