မာတိကာသို့ ခုန်သွားရန်

ချစ်မောင်၊ သခင် (ဝိဓူရ)

ဝီကီပီးဒီးယား မှ

၁။ အမည်ရင်း - ဦးသန်းမောင်ကြီး
၂။ မိဘအမည် - ဦးသာခေါင် + ဒေါ်လှဖြူ
၃။ မွေးသက္ကရာဇ် - ၁၉၊ ၁၁၊ ၁၉၁၅
၄။ မွေးဖွားရာဒေသ - ဟင်္သာတခရိုင်၊ ကွင်းကောက်ရွာ
၅။ ကလောင်အမည်ခွဲများ - ငပြူး၊ မျိုးချစ်မောင်၊ သခင်ချစ်မောင်၊ သခင်ချစ်မောင် (သာယာဝတီ)၊ ဦးမြတ်မင်း

ကိုယ်ရေးအကျဉ်း

[ပြင်ဆင်ရန်]

၁၉၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့ သောကြာနေ့ မွန်းလွဲ ၃ နာရီတွင် ဟင်္သာတခရိုင်၊ ကွင်းကောက်ရွာ၌ ဝံသာနုအသင်း ခေါင်းဆောင် မြေပိုင်ရှင် စပါးကုန်သည် ဦးသာခေါင်နှင့် အမိ ဒေါ်လှဖြူတို့က မွေးဖွားသည်။ မွေးနံအရ သန်းမောင်ကြီးဟု မှည့်ခေါ်သော်လည်း ချစ်မောင် အမည်သာ ခေါ်ကြသည်။

၁၉၂၀ ပြည့်တွင် ကွင်းကောက် မူလတန်းကျောင်းတွင် စတင် ပညာသင် သင်ကြားခဲ့သည်။ ၁၉၂၃ ခုနှစ်တွင် မူလတန်းကျောင်းတွင် ပညာသင်ကြားနေစဉ် အသက် ခုနစ်နှစ်သားတွင် ဖခင်ကြီး ကွယ်လွန်ခဲ့သည်။ ကွင်းသီးတပင် မူလတန်းကျောင်းမှ စတုတ္ထတန်း စကောလားရှစ်ဖြင့် အောင်မြင်၍ အင်္ဂလိပ်အစိုးရ၏ ထောက်ပံ့ငွေ ၁၆ ကျပ်နှင့် ငါးနှစ်တိတိ စတိုင်ပင်ရသူ ဖြစ်သည်။

၁၉၂၇ ခုနှစ်၊ သာယာဝတီခရိုင်၊ သုံးဆယ်မြို့ အာရ်၊ ပီ၊ ဆင် အထက်တန်းကျောင်းနှင့် နော်မံကျောင်းတို့တွင် အထက်တန်းပညာများကို ဆက်လက်သင်သည်။ ၁၉၃၆ ခုနှစ် 'စာဆိုတော်' မဂ္ဂဇင်းတွင် အခြေခံ မှတ်ချက်များထားပြီး ဝတ္ထုတပုဒ်ဖြစ်အောင် ပြိုင်ပွဲဝင် ရေးခဲ့ရာ ပထမဆု ရခဲ့သည်။

ဒုတိယ ကျောင်းသားသပိတ် ပေါ်ပေါက်စဉ် သုံးဆယ် အာရ်ဆီအမ်ကျောင်းမှ သပိတ်မှောက် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် ပါဝင်ခဲ့သည်။ တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာစာ ဂုဏ်ထူးဖြင့် အောင်သော်လည်း ကျွန်ပညာရေး စနစ်ကို မသင်ချင်တော့၍ ဒို့ဗမာ အစည်းအရုံး သခင်အဖွဲ့သို့ ဝင်ခဲ့သည်။ ခေါင်းဆောင်ကြီး သခင်မြ၊ သခင်စိန်၊ သခင်ခင်အောင်တို့နှင့် တွဲဖက်၍ နိုင်ငံရေးနယ်သို့ ခြေစုံဝင်ခဲ့သည်။

