ချစ်ခင်၊ ဦး(ဒါရိုက်တာ)

ဝီကီပီးဒီးယား မှ

ချစ်ခင်၊ ဦး၊ ဒါရိုက်တာ (မြန်မာ ၁၂၈ဝ-၁၃၄၂)[ပြင်ဆင်ရန်]

အကယ်ဒမီဆုရ ရုပ်ရှင်ဒါရိုက်တာ ဦးချစ်ခင်သည် မြစ်ဝ ကျွန်းပေါ် ဝါးခယ်မဇာတိ ဖြစ်သည်။ အဖဦးဘရှိန်၊ အမိ ဒေါ်မန်းတို့မှ ၁၂၈ဝ ပြည့်နှစ်တွင် မွေးဖွားသည်။ မွေးချင်း ငါးယောက်အနက် ဒုတိယမြောက် ဖြစ်သည်။

ဒါရိုက်တာဦးချစ်ခင်သည် ဒုတိယကမ္ဘာစစ်ကြီး ဖြစ် ပွားစဉ်က အာရှလူငယ် အစည်းအရုံးအဖွဲ့ဝင်အဖြစ် တာဝန် ယူခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဗြိတိသျှဘားမား ရုပ်ရှင် (ယခု ညွန့်မြန်မာ)ခြံသို့ ရုပ်ရှင် ပညာသင်အဖြစ် ရောက်ခဲ့သည်။

ဒါရိုက်တာဦးချစ်ခင်သည် ဗြိတိသျှဘားမား ရုပ်ရှင်ခြံသို့ ရောက်လာစဉ် ထိုခေတ်က နာမည်ကျော် ဒါရိုက်တာကြီးများ ဖြစ်ကြသည့် ဆရာခန့်၊ ဦးချန်ထွန်း၊ ရွှေဒုံးဘီအောင်တို့ထံတွင် ဇာတ်လမ်း ဇာတ်ညွှန်း ရေးနည်း၊ တည်းဖြတ်နည်း၊ ရုပ်ရှင် ရိုက်ကူးနည်း စသည်များကို သင်ယူခဲ့သည်။ ဒါရိုက်တာ ဦးချန်ထွန်း၏ သူချစ်နှင့် ဒါရိုက်တာရွှေဒုံးဘီအောင်၏ ချစ်ချင်း ငယ်ပြိုင်၊ မာလာရီ ရုပ်ရှင်ကားများတွင် လက်ထောက်ဒါရိုက် တာအဖြစ် တွဲဖက်လုပ်ကိုင်ခဲ့သည်။ ဒါရိုက်တာ ဦးချစ်ခင်သည် ၁၉၅၂ ခုနှစ်တွင် ချစ်ရေးမလွယ် အသံထွက်ဇာတ်ကားကို ရိုက် ကူးခွင့် ရခဲ့သည်။

ယင်းနောက် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီတွင် ချစ်ပန်း သဇင်၊ မမှီတဲ့ပန်း၊ ရုပ်ရှင်ကားများနှင့် စာရေးဆရာ မောင်ထင် ၏ ငဘ လယ်သမားဘဝ သရုပ်ဖော်ဇာတ်ကားများကို ရိုက်ကူး ခဲ့သည်။ ငဘရုပ်ရှင်ကားကို တရုတ်ပြည် ပြည်သူ့သမ္မတနိုင်ငံ က ဝယ်ယူခဲ့ပြီး ချစ်ပန်းသဇင် ရုပ်ရှင်ကားကို ဆိုဗီယက်ပြည် ထောင်စုက ဝယ်ယူခဲ့လေသည်။

ဒါရိုက်တာ ဦးချစ်ခင်သည် ၁၉၅၈ ခုနှစ်တွင်ဗြိတိသျှ ဘားမားရုပ်ရှင် ကုမ္ပဏီမှ ရိုက်ကူးခဲ့သော ဖြေလျော့ခွေ ဇာတ် ကားဖြင့် အကောင်းဆုံးဒါရိုက်တာဆု အကယ်ဒမီ ရွှေစင်ရုပ်ဆု ရခဲ့သည်။ ယင်းဇာတ်ကားမှ မင်းသမီး မြင့်မြင့်ခင်နှင့် ဇာတ်ပို့ ဦးကျော်သောင်းတို့လည်း ရွှေစင်ရုပ်ဆုရခဲ့ကြသည်။

၁၉၆၂-၆၃ ခုနှစ်တွင် ရုပ်ရှင်ကောင်စီ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ၁၉၇၇-၇၈ ခုနှစ်တွင် ရုပ်ရှင်ကောင်စီ စည်းရုံးရေးကော်မတီ အနုပညာဆပ်ကော်မတီတွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။

ဒါရိုက်တာဦးချစ်ခင်သည် စာရေးဆရာမ ခင်နှင်းယု၏ မွှေး၊ အောင်လင်း၏ အရိုင်းစပယ်နှင့် အခြား နာမည်ကြီး ဝတ္ထုကြီးများကို ရုပ်ရှင်ရိုက်ကူးခဲ့ရာ မွှေးရုပ်ရှင်ကားသည် အိန္ဒိယနိုင်ငံအထိ သွားရောက်ရိုက်ကူးခဲ့ရသည့် ဇာတ်ကား ဖြစ်သည်။

ဒါရိုက်တာဦးချစ်ခင် ရိုက်ကူးခဲ့သော ပန်းပန်လျက်ပါ ရုပ်ရှင်ကားသည် စစ်ပြီးခေတ် မြန်မာရုပ်ရှင် လောကတွင် ငွေရတုသဘင် ဆင်နွှဲခဲ့ရသည်အထိ ဝင်ငွေကောင်းခဲ့သော ရုပ်ရှင်ကားတစ်ကား ဖြစ်သည်။

ဒါရိုက်တာဦးချစ်ခင်သည် ရုပ်ရှင်ဇာတ်ကားပေါင်း ၃ဝ နီးပါးခန့် ရိုက်ကူးသွားသည့်အနက် နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကားသည် မန်းရုပ်ရှင်မှ ရင်ထဲကကိုယ့်ချစ်သူ ဖြစ်သည်။ ဒါရိုက်တာဦးချစ်ခင်သည် ၁၉၈ဝ ပြည့်နှစ် မေလ ၁ ရက် နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဇနီးမှာ ကွယ်လွန်သူ ဒေါ်မြနှစ် ဖြစ်သည်။ ဒါရိုက်တာဦးချစ်ခင် ကွယ်လွန်ချိန်တွင် သားအကြီးဆုံး ရုပ်ရှင် ဒါရိုက်တာမောင်လှဝေ အပါအဝင် သားသမီး ၁၁ ယောက် ကျန်ရစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)