မာတိကာသို့ ခုန်သွားရန်

ချည်ထိုးစက်

ဝီကီပီးဒီးယား မှ

လက်မှုပညာအဖြစ်မှ စက်မှုပညာအဖြစ်သို့ တိုးတက် ပြောင်းလဲလာခဲ့သော ပညာရပ်များထဲတွင် ချည်ထိုးခြင်းလည်း တစ်ခုပါဝင်သည်။ ထိုအတတ်သည် အထည်များပြုလုပ်သော အတတ်ဖြစ်သော် လည်း ရက်ကန်းအတတ်နှင့်ကား မတူပေ။ ဥရောပအနောက်ပိုင်းတွင် ထိုပညာရပ်သည် ရက်ကန်းအတတ် နောက်မှ ပေါ်ပေါက်လာခဲ့၍ ခုနစ်အားဖြင့် ၁၄ ရာစုလောက် ကမှ စတင်ပေါ်လာလေသည်။


အမျိုးသမီးများ၏ ချုပ်လုပ်မှုပညာတစ်ရပ်အနေဖြင့် စတင် ပေါ်ပေါက်ခဲ့စဉ်က သိုးမွှေး စသည့် ချည်ပင်များကို ဝါး၊ သစ်သား၊ အရိုးစသော အပ်ရှည်ရှည် ၂ ချောင်းဖြင့် ထိုးကြ လေသည်။ ထိုလက်မှုပညာရပ်ကို နှစ်ချောင်းထိုးအတတ်ဟု ခေါ်လာကြ၍ ရက်ကန်းကဲ့သို့ စင်မလိုဘဲ အပ် ၂ ချောင်းကြား ထဲတွင် ခြည်ပင်ကို အပေါ်တင်ကာ၊ အောက်ချကာဖြင့် အပေါ် ထိုး အောက်ထိုးများ ထိုးကာ ခြေအိတ်၊ လည်စီး၊ သိုးမွေး အင်္ကျီ စသည်တို့ကို ပြုလုပ်ကြလေသည်။

နှစ်ချောင်းထိုးအတတ်ပေါ်ပြီးနောက် နှစ်ပေါင်း ၂ဝဝ ခန့် ကြာသောအခါ မိန်းကလေးများ နှစ်ချောင်းထိုးအပ်ဖြင့် အထည် တစ်ခုဖြစ်အောင် စိတ်ရှည်လက်ရှည် ထိုးနေသည်ကို အားမရ စိတ်မရှည်နိုင်သူတစ်ဦး ပေါ်ပေါက်လာသည်။ ထိုသူမှာ အင်္ဂလန်ပြည် နော့တင်ဂမ်ရှိုင်ယာခရိုင်မှ ဝီလျံလီးအမည်ရှိ ခရစ်ယန်ဘုန်းကြီး တစ်ပါးဖြစ်၏။ ဝီလျံလီး၏ ချစ်သူ မိန်းကလေးမှာ မိမိထက် နှစ်ချောင်းထိုးအလုပ်ကို ပို၍ စိတ်ဝင်စားကြောင်း သိရသည်။ မိန်းကလေးများသည် အထည်တစ်ခုဖြစ်ရန် ကျင်လည်သွက်လက်စွာ အပ်နှစ် ချောင်းဖြင့် မရပ်မနားထိုးကာ ပြုလုပ်ပါသော်လည်း လက်စိုက် ရသလောက် အပြီးမမြန်လှသည်ကို တွေ့ရသည်။ ထို့ကြောင့် ဝီလျံလီးသည် အလုပ်လုပ်ရသလောက် အထည်အဖြစ် မြန်မည့်နည်းကို ကြံစည်စိတ်ကူးပြီးနောက် အပ်များများ ထည့်၍ ထိုးနိုင်သောခြည်ထိုးစက်တစ်ခုကို ခရစ် ၁၅၈၉ ခုနှစ် တွင် တီထွင်စမ်းသပ်ကြည့်သည်။ ထို ပထမတီထွင်သော စက်ဖြင့် လုပ်သည့် ခြေအိတ်တစ်စုံကို အယ်လစ်ဇဗက်ဘုရင်မ အား ဆက်သ၏။ သို့သော် အထည်မှာကြမ်း၍ ပိုးလည်း မဟုတ်သဖြင့် ဘုရင်မကြီးက သဘောမကျလှပေ။ ထိုအခါ ဝီလျံလီးသည် ယခင်စက်ထက် အပ်များပို၍ပါသော စက် တစ်လုံးကို ပြုလုပ်သည်။ ယင်းစက်ဖြင့် နူးညံ့ကောင်းမွန်သော ပိုးခြေ အိတ် တစ်စုံကို ထိုးပြီးလျှင် ဘုရင်မအား ဆက်သ ပြန်သည်။ သို့သော်လည်း ဘုရင်မကြီးက မည်သို့မျှ အားပေး ချီးမြှင့်ခြင်း မပြုသဖြင့် ဝီလျံလီးသည် စိတ်အပျက်ကြီး ပျက် ကာ ပြင်သစ်နိုင်ငံသို့ ထွက်ခွာသွား လေတော့သည်။ ဘုရင်မ ကြီးက အားပေးခြင်းမပြုသည့်အကြောင်းမှာ ထိုစက်မျိုးကို အသုံးပြုလာကြလျှင် နှစ်ချောင်းထိုး လက်မှုပညာသည်များ တိမ်ကော၍ အလုပ်လက်မဲ့ဖြစ်သွားမည်ကို စိုးရိမ်သော ကြောင့်ဟု ဆိုသည်။