၁၉၃၇ ခုနှစ်တွင် 'ဒီးဒုတ်ဂျာနယ်'၌ 'ငပြူး' ဟူသော ကလောင်အမည်ဖြင့် 'ထိုထိုဤဤ အလီလီ' ဟူ၍ အခန်းဆက်ဆောင်းပါး ရေးခဲ့သည်။ ပထမအိမ်ထောင် ဒေါ်ရင်ရင်မှာ ၁၉၅၆ ခုနှစ်တွင် သားမြတ် ကင်ဆာဖြင့် ကွယ်လွန်ခဲ့ရာ သားသမီး ငါးယောက် ကျန်ခဲ့ပြီး၊ ဒေါ်ခင်မျိုးရီနှင့် ဒုတိယအိမ်ထောင် ထပ်မံထူထောင်သည်။ ဒုတိယအိမ်ထောင်နှင့် ကလေးနှစ်ယောက် ထွန်းကားခဲ့သည်။

၁၉၄၇ ခုနှစ်တွင် ဖဆပလအဖွဲ့၏ ပါလီမန် အမတ်အဖြစ် အရွေးခံရသည်။ ၁၉၄၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ဆိုရှယ်လစ် ပါတီမှ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော သခင်ချစ်မောင် (သာယာဝတီ) နှင့် သခင်လှကြွေ (ကြည့်မြင်တိုင်) တို့ ဦးစီးသည့် လူထု (အင်းစိန်နှင့် ဟံသာဝတီ ခရိုင်မှ လယ်သမားများ) သည် မြေရှင်စနစ် ဆန့်ကျင်ရေး အစည်းအဝေးကို ဗန္ဓုလပန်းခြံတွင် ပြုလုပ်ခဲ့ကြသည်။ အစည်းအဝေး အပြီး ဖဆပလ ခေါင်းဆောင် ဦးကျော်ငြိမ်း၏ ညွှန်ကြားချက်ဖြင့် သခင်ချစ်မောင်နှင့် သခင်လှကြွေ ‌လယ်သမားထုကို လှုံ့ဆော်ပြီး ဖဆပလ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး သခင်တင်၏ မကျင်စိန်ကို မီးခွက်မှုတ် လုပ်ကြံသတင်းကို ဖော်ပြခဲ့ကြသည့် ဟစ်တိုင် စီးပွားရေးနှင့် အိုးဝေ သတင်းစာတိုက်များကို လူထုဖြင့် ဖျက်ဆီးမှု ပြုခဲ့သည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမား အဖွဲ့ ခေါင်းဆောင် တဦးဖြစ်ပြီး၊ ၁၉၅၀ ခုနှစ်များတွင် အမျိုးသား စည်းလုံး ညီညွတ်ရေး တပ်ဦးတွင် ပါဝင် လှုပ်ရှားခဲ့သည်။

၁၉၅၁ ခုနှစ်၊ ဇွန်လတွင် အာဏာရ ဖဆပလနှင့် ဆိုရှယ်လစ်ပါတီတို့မှ ခွဲထွက်ပြီး လက်ဝဲ ပါတီ တခုဖြစ်သော ဗမာပြည် အလုပ်သမားနှင့် တောင်သူလယ်သမား ပါတီ (ဆိုရှယ်နီ) ကို တည်ထောင်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူ တဦး ဖြစ်ပြီး၊ ပါတီ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ (ပေါလစ်ဗျူရို) အဖွဲ့ဝင်အဖြစ် သခင်လွင်၊ သခင်လှကြွေ ၊ ဦးဘငြိမ်းနှင့် ကိုမောင်မောင်ကျော် (တကသ ဥက္ကဋ္ဌဟောင်း၊ နောင်တရားရုံးချုပ် ရှေ့နေကြီး ဒေါက်တာ မောင်မောင်ကျော်) တို့နှင့် အတူ တာဝန်ယူခဲ့သည်။

၁၉၅၁ ခုနှစ်တွင် ဖဆပလ အစိုးရ၏ အတိုက်အခံများ စုပေါင်း၍ တပ်ပေါင်းစု ပါတီ အဖြစ် ဖွဲ့စည်းခဲ့သော 'အတိုင်အခံ မဟာမိတ် အဖွဲ့' Association of Opposition Alliance (AOA) ကို လည်းကောင်း၊ အေအိုအေ ပျက်ပြီးနောက် ၁၉၅၅ ခုနှစ်တွင် ဖွဲ့စည်းသော အတိုက်အခံ တပ်ပေါင်းစုပါတီ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု (ပမညတ) ကို ဖွဲ့စည်းရာတွင်လည်း ဦးဆောင် ပါဝင်ခဲ့သော ခေါင်းဆောင် တဦး ဖြစ်သည်။

၁၉၅၆ ခုနှစ်တွင် သာယာဝတီ အနောက်ပိုင်းမှ အတိုက်အခံ ပမညတ လွှတ်တော်အမတ် အဖြစ် ရွေးကောက် တက်မြှောက်ခံခဲ့ရသည်။

၁၉၅၈ ခုနှစ်တွင် စစ်တပ်မှ အိမ်စောင့်အစိုးရ အမည်ခံပြီး ပထမအကြိမ် အာဏာသိမ်းမှုကို လွှတ်တော်အတွင်းတွင် ဝိဓူရ ဇာတ်ထုတ်ဖြင့် နှိုင်းယှဉ် ကန့်ကွက်ခဲ့ရာမှ ဝိဓူရ သခင်ချစ်မောင်ဟု အမည်တွင်ခဲ့သည်။ သို့သော်လည်း ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့တွင် စစ်တပ်က တော်လှန်ရေး ကောင်စီအမည်ဖြင့် ဒုတိယအကြိမ် အာဏာသိမ်းသောအခါ "ခွေးကတက်မှာ နေရနေရ" ဟု ထောက်ခံ ပြောကြားခဲ့သူ ဖြစ်သည်။

၁၉၆၉-၇၀ ပြည့်နှစ်တွင် ပြည်တွင်း ညီညွတ်ရေး အကြံပေး (၃၃) ဦး အဖွဲ့ဝင် ဖြစ်သည်။

ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံ ကာလအတွင်းက ဖွဲ့စည်းခဲ့သည် ဦးနု၏ စင်ပြိုင်အစိုးရ အဖွဲ့ စာရင်းတွင် ပါဝင်ခဲ့သော်လည်း သဘောမတူသဖြင့် နုတ်ထွက်ခဲ့သည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလတွင် လက်ဝဲ ခေါင်းဆောင်တဦး အဖြစ် မြန်မာ့ နိုင်ငံရေးလောက၌ ပြန်လည် ထွက်ပေါ်လာပြီး၊ အမျိုးသား ပြန်လည်တည်ထောင်ရေး ဒီမိုကရေစီ တပ်ဦးအဖွဲ့ကို တည်ထောင်ကာ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

၁၉၆၂ ခုနှစ်၊ 'ရှမ်းမူနှင့် ပြည်ထောင်စုနောင်ရေး' အမည်ဖြင့် စာအုပ်ထွက်ခဲ့ရာ တိုင်းပြည်တွင် တွင်ကျယ်စွာ ထုတ်ဝေခဲ့ရ၏။ ၁၉၇၃ ခုနှစ်၊ ဩဂုတ်လတွင် နိုင်ငံရေး ဝေဖန်ချက်များ ပထမတွဲကို ပြည်မ စာပေတိုက်မှ ထုတ်ဝေခဲ့၏။ ၁၉၇၆ ခုနှစ်၊ ဇူလိုင်လတွင် ဒုတိယတွဲကို မော်ကွန်းသစ် စာပေတိုက်မှ ထုတ်ဝေခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ကို ချီးမြှင့် အပ်နှင်းခြင်းကို ခံခဲ့ရသည်။ 'အသက်ရှည်ရေး၏ လျှို့ဝှက်ချက်' အမည်ဖြင့် ဝိဓူရ စာပေတိုက်မှ ထုတ်ဝေခဲ့သည်။ စာရေးဆရာ ဝိဓူရ သခင်ချစ်မောင်သည် ၂၀၀၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ရေးသားပြုစုခဲ့သော စာအုပ်များ