ဝီလျံလီး ပြင်သစ်နိုင်ငံသို့ ရောက်သွားသော်လည်း သူ၏ တီထွင်မှုမှာ တိမ်ကောခြင်းမရှိပေ။ နောင်အခါ၌ သူတီထွင် ခဲ့သည့် လက်စများကို တိုးတက်ပြုပြင်လုပ်ကိုင်သူများ ပေါ် ပေါက်ခဲ့လေသည်။ ၁၇၅၈ ခုနှစ်တွင် ဒါဗီရှိုင်ယာခရိုင်မှ ဂျက်ဗီဒိုယ်ယာစထရတ် ဆိုသူပုဂ္ဂိုလ်တစ်ဦးသည် ဆွယ်တာ အင်္ကျီ အနားပတ်၊ ခြေအိတ်ရှည် ထိပ်အနားပတ်တို့တွင် ထည့် သည့် ကွမ်းရိုးစင်းဖော်ခြင်းကိုပင် စက်ဖြင့်ထိုး၍ ပြုလုပ်နိုင် လာသည်။ စထရက် တီထွင်သောစက်ဖြင့် ထိုးသည့်အထည် များမှာ ထိုစဉ်က နှစ်ချောင်းထိုးလက်ဖြစ်ထည်များနှင့် အပြိုင် အဆိုင် ဖြစ်ခဲ့ကြ၏။ ဝီလျံလီးနှင့်အတူ ပြင်သစ်နိုင်ငံသို့ ပါသွားသည့်စက်ကို ပြင်သစ်လူမျိုးတို့ကလည်း တိုးတက် ကြံစည်ကြရာ ၁၇၉၈ ခုနှစ်တွင် ဒကရွားဆိုသူ တီထွင်သော စက်မှထွက်သည့် အထည်များမှာ အလွန်ပင် အဆင့်အတန်း မြင့်လာလေသည်။

ထိုမှတစ်ဆင့်ထက် တစ်ဆင့် တိုးတက်၍ ပြုပြင်တီထွင် လာခဲ့ကြရာ ၁၈၂၈ ခုနှစ်တွင် ရေနွေးငွေ့စက်ဖြင့် လည်သည့် ခြည်ထိုးစက်များ ပထမဦးစွာ ပေါ်ပေါက်လာသည်။ ထိုစက် များကြောင့် ခြည်ထိုးလုပ်ငန်းမှာ ပိုမိုတွင်ကျယ်လာ၏။ နောင် တွင် ပိုမိုဆန်းကြယ်စွာ ထိုးနိုင်သော ခေတ်မီစက်များ တဖြည်း ဖြည်းတိုးတက် ပေါ်ပေါက်လာခဲ့လေသည်။ ယခင်က ခြေအိတ် စသည့်အထည်များကို စက်များဖြင့် တပြင်တည်းထိုးပြီးမှ ပြန်၍ ကွင်းဖြစ်အောင် ချုပ်ယူရသည်။ သို့သော် ၁၈၁၆ ခုနှစ်မှစ၍ ချုပ်ရိုးမရှိအောင် ပတ်လည်ကွင်းဖြစ်ပြီးသား အထည်များ ထိုးနိုင်သည့် အဝိုင်းပုံစက်များ ပေါ်ပေါက်ခဲ့သည်။


စက်ဖြင့် ထိုးသည့်အထည်များတွင် အခြေခံအားဖြင့် ၂ မျိုး ရှိသည်။ တစ်မျိုးမှာ လက်ထိုးမှာကဲ့သို့ ကြိုးတစ်ပင်တည်းနှင့် ကွင်းကလေးများပြုပြီး ထိုးသွားခြင်း ဖြစ်သည်။ ပြီးသွားသည့် အထည်မှ အစတစ်စကို ဆွဲထုတ်လိုက်ပါက အထည်တစ်ခုလုံး ပြေထွက်လာနိုင်၏။ ယင်းသို့ ထိုးနည်းကို 'ဗောင်တင်ထိုးနည်း' ဟု ခေါ်ကြသည်။ ထိုထိုးနည်းဖြင့် ဆွယ်တာ၊ ခြေအိတ်၊ အတွင်းခံစွပ်ကျယ် စသည်တို့ကို ထိုးကြသည်။

နောက်တစ်မျိုးတွင် အထည်၏အနံ၌ ကွင်းကလေးများ ရှိသလောက် ခြည်အပင်များ ရှိသည်။ ရက်ကန်းဖြင့် အထည် ရက်ရာတွင် အတိုင်ခြည်ကို တိုင်ခြည်များကြားမှ ဖြတ်ကျော် ရက်သွားသကဲ့သို့ ဤနည်းတွင်လည်း တိုင်ခြည်ထား၍ ထိုးရ သဖြင့် 'အတိုင်ထိုးနည်း'ဟု ခေါ်ကြသည်။ သို့သော် အထည် ရက်ပုံနှင့်မတူ ခြင်းမှာ တိုင်ခြည်ကို ဖောက်ခြည်က ကွင်းပြု လုပ်ကာ ချိတ်၍ချိတ်၍ ယူသွားသည်။ အတိုင်ထိုးနည်းတွင် ခြည်ပင် အစများများသုံးသောကြောင့် ရှောစောင်လက်အိတ် စသည်များမှာကဲ့သို့ အရောင်စပ်ထိုးလိုလျှင်သော်လည်းကောင်း၊ အဆင် ဖော်လိုလျှင်သော်လည်းကောင်း ဤနည်းကို အသုံးပြုကြလေသည်။ ယခုခေတ်တွင်ကား လျှပ်စစ်ဓာတ်ကို အသုံးပြု၍ လူမပါ ဘဲနှင့် အလိုအလျောက် အထည်ဖြစ်အောင် ထိုးနိုင်သည့် ခြည် ထိုးစက်များပင် ပေါ်ပေါက်နေပေပြီ။ စက်အမျိုးမျိုးရှိသည့် အနက် အသုံးအများဆုံးမှာ ဗောင်ဝိုင်းစက်မျိုး ဖြစ်၏။ ထို စက်မျိုးတွင် ဗောင်ဝိုင်းကြီးပတ်လည်၌ အပ်များကို စီ၍ တပ်ဆင်ထားသည်။ အဖျားများ၌ ချိတ်ကလေးများ ပါရှိ၍ ထိုအပ်များသည် အပေါ်နှင့်အောက် တက်ချည်ဆင်းချည် ဖြစ်နေကြသည်။ ယင်းသို့ အပ်များသည် အပေါ်နှင့်အောက် တက်ချည်ဆင်းချည် ဖြစ်နေစဉ် အပ်အဖျားရှိ ချိတ်များက ခြည်ပင်များကို ဆွဲ၍ ကွင်းကလေးများဖြစ်အောင် ပြုလုပ်သွား ကြလေသည်။ အချို့သောစက်များမှာ တစ်မိနစ်လျှင် အဆိုပါ ကွင်းကလေးပေါင်း ၆ဝဝဝဝဝ ကျ ပြုလုပ်နိုင်အောင်ပင် လျင်မြန်ပေသည်။

ရက်ကန်းစင်ဖြင့် အထည်ရက်ရာတွင် တိုင်ခြည်ကို ဖောက်ခြည်က ဖြောင့်တန်းစွာ တစ်ပင်ကျော် တစ်ပင်ချ ရက်လုပ်သွားသည်။ သို့သော် ခြည်ထိုးနည်းတွင် ကွင်းကလေး များ ဖြစ်အောင် ထိုးသွားသည့်အတွက် ခြည်ထိုးနည်းဖြင့် ပြုလုပ်သောအထည်မျိုးမှာကား ဆန့်၍ ရပြီးလျှင် လေဝင် ပေါက်လည်း ပို၍ များသည်။ ထို့ကြောင့် အတွင်းခံစွပ်ကျယ် အင်္ကျီ၊ ခြေအိတ် စသည့်အထည်မျိုးကို ခြည်ထိုးနည်းဖြင့် ပြုလုပ်ယူကြသည်။

ခြည်ထိုးသည့်လုပ်ငန်းမှာ စက်မှုသို့ ပြောင်းခဲ့သည့် အခြား လုပ်ငန်းများနည်းတူ ယခုအခါ ကြီးကျယ်သည့် လုပ်ငန်းကြီး တစ်ခု ဖြစ်နေပေပြီ။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)