[ပြင်ဆင်ရန်]

၁။ ကမ္ဘာစစ်နှင့် အင်္ဂလိပ်အရေး ၁၉၄၀
၂။ ရွှေသီးနှင့် ညိုကြီး ၁၉၄၆
၃။ လယ်သမားတွေကို ဘာထင်လဲ ၁၉၄၆၊ ၁၉၄၇
၄။ လယ်သီးစားဘဝကို ပုန်ကန်ကြလော့ ၁၉၄၆
၅။ ဗိုလ်ချုပ်အောင်ဆန်း၏ သဝဏ်လွှာဋီကာ၊ ပထမတွဲ ၁၉၄၇
၆။ ဟော်လံဘွား အစီရင်ခံစာ ၁၉၄၇
၇။ ဗမာပြည်နိုင်ငံရေး မှတ်တမ်း ၁၉၄၈
၈။ ကမ္ဘာ့ ကျူးကျော် စော်ကားမှုများ ၁၉၅၁
၉။ ကမ္ဘာလှည့် သခင်ကိုယ်တော်မှိုင်း ပထမတွဲ ၁၉၅၃
၁၀။ ပေါရိသာဒဘတ်ဂျက် ၁၉၅၇
၁၁။ ပြည်တွင်းစစ် ရပ်စဲရေး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရေး ၁၉၅၇
၁၂။ အစိုးရကို အယုံအကြည် မရှိ အဆို ၁၉၅၇
၁၃။ ပါလီမန် ဒီမိုကရေစီ ဘယ်လဲ ၁၉၅၉
၁၄။ ဗမာပြည်နိုင်ငံရေး ရှင်းတမ်း ၁၉၅၉
၁၅။ ဘာသာရေးနှင့် နိုင်ငံရေး၊ ကမာ္ဘ့စစ် တားဆီးရေး (အဆို) ၁၉၆၁
၁၆။ ရှမ်းမူနဲ့ ပြည်ထောင်စုနောင်ရေး ၁၉၆၂
၁၇။ ဗမာပြည် အလုပ်သမား ပါတီ၊ မ-အ-လ ပါတီအပေါ် သဘောထား ၁၉၆၂
၁၈။ ဖက်ဆစ်တော်လှန်ရေးနှင့် ဗမာပြည် ၁၉၆၂
၁၉။ ဗမာပြည် အလုပ်သမားပါတီ ဒုတိယ အကြိမ်မြောက် အမျိုးသား ကွန်ဂရက်ကြီးသို့ တင်သွင်းသော ဗဟိုကော်မတီ၏ နိုင်င့ရေး အစီရင်ခံစာ(မူကြမ်းနှင့် ပြင်ဆင်ချက်) ၁၉၆၂
၂၀။ ယနေ့ တောင်သူလယ်သမားအရေး စစ်တမ်း ၁၉၆၃
၂၁။ ကမ္ဘာလှည့် သခင်ကိုယ်တော်မှိုင်း ဒုတိယတွဲ -
၂၂။ ကျွန်ဘဝ ဗမာပြည် ၁၉၆၈
၂၃။ တို့ဗမာ တောင်သူလယ်သမား အရေးတော်ပုံ -
၂၄။ တောင်သူလယ်သမား တိုက်ပွဲ -
၂၅။ လွတ်လပ်ရေးရပြီးနောက် ဗမာပြည် ၁၉၆၉
၂၆။ လူနည်းနှင့် တိရစ္ဆာန်နည်း (ပြည်တွင်းစစ် ရပ်စဲဖြေရှင်းရေး ပြဿနာ) ၁၉၆၉
၂၇။ နိုင်ငံရေးဝေဖန်ချက်များ (ပထမတွဲ) ၁၉၇၃
၂၈။ နိုင်ငံရေးဝေဖန်ချက်များ (ဒုတိယတွဲ) ၁၉၇၆
၂၉။ အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး သခင်မြ ၁၉၇၉
၃၀။ အသက်ရှည်ရေး၏ လျှို့ဝှက်ချက် ၁၉၈၀

ကိုးကား

[ပြင်ဆင်ရန်]